ထူးထွေဆန်းပြား ရောင်ခြည်တော်ခြောက်ပါး (ဆရာ)

From Wikisource
Jump to navigation Jump to search
348385ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃။ ထူးထွေဆန်းပြား ရောင်ခြည်တော်ခြောက်ပါး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

သင်ခန်းစာခေါင်းစဉ်။ ။ ထူးထွေဆန်းပြား ရောင်ခြည်တော်ခြောက်ပါး

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်ခြောက်ပါးကို သိရှိပြီး သာသနာ့အလံကို လေးစားတန်ဖိုးထား တတ်ရန်၊

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်ခြောက်ပါးအကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ သာသနာ့အလံ၊ မေးခွန်းများရေးထားသော မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ သင်ခန်းစာကို စတင်ပါ။

-သားတို့သမီးတို့ ... သာသနာ့အလံကို မြင်ဖူးလား။ ဘာအရောင်တွေ ပါသလဲ။
-အဲဒီအရောင်တွေက ဘာတွေကို ကိုယ်စားပြုတယ်လို့ ထင်သလဲ။

֍ ကလေးများဖြေဆိုပြီးသောအခါ ဆရာက “သားတို့သမီးတို့ပြောသွားတဲ့ သာသနာ့အလံမှာပါတဲ့ အရောင် တွေဟာ ဘာတွေကို (ရည်ညွန်း) ကိုယ်စားပြုတယ်ဆိုတာကို သိရအောင် လေ့လာကြမယ်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ထူးထွေဆန်းပြား ရောင်ခြည်တော်ခြောက်ပါးအကြောင်းကို ကလေးများ အသံတိတ် ဖတ်ကြပါစေ။

ထူးထွေဆန်းပြား ရောင်ခြည်တော်ခြောက်ပါး

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သတ္တသတ္တာဟ စံနေတော်မူစဉ် လေးခုမြောက် ရတနာဃရသတ္တာဟ၌ ပဋ္ဌာန်းဒေသနာကျမ်းမြတ်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ ဘုရားရှင်၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်ခြောက်သွယ်တို့ ကွန့်မြူးလာလေသည်။ ထိုရောင်ခြည်တော် ခြောက်သွယ်တို့မှာ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ မဉ္ဇိဋ္ဌနှင့် ပဘဿရ ရောင်ခြည်တော်တို့ ဖြစ်ကြသည်။

မြတ်စွာဘုရားရှင်၏ ဆံတော်နှင့် မျက်လုံးတော်အတွင်းရှိ မျက်နက်ဝန်းတော်တို့သည် အညိုရောင် တောက်ကြ၍ တင့်တယ်ကြကုန်သည်။ ပင်ကိုအားဖြင့် ညိုမှောင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့မှ နီလရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤနီလရောင်ခြည်ထွက်တော်မူသောအခါ ဣန္ဒနီလာ ကျောက်ရတနာအဆင်း၊ ရွဲညိုအဆင်း၊ တဖိတ်ဖိတ်တောက်သော ဖဲပဝါညိုအဆင်း၊ ကြာညိုပွင့်ချပ်အဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော အရောင်တော်တို့သည် ရှင်တော်ဘုရား၏ ဝဲယာဘက်နှင့် အထက်အောက်အရပ်တို့၌ အနှံ့အပြား ပျံသန်းကွန့်မြူးလျက် ဘုရားရှင်၏ ခန္ဓာကိုယ်တော်သည် အထူး ကျက်သရေ ရှိတော်မူပါပေသည်။

မြတ်စွာဘုရားရှင်၏ ကိုယ်အရေတော်၊ မျက်လုံးတော်နှင့် အထက်မျက်ခွံတော်စသည်တို့သည် ဝါဝါဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်သည်။ ထိုသို့ ပင်ကိုအားဖြင့် ရွှေအဆင်းရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့မှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤပီတရောင်ခြည် ထွက်တော်မူသောအခါ သိင်္ဂီရွှေစင် ရွှေနစ်အဆင်း၊ တသွင်သွင်စီးသွားသော ရွှေရည်အထင်း၊ ရွှေပန်းအဆင်းတို့နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဝါရွှေရွှေအရောင်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်၌ ပျံသန်း ကွန့်မြူးလျက် အထူးကျက်သရေ ရှိတော်မူပါပေသည်။

မြတ်စွာဘုရားရှင်၏ ကိုယ်အရေတော်အတွင်းမှ အသားတော်၊ အသွေးတော်နှင့် နှုတ်ခမ်းတော်စသည်တို့မှာ လွန်စွာ နီမြန်းကုန်၏။ ထိုသို့ ပင်ကိုအားဖြင့် နီနီတွေးတွေး ကိုယ်အင်္ဂါအစိတ်အပိုင်းတို့မှ လောဟိတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤလောဟိတရောင်ခြည် ထွက်တော်မူသောအခါ “သန္တာ”နှင့် တူသော ရတနာနီအသင်း၊ ကြာနီပွင့်အဆင်း စသည်တို့နှင့်တူစွာ ကြည်နူးဖွယ်ကောင်းသော အနီရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင် တစ်ဝိုက်တွင် ပျံသန်းကွန့်မြူးလျက် အထူးကျက်သရေ ရှိတော်မူပါပေသည်။

မြတ်စွာဘုရားရှင်၏ အသားတော်အတွင်းရှိ အရိုးတော်၊ သွားတော်နှင့် မျက်ဖြူတော် စသည်တို့မှာ လွန်စွာ ဖြူစင်သန့်ရှင်း တင့်တယ်တော်မူပါပေသည်။ ထိုသို့ပင်ကိုအားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါ အစိတ် အပိုင်းတို့မှ ဩဒါတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤဩဒါတရောင်ခြည် ထွက်တော်မူသောအခါ ငွေရောင်တောက်ပသော လရောင်အဆင်း၊ ငွေပြား ငွေထည်အဆင်း၊ ကူးသန်းသွားလာသော ငွေရည်အယဉ်နှင့် ငွေပန်းအဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်နူးဖွယ် ဖြူဝင်းသောအရောင်တို့သည် ဘုရားရှင်၏ အထက် အောက် ပတ်ဝန်းကျင်တစ်ခုလုံး ပျံသန်းကွန့်မြူးလျက် အထူးကျက်သရေ ရှိတော်မူပါပေသည်။

မဉ္ဇိဋ္ဌရောင်ခြည်တော်များကား အဝါဖက်လည်းမကျ၊ အနီရင့်ဖက်လည်း မကျ၊ နီကြင်ကြင် ဝါကြင့်ကြင့် ရှိသော ကိုယ်အင်္ဂါတော်တို့မှ ထွက်တော်မူကြသည်။ ဤမဉ္ဇိဋ္ဌရောင်ခြည် ထွက်တော်မူသောအခါ အဝါရင့်၊ ပန်းရောင်အစု၊ အနီနုအရောင်တို့ ကြဲဖြန့်၍ထားသကဲ့သို့ အလွန်ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကွန့်မြူးလျက် အထူးကျက်သရေ ရှိတော်မူ ပါပေသည်။

ပြိုးပြိုးပြက်ပြက်ထွက်သော ပဘဿရရောင်ခြည်တော်တို့၏အဆင်းမှာ ရှေ့ကဆိုပိုပြီးသော ရောင်ခြည်တော်ငါးသွယ်တို့ စုပေါင်းဖြစ်ပေါ်လာသော ရောင်ခြည်တော်ဖြစ်ပြီး ထိုရောင်ခြည်တော်တို့သည် အထက်မပြတ် ကြီးကြီးမားမား ကျယ်ဝန်းစွာ ပျံသန်းကွန့်မြူးလျက် ထွက်တော်မူကြသည်။ ပဘဿရရောင်ခြည်တော်သည် ကောင်းကင်ဝယ် လျှပ်စီးပြက်သကဲ့သို့ ပြိုးခနဲ၊ ပြက်ခနဲ လက်ခနဲဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် ထွက်တော်မူကြသည်။ ထိုကဲ့သို့ လင်းခနဲ၊ လက်ခနဲ ပြိုးပြိုးပြက်ပြက် ထွက်တော်မူရာဝယ် ပိုးစုန်းကြူး ကောင်လေးများကဲ့သို့ မှေးမှေးမှိန်မှိန် လင်းလက်သည်မဟုတ်ဘဲ ကြီးကြီးမားမား ထင်ထင်ရှားရှား လင်းလက်တော်မူခြင်းဖြစ်သည်။

ဤရောင်ခြည်တော်ခြောက်ပါးတို့သည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌တည်ရှိသော အဆင်းတော်နှင့်တူစွာ အတွင်းစိတ်တော်၏ ကြည်လင်သန့်ရှင်းမှုကြောင့် အဆက်ဆက်ဖြာ၍ထွက်သော အရောင်များပင် ဖြစ်သည်။ ထိုအချိန်မှစ၍ ရောင်ခြည်တော်ခြောက်သွယ်တို့သည် မြတ်စွာဘုရားရှင်၏ ထက်ဝန်းကျင်၌ အဝန်းအဝိုင်း ပုံသဏ္ဌာန်ဖြင့် တစ်လံမျှလောက်အထိ အမြဲတစေ ပျံ့နှံ့တည်ရှိတော်မူလေသည်။ ဤသည်ကို ရည်ရွယ်၍ ပန်းချီဆရာတို့က မြတ်စွာဘုရားရှင်၏ ရုပ်ပုံတော်ကို ရေးဆွဲရာတွင် ဦးခေါင်းတော်တစ်ဝိုက်၌ ရောင်ခြည်တော် အဝန်းအဝိုင်းဖြင့် ထူးကဲစွာ ပုံဖော်ကြခြင်း ဖြစ်ပေသည်။

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသော သာသနာ့အလံသည် သီရိလင်္ကာနိုင်ငံ၌ ၁၈၈၅ ခုနှစ်တွင် ဗုဒ္ဓဘာသာပညာရှင်များပါဝင်သော ကိုလံဘိုကော်မတီက မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်ခြောက်ပါးကို ရည်ညွှန်းကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အလံအရွယ်အစားမှာ အနည်းငယ်ရှည်လျားနေသဖြင့် နိုင်ငံတော်အလံများနှင့် အရွယ်အစားတူထားရှိရန် အမေရိကန်လူမျိုး ဗုဒ္ဓဘာသာဝင် အငြိမ်းစားဗိုလ်မှူးကြီး ဟင်နရီစတီးလ်အော်လ်ကော့က အကြံပြုခဲ့သည်။

ဗုဒ္ဓသာသနာ့ အလံတော်ကို ၁၈၈၅ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် သီရိလင်္ကာနိုင်ငံ၌ စတင်လွှင့်ထူခဲ့သည်။ ၁၉၅၀ ပြည့်နှစ် သီရိလင်္ကာနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဤအလံတော်ကို ဗုဒ္ဓသာသနာ့အလံတော်အဖြစ် အတည်ပြုခဲ့ကြသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်တို့သည် ထေရဝါဒ မဟာယာန မခွဲခြားဘဲ ဤအလံတော်ကို ဗုဒ္ဓသာသနာ့အလံတော်အဖြစ် အသိအမှတ်ပြုပြီး မြတ်မြတ်နိုး လက်ခံအသုံးပြုခဲ့ကြသည်။ ဗုဒ္ဓသာသနာ့အလံတော်ကို မြန်မာနိုင်ငံ၌ ၁၉၅၄ ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ၌ ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင် စတင်လွှင့်ထူခဲ့သည်။

မှီငြမ်း။ ။ ရတနာ့ဂုဏ်ရည်၊ အရှင်ဇနကာဘိဝံသ၊ ၅-၁၂။ en.wikipedla.org/wiki/Buddhist tag

ခက်ဆစ်အဖွင့်

နီလ = ညိုမှောင်သော အရောင်(အပြာရောင်)။
ပီတ = ရွှေဝါရောင်။
လောဟိတ = နီ‌ထွေးထွေးအရောင်၊ အနီရောင်၊
ဩဒါတ = အဖြူရောင်။
မဉ္ဇိဋ္ဌ = ပန်းနုရောင်။ (အဘိဓာန်များ၌ မဉ္ဇိဋ္ဌကို ညိုမောင်းသော အရောင်ဟု ဖွင့်ဆိုကြသည်။)
ပဘဿရ = ပြိုးပြက်သောအရောင် (ရှေ့ ငါးရောင်ပေါင်း၍ ထွက်သောအရောင်)။
ဣန္ဒနီလာ = မရမ်းရောင်အခံတွင် အနီရောင်၊ အပြာရောင်သန်းသော နီလာ။
ရွဲညို = အညိုရောင်တောက်သော ကျောက်မျက်ရတနာ။

֍ ဖတ်ပြီးသောအခါ ကလေးများကို အုပ်စု (၄) စုဖွဲ့ပါ။ ထို့နောက် အုပ်စုတိုင်းအား အောက်ပါမေးခွန်းများမှ မေးခွန်း (၃) ခုစီကို မဲနှိုက်စေပါ။

֍ အုပ်စုအသီးသီးက မိမိတို့ရရှိသော မေးခွန်းများ၏အဖြေများကို အုပ်စုလိုက် ရှာဖွေဆွေးနွေးရေးသား၍ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ ကိုယ်စားလှယ်တစ်ဦး တင်ပြနေစဉ် ကျန်အုပ်စုများက နားထောင်ပြီး မရှင်းလင်းသောအဖြေများကို မေးမြန်းဆွေးနွေးကြပါစေ။

-မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်မှ ရောင်ခြည်တော်ခြောက်သွယ်ဟာ ဘယ်အခါမှာ ကွန့်မြူးလာသလဲ။
-ရောင်ခြည်တော်ခြောက်သွယ်က ဘာတွေလဲ။
-နီလရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော်မူတာလဲ။ဘယ်လို အရောင် အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-ပီတရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော်မူတာလဲ။ ဘယ်လိုအရောင် အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-လောဟိတရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော် မူတာလဲ။ ဘယ်လို အရောင်အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-ဩဒါတရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော်မူ တာလဲ။ ဘယ်လို အရောင်အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-မဉ္ဇိဋ္ဌရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော်မူတာ လဲ။ ဘယ်လို အရောင်အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-ပဘဿရရောင်ခြည်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေက ထွက်တော်မူတာလဲ။ ဘယ်လို အရောင်အဆင်းတွေနဲ့ ကွန့်မြူးတော်မူသလဲ။
-ပန်းချီဆရာတွေက မြတ်စွာဘုရားရှင်ရဲ့ ဦးခေါင်းတော်တစ်ဝိုက်မှာ ရောင်ခြည်တော်အဝန်းအဝိုင်းကိုဘာကြောင့် ရေးဆွဲကြတာလဲ။
-သာသနာ့အလံကို ဘယ်နှခုနှစ်က ဘယ်နိုင်ငံမှာ ဘယ်သူတွေ တီထွင်ခဲ့သလဲ။
-ဒီအလံတော်ကို ဗုဒ္ဓသာသနာ့အလံတော်အဖြစ် ဘယ်အချိန်၊ ဘယ်နေရာမှာ အတည်ပြုခဲ့သလဲ။
-မြန်မာနိုင်ငံမှာ ဘယ်အချိန်က ဘယ်နေရာမှာ စတင်အသုံးပြုခဲ့သလဲ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများဖြေဆိုသော အချက်များအပေါ်မူတည်ပြီး လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သာသနာ့အလံအကြောင်းကို သိရှိပြီး လေးစားတန်ဖိုးထား အသုံးပြုတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ ရောင်ခြည်တော်ခြောက်ပါး လင်္ကာ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) လင်္ကာရွတ်ဆိုခြင်း။

(၂၀ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စုဖွဲ့ပါ။ အုပ်စုတစ်စုလျှင် အောက်ပါလင်္ကာမှ စာကြောင်းနှစ်ကြောင်းစီ ပေး၍ မိမိတို့ရရှိသော အကြောင်းအရာ၏ အဓိပ္ပာယ်ကို နားလည်သည့်အတိုင်း ဆွေးနွေးရေးသားပြီး အုပ်စု ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

ရောင်ခြည်တော် ခြောက်ပါး

မြရောင်ပီသ-နီလခေါ်ဆို၊ စိမ်းပြာမှောင်ခဲ-အောင်မဲအညို၊
ထွက်ကွန့်မြူးတော့-ကြည်နူးဖွယ်ကို၊ နီလာယပ်-လွှဲခတ်နေသလို။
အရေတော်ပါး-ရွှေသားသိင်္ဂီ၊ ဝါလျှံထိန်ဝင်း-ကိုယ်တွင်းအဆီ၊
ကြည်ကြည်ပလို့-ပီတ ရံသီ၊ တလက်လက်-ပေါ်ထွက်ပြန်ကြပြီ။
လျှာတော်နှုတ်ခမ်း-နီမြန်းစုံညီ၊ ခြေလက်နှစ်ပါး-ဖဝါးအနီ၊
ကိုယ်တော်အသွေး-တွေးတွေးရံသီ၊ ထွက်ကွန့်မြန်း-ခက်ပန်းခိုင်နှင်းဆီ၊
စွယ်တော်လေးဓာတ်-သွားမြတ်လေးဆယ်၊ ဥဏ္ဏလုံမွေး-ဖြူဖွေးအနွယ်၊
မျက်ဖြူတော်မြတ်-ရိုးဓာတ်သွယ်သွယ်၊ ဩဒါတ-ဖြူစွ လွန်စင်ကြယ်။
ဆံတော်အဖျား-ဖဝါးတော်တိုင်၊ ရွှေကိုယ်တော်လုံး-ပတ်ကုံးတပြိုင်၊
အစိတ်စိတ်မှ-ဖိတ်ဖိတ်ရောင်ဆိုင်၊ မဉ္ဇိဋ္ဌ-ထွက်ကြွ ကွန့်မြူးလှိုင်။
နီတွေးနုထွား-ဖဝါးတော်ပုံ၊ ရောင်လျှံတော်ဆုံး-ကိုယ်လုံးအကုန်၊
အစိတ်စိတ်မှ-ဖိတ်ဖိတ်ရောင်ဟုန်၊ ပြိုးပြိုးပြက်-မြန်းထွက်လေကြပုံ။
(လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ရောင်ခြည်တော်ဘွဲ့မှ ကောက်နုတ်ထားပါသည်)

လုပ်ငန်း (၂) အုပ်စုဖွဲ့ လုပ်ငန်းပေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်း။

(၃၅ မိနစ်)

֍ ထို့နောက် အုပ်စု (၄) စု ဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက်ဆွေးနွေးကြပါစေ။ ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ်တွင် ရေး၍ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။ (ကလေးများ၏ တင်ပြချက်များကို ဆရာက မှတ်တမ်းတင်ပေးပါ။)

-သာသနာ့အလံကို ဘယ်နေရာတွေမှာ ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ။

֍ ကလေးများတင်ပြပြီးသောအခါ ဆရာက ကျောင်းသားကိုင်စာအုပ်တွင်ပါသော သာသနာ့အလံတော် အသုံးပြုပုံကို ဖြည့်စွက်ဆွေးနွေးပေးပြီး ကလေးများ မှတ်စုစာအုပ်ထဲတွင် ကူးရေးကြပါစေ။

သာသနာ့အလံတော် အသုံးပြုပုံ-

မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ သံဃနာယကလက်စွဲ၊ အခန်း(၂၉)၌ သာသနာ့အလံတော် အသုံးပြုပုံကို အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။

(က) အသုံးပြုရမည့် အခါကြီးရက်ကြီးများ

၁။ ကဆုန်လပြည့် (ဗုဒ္ဓနေ့)
၂။ နယုန်လပြည့် (မဟာသမယနေ့)
၃။ ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
၄။ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)
၅။တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)
၆။ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)
၇။ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)
၈။ တပို့တွဲလပြည့် (ဩဝါဒပါတိမောက်အခါတော်နေ့)

(ခ) အသုံးပြုရမည့် ပွဲတော်နှင့် အခမ်းအနားများ

၁။ ဝါဆိုပွဲတော်အခမ်းအနား
၂။ အဘိဓမ္မာအခါတော်နေ့
၃။ ကထိန်ပွဲတော်
၄။ ရဟန်းခံရှင်ပြုပွဲ
၅။ ဆွမ်းကြီးလောင်းလှူပွဲ
၆။ စာပြန်ပွဲနှင့်ဘွဲ့နှင်းသဘင်
၇။ နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
၈။ ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
၉။ ဘုရားထီးတင်ပွဲ
၁၀။ ဗုဒ္ဓပူဇနိယပွဲတော်
၁၁။ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ
၁၂။ သံဃာ့အစည်းအဝေး
၁၃။ သံဃဝိနိစ္ဆယအဖွဲ့စစ်ဆေးဆုံးဖြတ်ရာဌာန
၁၄။ ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သောသင်တန်းများ

(ဂ) လွှင့်ထူအသုံးပြုနည်း

အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် လက်ျာဘက်အပေါ်တွင် ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် ရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာတော်များကို ကြိုဆိုသည့်အခါ သံဃာတော်များပါလာမှသာ တပ်ဆင်အသုံးပြုရမည်။

(ဃ) ရှောင်ကြဉ်ရမည့်အချက်များ

၁။ ရဟန်းသံဃာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
၂။ လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
၃။ မော်တော်ကားလမ်းများတွင် ယာဉ်များကို သာသနာ့အလံတော်များဖြင့် ရပ်တန့်တားဆီး၍ ခရီးသွားများထံမှ အလှူခံခြင်းမျိုး၌ အသုံးမပြုရ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

֍ ထို့နောက် ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပါ။ (၅ မိနစ်)

“ဗုဒ္ဓသာသနာ့အလံတော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာ ရောင်ခြည်တော်ခြောက်ပါးကို အခြေခံပြီး ပေါ်လာတာဖြစ်တယ်၊ ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း သိခဲ့ကြပြီ၊ ဗုဒ္ဓသာသနာ့ အလံတော်ကို စောင့်ရှောက်တယ်ဆိုတာ သာသနာကိုလည်း စောင့်ရှောက်ရာရောက်တယ်၊ ဒါ့ကြောင့် ဆရာတို့ ကလေးတို့အားလုံး ဗုဒ္ဓသာသနာ့အလံတော်ကို အမြတ်တနိုး တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရအောင်”