ဝိပက္ခသေဝကဘိက္ခုဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၅။ ဝိပက္ခသေဝကဘိက္ခုဝတ္ထု
325478ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၅။ ဝိပက္ခသေဝကဘိက္ခုဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၅။ ဝိပက္ခသေဝကရဟန်း ဝတ္ထု

သလာဘံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အထူးထူးသော အသင်းအပင်းသို့ မှီဝဲကပ်ရောက်တတ်သော မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စိတ်မခိုင်၍ ကြုံရာလိုက်ပါလွယ်သော ရဟန်း

ဒေဝဒတ်၏ အသင်းအပင်းဖြစ်သော တစ်ပါးသော ရဟန်းသည် ထိုအထူးထူးသော အသင်းဝင်ရဟန်း၏ အဆွေခင်ပွန်း ဖြစ်သတတ်။ ထိုဒေဝဒတ်အသင်းဝင် ရဟန်းသည် ရဟန်းတို့နှင့်အတူတကွ ဆွမ်းအလို့ငှာ လှည့်လည်၍ ပြုအပ်ပြီးသော ဆွမ်းကိစ္စရှိသဖြင့် ပြန်လာသော ထိုအဆွေခင်ပွန်းရဟန်းကို မြင်ရလျှင် “အဘယ်အရပ်သို့ သွားဘိသနည်း”ဟု မေးမြန်းလေ၏။ “ဤမည်သော အရပ်သို့ ဆွမ်းအတွက် လှည့်လည်ခြင်းငှာ သွားရ၏”ဟု ပြောဆိုလတ်သည်ရှိသော် “သင်သည် ဆွမ်းကို ရအပ်၏လော”ဟု မေးပြန်လေ၏။ “ရပါ၏”ဟု ဆိုလတ်သော် “ဤအရပ်၌ ငါတို့အား များစွာသော လာဘ်ပူဇော်သက္ကာရ ရှိ၏။ နှစ်ရက်သုံးရက်ပတ်လုံး ဤအရပ်၌သာ နေပါလော့”ဟု ဆိုလေ၏။ ထိုအထူးထူးကြုံရာ အပင်းအသင်းသို့ သက်ဝင်မှီဝဲတတ်သော ရဟန်းသည် ထိုဒေဝဒတ်အသင်းဝင် ရဟန်း၏စကားဖြင့် နှစ်ရက်သုံးရက်ပတ်လုံး ထိုဒေဝဒတ်၏ နေရာအရပ်၌ နေပြီးမှ မိမိ၏နေရာ ကျောင်းသို့သာလျှင် ရောက်လာလေ၏။ ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် ဒေဝဒတ်အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို သုံးဆောင်စားသောက်ပါသည်၊ ဤရဟန်းသည် ဒေ၀ဒတ်၏ အပင်းအသင်းသာ ဖြစ်ပါသည်ဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူပြီးလျှင် “ဤသို့ သင်ပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- မှန်ပါသည်ဘုရား၊ တပည့်တော်သည် ထိုဒေဝဒတ်၏ နေရာအရပ်၌ ပဉ္စင်းငယ်တစ်ပါးကိုမှီ၍ နှစ်ရက်သုံးရက် နေမိပါသည်၊ ထိုသို့နေသော်လည်း ဒေဝဒတ်၏အယူကို ကြည်ဖြူနှစ်သက်ခြင်း မရှိပါဘုရား”ဟု နားတော်လျှောက်လေ၏။

မဟိဠာမုခဇာတ် အမြွက်

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် “သင်သည် အယူကို အကယ်၍ကား မနှစ်သက်၊ ထိုသို့ပင် မနှစ်သက်သော်လည်း မြင်အပ်မြင်အပ်ကုန်သော သူတို့၏သာလျှင် အယူကို နှစ်သက်ဘိသကဲ့သို့ လှည့်ပတ်သွားလာလေ့ရှိ၏၊ သင်သည် အခုသာလျှင် ဤသို့ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ဤသို့သော သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ယခုအခါ၌ ရှေးဦးစွာ တပည့်တော်တို့သည် ကိုယ်တိုင်မြင်ရပါပြီ၊ ရှေး၌ကား ဤရဟန်းသည် ထိုထိုသို့သော သူတို့၏အယူကို နှစ်သက်ဘိသကဲ့သို့ လှည့်ပတ်သွားလာဖူးသည်ကို တပည့်တော်တို့အား ဟောကြားတော်မူကြပါဘုရား”ဟု ရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍-

ပုရာဏ စောရာန ဝစော နိသမ္မ၊ မဟိဠာမုခေါ ပေါထယ မနွစာရီ။
သုသညတာနံ ဟိ ဝစော နိသမ္မ၊ ဂဇုတ္တမော သဗ္ဗဂုဏေသု အဋ္ဌာ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ မဟိဠာမုခေါ၊ ဆင်မ၏ မျက်နှာနှင့်တူသော မျက်နှာရှိသော မင်္ဂလာဆင်တော်သည်။ ပုရာဏံ၊ ရှေးဦးစွာ။ စောရာနံ၊ ခိုးသူတို့၏။ ဝစော၊ စကားကို။ နိသမ္မ၊ ကြားရ၍။ ပေါထယံ-ပေါထယန္တော၊ ပုတ်ခတ်သတ်ဖြတ်လျက်။ အနွစာရီ-အနုစာရီ၊ အတုလိုက်၍ကျင့်၏။ ဂဇုတ္တမော၊ မဟိဠာမုခ ဆင်မြတ်သည်။ သုသညတာနံဟိ၊ ကိုယ်နှုတ်နှလုံး စောင့်သုံးကုန်သော ရဟန်းပုဏ္ဏားတို့၏သာလျှင်။ ဝစော၊ စကားကို။ နိသမ္မ၊ ကြားရပြန်၍။ သဗ္ဗဂုဏေသု၊ ခပ်သိမ်းသော ဂုဏ်ကျေးဇူးတို့၌။ အဋ္ဌာ-အဋ္ဌာသိ၊ တည်ပြန်လေ၏။

ဤသို့ ဤမဟိဠာမုခဇာတ်ကို အကျယ်ချဲ့ပြီးလျှင် “ချစ်သား ရဟန်းတို့- ရဟန်းမည်သည်ကား မိမိ၏လာဘ်ဖြင့်သာလျှင် ရောင့်ရဲလွယ်သောသူ ဖြစ်ရာ၏။ သူတစ်ပါးလာဘ်ကို တောင့်တခြင်းငှာ မသင့်၊ သူတစ်ပါး၏လာဘ်ကို တောင့်တသော ရဟန်းအား ဈာန်,ဝိပဿနာ, မဂ်,ဖိုလ်တို့တွင် တစ်ခုသော တရားသည်လည်း မဖြစ်နိုင်၊ မိမိလာဘ်ဖြင့် ရောင့်ရဲလွယ်သော ရဟန်းအားသာလျှင် ဈာန်အစရှိသည်တို့သည် ဖြစ်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၆၅] သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။

[၃၆၆] အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

ဘိက္ခုနာမ၊ ရဟန်းမည်သည်ကား။ သလာဘံ၊ မိမိအလို့ငှာ ဖြစ်သော မိမိ၏လာဘ်ကို။ နာတိမညေယျ၊ မထီမဲ့မြင် မအောက်မေ့ရာ။

(အိမ်စဉ်မပြတ် ဆွမ်းရပ်သောအကျင့်ကို ပယ်စွန့်လျက် မအပ်မရာ ရှာမှီးခြင်းဖြင့် အသက်မွေးသော ရဟန်းသည် မိမိ၏လာဘ်ကို မထီမဲ့မြင်ပြုသည်မည်၏။ ရွံရှာစက်ဆုပ်သည် မည်၏ဟူလို။)

အညေသံ၊ သူတစ်ပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ တောင့်တလျက်။ န စရေ၊ မကျင့်ရာ။ အညေသံ၊ သူတစ်ပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ တောင့်တသော။ ဘိက္ခု၊ ရဟန်းသည်။ သမာဓိံ၊ သမာဓိကို။ နာဓိဂစ္ဆတိ၊ မရနိုင်။

ဘိက္ခု၊ ရဟန်းသည်။ အပ္ပလာဘောပိ၊ နည်းသော လာဘ်ရှိသော်လည်း။ သလာဘံ၊ မိမိလာဘ်ကို။ နာတိမညတိ၊ အကယ်၍ မထီမဲ့မြင် မအောက်မေ့သည်ဖြစ်အံ့။

(ယုတ်ယုတ်မြတ်မြတ် အစဉ်အတိုင်း ဆွမ်းခံသွားလျက် ရသောလာဘ်ကို နှစ်သက်၏ဟူလို။)

သုဒ္ဓါဇီဝိံ၊ စင်ကြယ်ကောင်းမြတ်သော အသက်မွေးခြင်းရှိသော။ အတန္ဒိတံ၊ ပျင်းရိခြင်းမရှိသော။ တံဘိက္ခုံ၊ ထိုရဟန်းကို။ ဒေဝါ၊ နတ်တို့သည်။ ဝေ၊ စင်စစ်။ ပသံသန္တိ၊ ချီးမွမ်းထောမနာကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိပက္ခသေဝက ရဟန်းဝတ္ထု ပြီး၏။