သတ္တသတ္တာဟ စံနေတော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
348384ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂။ သတ္တသတ္တာဟ စံနေတော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

သင်ခန်းစာခေါင်းစဉ်။ ။ သတ္တသတ္တာဟ စံနေတော်မူခြင်း

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် သတ္တဌာနတွင် စံနေတော်မူခဲ့ကို သိရှိပြီး ကြည်ညိုတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် သတ္တဌာနတွင် စံနေတော်မူခဲ့ကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ ဘောလုံးတစ်လုံး၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၅ မိနစ်)

֍ ကလေးများအားလုံး မတ်တတ်ရပ်၍ စက်ဝိုင်းပုံ နေရာယူကြပါစေ။ ဆရာက စက်ဝိုင်းအတွင်း ရပ်နေ၍ အောက်ပါမေးခွန်းကို မေးပြီး စက်ဝိုင်းအတွင်းမှ ကလေးများအားလုံး အလှည့်ကျဖြေဆိုပေးရန် ပြောပါ။ ထို့နောက် ဆရာက ဘောလုံးပစ်၍ ပထမဦးဆုံးဖြေဆိုမည့် ကလေးကို ရွေးချယ်ပေးပါ။ ထိုနည်းအတိုင်း ကလေးအချင်းချင်း ဆက်လက်ရွေးချယ်ဖြေဆိုနိုင်အောင် ပံ့ပိုးပေးပါ။ (တစ်ဦးပြောပြီးသော အဖြေကို ထပ်မပြောရန် ဆရာက ကူညီပေးပါ။)

-မြတ်စွာဘုရားရှင်နဲ့ ပတ်သက်ပြီး ကလေးတို့ သိထားတဲ့ အချက်တစ်ခုကို ပြောပြပါ။

֍ ကလေးများအားလုံး ပြောပြပြီးလျှင် ဆရာက “မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးပြီးချင်း ဘာတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်ဆိုတာကို လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၃၅ မိနစ်)

֍ ကလေးများအားလုံး သတ္တသတ္တာဟစံနေတော်မူခြင်းအကြောင်းကို အစမှအဆုံး နားလည်သည်အထိ ဖတ်ကြပါစေ။

သတ္တသတ္တာဟ စံနေတော်မူခြင်း

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်နှင့် ပလ္လင်တော် အနီးပတ်ဝန်းကျင်ရှိ နေရာ ခုနစ်ခုတို့၌ တစ်နေရာလျှင် ခုနစ်ရက်စီ သီတင်းသုံးတော်မူသည်။ ယင်းကို သတ္တသတ္တာဟဟု ခေါ်သည်။ ယင်းခုနစ်နေရာကို သတ္တဌာနဟု ခေါ်ပြီး သီရိဓမ္မာသောကမင်းကြီးက အထိမ်းအမှတ်များ တည်ဆောက်စိုက်ထူ ပူဇော်ခဲ့သည်။

မြတ်စွာဘုရားရှင်သည် “ငါသည် ဤအပရာဇိတပလ္လင်ကို ရရှိရန် ပါရမီဆယ်ပါးတရားတို့ကို သူမတူ အောင် ဖြည့်ကျင့်ဆည်းပူးလျက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာ ကျင်လည်ခဲ့ရသည်၊ ငါသည် ဦးခေါင်းတော်၊ မျက်လုံးတော်၊ နှလုံးတော်တို့ကိုလည်းကောင်း၊ ဇာလီနှင့် ကဏှာဇိန်ကဲ့သို့ သားသမီးတို့ကိုလည်းကောင်း၊ မဒ္ဒီဒေဝီကဲ့သို့ ဇနီးမယားတို့ကိုလည်းကောင်း လှူခဲ့ပေါင်း များပြီ၊ ဤပလ္လင်သည် ငါဘုရား၏ မာရ်ငါးပါးကို အောင်မြင်ရာ နေရာဖြစ်သည်၊ ဘုန်းကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော ပလ္လင်လည်း ဖြစ်သည်၊ ဤမျှ ကျေးဇူးများလှသော ပလ္လင်တော်ပေါ်မှ ငါသည် မထသေး”ဟု ကြံစည်ပြီးလျှင် အရဟတ္တဖိုလ် စတုတ္ထဈာန် သမာပတ်တို့ကို ဝင်စားလျက် ထိုအပရာဇိတပလ္လင်တော်ထက်မှာပင် ခုနစ်ရက်ကြာ သီတင်းသုံးထိုင်နေတော်မူလေသည်။ ဤသည်ကို ပလ္လင်္ကသတ္တာဟဟု ခေါ်သည်။ ထိုနေရာတွင် အနုပညာလက်ရာမြောက်စွာ ထွင်းထု ထားသော ကျောက်သားပလ္လင်တော်တစ်ခုရှိပြီး မဟာဗောဓိပင်၏ အရှေ့ဘက်တွင် ရှိသည်။

ထို့နောက် မဟာဗောဓိပင်၏ အရှေ့မြောက်ဘက် ၁၄ လံ အကွာရှိ ကုန်းငယ်ပေါ်၌ ရပ်တော်မူလျက် “ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ရခဲ့ပေသည်တကား”ဟု မျက်လုံးတော်ကို မမှိတ်ဘဲ မဟာဗောဓိပင်ကို ခုနစ်ရက်ပတ်လုံး စူးစူးစိုက်စိုက် ကြည့်ရှုနေတော်မူသည်။ ဤသည်ကို အနိမိသသတ္တာဟဟု ခေါ်သည်။ ထိုနေရာတွင် အထိမ်းအမှတ်အဖြစ် တည်ထားသော အနိမိသစေတီ ရှိသည်။ စေတီတော်သည် ဉာဏ်တော် အမြင့် ၅၅ ပေ ရှိသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် အပရာဇိတပလ္လင်တော်နှင့် အနိမိသသတ္တာဟတို့အကြားရှိ အရှေ့ အနောက် အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သည့် ရတနာစင်္ကြံ၌ ခုနစ်ရက်ပတ်လုံး လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ တရားတော်ကို ဆင်ခြင်ကာ ဖလသမာပတ်ကို ဝင်စားလျက် နေတော်မူသည်။ ဤသည်ကို စင်္ကမသတ္တာဟဟု ခေါ်သည်။ ထိုနေရာတွင် ရတနာစင်္ကြံ အထိမ်းအမှတ်အဖြစ် ကျောက်တုံးများကို ညီညီ ညာညာ ချောချောမွတ်မွတ် ဖြတ်၍ ကြာပွင့်ပုံဖော်ကာ ပူဇော်ထားလေသည်။ ကြာပွင့် ၁၉ ပွင့် ရှိသည်။ ဗုဒ္ဓသာသနာတော် ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ပူဇော်ထားသော ရတနာစင်္ကြံအသစ်တစ်ခုလည်း ရှိသည်။ ယင်းစင်္ကြံနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် အသောကမင်းကြီး ပူဇော်ပြုလုပ်ထားသော စကြသည် စေတီရင်ပြင်ထက် အနည်းငယ်သာ မြင့်၏။ လျှောက်လမ်း ကျဲ၏။ ဗုဒ္ဓသာသနာတော် ၂၅၀၀ ပြည့် အထိမ်းအမှတ်စကြသည် ခါးအထိ မြင့်၏ လျှောက်လမ်း စိပ်၏။

ထို့နောက် မြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်၏ အနောက်မြောက်ထောင့်အရပ်ဝယ် နတ်၊ ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်၌ ခုနစ်ရက်ပတ်လုံး ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသည်။ ဤသည်ကို ရတနာဃရသတ္တာဟဟု ခေါ်သည်။ ထိုနေရာတွင် အုတ်တိုက်စေတီငယ်တစ်ဆူ ရှိသည်။ အနုပညာလက်ရာ မြောက်လှသော ကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။

ရတနာရွှေအိမ်၌ စံနေတော်မူစဉ် ရှေးဦးစွာ သီလကို ပြဆိုသော ဝိနည်းပိဋကကို သုံးသပ်ဆင်ခြင်တော်မူသည်။ ထို့နောက် သမာဓိကို ပြဆိုသော သုတ္တန်ပိဋကကို သုံးသပ်ဆင်ခြင်တော်မူသည်။ ထို့နောက် ပညာကို ပြဆိုသော အဘိဓမ္မာပိဋကကို သုံးသပ်ဆင်ခြင်တော်မူသည်။ အဘိဓမ္မာပိဋကတွင် ခြောက်ခုမြောက် ယမိုက်ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသည်အထိ မြတ်ဗုဒ္ဓ၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ ကွန့်မြူး လာခြင်း မရှိသေးချေ။ ခုနစ်ခုမြောက် ပဋ္ဌာန်းကျမ်းတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရောင်ခြည်တော်များ ကွန့်မြူးလာလေသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်၏ အရှေ့အရပ်၌ရှိသော အဇပါလ ညောင်ပင်ရင်းသို့ ကြွတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး တရားတော်ကို ဆင်ခြင်၍ ဖလသမာပတ်ကို ဝင်စားကာဖြင့် အဖပါလညောင်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူသည်။ ဤသည်ကို ‘အဇပါလသတ္တာဟ’ဟု ခေါ်သည်။ မြတ်စွာဘုရားရှင်သည် ထိုသတ္တာဟတွင် စံနေတော်မူစဉ် မာရ်နတ်နှင့် မာရ်နတ်၏ သမီးသုံးယောက်တို့ကို အောင်မြင်တော်မူလေသည်။ ယခုအခါ မူလညောင်ပင်သည် မရှိတော့ပေ။ အထိမ်းအမှတ် ကျောက်တိုင်သာ ရှိတော့သည်။ ယင်းကျောက်တိုင်သည် မဟာဗောဓိစေတီတော်၏ ရှေ့မျက်နှာစာ လှေကားအဆင်း၊ ပေ ၂၀၀ အကွာတွင် ရှိသည်။ ကျောက်တိုင်မှာ ကျိုးနေပြီး ၁၂ ပေခန့်သာ မြင့်တော့သည်။

ထိုအဇပါလညောင်ပင်ရင်း၌ ခုနစ်ရက်ပြည့်မြောက်သောအခါ မဟာဗောဓိပင်၏ အရှေ့တောင်ဘက်ရှိ မုစလိန္ဒရေအိုင်အနီး ကျည်းပင်ရင်းသို့ ကြွတော်မူပြီးလျှင် အရဟတ္တဖိုလ်ချမ်းသာကို စံစားတော်မူကာ ခုနစ်ရက် ပတ်လုံး ထိုကျည်းပင်ရင်း၌ တင်ပလ္လင်ခွေ ထိုင်နေတော်မူသည်။ ထိုကဲ့သို့ ထိုင်နေတော်မူစဉ် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နဂါးမင်းက မြတ်စွာဘုရားရှင်ကို မိမိခန္ဓာကိုယ်ဖြင့် ခုနစ်ပတ်ပတ်ကာ အုပ်မိုးထားလေသည်။

မြတ်စွာဘုရားရှင်သည် နဂါးမင်း၏ အခွေခုနစ်ထပ်အတွင်းတွင် ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို စံစားလျက် သီတင်းသုံးနေတော်မူသည်။ ဤသည်ကို ‘မုစလိန္ဒသတ္တာဟ’ဟု ခေါ်သည်။ ယခုအခါ ရေအိုင်ကြီး အလယ်တွင် နဂါးရုံဘုရားတစ်ဆူရှိသည်။ ရေကန်ကြီးကို ကွန်ကရစ်ဘောင်များဖြင့် ကာရံထားသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်၏ တောင်ဘက်ရှိ ရာဇာယတနအမည်ရှိသော လင်းလွန်းပင်ရင်းသို့ ကြွတော်မူ၍ ထိုလင်းလွန်းပင်ရင်း၌ အရဟတ္တဖိုလ်ချမ်းသာကိုပင် စံစားတော်မူကာ ခုနစ်ရက်ပတ်လုံး သီတင်းသုံးထိုင်နေတော်မူသည်။ ဤသည်ကို ‘ရာဇာယတနသတ္တာဟ’ဟု ခေါ်သည်။ ထိုနေရာတွင် ယခုအခါ မူလလင်းလွန်းပင် မရှိတော့ဘဲ အသစ်စိုက်ပျိုးထားသော လင်းလွန်းပင်သာ ရှိတော့သည်။ အထိမ်းအမှတ် အုတ်စေတီတစ်ဆူလည်း ရှိသည်။

ဤသို့ဖြင့် မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သတ္တသတ္တာဟ ၄၉-ရက် စံနေတော်မူခဲ့သည်။ ထို၄၉-ရက်လုံးတွင် မြတ်စွာဘုရားရှင်သည် ခံတွင်းဆေးတော်မူခြင်း၊ မျက်နှာတော်သစ်ခြင်း၊ ကိုယ်လက် သုတ်သင်ခြင်း(ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း)၊ ရေချိုးတော်မူခြင်း၊ ဆွမ်းဘုဉ်းပေးတော်မူခြင်း၊ ရေသုံးဆောင်တော် မူခြင်း၊ လျောင်းစက်တော်မူခြင်းကိစ္စများ ပြုလုပ်ဆောင်ရွက်တော်မူခြင်း အလျင်းမရှိပေ။ ထိုသို့နေနိုင်ခြင်းမှာ ဘုရားဖြစ်တော်မမူမီ ဘုဉ်းပေးတော်မူခဲ့သော နို့ဃနာဆွမ်း ၄၉ လုတ်၏ အစွမ်းသတ္တိကြောင့် ဖြစ်နိုင်ပေသည်။ ထိုနို့ဃနာဆွမ်းသည် နတ်ဩဇာတို့ဖြင့် ပြည့်သောဆွမ်းဖြစ်၍ များစွာသောအင်အားကို ဖြစ်စေ၏။ အညစ်အကြေး ကျင်ကြီးကျင်ငယ်အဖြစ်သို့ ရောက်မသွားပေ။

၄၉-ရက် ပြည့်မြောက်သော ဝါဆိုလဆန်း ၅-ရက် ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားရှင်သည် လင်းလွန်းပင် ရင်း၌ သီတင်းသုံးနေတော်မူစဉ် မျက်နှာသစ်လိုသော စိတ်ဆန္ဒတော် ဖြစ်ပေါ်လာလေသည်။ ထိုအခါ သိကြားမင်းသည် ဆေးကြဇုသီးကို ဆက်ကပ်လေသည်။ ဆေးကြဇုသီးကို ဘုဉ်းပေးပြီးလျှင်ပြီးချင်း မြတ်စွာဘုရားရှင်သည် ကျင်ကြီးကျင်ငယ်စွန့်ခြင်းကိစ္စ ဖြစ်ပေါ်လေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် သိကြားမင်း ကပ်လှူအပ်သော ကွမ်းရိုးဒန်ပူကို ဝါးကာ အနောတတ်အိုင်မှ ရေဖြင့် ခံတွင်းဆေးတော်မူ၍ မျက်နှာသစ်တော်မူသည်။ ထို့နောက် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး လှူဒါန်းသော မုန့်ကြွက်ကျစ်နှင့် များဆုပ်မုန့်တို့ကို အလှူခံယူတော်မူ၍ ဘုဉ်းပေးတော်မူလေသည်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒု၊ ၃၅၅-၃၉၄။ အနှစ်ချုပ် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓဝါဒအခြေပြ (ဓမ္မာစရိယ ဦးမောင်မောင်လေး) ၁၀၉-၁၁၁။ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ ၂၆-၃၇။

ဆရာသိရန်

မာရ်ငါးပါး = ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသင်္ခါရမာရ်၊ ဒေဝပုတ္တမာရ်၊ မစ္စုမာရ်။

ခက်ဆစ်အဖွင့်

အရဟတ္တဖိုလ် = ရဟန္တာဖြစ်ခြင်း။ (သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်)ဟူ၍ ဖိုလ်လေးပါးရှိသည်။
ဈာန် = စူးစူးစိုက်စိုက် အထူးမြဲမြံစွာ ရှုခြင်း။
သမာပတ် = ဈာန်စိတ်များ ဆက်တိုက် ဖြစ်ပေါ်နေခြင်း၊ ဖိုလ်စိတ်များ ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊
ဖလသမာပတ်ဝင်စားခြင်း = နိဗ္ဗာန်ကို အာရုံပြု၍ နေခြင်း။
အဇပါလ = ဆိတ်ကျောင်းသား။
အဇပါလညောင်ပင် = ဆိတ်ကျောင်းသားတို့ အရိပ်ခိုနားသော ညောင်ပင်။
ကြဇုပင် (ကြစုပင်) = အသီးကို ဆေးဖော်ရသော သစ်ပင်ကြီး၊

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့၍ အောက်ပါမေးခွန်းများကို ဆွေးနွေးရေးသားပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-သတ္တဌာနတွေက ဘာတွေလဲ။
-မြတ်စွာဘုရားဟာ အဲဒီသတ္တဌာနတွေမှာ ဘယ်လိုစံနေတော်မူခဲ့သလဲ။ ဘာတွေ လုပ်ဆောင်တော်မူခဲ့သလဲ၊
-အဲဒီသတ္တဌာနတွေမှာ အထိမ်းအမှတ်အဖြစ် ဘာတွေ ပြုလုပ်ထားသလဲ။
(သတ္တဌာန တစ်ခုစီကို အောက်ပါနမူနာပုံစံတွင် ရေးသားနိုင်အောင် ဆရာက ပံ့ပိုးပေးပါ။)

နမူနာပုံစံ-

သတ္တဌာန စံနေတော်မူပုံနှင့် လုပ်ဆောင်ချက်များ အထိမ်းအမှတ်များ

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများ မေး၍ ရည်ရွယ်ချက်နှင့် ချိတ်ဆက်ကာ အနှစ်ချုပ်ပါ။

-သတ္တသတ္တာဟရဲ့ အဓိပ္ပာယ်က ဘာလဲ။
-မြတ်စွာဘုရားဟာ အပရာဇိတပလ္လင်ကို ရရှိဖို့ ပါရမီတော်တွေကို ဘယ်လို ခက်ခက်ခဲခဲ ဖြည့်ကျင့်တော် မူခဲ့သလဲ။ ဘာကြောင့် ဖြည့်ကျင့်တော်မူခဲ့တယ်လို့ ထင်သလဲ။
-မြတ်စွာဘုရားဟာ သတ္တသတ္တာဟ ၄၉-ရက်လုံးလုံး ဆွမ်းဘုဉ်းပေးတော်မူခြင်း စတာတွေကို ပြုလုပ်တော်မမူဘဲ ဘာကြောင့် နေနိုင်ခဲ့တာလဲ။
-သတ္တသတ္တာဟ ၄၉-ရက် ဘယ်နေ့မှာ ပြည့်သလဲ။ သိကြားမင်းက ဘာတွေ ဆက်ကပ်လှူဒါန်းခဲ့သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဘုရားဖြစ်တော်မူစအချိန်တွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူခဲ့ သတ္တဌာန တည်နေရာများကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “အခုဆိုရင် သားတို့သမီးတို့ဟာ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူစအချိန် ခုနစ်နေရာမှာ ခုနစ်ရက်စီ သီတင်းသုံးတော်မူခဲ့ပုံကို ဆွေးနွေးခဲ့ကြပြီးပြီ၊ အဲဒီ ခုနစ်နေရာကို ပြန်ပြောပါဦး”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်း။

(၄၅ မိနစ်)

֍ ကလေးများကို ခြောက်ယောက်စီပါသော အုပ်စုများ ဖွဲ့ပါ။ အုပ်စုအသီးသီးက မဟာဗောဓိပင်နှင့် ပလ္လင်တော်ကို ဗဟိုထားကာ သတ္တဌာန(ခုနစ်ခု)၏ တည်နေရာကို ပုံဆွဲ၍ ဖော်ပြကြပါစေ။ သတ္တဌာန တစ်ခုစီတွင် မြတ်စွာဘုရား မည်ကဲ့သို့ သီတင်းသုံးခဲ့သည်ကိုလည်း စာရေး၍ ဖော်ပြကြပါစေ။

֍ ဆရာက အောက်ပါအရပ်မျက်နှာပြ မြေပုံကို ဆွဲပြီး သတ္တဌာနတစ်ခု၏ တည်နေရာကို ဥပမာအနေဖြင့် ရေးဆွဲပြပါ။ ကျန်သောသတ္တဌာနများကိုလည်း ကလေးများ အုပ်စုလိုက်ဆွေးနွေး၍ ဆက်လက်ရေးဆွဲ ဖော်ပြကြပါစေ။

သတ္တဌာန တည်နေရာပြနမူနာပုံစံ-
မြောက်
မဟာဗောဓိပင်
အနောက်
နှင့်
ပလ္လင်တော်
သတ္တာဟ
ဖလသမာပတ်
ဝင်စားခြင်း
တောင်

֍ အုပ်စုလိုက်ဆွေးနွေး၍ ရေးဆွဲထားသောပုံများကို သင့်လျော်သောနေရာတွင် ကပ်ပြီး အုပ်စုအားလုံး လှည့်လည်ကြည့်ရှုကြပါစေ။ ကြည့်ရှုနေစဉ် မိမိတို့အဖွဲ့နှင့် မတူသောအချက်များကို မှတ်သားပြီး ဆရာနှင့် အပြန်အလှန် ဆွေးနွေးကြပါစေ။ လိုအပ်လျှင် ဆရာက မေးခွန်းအဖြစ် မေးမြန်းဆွေးနွေးပြီး ဖြည့်စွက်ပေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ထို့နောက် အောက်ပါအတိုင်း စာသင်ချိန်ကို အဆုံးသတ်ပါ။

“အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့တဲ့ သတ္တဌာနတွေကို အမှတ်အသားများ တည်ထားပြီး ပူဇော်ထားကြတယ်၊ မြန်မာနိုင်ငံ နေပြည်တော်မှာလည်း သတ္တဌာနစေတီဆိုပြီး တည်ထား ကိုးကွယ် ပူဇော်ထားတယ်၊ ဒီစေတီမှာလည်း အိန္ဒိယနိုင်ငံမှာရှိတဲ့ အမှတ်အသားတွေအတိုင်း တည်ထား ကိုးကွယ်ထားတယ်ဆိုတော့ ဗုဒ္ဓဂယာကို ဘုရားဖူးမသွားနိုင်ရင်လည်း နေပြည်တော်မှာရှိတဲ့ သတ္တဌာန စေတီတော်ကို သွားရောက်ဖူးမြော်ကြမယ်ဆိုရင် မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့တဲ့ ခုနစ်နေရာကို ဖူးမြော်ခွင့် ရကြမှာဖြစ်တယ်၊ ဒါ့ကြောင့် အခွင့်အရေးကြုံရင် သွားရောက်ဖူးမြော်ကြရအောင်”