သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်လျှောက်ထားခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်လျှောက်ထားခြင်း(ကျောင်းသားကိုင်သို့)
348386ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၄။ သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်လျှောက်ထားခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

သင်ခန်းစာခေါင်းစဉ်။ ။ သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်လျှောက်ထားခြင်း

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို ကြည်ညိုလေးစား တန်ဖိုးထား၍ အခါအားလျော်စွာ တရားနာတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် လျှောက်ထားတောင်းပန်ခြင်း အကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁ဝ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့သမီးတို့ ... တရားနာဖူးကြသလား။
-ဘယ်လိုတရားတွေ နာဖူးသလဲ။
-မြတ်စွာဘုရားဟာ တရားတော်တွေကို ဘာကြောင့် ဟောတယ်လို့ ထင်သလဲ။

֍ ကလေးများအားလုံး ဖြေဆိုပြီးလျှင် ဆရာက “ဒီနေ့တော့ သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်ကို တရားဟောဖို့ လျှောက်ထားတောင်းပန်တဲ့အကြောင်းကို ဆရာတို့ အတူတူ လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ခြင်းနှင့် အကြောင်းအရာဖတ်ဆွေးနွေးခြင်း။

(၃၀ မိနစ်) ကလေးများကို အုပ်စု(၅) စုဖွဲ့ပြီး သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်ခြင်းအကြောင်းကို အုပ်စုတိုင်းက ဖတ်ကြပါစေ။ (ဖတ်ပြီးဆွေးနွေးနိုင်ရန် အချိန်လုံလောက်စွာပေးပါ။)

စာဖတ်ပြီးလျှင် အုပ်စုလိုက်ဆွေးနွေး၍ စာ (၁၅) ကြောင်းခန့် အနှစ်ချုပ်ရေးသားကာ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောတော်မူရန် တောင်းပန်လျှောက်ထားခြင်း

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်၍ သတ္တသတ္တာဟ စံနေတော်မူပြီးနောက် တစ်ပါးတည်း နေတော်မူစဉ် “ငါဘုရား သိမြင်ပြီးသော တရားတော်တို့သည် နက်နဲသိမ်မွေ့လှ၏၊ ဉာဏ်ပညာဖြင့်သာ သိမြင်နိုင်သော တရားဖြစ်၏၊ အကျင့်မှန်ကို ကျင့်ကြံကြသော ပညာရှိသူတော်ကောင်းတို့သာ သိမြင်နိုင်သော တရားဖြစ်၏။ သတ္တဝါတို့သည်.အာရုံငါးပါးကာမဂုဏ်တရားတို့၌ မွေ့လျော်သူများ ဖြစ်ကြ၏။ ထိုသတ္တဝါ အပေါင်းအား ငါဘုရား ဟောကြားလျှင် သိမြင်နိုင်ခဲလှပေလိမ့်မည်၊ ကိလေသာအားလုံးတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်ကို နားလည်ရန်ပို၍ ခက်ခဲကြပေလိမ့်မည်၊ အကယ်၍ ငါဘုရားသည် ထိုတရားတော်တို့ကို ဟောကြားအံ့၊ သတ္တဝါအပေါင်းတို့သည် နားမလည်နိုင်ကြသည်ဖြစ်၍ ငါဘုရားအတွက် ဆင်းရဲပင်ပန်းရုံသာ ဖြစ်ပေလိမ့်မည်ဟု စိတ်အကြံ ဖြစ်တော်မူ၏။

ထိုအချိန်တွင် သဟမ္ပတိဗြဟ္မာကြီးသည် မြတ်စွာဘုရား၏ စိတ်အကြံတော်ကို သိ၍ “မြတ်စွာဘုရား၏ တရားတော်ကို မနာကြားရသည်ရှိသော် ... တစ်လောကလုံး.အကျိုးဆုတ်ယုတ်ချေတော့မည်”ဟု စဉ်းစားမိလေသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားမြတ်စွာဘုရားသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား တရားဟောကြားတော်မူပါဘုရား၊ ဉာဏ်ပညာ မျက်စိ၌ ကိလေသာမြူမှုန် နည်းပါးကုန်သော သတ္တဝါတို့သည် များစွာရှိကြပါ၏။ . ထိုသတ္တဝါတို့သည် မြတ်စွာဘုရား၏ တရားတော်ကို မနာကြားရသည်ရှိသော် မိမိတို့ရသင့်ရထိုက်သော မဂ်ဖိုလ်တရားထူးရရှိခြင်းမှ ဆုတ်ယုတ်ဆုံးရှုံးကြရပါလိမ့်မည်”ဟု လျှောက်ထားလေသည်။

ထို့နောက် သဟမ္ပတိဗြဟ္မာကြီးက ဆက်လက်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ... ရှင်တော်ဘုရား ပွင့်ထွန်းတော်မမူမီ ရှေးအခါက မဂဓတိုင်းတို့၌ ကိလေသာအညစ်အကြေး ရှိကြသည့် ပူရဏ ကဿပစသော တိတ္ထိဆရာကြီးခြောက်ဦးတို့၏ မစင်ကြယ်သော အယူဝါဒတို့ ပေါ်ပေါက်ခဲ့ပါသည်။ သို့ဖြစ်၍ အရှင်မြတ်ဘုရားသည် အမြိုက်နိဗ္ဗာန်တံခါးကို ဖွင့်လှစ်တော်မူပါဘုရား၊ ရှင်တော်မြတ်ဘုရား ထိုးထွင်းသိမြင်တော်မူသော သစ္စာလေးပါးမြတ်တရားကို သတ္တဝါအပေါင်းတို့အား ဟောကြားတော်မူပါဘုရား”

“ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရား တောင်ထိပ်၌ ရပ်နေသူသည် တောင်အောက်ရှိ လူအပေါင်းကို ကြည့်ရှုသကဲ့သို့ စိုးရိမ်ပူဆွေးခြင်း ကင်းတော်မူသော မြတ်စွာဘုရားသည် ပဋိသန္ဓေနေခြင်း အိုခြင်း၊ နာခြင်း၊ သေခြင်း စသည်တို့၏ နှိပ်စက်ခြင်းကို ခံနေရပြီး ပူဆွေးသောက ရောက်နေသော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါဘုရား”

“ဝေနေယျသတ္တဝါအပေါင်းကို ဇာတိ၊ ဇရာ ခရီးကြမ်းတို့မှ လွတ်မြောက်စေကာ နိဗ္ဗာန်တည်းဟူသော အရပ်သို့ ပို့ဆောင်တော်မူနိုင်သော လှည်းကုန်သည်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား လောက၌ တရားသဘင် ဆင်ယင်ကျင်းပရန် ဒေသစာရီ ကြွချီတော်မူပါဘုရား၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား သစ္စာလေးပါးမြတ်တရားကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ထားတောင်းပန်လေသည်။

ဤသို့ သဟမ္ပတိဗြဟ္မာကြီးက အကြောင်းအကျိုးပြ၍ တောင်းပန်လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဉာဏ်မျက်စိဖြင့် လောကကို ကြည့်ရှုတော်မူသည်။ ထိုအခါ ဉာဏ်မျက်စိ၌ ကိလေသာနည်းသူ ကိလေသာများသူ၊ ဉာဏ်ထက်သူ ဉာဏ်မထက်သူ၊ အကျင့်ကောင်းသူ အကျင့်မကောင်းသူ၊ တရားထူးကို သိလွယ်မည့်သူ မသိလွယ်မည့်သူ၊ ဘဝသံသရာ၌ ခံစားရမည့် အပြစ်ကို ကြောက်ရွံ့ သူ မကြောက်ရွံ့ သူအားဖြင့် နှစ်မျိုးနှစ်စားစီ ကွဲပြားသော သတ္တဝါတို့ကို မြင်တော်မူ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာကြီး၏ တရားဟောရန် တောင်းပန်လျှောက်ထားချက်ကို လက်ခံတော်မူလေသည်။

ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် “မြတ်စွာဘုရားသည် တရားဟောရန် ငါ့ကို ဝန်ခံစကား မိန့်ကြားတော်မူလေပြီ”ဟု လွန်စွာရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်၍ မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့ကာ ဗြဟ္မာပြည်သို့ ပြန်သွားလေတော့သည်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၄၀၄-၄၁၀

ခက်ဆစ်အဖွင့်

ဝေနေယျ = ဆုံးမသင့် ဆုံးမထိုက်သော (သတ္တဝါ)။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၂၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-မြတ်စွာဘုရားဟာ အစပိုင်းမှာ တရားမဟောဖို့ ဘာကြောင့် စိတ်အကြံ ဖြစ်တော်မူတာလဲ။
-သဟမ္ပတိဗြဟ္မာကြီးက ဘယ်လို စဉ်းစားမိသလဲ။
-သဟမ္ပတိဗြဟ္မာကြီးက ဘယ်လို တောင်းပန်လျှောက်ထားသလဲ။
-မြတ်စွာဘုရားက ဉာဏ်မျက်စိနဲ့ လောကကို ကြည့်တော်မူတဲ့အခါ ဘာတွေကို မြင်တော်မူသလဲ။
-သဟမ္ပတိဗြဟ္မာကြီးရဲ့ တောင်းပန်ချက်ကို မြတ်စွာဘုရားကသာ လက်မခံခဲ့ဘူးဆိုရင် ဘာတွေ ဖြစ်လာမယ်ထင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ တရားနာခြင်း၏အကျိုးများကို သိရှိပြီး ပြန်လည်ပြောပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ လင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၀ မိနစ်)

֍ “သားတို့သမီးတို့ ... သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားရှင်အား တရားဟောဖို့ တောင်းပန်ခဲ့တဲ့အတွက် ဒီနေ့အထိ တရားတော်တွေကို နာကြားနေရတယ်ဆိုတာ သိခဲ့ရပြီးပြီ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများအား အောက်ပါမေးခွန်းကို မေးပါ။ ကလေးများပြောသမျှကို ဆရာက မှတ်သား ထားပါ။

-သားတို့သမီးတို့ ... မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်တွေထဲက ဘယ်တရားတွေကို နာကြားဖူးသလဲ၊ မှတ်မိသလောက်ပြောပြပါ။

(ကလေးများ မပြောနိုင်လျှင် ရှေ့အတန်းများတွင် သင်ခဲ့သော သင်ခန်းစာများကို ချိတ်ဆက်ပြီး ပြောနိုင်အောင် ဆရာက လမ်းကြောင်းပေးပါ။)

လုပ်ငန်း (၂) အုပ်စုဖွဲ့ လုပ်ငန်းပေးခြင်းနှင့် ပြန်လည်တင်ပြခြင်း။

(၄၅ မိနစ်)

֍ အုပ်စု(၅) စု ဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးပြီး စာရွက်လွတ်တွင်ရေးကြပါစေ။ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

-သားတို့သမီးတို့ နာကြားဖူးတဲ့ တရားတော်တွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသွားမယ်လို့ ထင်သလဲ။

֍ ကလေးများတင်ပြသော အချက်များကို ဆရာက နားထောင်ပြီး အောက်ပါ တရားနာခြင်း အကျိုးငါးပါး လင်္ကာကို ကလေးများနှင့်အတူ ရွတ်ဆိုပါ။

တရားနာခြင်း အကျိုးငါးပါးလင်္ကာ

မကြားဖူးငြား၊ တရားများ၊ နာကြားရပေသည်။
ကြားဖူးပြီးတာ၊ ထပ်လို့နာ၊ သေချာရှင်းပေသည်။
ယုံမှားကင်းကွာ၊ ယူဖြောင့်စွာ၊ စိတ်မှာကြည်လင်သည်။
တရားနာက၊ ကျိုးငါးဝ၊ မုချရပေသည်။ (ချမ်းမြေ့ဆရာတော်ဘုရားကြီး)

֍ ထို့နောက် လင်္ကာပါအချက်အလက်များကို ဆရာနှင့် ကလေးများ အပြန်အလှန်ဆွေးနွေးပြီး တရားနာခြင်း အကျိုးငါးပါးကို ဖြည့်စွက်ပေးပါ။

ဆရာသိရန်-

တရားနာခြင်း အကျိုးငါးပါး

(၁) မကြားဖူးသည် ကြားနာရခြင်း။
(၂) ကြားဖူးသည်ကို စင်ကြယ်စေခြင်း။
(၃) ယုံမှားသံသယကို လွန်မြောက်ခြင်း။
(၄) အယူကို ဖြောင့်မှန်အောင် ပြုတတ်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း။
(ဓမ္မဿဝနသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်မြန်မာပြန်၊ ဒု-တွဲ၊ ၂၇၂။)

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း၊

(၅ မိနစ်)

֍ ဆရာက အောက်ပါအတိုင်း ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။

သားတို့သမီးတို့ ... လောကလူသားတွေ ကောင်းကျိုးအတွက် တရားတော်တွေကို ဟောကြားဖို့ ဆုံးဖြတ်ခဲ့တဲ့ မြတ်စွာဘုရားဟာ အလွန်ကြည်ညိုလေးစားစရာ ကောင်းတယ်၊ အဲဒီလို ဆုံးဖြတ်ခဲ့တဲ့အတိုင်း မြတ်စွာဘုရားရှင်ဟာ ၄၅ ဝါပတ်လုံး တရားတော်တွေကို မနေမနား ဟောကြားပြီးတော့ သတ္တဝါတွေကို ချေချွတ်တော်မူခဲ့တယ်၊ ဒါ့ကြောင့် မြတ်စွာဘုရားရှင် အပင်ပန်းခံ ဟောကြားခဲ့တဲ့ တရားတော်တွေကို အခါအခွင့်သင့်တိုင်း နာကြားသင့်တယ်၊ တရားနာခြင်းအားဖြင့် ‘အခါအားလျော်စွာ တရားနာရခြင်းမင်္ဂလာကို ဖြည့်ကျင့်ပြီးသားဖြစ်သလို ရတနာသုံးပါးအပေါ်မှာ ကိုယ့်ရဲ့ယုံကြည်မှုဟာလည်း ပိုပြီး ခိုင်မာလာတယ်”