သစ္စာရှိသော တပည့် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၃) သစ္စာရှိသော တပည့် (ကျောင်းသားကိုင်သို့)
339315ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၃) သစ္စာရှိသော တပည့် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

သစ္စာရှိသော တပည့်

သင်ယူမှုဦးတည်ချက် ။ ။ ဆရာကို ကူညီတတ်စေရန်၊

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကိုယ့်သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ်၊ ကိုယ့်ထက်ငယ်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်ထက်ကြီး တဲ့သူပဲဖြစ်ဖြစ် အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ ကူညီခဲ့ဖူးလား။ ဘယ်လို ကူညီခဲ့တာလဲ။

֍ကိုယ့်ထက်ငယ်တဲ့ မောင်လေး၊ ညီမလေးများကိုလည်း ကြင်ကြင်နာနာနဲ့ ဆက်ဆံဖူးလား။ ဘယ်လို ဆက်ဆံခဲ့ဖူးလဲ။

֍သားတို့၊ သမီးတို့ ပတ်ဝန်းကျင်မှာရော တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ဆက်ဆံတာတွေ တွေ့ဖူးလား။ ပြောပြပါဦး။

֍ကလေးတို့ ဆရာ/ဆရာမတွေကို ကူညီစောင့်ရှောက်ဖူးလား။

֍ဘယ်လို ကူညီစောင့်ရှောက်ဖူးသလဲ။

֍ကူညီစောင့်ရှောက်တာကို ကလေးတို့ နားလည်သလောက် ပြောပါစေ။ ကလေးများ ပြောချင်သော အဓိပ္ပာယ်ကို ဆရာက လိုအပ်လျှင် ဖြည့်စွက်ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သစ္စာရှိသောတပည့်ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ “သစ္စာရှိသော တပည့်”ဇာတ်လမ်းကို အဖြတ်အတောက် မှန်ကန်စွာ အသံနေ အသံထား၊ ဟန်ပန်အမူအရာတို့ဖြင့် ကလေးများ စိတ်ဝင်စားမှုရှိအောင် ပြောပြရပါမည်။

သစ္စာရှိသောတပည့်

ရှေးသရောအခါက တောအုပ်ကြီးတစ်ခုအတွင်းမှာ အလွန်သာယာလှတဲ့ ရေကန်ကြီး တစ်ကန် ရှိတယ်။ အဲဒီရေကန်ကြီးဝန်းကျင်မှာ ကျေးငှက် သာရကာမျိုးစုံ၊ တိရစ္ဆာန်လေးမျိုးစုံနဲ့ အမြဲတမ်းသာသာယာယာ ရှိနေခဲ့တယ်။ အဲဒီ ရေကန်ကြီးထဲကို ဟင်္သာအုပ်တစ်အုပ်လည်း လာရောက် ရေကစားလေ့ရှိပါတယ်။

တစ်နေ့တော့ ငှက်မုဆိုးတစ်ယောက်ဟာ ငှက်တွေကိုဖမ်းဖို့ ကျော့ကွင်းတွေ ထောင်ခဲ့တယ်။ ဟင်္သာမင်းဟာ ကျော့ကွင်းတစ်ခုမှာ မိသွားခဲ့ပါတယ်။ ကျော့ကွင်းမိမိချင်း အော်ဟစ် လိုက်ရင် ဟင်္သာတွေအစာမဝဘဲ အားလုံးလန့်ပြေးကုန်မှာစိုးတာနဲ့ နာကျင်တာကို သည်းခံပြီး မအော်ဘဲနေခဲ့တယ်။

ဟင်္သာအားလုံး အစာဝလောက်တဲ့ အချိန်ရောက်မှ ဟင်္သာမင်းက အော်ဟစ်အကူအညီ တောင်းခံခဲ့ပါတယ်။ ဟင်္သာမင်းရဲ့ အသံကြောင့် အားလုံးလန့်ပြီး ထပျံကုန်ကြတယ်။ ဟင်္သာမင်းရဲ့ သစ္စာရှိတပည့်ကြီးတစ်ကောင်က ဟင်္သာအုပ်ထဲမှာ သူ့သခင်ကို လိုက်ရှာကြည့်တော့ မတွေ့မိဘူး။ တပည့်ကြီးဟာ အလွန်ပဲ စိုးရိမ်သွားတယ်။ နောက်ကြောင်းပြန်လှည့်လာပြီး လိုက်ရှာတော့ ရေကန်စပ်မှာ ကျော့ကွင်းမိနေတဲ့ သူ့သခင်ကို တွေ့ လိုက်ရတယ်။

သစ္စာရှိတပည့်ကြီးဟာ ရွှံ့ဗွက်တွေလူးနေပြီး ခြေထောက်မှာ သွေးအလိမ်းလိမ်းကပ် နေတဲ့ သူ့သခင်နားမှာ အားပေးရင်း နေနေခဲ့တယ်။ သူ့သခင်ကိုလည်း “အရှင့်ကို အသက် ပေးပြီး ကာကွယ်ပါ့မယ်”လို့လည်း ပြောကြားခဲ့တယ်။ ဟင်္သာမင်းက သူ့ကိုထားခဲ့ပြီး ဘေးကင်း ရာကို ပြန်သွားဖို့ ပြောပါတယ်။

မကြာမီအချိန်မှာပဲ ရက်စက်တဲ့ ငှက်မုဆိုး ရောက်လာခဲ့တယ်။ ဟင်္သာနှစ်ကောင်ကို တွေ့ လိုက်ရတဲ့ ငှက်မုဆိုးဟာ ကျော့ကွင်းတစ်ခုထဲမှာ နှစ်ကောင်မိနေသလားဆိုပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်။ သေသေချာချာ စူးစမ်းကြည့်တဲ့အခါ.. တစ်ကောင်တည်းကိုပဲ မိနေပြီး တစ်ကောင်ဟာ မိလည်း မမိ၊ ပျံလည်း ပျံမသွားတာကို အံ့ဩစွာ တွေ့ မြင်လိုက်ရတယ်။

အကြောင်းစုံကို သေချာစုံစမ်းမေးကြည့်တဲ့အခါ ကျော့ကွင်းမှာမိနေတာဟာ ဟင်္သာ မင်းဖြစ်ပြီး ကျန်တစ်ကောင်က သူ့ရဲ့ သစ္စာရှိတပည့်ကြီးဖြစ်နေတာကို သိလိုက်ရတယ်။ ဟင်္သာ မင်းရဲ့ အနစ်နာခံမှု၊ တပည့်ကြီးရဲ့ ရဲစွမ်း သတ္တိရှိတာတွေကို အံ့ဩလွန်းလို့ မသတ်ရက်တော့ ဘဲ ငှက်မုဆိုးက နှစ်ကောင်လုံးကို လွှတ်ပေးလိုက်ပါတယ်။ ဟင်္သာမင်းကိုယ်မှာ ပေနေတဲ့ရွှံ့ ဗွက်တွေကို ရေဆေးပေးပြီး ဒဏ်ရာတွေကိုလည်း ဆေးဖက်ဝင်သစ်ရွက်တွေနဲ့ အုံပေးပြီး သက်သာအောင် ပြုစုပေးလိုက်ပါတယ်။ ဟင်္သာနှစ်ကောင်ဟာ ပျော်ရွှင်စွာနဲ့ သူတို့နေရာကို ပျံသွားခဲ့ကြပါတယ်။

မှီငြမ်း။ ... ။ စူဠဟံသဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပဉ္စမတွဲ ၄၅၂။ ဇာ၊ ဋ၊ ၅၊ ၃၅၅။

֍ဇာတ်လမ်းပြောပြပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-တောအုပ်ကြီးတစ်ခုထဲက ရေကန်တစ်ကန်မှာ ဘယ်သူတွေ လာရောက် ရေကစားလေ့ရှိသလဲ။
-မုဆိုးရဲ့ ကျော့ကွင်းမှာ ဘယ်သူမိသွားတာလဲ။
-သူ့သခင်ကို ဟင်္သာငယ်လေးက ဘယ်လို ပြောကြားခဲ့ပါသလဲ။
-မုဆိုးကြီးက ဟင်္သာနှစ်ကောင်လုံးကို ဖမ်းပြီး သတ်လိုက်လား။
-ဘာ့ကြောင့် မသတ်တာလဲ။
-သားတို့၊ သမီးတို့သာ ဟင်္သာငယ်ဆိုရင် ကိုယ့်သခင်အပေါ် ဘယ်လို ဆက်ဆံမှာလဲ။ ဘာ့ကြောင့်လဲ စသောမေးခွန်းများကို ကလေးငယ်များ တစ်ဦးစီအလိုက် လွတ်လွတ် လပ်လပ် ဖြေကြားခွင့်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးငယ်များကို အတန်းအတွင်း လွတ်လွတ်လပ်လပ် လမ်းလျှောက်ပါစေ။ လက်တွဲ၍ မလျှောက်ရ။ တစ်ဦးချင်း ကြိုက်သလို လှည့်ပတ်လျှောက်ရမည်။ ဆရာက “လက် (၅) ဘက်ထိပါ” လို့အော်ရင် နီးစပ်ရာ ကလေးငါးယောက်က လက်တစ်ဘက်စီ စုစုပေါင်း (၅) ဘက် ထိထားရမည်။ ပြန်လျှောက်ခိုင်းပါ။ “ဒီတစ်ခါ ခေါင်း (၃) လုံး ထိပါလို့ အော်ရင် နီးစပ်ရာ ကလေးသုံးယောက်က ခေါင်းချင်းထိရမည်” စသည်ဖြင့် ဆရာက ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ကြိုက်သလို ကစားနိုင်သည်။

֍၄/၅ ကြိမ် ဆော့ပြီးမှ ဆရာက (၅)ယောက် သို့မဟုတ် (၆)ယောက်တစ်ဖွဲ့ဖြစ်အောင် ကစားခြင်းဖြင့် အုပ်စုဖွဲ့ပါ။ အုပ်စုအလိုက် ထိုင်ခိုင်းပါ။ အတန်းတွင်းရှိ ကလေး အရေအတွက်ကိုကြည့်၍ ဖွဲ့နိုင်ပါသည်။

֍ထို့နောက် “ဆရာ/ဆရာမတွေကို ဘယ်လိုကူညီစောင့်ရှောက်ကြမလဲ” ဟူသော ခေါင်းစဉ်ဖြင့် ကလေးများကို အဖွဲ့ အလိုက် စဉ်းစားဆွေးနွေးစေပါ။

֍ဆရာကအဖွဲ့တိုင်းကို လေ့လာစောင့်ကြည့်၍ ဆွေးနွေးမှုအားနည်းသော အဖွဲ့များသို့ ဝင်ရောက် ဆွေးနွေးပေးပါ။

֍အုပ်စုတိုင်း အုပ်စုတိုင်းမှ အဖွဲ့ကိုယ်စားပြုတစ်ယောက် ရွေးချယ်ပါ။ ထိုအဖွဲ့ကိုယ်စား လှယ်မှ အဖွဲ့တွင်း ဆွေးနွေးမှုများကို အများသို့ ပြန်လည် တင်ပြပြောဆိုပါစေ။

֍အဖွဲ့တစ်ဖွဲ့တင်ပြနေချိန်တွင် ကျန်သောသူများမှ သေချာနားထောင်ပါရန်နှင့် သူများကို လေးစားမှ ကိုယ့်ကိုလည်း ပြန်လည်လေးစားခံရမည့်အကြောင်း ကလေးများကို ဆရာက ကြိုတင်မှာကြားထားရန် လိုပါသည်။ တစ်ဖွဲ့ပြီးတိုင်း လက်ခုပ်တီးအားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ကျေးဇူးရှင် ဆရာ၊ ဆရာမကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါကဗျာကို ဆရာက ရှေ့မှဆိုပြ၍ ကလေးငယ်များကို လိုက်ဆိုပါစေ။ ဆရာက ကဗျာပါစာသားနှင့် ကိုက်ညီသော ဟန်ပန်အမူအရာများကို ထည့်သွင်း သီဆိုစေပါ။

ကျေးဇူးရှင် ဆရာ၊ ဆရာမ

ဘုရားတရား မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ။
မိဘဆရာ ဆိုစကား၊
အမြဲတို့လေးစား။
သမီးသားတို့ တာဝန်ပေ၊
ကြိုးစားကြဖို့လေ။
ဆရာ ဆရာမတွေက သွန်သင်ပြ။
ကျေးဇူးကြီးပေစွ။

֍ထို့နောက် ဆရာက ဆရာ/ဆရာမများကို ကူညီစောင့်ရှောက်ခြင်းသည် ကောင်းမွန်သော အလေ့အထတစ်ခုဖြစ်ကြောင်း၊ ဆရာ/ဆရာမများသာမက မိမိတို့ ပတ်ဝန်းကျင်တွင်ရှိသော သူများကိုပါ ကူညီစောင့်ရှောက်ကြရန် လိုကြောင်း စသည်ဖြင့်ပြော၍ စာသင်ချိန်ကို အဆုံး သတ်ပါ။