လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး(ကျောင်းသားကိုင်သို့)
348383ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁။ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

သင်ခန်းစာခေါင်းစဉ်။ ။ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး

ယေဘုယျရည်ရွယ်ချက် ။ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး(ဗုဒ္ဓဝင်အကျဉ်းချုပ်)ကို သိရှိပြီး ဘုရားရှင်ကို ကြည်ညိုတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး(ဗုဒ္ဓဝင်အကျဉ်းချုပ်)ကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ နေ့ခုနစ်နေ့ ရေးထားသော မဲလိပ်များ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) လေ့လာခဲ့ပြီးသော ဗုဒ္ဓဝင်ကို ဖော်ထုတ်၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းဖြင့် သင်ခန်းစာကို စတင်ပါ။

-ဘုရားဖြစ်တော်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေ မှတ်မိသေးသလဲ။

֍ ကလေးအားလုံး ပြောပြီးလျှင် “အခုပြောသွားတဲ့အချက်တွေကို အစီအစဉ်အတိုင်း ပြောကြည့်ရအောင်”ဟု ဆရာက ဆက်ပြောပါ။

ဥပမာ-ဘုရားဆုပန်တော်မူခြင်း၊ ဖွားတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း စသည် ...(ပြောလိုသည့် ကလေးများထဲမှ ကလေး ၃/၄-ဦးက ပြောကြပါစေ။)

֍ “ကလေးတို့ အခုပြောပြသွားတဲ့ ဘုရားရဲ့ ဖြစ်တော်စဉ်တွေနဲ့ ပတ်သက်တဲ့ အချက်တွေအားလုံးကို အကျဉ်း ချုပ်ဖော်ပြထားတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ခုနစ်နေ့ဘုရားရှိခိုးကို နားထောင်ကြည့်ရအောင်”ဟု ဆရာက ပြောပါ။

လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး

သန္ဓေယူတော်မူသောနေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှမ်းရွှမ်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို ...

ဖွားမြင်တော်မူသောနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို ... ။

တောထွက်တော်မူသောနေ့

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊
သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို ...

ဘုရားဖြစ်တော်မူသောနေ့

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို ... ။

ဓမ္မစကြာ ဟောတော်မူသောနေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ရွမ်းတယ်ကို ...။

ပရိနိဗ္ဗာန် စံတော်မူသောနေ့

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ်လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်။ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါဓနေ့ဝယ်၊
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ...။

တေဇောဓာတ် လောင်တော်မူသောနေ့

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊
ခိုးငွေ့မနှော၊ ဓာတ်တေလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊
လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ...။

ရှိခိုးဆုတောင်း

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို တွေ့တွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို
သုံးပါးမွန်စွာ၊ ဝန္ဒနာဖြင့်။ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် ... ။

ခက်ဆစ်အဖွင့်

သုံးလူ့ရှင်ပင် = လူ၊ နတ်၊ ဗြဟ္မာတို့၏ အရှင်သခင်။
ရတုနဂို = သဘာဝ ရာသီဥတု။
လုမ္ဗိနီ = စိမ့်ရေ၊ စမ်းရေတို့ဖြင့် စိုစွတ်သော ဥယျာဉ်တော်၊ လုမ္ဗိနီအင်ကြင်းဥယျာဉ်။
မဟီလှိုက်ဆူ = ကမ္ဘာမြေကြီး တုန်လှုပ်သည်။
နတ်ပြဟိတ် = နတ်တို့ဖန်ဆင်းပြသောကြောင့်။
ခါတော်တစ်ဖုံ = တစ်ခုသောအခါကာလ။
မြေ့ပရမေ = မြင့်မြတ်သောမြေ။
ဗိတာန် = မျက်နှာကြက်၊
ရွမ်း = တီးခတ်သည်။
ရှုမအီ = ဖူးမြော်၍ မဝနိုင်။

ဆရာသိရန်

မှတ်ချက်။ ။ ဗေဒင်ပညာတွင် နေ့ခုနစ်နေ့ကို ဂြိုဟ်သင့်နံကောင်များနှင့် တွဲစပ်အသုံးပြုလေ့ရှိသည်။

တနင်္ဂနွေနေ့ = ဂဠုန်
တနင်္လာနေ့ = ကျား
အင်္ဂါနေ့ = ခြင်္သေ့
ဗုဒ္ဓဟူးနေ့ = ဆင်
ကြာသပတေးနေ့ = ကြွက်
သောကြာနေ့ = ပူး
စနေ = နဂါး

လုပ်ငန်း (၂) ခုနစ်နေ့ဘုရားရှိခိုးကို ဖတ်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုဆွေးနွေးခြင်း။

(၄၀ မိနစ်)

֍ ခုနစ်နေ့ဘုရားရှိခိုးကို အစအဆုံးဖတ်စေပြီးနောက် ကလေးအားလုံး ရွတ်ဆိုကြပါစေ။

֍ ကလေးများကို အုပ်စု (၇) စုဖွဲ့ပါ။ အုပ်စုတစ်စုစီအား လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုးမှ နေ့တစ်နေ့ကို မဲနှိုက်၍ ရွေးချယ်ကြပါစေ။

֍ မိမိအုပ်စုရရှိသော နေ့နှင့်သက်ဆိုင်သည့် လင်္ကာတစ်ပုဒ်စီကို ဖတ်ရှုလေ့လာစေပြီး အောက်ပါမေးခွန်းများကို အုပ်စုလိုက် နားလည်သလို ဆွေးနွေး၍ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

-သားတို့သမီးတို့ ရတဲ့လင်္ကာပုဒ်က ဘယ်နေ့အကြောင်းလဲ။ ဘာအကြောင်းအရာတွေ ပါသလဲ။

֍ အုပ်စုတစ်စု ဆွေးနွေးပြီးတိုင်း အောက်ပါသက်ဆိုင်ရာနေ့အလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဆရာက ဖြည့်စွက်ရှင်းလင်းပေးပါ။

ဆရာသိရန်-

မှတ်ချက်။ ။ အောက်ဖော်ပြပါ စကားပြေပြန်ဆိုချက်များသည် ဘဝလမ်းညွန်မင်္ဂလာသင်တန်း၊ ဆရာကိုင်၊ လေးအိမ်စုအရှင်ဝိစိတ္တသာရ စာမျက်နှာ ၇၃-၈၂ တို့မှ ဖြစ်ပါသည်။

သန္ဓေယူတော်မူသောနေ့

ဘုရားအလောင်းတော် သေတကေတုနတ်သားအား စကြဝဠာပေါင်း တိုက်တစ်သောင်းမှ နတ်ဗြဟ္မာ များက “အရှင်နတ်သား ... အရှင်သည် လူ၊ နတ် စည်းစိမ်စံစားဖို့ရာ ပါရမီကုသိုလ်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည် မဟုတ်ပါ၊ သတ္တဝါတို့ကို ကယ်တင်နိုင်သော ဘုရားဖြစ်ဖို့ရန် ဖြည့်ကျင့်ခဲ့ပါသည်၊ ယခုအခါ ဘုရားဖြစ်ဖို့ရန် အချိန်တန်ပါပြီ၊ နတ်ပြည်မှ စုတေ(သေလွန်)၍ လူ့ပြည်၌ ပဋိသန္ဓေ တည်နေတော်မူပါ”ဟု လာရောက် တောင်းပန်ကြသဖြင့် ဘုရားအလောင်းတော်သည် နတ်ပြည်မှ စုတေ၍ မဇ္ဈိမဒေသ ကပိလဝတ်ပြည်(ယခု နီပေါပြည်တွင် ရှိသည်) သာကီနွယ်ဝင် ဘုရင်သုဒ္ဓေါဒန၏ မိဖုရားကြီး သိရီမဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့် ကြာသပတေး(ကြွက်မင်း)နေ့ညသန်းခေါင်းယံအချိန်တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဤသို့ အလောင်းတော်မင်းသား သန္ဓေယူတော်မူခြင်းသည် နတ်၊ လူ၊ ဗြဟ္မာ၊ သတ္တဝါများ ငြိမ်းချမ်းရေးအတွက် မင်္ဂလာကိန်းခန်း ဆိုက်ရောက်ခြင်းပင် ဖြစ်ပါသည်။

ဖွားမြင်တော်မူသောနေ့

အလောင်းတော်မင်းသားကို သန္ဓေယူပြီးနောက် ဆယ်လကြာသော် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန် လပြည့်၊ သောကြာနေ့ဝယ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်ကြားရှိ လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူပါသည်။ ဤသို့ အလောင်းတော်မင်းသားကို ဖွားမြင်တော်မူခြင်းသည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများအား နိဗ္ဗာန်မြို့တော်သို့ အောင်အောင်မြင်မြင် ရောက်ရှိရေးအတွက် မဂ္ဂင်လမ်းမကြီးကို ဖွင့်ပေးလိုက်သည့်သဖွယ် ဖြစ်ပါသည်။

ဘုရားအလောင်းတော်၏ ဖွားဖက်တော် ခုနစ်ဦးမှာ (၁) ညီတော် အာနန္ဒာ၊ (၂) ဗောဓိပင်၊ (၃) ကာဠုဒါယီအမတ်၊ (၄) ယသောဓရာ၊ (၅) ဆန္နအမတ်၊ (၆) ရွှေအိုးကြီးလေးလုံး၊ (၇) ကဏ္ဍကမြင်းတို့ဖြစ်ပါသည်။ (အာ၊ ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကက် ဟု အတိုကောက် မှတ်ပါ။)

တောထွက်တော်မူသောနေ့

အလောင်းတော်မင်းသားသည် သက်တော် ၁၆-နှစ်အရွယ်ရောက်သောအခါ (ရမ္မ၊ သုဘ၊ သုရမ္မ) ဟူသော ရွှေနန်းသုံးဆောင်တွင် ဘဒ္ဒကဉ္စနာခေါ် ယသောဓရာ မင်းသမီးနှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား၍ ၁၃-နှစ်တိုင်တိုင် ထီးနန်းစည်းစိမ်ကို စံစားတော်မူသည်။

ထို့နောက် သက်တော် ၂၉-နှစ်၊ အရွယ်တော်ပျိုနုစဉ်မှာပင် နတ်များဖန်ဆင်းပြသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ပြီး ရွှေစိတ်တော် မရွှင်ပျ သံဝေဂရတော်မူကာ မဟာသက္ကရာဇ် ၉၇ ခု၊ ဝါဆိုလပြည့် တနင်္လာ(ကျားမင်း)နေ့၊ ညသန်းခေါင်ယံအချိန်ဝယ် ဖွားဖက်တော် ဆန္နအမတ်နှင့် ကဏ္ဍကမြင်းတို့၏ အကူအညီဖြင့် အနော်မာသောင်ကမ်းသို့ ကူးမြောက်ကာ ရဟန်းပြုတော်မူလေသည်။

ထို့နောက် အပင်များအရိပ်များ မြိုင်လှသည့် ချမ်းမြေ့ရိပ်မြုံ ဥရုဝေလတောရဂုံသို့ တစ်ပါးတည်း ခိုလှုံ ဝင်စံတော်မူပါသည်။

ဘုရားဖြစ်တော်မူသောနေ့

အလောင်းတော်သည် ဥရုဝေလတော၌ သာမန်ပုဂ္ဂိုလ်များ မကျင့်နိုင်သည့် ဒုက္ကရစရိယာခေါ် ခက်ခဲ ပင်ပန်းသောအကျင့်ကို ခြောက်နှစ်ပတ်လုံး အရိုးပေါ်အရေကပ် အစာပြတ်၍ မတ်တတ်မှ လဲသည့်တိုင်အောင် ကြိုးစားအားထုတ်တော်မူခဲ့ပါသည်။ ထိုမျှလောက် အားထုတ်သော်လည်း အကျင့်မှားနေသည့်အတွက် ဘုရားမဖြစ်ခဲ့ပေ။

ယင်းနောက် အာဟာရမျှတစေတော်မူ၍ ဗိတာန်(မျက်နှာကြက်)သဖွယ်၊ ထီးရိပ်သဖွယ် အအေးဓာတ် ရသော မဟာဗောဓိပင်အောက်ရှိ အပရာဇိတပလ္လင်တော်ထက်ဝယ် တင်ပျဉ်ခွေ ထိုင်နေတော်မူလျက် “ဘုရား မဖြစ်သမျှ ဤနေရာမှ မထတော့”ဟု အဓိဋ္ဌာန်၍ မဂ္ဂင်ရှစ်ပါးခေါ် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူရာ နေမဝင်မီ ဒေဝပုတ္တမာရ်(မာရ်နတ်မင်း)ကို အောင်မြင်တော်မူပြီးနောက်

-ညဉ့်ဦးယံ၌ လွန်လေပြီးသော ဘဝပေါင်းများစွာကို ပြန်လည်အောက်မေ့ဆင်ခြင်သိစွမ်းနိုင်သော “ပုဗ္ဗေ နိဝါသာနုဿတိဉာဏ်”ကိုလည်းကောင်း၊

-သန်းခေါင်ယံ၌ ၃၁ ဘုံတွင် ဖြစ်ပျက်၍ နေကြကုန်သော သတ္တဝါအားလုံးကို မြင်နိုင်စွမ်းသော “ဒိဗ္ဗစက္ခု ဉာဏ်”ကိုလည်းကောင်း၊

-မိုးသောက်ယံ၌ စိတ်အညစ်အကြေး (ကိလေသာ)ဟူသမျှကို အကြွင်းမရှိ ပယ်စွမ်းနိုင်သော “အာသဝက္ခယဉာဏ်”ကိုလည်းကောင်း ရတော်မူလျက် သက်တော် ၃၅-နှစ်အရွယ်၊ မဟာသက္ကရာဇ်၊ ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူး(ဆင်မင်း)နေ့၊ အရုဏ်မတက်မီအချိန်တွင် လောကသုံးပါး၏ အထွဋ် အထိပ် သဗ္ဗညုဗုဒ္ဓ(ဘုရား)အဖြစ်သို့ ရောက်တော်မူပါသည်။

ဤသို့ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းသည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ ငြိမ်းချမ်းဖို့ ဖြစ်ပါသည်။

ဓမ္မစကြာ ဟောတော်မူသောနေ့

သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက် မဟာဗောဓိပင်အနီးရှိ ဌာနခုနစ်ခု(သတ္တဌာန)တွင် ခုနစ် ရက်စီ (၄၉-ရက်) ဖလသမာပတ်ဝင်စား(နိဗ္ဗာန်ကို အာရုံပြု)ကာ ချမ်းမြေ့စွာ သီတင်းသုံးတော်မူပါသည်။

ထို့နောက် ဗောဓိပင်မှ ၁၈ ယူဇနာဝေးကွာသော မိဂဒါဝုန်တောသို့ ကြွတော်မူ၍ ပဉ္စဝဂ္ဂီ(ငါးပါးအုပ်စု)ကို အမှူးထားလျက် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့အား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်၊ စနေ(နဂါးမင်း)နေ့၊ နေဝင်ခါနီး(နေအဝင်၊ လအထွက်)အချိန်တွင် တရားဦးဓမ္မစကြာတရားတော်ကို ဟောတော်မူပါသည်။

ဤကဲ့သို့ မြတ်စွာဘုရားက ဓမ္မစကြာတည်းဟူသော တရားစည်တော်ကြီးကို ဆော်ရွမ်းရိုက်တီး ဟောကြားတော်မူလိုက်သောအခါ အရှင်ကောဏ္ဍညနှင့် တစ်ဆယ်ကုဋေသော နတ်၊ ဗြဟ္မာများသောတာပန်တည် တရားထူး ရရှိကြလေသည်။

ပရိနိဗ္ဗာန် စံတော်မူသောနေ့

မြတ်စွာဘုရားရှင်သည် ဓမ္မစကြာတရားကို ဟောတော်မူပြီးနောက် ၄၅ ဝါ ၄၅-နှစ် ကာလပတ်လုံး နေရှိသမျှ အချိန်ရှိသမျှ သတ္တဝါများ၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်တော်မူခဲ့ပါသည်။ မည်မျှလောက် ဆောင်ရွက်သနည်းဆိုလျှင် တစ်ရက်လျှင် ၂၄ နာရီရှိသည့်အနက် နာရီပေါင်း ၂၀ ကျော်ကို သတ္တဝါများအကျိုးအတွက် အချိန်ပေးဆောင်ရွက်တော်မူပါသည်။ သတ္တဝါများ၏အကျိုးကို ဆောင်ရွက်တော်မူရာတွင်လည်း ဒါနနှင့်တန်သူကို ဒါနဖြင့်၊ သရဏဂုံနှင့်တန်သူကို သရဏဂုံဖြင့်၊ သီလနှင့်တန်သူကို သီလဖြင့်၊ သမာဓိနှင့် တန်သူကို သမာဓိဖြင့်၊ ပညာနှင့်တန်သူကို ပညာဖြင့် အမျိုးမျိုးအသိဉာဏ်ပေးကာ ဟောကြားဆုံးမလမ်းညွှန်ပြတော်မူပြီး အမှန်တရား(သစ္စာတရား)ကို သိစေ၊ ရစေ၊ ရောက်စေတော်မူကာ ကျွတ်ထိုက်သောသူ နတ်၊ လူ၊ ဗြဟ္မာ၊ သတ္တဝါများကို နိဗ္ဗာန်(ခေမာသောင်)သို့ တရားတည်းဟူသောဖောင်(လှေ၊ သင်္ဘော)ဖြင့် ပိုဆောင် ကူးမြောက် ဆိုက်ရောက်စေတော်မူခဲ့ပါသည်။

ထို့နောက် သက်တော် ၈၀ ဝါတော် ၄၅ ဝါ ပြည့်တော်မူသောအခါ မလ္လာတိုင်း၊ ကုသိနာရုံပြည် အင်ကြင်းတောရှိ သလွန်တော်ပေါ်တွင် မြောက်ဘက်သို့ ဦးခေါင်းပြု လျောင်းစက်တော်မူလျက် တပည့်သာဝက အပေါင်းတို့အား-

“အို ချစ်သားချစ်သမီးတို့ ... ငါဘုရား နောက်ဆုံးစကားအနေနဲ မှာတော်မူခဲ့မယ်၊ ဖြစ်ဖြစ်သမျှသော အကြောင်းတရားတို့ဟာ ပျက်စီးခြင်းသဘော ရှိကြတယ်၊ မမေ့မလျော့မပေါ့မဆသော သတိတရား လက်ကိုင်ထား၍ နေရစ်ခဲ့ကြပါ”ဟူသော နောက်ဆုံးစကားတော်ကို မိနမြွက်မှာကြားတော်မူ၍ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်၊ အင်္ဂါ(ခြင်္သေ့မင်း)နေ့ နံနက်အရုဏ်တက်ချိန်တွင် ဈာန်သမာပတ် အဆင့်ဆင့်ဝင်စားတော်မူကာ ပရိနိဗ္ဗာန်စံတော်မူပါသည်။ (ခန္ဓာဇာတ်သိမ်း အငြိမ်းဓာတ် ယူတော်မူပါသည်။)

ထိုအခါ မဟာပထဝီမြေကြီးသည် နှမြောတသ ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် စကြဝဠာ တစ်ဝန်းလုံး မြေငလျင်ကြီး လှုပ်၍ သုံးလူရှင်ပင် မြတ်သခင်ကို ရှိခိုးဦးတင်ပါသည်။

တေဇောဓာတ် လောင်တော်မူသောနေ့

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ မလ္လာမင်းတို့က ဦးဆောင်၍ ဇမ္ဗူရာဇ်သိင်္ဂီရွှေကဲ့သို့ အလွန်ရှင်းသန့်မြင့်မြတ်သော အလောင်းတော်ကို အစွမ်းကုန် ပြင်ဆင်ပူဇော်ကြပါသည်။

ထို့နောက် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေ(ဂဠုန်မင်း)နေ့တွင် မည်သူမျှ မီးမရှို့ရဘဲ၊ အခိုးအငွေ့လည်း လုံးဝမထွက်ဘဲ ရှင်တော်ဘုရား အဓိဋ္ဌာန်ခဲ့သည့်အတိုင်း တေဇောဓာတ် လောင်တော်မူပါသည်။

တေဇောဓာတ်လောင်တော်မူပြီးသောအခါ စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ သင်းကျစ်တော် တစ်ဆူ၊ ထိုခုနစ်ဆူတို့သည် အသမ္ဘိန္နဓာတ်(မပြိုမကွဲသော ပကတိဓာတ်)တော်အဖြစ် ကျန်ရစ်၍ ကြွင်းကျန်သော အရိုးတော်၊ အသားတော်၊ အသွေးတော် စသည်တို့ကား ပဲနောက်စေ့မာဏ၊ ဆန်ကျိုးပမာဏ၊ မုန့်ညင်း‌စေ့ ပမာဏ အစိတ်စိတ်အမွှာမွှာ ကွဲလျက် သမ္ဘိန္နဓာတ် (အစိတ်စိတ်သောဓာတ်)တော်အဖြစ် ဓာတ်တော်မွေတော် ရှစ်စိတ် (နှစ်တင်း) ကြွင်းကျန်ခဲ့ပါသည်။ (မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်တွင် တစ်တင်းဟု ဆိုသည်။)

သတ္တဝါများ ကိုးကွယ်နိုင်စေရန် ကိုယ်စားတော်အဖြစ်ထားတော်မူခဲ့သော ဓာတ်တော်မွေတော်များကို အရှင်မဟာကဿပမထေရ်ကြီးနှင့် အဇာတသတ်မင်းကြီးတို့က အရှည်မျှော်ကိုး၍ ကြီးကျယ်ခိုင်ခံ့သော ဓာတ်တော်တိုက်ကြီးတည်ဆောက်ကာ ပူဇော်ကိုးကွယ် စောင့်ရှောက်ခဲ့ကြပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၃၆-နှစ်ကြာသောအခါ သီရိဓမ္မာသောကမင်းသည် အဇာတသတ်မင်းကြီး၏ ဓာတ်တော်တိုက်မှ ဓာတ်တော်များကို ဖွင့်ယူပြီး ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ စေတီ ပေါင်း ၈၄, ဝဝဝ တည်ထားကာ သတ္တဝါများ၏ ကိုးကွယ်ရာဖြစ်စေလျက် သာသနာတော်ကို ပြန့်ပွားစေခဲ့ပါသည်။

ရှိခိုးဆုတောင်း

ဂေါတမအနွယ်တော်ကို အစွဲပြု၍ “ဂေါတမမြတ်စွာဘုရား”ဟု ခေါ်ပါသည်။ ဂေါတမမြတ်စွာဘုရား၏ အလောင်းတော် သုဓမာဘဝမှစ၍ အများအကျိုးဆောင်ရွက်လိုပုံ၊ ဆောင်ရွက်ခဲ့ပုံ၊ ပါရမီတော် ခရီးရှည်ကြီး အတွင်းမှာလည်း ပါရမီကျင့်စဉ်များဖြင့် အများအကျိုးဆောင်ရွက်ခဲ့ပုံ၊ ဘုရားဖြစ်တော်မူပြီးသောအခါမှာလည်း ၄၅ ဝါလုံးလုံး နေ့မအားညမနား အများအကျိုး ဆောင်ရွက်တော်မူခဲ့ပုံများကို အာရုံပြုကာ သုံးလူ့သခင် မြတ်အရှင်ကို ရှိခိုးဦးတင်ကြပါစို့။

သုံးလူ့သခင်မြတ်အရှင်၏ ထူးမြတ်တော်မူသော (၁) သန္ဓေယူတော်မူသောနေ့ (၂) ဖွားမြင်တော်မူသော နေ့ (၃) တောထွက်တော်မူသောနေ့ (၄) ဘုရားဖြစ်တော်မူသောနေ့ (၅) တရားဦးမွေးကြာ ဟောတော်မူသော နေ့ (၆) ပရိနိဗ္ဗာန်စံတော်မူသောနေ့ (၇) တောဓာတ် လောင်တော်မူသောနေ့ဖြစ်သော အောက်မေ့မြတ်နိုး ကြည်ညိုသတိရဖွယ်ရာ နေ့ထူးနေ့မြတ်ကြီး ခုနစ်နေ့ကို စိတ်ထားကြည်ဖြူ သဒ္ဓါကြည်ဖြူ (ဆွေဆွေကြည်ဖြူ) အာရုံယူလျက် ကိုယ်ဖြင့်ရှိခိုးခြင်း = ကာယဝန္ဒနာ၊ နှုတ်ဖြင့်ရှိခိုးခြင်း = ဝစီဝန္ဒနာ၊ စိတ်ဖြင့်ရှိခိုးခြင်း = မနောဝန္ဒနာ ဟု ဆိုအပ်သော ဝန္ဒနာသုံးမျိုး(ရှိခိုးခြင်းသုံးမျိုး)ဖြင့် သုံးလူ့သခင်မြတ်အရှင်ကို ရှိခိုးဦးတင်ကြပါစို့။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်း ပဋိသန္ဓေယူတဲ့ ခုနှစ်၊ ရက်၊ နေ့ကို ပြောပြပါ။
-ဘုရားအလောင်း ဖွားမြင်တဲ့ ခုနစ်၊ ရက်၊ နေ့၊ နေရာတို့ကို ပြောပြပါ။
-ဘုရားအလောင်းတော်ဟာ ဘယ်နေ့၊ ဘယ်အသက်အရွယ်မှာ တောထွက်ခဲ့သလဲ။ ဘာကြောင့်လဲ။
-ဘုရားအလောင်းတော်ဟာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ ဘုရားဖြစ်ခဲ့သလဲ။
-ဘုရားရှင်ဟာ ဓမ္မစကြာတရားဦးကို ဘယ်နေ့မှာ ဘယ်သူတွေကို ဟောတော်မူခဲ့သလဲ။
-ဘုရားရှင်ဟာ ဘယ်အချိန်မှာ ပရိနိဗ္ဗာန် စံတော်မူခဲ့သလဲ။ ဘယ်နေရာမှာလဲ၊
-မြတ်စွာဘုရားရဲ့ ရုပ်ကလာပ်တော်ဟာ ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်လို တေဇောဓာတ် လောင်ကျွမ်းခဲ့ သလဲ။ ဓာတ်တော်မွေတော်တွေ ဘယ်လောက် ကြွင်းကျန်ခဲ့သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဗုဒ္ဓဖြစ်တော်စဉ်ကို အစီအစဉ်တကျ ပြောပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာကြောင်းဖြတ်ပိုင်းများ၊ စာရွက်ကြီးများ၊ တိတ်၊

သင်ယူမှုလုပ်ငန်းစဉ်

(၂၅ မိနစ်)

လုပ်ငန်း (၁) ဗုဒ္ဓဖြစ်တော်စဉ်ကို အစီအစဉ်တကျ ပြောပြတတ်ရန် လုပ်ငန်းပေးခြင်း။

֍ ကလေးများကို ခြောက်ယောက်စီပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် အုပ်စုအသီးသီးအား ဘုရားဖြစ်တော်စဉ်နှင့် သက်ဆိုင်သော အောက်ပါစာကြောင်း ဖြတ်ပိုင်းများကို ရောနှောပေး၍ အစီအစဉ်တကျ မှန်ကန်စွာ စီပြီး စာရွက်ကြီးတွင် ကပ်ကြပါစေ။

-နတ်ဗြဟ္မာအပေါင်းတို့သည် ဘုရားအလောင်းနတ်သားအား လူ့ပြည်သို့ ဆင်း၍ လူအဖြစ်ကို ယူရန် တောင်းပန်ကြသည်။
-ဘုရားအလောင်းသည် ကပိလဝတ်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီး မာယာဒေဝီ၏ ဝမ်း၌ သန္ဓေယူတော်မူသည်။
-ဘုရားအလောင်းကို ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်ကြားရှိ လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်ခဲ့သည်။
-အသက် ၂၉-နှစ်အရွယ်တွင် နိမိတ်ကြီးလေးပါးကို မြင်၍ သံဝေဂရကာ တောထွက်တော်မူခဲ့သည်။
-ဘုရားအလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူခဲ့သည်။
-အလယ်အလတ်လမ်းစဉ်အတိုင်း ကျင့်ကြံပြီး တရားအားထုတ်ခဲ့သဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူ ခဲ့သည်။
-ဘုရားဖြစ်တော်မူပြီးသောအခါ ဗောဓိပင်ဝန်းကျင် ခုနစ်နေရာတွင် ခုနစ်ရက်စီ သီတင်းသုံးတော်မူခဲ့သည်။
-ပဉ္စဝဂ္ဂီငါးဦးတို့ကို မိဂဒါဝုန်တောတွင် တရားဦးဓမ္မစကြာ ဟောတော်မူခဲ့သည်။
-မြတ်စွာဘုရားသည် ၄၅ ဝါ ကာလပတ်လုံး အရပ်ဒေသများစွာသို့ ကြွရောက်၍ တရားဓမ္မများ ဟောကြားတော်မူခဲ့သည်။
-သက်တော် ၈၀ အရွယ်တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။

֍ အုပ်စုလိုက် အစီအစဉ်တကျ စီထားသောစာရွက်ကြီးကို အတန်းရှေ့ထွက်၍ ကပ်ကြပါစေ။

֍ အားလုံးကပ်ပြီးလျှင် အုပ်စုများ၏ စာကြောင်းများကို အစီအစဉ် မှန်/မမှန် ကလေးများနှင့် အပြန်အလှန် ဆွေးနွေး၍ သဘောတူညီမှုယူကာ ဆရာက အတည်ပြုပေးပါ။

လုပ်ငန်း (၂) မေးခွန်းပေးခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သိဒ္ဓတ္ထမင်းသားဟာ ဘာကြောင့် ဘုရားဖြစ်အောင် ကြိုးစားခဲ့တာလဲ။
-ဘုရားအလောင်းဟာ ဘယ်လိုကျင့်စဉ်ကို ကျင့်သုံးခဲ့လို့ ဘုရားအဖြစ် ရောက်ရှိခဲ့တာလဲ။
-မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးဦးအား ဘယ်တရားတော်ကို ဟောတော်မူခဲ့သလဲ။ (၁၅ မိနစ်)
-ဘုရားဖြစ်တော်မူတဲ့အချိန်ကစပြီး ဘယ်သူတွေရဲ့ အကျိုးအတွက် တရားဓမ္မတွေ့ဟောကြားဆုံးမတော်ခဲ့သလဲ။
-မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးကြတာလဲ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၂၀ မိနစ်)

֍ လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုးလင်္ကာကို စုပေါင်းရွတ်ဆို၍ အောက်ပါအတိုင်း သင်ခန်း စာကို အနှစ်ချုပ်ပါ။

“ကလေးတို့အားလုံး မြတ်စွာဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို အစကနေအဆုံးအထိ... အကျဉ်းချုပ်အားဖြင့် သိသွားကြပြီး၊ သန္ဓေယူတဲ့အချိန်ကစပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အထိ ဘုရားရှင်မှာ သာမန်လူတွေနဲ့ မတူ ထူးခြားတဲ့ ဖြစ်စဉ်တွေ ရှိတယ်၊ မြတ်စွာဘုရားရှင်ဟာ သတ္တဝါတွေကို သံသရာဝဋ်ဆင်းရဲက လွတ်မြောက် အောင် လမ်းညွှန်ပေးခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားရှင်ကို ကြည်ညိုလေးမြတ်ဆည်းကပ် ကိုးကွယ်ကြတယ်၊ ဒါကြောင့် ဆရာတို့၊ သားတို့သမီးတို့လည်း ဘုရားရှင်ကို ကြည်ညိုသဒ္ဓါ ပွားများပြီး နေ့စဉ်နေ့တိုင်း ပူဇော်ကန်တော့ကြရုံသာမကဘဲ ဘုရားရှင် ဟောဖော်ညွှန်ပြ ဆိုဆုံးမတဲ့အတိုင်း လက်တွေ လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့”