မြတ်စွာဘုရားရှင်နှင့် ကုန်သည်ညီနောင်နှစ်ဦး (ဆရာ)

From Wikisource
Jump to navigation Jump to search
348387ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၅။ မြတ်စွာဘုရားရှင်နှင့် ကုန်သည်ညီနောင်နှစ်ဦး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

သင်ခန်းစာခေါင်းစဉ်။ ။ မြတ်စွာဘုရားရှင်နှင့် ကုန်သည်ညီနောင်နှစ်ဦး

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်နှင့် တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး တွေ့ဆုံခြင်း အကြောင်းကို သိရှိပြီး ညီနောင်နှစ်ဦးတို့၏ လုပ်ဆောင်ချက်များကို လေးစားတန်ဖိုးထားတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်နှင့် ကုန်သည်ညီနောင်နှစ်ဦးတို့ တွေ့ဆုံပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မှတ်ဉာဏ်ဖော်ထုတ်ဆွေးနွေးခြင်းနှင့် အကြောင်းအရာဖတ်ခြင်း။

(၁၅ မိနစ်)

֍ အောက်ပါဒမးခွန်းများကို မေးပါ။

-မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီးစမှာ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ။ ဘယ်လိုတွေ့ဆုံပြီး ဘာတွေ လုပ်ဆောင်ခဲ့သလဲ။ (တပုဿနှင့် ဘလ္လိကညီနောင်နှစ်ဦး ပါသည်အထိ ဆရာက မေးမြန်းပါ)။
-တပုဿနဲ့ ဘလ္လိကညီနောင်နှစ်ဦးနဲ့ပတ်သက်ပြီး ဘာတွေ သိထားသေးသလဲ။

֍ ထို့နောက် ဆရာက ကုန်သည်ညီနောင်နှစ်ဦးနှင့် ပတ်သက်၍ ကလေးများ နောက်ထပ်သိချင်သော အကြောင်းအရာများကို ပေး၍ သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

֍ ပြီးနောက် မြတ်စွာဘုရားနှင့် ကုန်သည်ညီနောင်နှစ်ဦးအကြောင်းအရာကို ကလေးများအားလုံး ဖတ်ကြပါ

မြတ်စွာဘုရားရှင်နှင့် ကုန်သည်ညီနောင်နှစ်ဦး

မြတ်စွာဘုရားရှင်သည် သတ္တသတ္တာဟ ၄၉-ရက် စံနေတော်မူပြီးသောအခါ ခံတွင်းဆေးတော်မူခြင်း မျက်နှာသစ်တော်မူခြင်းအမှုတို့ကို ပြုတော်မူ၍ လင်းလွန်းပင်ရင်း၌ ထိုင်နေတော်မူသည်။

ထိုအချိန်တွင် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် လှည်းအစီး ၅၀၀တို့ဖြင့် ဥက္ကလာပမှ မဇ္ဈိမဒေသသို့ ကုန်ကူးသန်းရောင်းဝယ်ရန် သွားကြစဉ် မြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်တော်မူရာ လင်းလွန်းပင်အနီးမှ ဖြတ်သွားကြလေသည်။ ထိုသို့ဖြတ်သွားနေစဉ် ရွှံ့ညွန်ရေမရှိဘဲ ညီညွတ်သော မြေပြင်၌ ကုန်တင်လှည်းများသည် ရွှံ့ညွန်၌ နစ်နေသကဲ့သို့ ရပ်တန့်နေတော့သည်။

ညီနောင်နှစ်ဦးတို့လည်း အဘယ့်ကြောင့် လှည်းများရပ်နေရသနည်းဟု ကြံစည်တွေးတောနေစဉ် သူတို့နှင့် ဆွေမျိုးရင်းချာ တော်စပ်ခဲ့ဖူးသော နတ်သားသည် ကိုယ်ထင်ရှားပြလျက် “မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တသတ္တာဟ ၄၉-ရက် စံနေတော်မူသည်၊ ဆွမ်းအစာအာဟာရ သုံးဆောင်တော်မမူဘဲ အရဟတ္တဖိုလ်ချမ်းသာကိုသာ စံစားတော်မူလျက် ယခုအခါ လင်းလွန်းပင်ခြေရင်း၌ သီတင်းသုံး နေထိုင်တော်မူသည်၊ သို့ဖြစ်၍ အမောင်တို့သည် မြတ်စွာဘုရားရှင်ကို ဆွမ်းအစာအာဟာရတို့ဖြင့် မြတ်နိုး ကော်ရော် ပူဇော်ကြပါ၊ ထိုကဲ့သို့ ပူဇော်ခြင်းကြောင့် အမောင်တို့အတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေလိမ့်မည်”ဟု ပြောဆိုလေသည်။ နတ်သား၏ တိုက်တွန်းစကားကြောင့် ကုန်သည်ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်၍ မုန့်ကြွက်ကျစ်နှင့် ပျားတုပ်မုန့်တို့ကို အလှူခံရန် တောင်းပန်ကြသည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်၏ စိတ်တော်တွင် “ရှေးရှေးဘုရားရှင်တို့သည် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လက်ဖြင့် ခံယူတော်မူ လေ့မရှိကြ၊ ငါသည် မုန့်ကြွက်ကျစ်နှင့် ပျားထုပ်မုန့်တို့ကို အဘယ်သို့ အလှူခံရပါမည်နည်း”ဟု စဉ်းစားကြံစည်တော်မူ၏။

မြတ်စွာဘုရားရှင်၏ စိတ်အကြံတော်ကို သိသော ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခနှင့် ကုဝေရ ဟူသော စတုမဟာရာဇ်နတ်မင်းကြီး လေးပါးတို့သည် ဣန္ဒနီလာ ကျောက်ညိုသပိတ်လေးလုံးတို့ကို မြတ်စွာဘုရားအား ရိုသေစွာ ဆက်ကပ်လှူဒါန်းကြသည်။ မြတ်စွာဘုရားသည် ထိုသပိတ်လေးလုံးတို့ကို အလှူခံတော်မမူပေ။ သို့ဖြစ်၍ နတ်မင်းကြီးလေးပါးတို့သည် ကျောက်သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းပြန်သည်။ မြတ်စွာဘုရားသည် နတ်မင်းကြီးလေးပါးတို့ကို ချီးမြှောက်သောအားဖြင့် ကျောက်သပိတ်လေးလုံးတို့ကို အလှူခံတော်မူပြီးလျှင် ထိုသပိတ်လေးလုံးတို့ကို ထပ်လျက် တစ်လုံးတည်းဖြစ်အောင် အဓိဋ္ဌာန်ပြုတော်မူသည်။ သပိတ် လေးလုံးတို့သည် အနားလေးရစ်ရှိသော သပိတ်တစ်လုံးတည်းအဖြစ်သို့ ရောက်လေသည်။ ထိုသပိတ်ဖြင့် ကုန်သည်ညီနောင်နှစ်ဦးလှူဒါန်းသော မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို အလှူခံယူတော်မူ၍ ဘုဉ်းပေး သုံးဆောင်တော်မူသည်။ ဘုဉ်းပေးတော်မူပြီးသောအခါ ကုန်သည်ညီနောင်တို့နှင့် သင့်လျော်သော အနုမောဒနာ တရားကို ဟောကြားတော်မူလေသည်။

တရားတော်ပြီးဆုံးလျှင် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် ဘုရားရှင်၏ ခြေတော် ရင်း၌ ဝပ်စင်းကာ “အရှင်ဘုရား ... တပည့်တော်တို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြပါကုန်၏၊ မြတ်စွာဘုရားရှင်သည် တပည့်တော်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ဥပါသကာဟူ၍...မှတ်ယူတော်မူပါဘုရား”ဟု လျှောက်တင်ကြလေသည်။ ဤသို့ဖြင့် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် ဘုရား၊ တရားတည်းဟူသော ရတနာနှစ်ပါးတို့အား ကိုးကွယ်ဆည်းကပ်ခြင်း “ဒွေဝါစိကသရဏဂုံ”ကို ပထမဦးဆုံး ဆောက်တည်သူများ ဖြစ်လာကြသည်။

ဥပါသကာနှစ်ဦးတို့က “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ... မြတ်စွာဘုရားအား အမြဲမပြတ် ဆည်းကပ်ကိုးကွယ်ပူဇော်ရန် ပူဇော်ဖွယ်ဝတ္ထုတစ်ခုခုကို တပည့်တော်တို့အား ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား”ဟု လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသည် ဦးခေါင်းတော်ကို လက်ယာလက်တော်ဖြင့် သုံးသပ်တော်မူပြီး လက်တွင်ပါလာသော ဆံတော်ရှစ်ဆူကို ချီးမြှင့်ပေးသနားတော်မူလိုက်သည်။ ကုန်သည် ညီနောင်တို့သည် ဆံတော်တို့ကိုရရှိ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူတို့နေထိုင်ရာ ဥက္ကလာပသို့ ပင့်ဆောင်ခဲ့ကြပြီး ရွှေကြုတ်အတွင်း ထည့်သွင်းဌာပနာ၍ ပူဇော်ကာ စေတီတော်တည်ထား . ကိုးကွယ်ခဲ့ကြလေသည်။ ထိုစေတီတော်မှာ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်ကြီး ဖြစ်လာသည်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၃၉၄-၃၉၇ရွှေတိဂုံဘုရား၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၁၊ ၄၃၁-၄၃၆၊ အနှစ်ချုပ် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓဝါဒအခြေပြ (ဓမ္မာစရိယ ဦးမောင်မောင်လေး)၊ ၁၁၁-၁၁၂၊

လုပ်ငန်း (၂) အုပ်စုဖွဲ့လုပ်ငန်းပေးခြင်း။

(၃၅ မိနစ်)

֍ ဖတ်ပြီးသောအခါ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပါ။ မြတ်စွာဘုရားနှင့် ကုန်သည် ညီနောင်နှစ်ဦးဇာတ်လမ်းကို ခြုံငုံမိသော ဇာတ်လမ်းသရုပ်ဖော်ပုံများအား မိမိတို့နားလည်သည့်အတိုင်း အုပ်စုလိုက် ရေးဆွဲစေပြီး ပုံအောက်တွင် ပုံနှင့်သက်ဆိုင်သော အညွှန်းစာရေးကြပါစေ။ (ပုံဆွဲရာတွင် အဓိက အကြောင်းအရာများ ပါဝင်အောင် ဆရာက ပံ့ပိုးပေး၍ အချိန်ကိုလည်းသင့်လျော်သလို သတ်မှတ်ပေးပါ။) ֍ အားလုံးပြီးပါက သင့်လျော်သောနေရာများတွင် ကပ်စေပြီး ကလေးများ လှည့်လည်ကြည့်ရှုကြပါစေ။ ကြည့်ရှုနေစဉ် မိမိအကြိုက်ဆုံးပုံနှင့် ထိုပုံမှ ထပ်မံသိရှိသွားသော အချက်များကို မှတ်သားလာရန် ဆရာက ပြောထားပါ။

֍ အားလုံးကြည့်ရှုပြီးပါက ကလေးများမှတ်သားလာသောအချက်များကို ပြန်လည်ပြောပြကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ “သားတို့သမီးတို့ ... မြတ်စွာဘုရားရှင်နဲ့ ကုန်သည်ညီနောင်နှစ်ဦးအကြောင်းကိုလည်း ဖတ်ပြီးသွားပြီ အုပ်စုဖွဲ့လုပ်ငန်းတွေလည်း လုပ်ပြီးသွားပြီဆိုတော့ အခု ကလေးတို့ သိချင်တဲ့အကြောင်းအရာတွေ သိသွား ကြပြီလား၊ ဘယ်အချက်တွေ ကျန်နေသေးလဲ”ဟု မေး၍ ကျန်သောအချက်များကို ဆရာနှင့် အပြန်အလှန် ဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး၏ လုပ်ဆောင်ချက်များကို လေးစားတန်ဖိုးထားပြီး ကိုယ်တိုင်ပြုလုပ်နိုင်သော လုပ်ငန်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ မရှိ

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းပေး၍ အကြောင်းအရာကို ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

-တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးက မြတ်စွာဘုရားရှင်ကို ဘာကြောင့် သွားရောက်ဖူးမြော် ကြတာလဲ။ ဘာလှူဒါန်းခဲ့ကြသလဲ။
-နတ်မင်းကြီးလေးပါးက မြတ်စွာဘုရားရှင်ကို ဘာတွေ လှူဒါန်းခဲ့သလဲ၊ ဘာကြောင့် လှူတာလဲ။
-မြတ်စွာဘုရားရှင်က ကုန်သည်နှစ်ဦးလှူဒါန်းတဲ့ မုန့်ကြွက်ကျစ်နဲ့ ပျားဆုပ်မုန့်တွေကို ဘယ်လို ခံယူ ဘုန်းပေးတော်မူခဲ့သလဲ။
-တရားနာပြီးနောက် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးက မြတ်စွာဘုရားရှင်ကို ဘယ်လို လျှောက်တင်ခဲ့ကြသလဲ။
-တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးဟာ မြတ်စွာဘုရားရှင်ထံက ဘယ်သရဏဂုံကို ဆောက်တည်ခဲ့ကြသလဲ။ ဘာတွေလဲ။
-မြတ်စွာဘုရားရှင်က ကုန်သည်ညီနောင်နှစ်ဦးကို ဘာတွေ ချီးမြှင့်လိုက်သလဲ။

လုပ်ငန်း (၂) မေးခွန်းမေး၍ ဆွေးနွေးခြင်း၊

֍ အောက်ပါမေးခွန်းကို မေး၍ ကလေးများနှင့် အပြန်အလှန် ဆွေးနွေးပါ။

(၄၀ မိနစ်)

-တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ဟာ မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး ဘာတွေလုပ်ဆောင်ခဲ့ကြသလဲ။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကို မေးပြီး ကလေးများပြောသော အချက်များကို သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-ကလေးတို့သာ ကုန်သည်ညီနောင်နေရာမှာဆိုရင် မြတ်စွာဘုရားရှင်ကို ဘယ်လို လျှောက်ထားမလဲ၊ ဘာတွေ လှူဒါန်းမလဲ။
-ကိုယ့်ရဲ့အရပ်ဒေသကို ပြန်ရောက်ရင်ရော ဘာတွေ ပြန်လုပ်မှာလဲ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ထို့နောက် ဆရာက “မြတ်စွာဘုရားရှင်ကို သားတို့သမီးတို့ လျှောက်ထားချင်တဲ့စကားတွေနဲ့ လှူဒါန်းချင်တဲ့ ပစ္စည်းဝတ္ထုတွေက ကောင်းပါတယ်၊ အခုအချိန်မှာ အရေးကြီးတာက ကိုယ်လုပ်မယ်လို့ မှန်းထားတဲ့ အရာတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားကြဖို့ပဲ ဖြစ်တယ်”ဟု ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။