မင်းတုန်းမင်းတရားကြီး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၁။ မင်းတုန်းမင်းတရားကြီး(ကျောင်းသားကိုင်သို့)
348403ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၁။ မင်းတုန်းမင်းတရားကြီး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၁)

သင်ခန်းစာခေါင်းစဉ်။ ။ မင်းတုန်းမင်းတရားကြီး

ယေဘုယျရည်ရွယ်ချက်။ ။ မင်းတုန်းမင်းတရားကြီး၏ သာသနာရေး၊ ပညာရေးအတွက် ဆောင်ရွက်ချက်များကို အတုယူ လုပ်ဆောင်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မင်းတုန်းမင်းတရားကြီး၏ အတ္ထုပ္ပတ္တိကို ပြောပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မင်းတုန်းမင်းတရားကြီးအကြောင်း မိတ်ဆက်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကိုမေးပါ။

-မန္တလေးမြို့ကို သိကြလား။
-မန္တလေးမြို့ကို ဘယ်သူတည်ခဲ့တာလဲ။ (မင်းတုန်းမင်းကြီး)
-မင်းတုန်းမင်းကြီးဟာ တိုင်းသူပြည်သားတွေအတွက် ဘာတွေလုပ်ပေးခဲ့တယ်လို့ သိထားလဲ။
-မင်းတုန်းမင်းကြီးနဲ့ပတ်သက်ပြီး အခြားဘာတွေ သိထားသေးလဲ။

֍ ထို့နောက် “မင်းတုန်းမင်းကြီးအကြောင်းကို ပိုပြီးပြည့်ပြည့်စုံစုံသိရဖို့ လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် ဆွေးနွေးမေးမြန်းခြင်း။

֍ ကလေးများအားလုံး မင်းတုန်းမင်းတရားကြီး ́ အကြောင်းကို ဖတ်ကြပါစေ။

မင်းတုန်းမင်းတရားကြီး

(၃၅ မိနစ်)

မင်းတုန်းမင်းတရားကြီးကို မြန်မာသက္ကရာဇ် ၁၁၇၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၄-ရက်နေ့တွင် သာယာဝတီမင်းနှင့် တောင်နန်းစံမိဖုရားတို့မှ အမရပူရမြို့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်လွင်ဖြစ်သည်။ မောင်လွင်သည် ငယ်စဉ်က မဟာဇောတိကာရာမတိုက် ရတနာဘုံစံကျောင်းဆရာတော် ဦးစန္ဒိမာထံတွင် လောကီစာပေ၊ ဘာသာရေးစာပေများကို သင်ယူခဲ့သည်။ ထို့ကြောင့် ဘုရင်ဖြစ်လာသောအခါ ရဟန်းသံဃာတော်များကို အလွန်ကြည်ညို၍ ဗုဒ္ဓသာသနာတော်ကိုလည်း ထူးထူးကဲကဲ ချီးမြှောက်ထောက်ပံ့ခဲ့သည်။

မောင်လွင် အရွယ်ရောက်သောအခါ မင်းတုန်းမြို့ကို အပိုင်စားရ၏။ ... အုပ်ချုပ်မှု ညံ့ဖျင်းသော နောင်တော်ပုဂံမင်းကို မင်းတုန်းမင်းသားသည် ညီတော် ကနောင်မင်းသားနှင့်ပေါင်း၍ ပုန်ကန်တိုက်ခိုက်ကာ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် အမရပူရထီးနန်းကို သိမ်းပိုက်ရယူခဲ့သည်။ ဤသို့ဖြင့် မင်းတုန်းမင်းသားသည် ကုန်းဘောင်ခေတ်၏ ဆယ်ဆက်မြောက်ဘုရင် ဖြစ်လာခဲ့သည်။ မင်းတုန်း မြို့စားဘဝမှ မင်းဖြစ်လာ၍ မင်းတုန်းမင်းဟု ထင်ရှားသည်။ သူ ထီးနန်းရလာသောအခါ ညီတော်ကနောင် မင်းသားကို အိမ်ရှေ့မင်းရာထူး အပ်နှင်းခဲ့သည်။

မင်းတုန်းမင်းတရားကြီးသည် အမရပူရမြို့တော်တွင် စံတော်မူပြီးနောက် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် ရတနာပုံ(မန္တလေး)နေပြည်တော်ကြီးသို့ ပြောင်းရွေ့ စံတော်မူခဲ့သည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် နိုင်ငံရပ်ခြား တိုင်းပြည်များနှင့် သံတမန်ဆက်သွယ်မှုများ ရှိခဲ့သည်။ သို့သော် အင်္ဂလိပ်အရာရှိများက မင်းတရားကြီး၏ ရှေ့တော်သို့ ဖိနပ်စီး၍ ဓားလွယ်စွဲကိုင်ဝင်လိုကြောင်း တောင်းဆိုခဲ့မှုကိုကား ပယ်ချခဲ့သည်။ မင်းတုန်းမင်းကြီးသည် မြန်မာ့ဂုဏ်၊ မြန်မာ့ယဉ်ကျေးမှုကို အထိအခိုက် မခံလိုသော မင်းတစ်ပါးဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် မြတ်စွာဘုရားရှင်၏ တရားတော်များကို ငါးကြိမ်မြောက် ရွတ်ဆို သုတ်သင်တည်းဖြတ်သော ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို မင်းတုန်းမင်းတရားကြီး၏ လှူဒါန်းထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည်။ ထို့အပြင် ပိဋကသုံးပုံကို ကျောက်ချပ်ပေါင်း ၇၂၉ ချပ်ပေါ်တွင် ရေးသားမှတ်တမ်းတင်ထားသော ကျောက်ထက်အက္ခရာတင် လုပ်ငန်းကြီးကိုလည်း လုပ်ဆောင်ခဲ့သည်။ ထိုကျောက်စာတော်များကို မန္တလေး တောင်ခြေ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဝင်းအတွင်းတွင် စိုက်ထူလှူဒါန်းထားခဲ့သည်။ ဤကျောက်စာတော်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် အသိအမှတ်ပြု လက်ခံထားကြသည်။

မင်းတုန်းမင်းကြီးသည် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းစသော သာသနာပြုလုပ်ငန်းပေါင်း များစွာကို လုပ်ဆောင်ခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီးကို ထီးတော်သစ် တင်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့သည်။ ထို့အပြင် မန္တလေးတောင်ပေါ်တွင် ဗျာဒိတ်ညွှန်း ရွှေရပ်တော်ကြီးဘုရား၊ တန်ဆောင်းပြာသာဒ်တော်ကြီး၊ တောင်ခြေတွင် စန္ဒမုနိဘုရား၊ ပဋ္ဌာန်းဟော သိမ်တော်ကြီး၊ ရတနာပုံမြို့တော်တွင် အတုလဝေယန်... အုတ်ကျောင်းတော်ကြီး၊ ကျောင်းရံ ၂၀ နှင့် မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ ကျောင်းရံ ၂၀ နှင့် မဟာဇောတိကာရာမတိုက် ရတနာဘုံစံ ကျောင်းတော်ကြီးစသော သာသနိက အဆောက်အအုံများစွာကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

မင်းတရားကြီးသည် တိုင်းသူပြည်သားများ ကိုယ်ကျင့်သီလနှင့်ပြည့်စုံပြီး ကုသိုလ်တရားများကို မမေ့မလျော့ ပြုလုပ်နိုင်စေရန် နှိုးဆော်သည့်အနေဖြင့် လစဉ် လဆန်း ၅-ရက်နေ့တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကို တိုင်းပြည်အတွင်း လှည့်လည်ဖတ်ကြားစေသည်။

မင်းတရားကြီးသည် သာသနာရေးကိုသာမက စာပေထွန်းကားရေးကိုလည်း အားပေးခဲ့သည်။ ဘကြီးတော်မင်းလက်ထက်က ရေးသားခဲ့သော မှန်နန်းရာဇဝင်ကို မင်းတရားကြီးလက်ထက်တွင် ဆက်လက် ရေးသား စေခဲ့သောကြောင့် ကုန်းဘောင်ဆက်မဟာရာဇဝင်ဟု အမည်တွင်ခဲ့သည်။ မင်းတရားကြီး လက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သော စာပေပညာရှင်များမှာ စလေဦးပုည၊ မန်လည်ဆရာတော်၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ လှိုင်ထိပ်ခေါင်တင်၊ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် ဦးရွှေခြည်တို့ ဖြစ်ကြသည်။

ထို့အပြင် ခေတ်နှင့်လျော်ညီစွာ ပေါ်ပေါက်လျက်ရှိသော သတင်းများ၊ အကြံဉာဏ်ပေးချက်များနှင့် ဝေဖန်ချက်များကို တိုင်းသူပြည်သားတို့ ပွင့်လင်းစွာ ဖတ်ရှုရေးသားနိုင်ကြရန် မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေစေခဲ့သည်။ သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍လည်း မင်းတုန်းမင်းကြီးက “ငါ မကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားတွေ မကောင်းလျှင် မိဖုရားတွေကိုရေး၊ ငါ့သားသမီး မကောင်းလျှင် သားသမီးတွေကိုရေး၊ တရားသူကြီး မကောင်းလျှင် တရားသူကြီးကိုရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာ၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ”ဟု မိန့်တော်မူထားသည်။

မင်းတရားကြီးသည် ရဟန်းသာမဏေတို့အတွက် ပထမပြန်စာမေးပွဲများ ကျင်းပပေးခြင်း၊ မင်းညီ မင်းသားများကို အမေရိကန်၊ ပြင်သစ်၊ အီတလီ စသောနိုင်ငံများသို့ ပညာတော်သင် စေလွှတ်၍ စက်မှ အတတ်ပညာများ သင်ယူစေခြင်း၊ အင်္ဂလိပ်စာ သင်ယူစေခြင်းစသော ပညာရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။

မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆-ရက် အင်္ဂါနေ့၊ နန်းစံ ၂၆-နှစ်၊ သက်တော် ၆၄-နှစ်တွင် နတ်ရွာစံခဲ့သည်။ မင်းတရားကြီး၏ ဘာသာ၊ သာသနာရေး ဆောင်ရွက်ချက်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူပြည်သားတို့အတွက် အားကျအတုယူစရာများအဖြစ် ထာဝရတည်ရှိနေမည် ဖြစ်သည်။

မှီငြမ်း။ ။ မင်းတုန်းမင်း၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၉၊ ၂၃၁-၂၃၈၊ မန္တလေး၊ မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ ၃၂၄-၃၂၈။

ခက်ဆစ်အဖွင့်

ဂရုဓမ္မ = အလေးဂရုပြုအပ်သည့် တရား၊ ငါးပါးသီလ။

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့၍ အုပ်စုတစ်ခုစီအား စာပိုဒ်နှစ်ပိုဒ်စီ ခွဲပေးပြီး မိမိတို့ရရှိသော စာပိုဒ်များကို ဖတ်ကြပါစေ။ ကလေးများ ဖတ်ပြီးသောအခါ မိမိတို့ရရှိထားသော စာပိုဒ်ပါ အကြောင်းအရာများကို အုပ်စုအတွင်း ဆွေးနွေးကြပါစေ။

֍ ဆွေးနွေးပြီးသောအခါ အောက်ပါနမူနာပုံစံတွင်ပါသည့် ခေါင်းစဉ်များနှင့် သက်ဆိုင်သောအချက်များကို ဆရာက တစ်တန်းလုံးနှင့် မေးမြန်းဆွေးနွေးပြီး ကလေးများပြောသောအချက်များကို ဖြည့်စွက်ရေးသားပေးပါ။

ငယ်စဉ်ဘဝ
သံတမန်ရေးနှင့် ယဉ်ကျေးမှ
မင်းတုန်းမင်း
ထီးနန်းဆက်ခံပုံ
သာသနာရေး ဆောင်ရွက်ချက်
ပညာရေးဆောင်ရွက်ချက်
သင်္ဂါယနာ
ဘုရားစေတီ
ကျောင်း

လုပ်ငန်း (၃) ကလေးများ၏ နားလည်မှုကိုပေးမြန်းဆွေးနွေးခြင်း၊

(၁၅ မိနစ်)

֍ ဆွေးနွေးပြီးလျှင် ကလေးများ၏ နားလည်မှုကို အောက်ပါမေးခွန်းများဖြင့် မေးမြန်းထွေးနွေးပါ။

-ရှေ့တော်သို့ ဖိနပ်စီးပြီး ဓားလွယ်စွဲကိုင်ဝင်လိုကြောင်း အင်္ဂလိပ်အရာရှိများရဲ့ တောင်းဆိုမှုကို မင်းတုန်း မင်းတရားကြီးက ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ။
-ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ဘယ်နခုနှစ်မှာ ကျင်းပခဲ့သလဲ။ ဘာကြောင့် ကျင်းပခဲ့တယ်လို့ထင်သလဲ။
-မင်းတုန်းမင်းကြီးဟာ ပိဋကသုံးပုံကို ဘာကြောင့် ကျောက်ထက်အက္ခရာ တင်ထားခဲ့တယ်လို့ ထင်သလဲ။
-ကျောက်စာတော်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် ဘာကြောင့် အသိအမှတ်ပြုခဲ့တာလဲ။
-ဂရုဓမ္မ အမိန့်တော်ပြန်တမ်းကို ဘာကြောင့် လှည့်လည်ဖတ်ကြားစေခဲ့တာလဲ။
-မင်းတုန်းမင်းကြီးဟာ ပညာရေးအတွက် ဘာတွေဆောင်ရွက်ခဲ့သလဲ။ ဘာကြောင့် အဲဒီလို ဆောင်ရွက်ခဲ့ တယ်လို့ ထင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မင်းတုန်းမင်းကြီး၏ သာသနာရေး၊ ပညာရေးဆောင်ရွက်ချက်များကို အားကျအတုယူပြီး မိမိလုပ်နိုင်သော လုပ်ငန်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၁၅ မိနစ်)

֍ “ကလေးတို့လည်း မင်းတုန်းမင်းကြီးအကြောင်း အတော်ကိုသိသွားကြပြီ၊ အခု ဆက်ပြီးဆွေးနွေးချင်တာ ကတော့ သူအုပ်ချုပ်စဉ်ကာလတစ်လျှောက်လုံးမှာ ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ မှတ်မိသလောက် ပြောပြ ပါ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းကို ကလေးများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေး၍ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းတွင်မှတ်တမ်းတင်ပေးပါ။

-မင်းတုန်းမင်းကြီးရဲ့ လုပ်ဆောင်ချက်တွေထဲက ကလေးတို့ သဘောကျတဲ့ အချက်တွေက ဘာတွေလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၃၅ မိနစ်)

ကလေးများကို အုပ်စု (၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းများကို အုပ်စုတိုင်းက ဆွေးနွေးပါစေ။ ဆွေးနွေးပြီးလျှင် ဆွေးနွေးမှု ရလဒ်များကို ပေးထားသောနမူနာပုံစံအတိုင်း စာရွက်လွတ်တွင် ရေးသား၍ အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-မင်းတုန်းမင်းကြီးကို အားကျအတုယူပြီး ကိုယ့်နိုင်ငံအတွက် သာသနာရေး၊ ပညာရေးတိုးတက်ဖို့ အခုအချိန်မှာ ဘာတွေ လုပ်ပေးချင်သလဲ။ နောင်တစ်ချိန်မှာ လုပ်ခွင့်ရမယ်ဆိုရင် ဘာတွေ လုပ်ပေးချင်သလဲ။

ယခု လုပ်ပေးချင်သော အလုပ်များ နောင်တစ်ချိန် လုပ်ပေးချင်သော အလုပ်များ

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အုပ်စုလိုက် တင်ပြပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ပေးပြီး သင်ခန်းစာကို အောက်ပါ အတိုင်း အဆုံးသတ်ပါ။

“သားတို့သမီးတို့ ... ဘဝတစ်လျှောက်လုံးမှာ အလုပ်တွေ အများကြီးလုပ်ရဦးမယ်၊ အခု သားတို့ သမီးတို့က ကျောင်းသား/ကျောင်းသူတွေဆိုတော့ စာကြိုးစားကြရမယ်၊ လူတော်လူကောင်းတွေ ဖြစ်အောင်လည်း ကြိုးစားကြရမယ်၊ ပြီးတော့ အခုဆွေးနွေးခဲ့တဲ့ မင်းတုန်းမင်းတရားကြီးလိုပဲ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအတွက် သာသနာရေး၊ ပညာရေးစတဲ့ အကျိုးပြုလုပ်ငန်းတွေကို တို့တစ်တွေ အတတ်နိုင်ဆုံး လုပ်ဆောင်သွားနိုင်အောင် ကြိုးစားသွားကြမယ်”