ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု
325479ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၆။ ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ ပဉ္စဂ္ဂဒါယကာပုဏ္ဏား ဝတ္ထု

သဗ္ဗသောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဉ္စဂ္ဂဒါယကာ (ငါးခုသော+အဦးတို့ကို+လှူသောသူ) အမည်ရှိသော ပုဏ္ဏားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြတ်စွာဘုရားအား မသဒ္ဓါသော ပုဏ္ဏေးမ

ထိုပုဏ္ဏားကြီးသည် ကောက်ခင်းလယ်၌ သုတ်သင် ရိတ်သိမ်းသော ကာလပင်လျှင် လယ်ဦးမည်သည်ကို လှူ၏။ တလင်းဝယ် နယ်သောကာလ တလင်းဦးမည်သည်ကို လှူ၏။ တလင်းတွင် အရင်းအနှီး ဘဏ္ဍာပြုသောကာလ တလင်းဘဏ္ဍာဦးမည်သည်ကို လှူ၏။ ထမင်းအိုးတွင် ချက်သောကာလ ထမင်းအိုးဦးမည်သည်ကို လှူ၏။ ခွက်၌ ထမင်းခူးထည့်သောကာလ ခွက်ဦးမည်သည်ကို လှူ၏။ ဤသို့ ဤငါးပါးသော အဦးအဖျား အလှူဒါနတို့ကို ပေးလှူလေ့ရှိ၏။ ရောက်လာသောသူအား မပေးမကမ်းမူ၍ စားသောမည်သည် မရှိ။ ထို့ကြောင့် ထိုပုဏ္ဏားကြီးအား ပဉ္စဂ္ဂဒါယကာ ဟူ၍သာလျှင် အမည်တွင်လေ၏။ မြတ်စွာဘုရားသည် ထိုပဉ္စဂ္ဂဒါယကာကြီး၏လည်းကောင်း၊ ထိုဒါယကာ၏ ပုဏ္ဏေးမကြီး၏လည်းကောင်း သုံးပါးသောဖိုလ်တို့၏ အကြောင်းဥပနိဿယကို မြင်တော်မူသဖြင့် ပုဏ္ဏားကြီး ထမင်းစားသောအခါ၌ ကြွသွားတော်မူပြီးလျှင် တံခါး၌ ရပ်တော်မူလေ၏။ ပုဏ္ဏားကြီးသည်လည်း တံခါးအဦး၌ အိမ်တွင်းသို့ ရှေးရှုကာနေလျက် စားနေ၏။ တံခါး၌ ရပ်တော်မူသော မြတ်စွာဘုရားကို မမြင်။ ပုဏ္ဏေးမသည်ကား ပုဏ္ဏားကြီးကို ထမင်းကျွေးစဉ် မြတ်စွာဘုရားကို မြင်ရလျှင် “ဤပုဏ္ဏားကြီးကား ငါးပါးသော အရာတို့၌ အဦးကိုလှူပြီးမှ စား၏။ ယခုအခါလည်း ရဟန်းဂေါတမသည် ကြွလာ၍ တံခါး၌ ရပ်လျက်ရှိ၏။ ပုဏ္ဏားကြီးသည် ထိုရဟန်းဂေါတမကိုမြင်လျှင် မိမိ၏ထမင်းကို ဆောင်လျက် အကယ်၍ လှူသည်ဖြစ်အံ့၊ တစ်ဖန်လည်း ငါသည် ချက်ခြင်းငှာ မတတ်နိုင်တော့လတ္တံ့”ဟု ကြံစည်လေ၏။ ထိုပုဏ္ဏေးမသည် ဤသို့ပြုသည်ရှိသော် ဤပုဏ္ဏားကြီးသည် ရဟန်းဂေါတမကို မမြင်လတ္တံ့ဟုကြံ၍ မြတ်စွာဘုရားအား ကျောပေး၍ ထိုပုဏ္ဏားကြီး၏နောက်၌ မြတ်စွာဘုရားကို ဖုံးကွယ်ကာ ကုံးညွှတ်ပြီးလျှင် လပြည့်ဝန်းကို လက်ဝါးဖြင့် ဖုံးအုပ်ဘိသကဲ့သို့ ရပ်တည်လေ၏။ ထိုသို့ တည်နေလျက်ပင်လျှင် “ကြွသွားပြီလော, မကြွဘဲ ရှိသေးသလော”ဟု မြတ်စွာဘုရားကို ထက်ဝက်သော မျက်စိဖြင့် ငဲ့စောင်းကာ ကြည့်လေ၏။ မြတ်စွာဘုရားသည် ထိုအရပ်၌သာလျှင် ရပ်နေတော်မူလေ၏။ ပုဏ္ဏားကြီး ကြားအံ့သည်မှ ကြောက်သောကြောင့် “လွန်၍ အလိုရှိတော်မူကြပါဦး၊ ဝါ- ကန်တော့ပါသေး၏”ဟု မဆို၊ နောက်သို့ ဆုတ်ပြီး၍သော်ကား တိုးတိုးသာသာလျှင် “ကန်တော့ပါသေး၏”ဟု လျှောက်ဆိုရရှာလေ၏။

သဒ္ဓါသော ပုဏ္ဏားကြီး

ဘုရားရှင်သည် “ငါမကြွသွားလတ္တံ့”ဟု ဦးခေါင်းတော်ကို လှုပ်တော်မူလေ၏။ တစ်လောကလုံး အလေးအမြတ်ပြုအပ်သော ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် “ငါကား မသွားလတ္တံ့”ဟု ဦးခေါင်းတော် လှုပ်တော်မူသည်ရှိသော် တည်တံ့ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် အိမ်တွင်းသို့ရှေးရှု ရောင်ခြည်တော်ကို လွှတ်လေ၏။ ပုဏ္ဏားကြီးသည်လည်း ကျောပေးလျက် နေစဉ်သာလျှင် ပုဏ္ဏေးမ၏ရယ်သံကို ကြားရ၍လည်းကောင်း၊ ခြောက်သွယ်သော အရောင်အဆင်းရှိသော ရောင်ခြည်တော်တို့၏ ထွန်းလင်းတောက်ပသောအလင်းကို ကြည့်ရှု၍လည်းကောင်း ဘုရားရှင်ကို ဖူးမြင်ရလေ၏။

(ဘုရားရှင်တို့မည်သည်ကား ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြောင်းဥပနိဿယနှင့် ပြည့်စုံသောသူတို့အား ကိုယ်တော်ကို မပြမူ၍ ဖဲသွားတော်မမူကြကုန်။)

ပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရလျှင် “အိုရှင်မ- ငါ့ကို ဖျက်ဆီးဘိ၏၊ သင်သည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် မြတ်စွာဘုရား ကြွလာ၍ အိမ်တံခါး၌ ရပ်တည်နေသည်ကို ငါ့အား မပြောကြားသဖြင့် ဝန်လေးလှစွာသော အမှုကို သင်ပြုဘိ၏”ဟု ဆိုပြီးလျှင် ထက်ဝက်စားပြီးသော ထမင်းခွက်ကို ကိုင်ယူလျက် ဘုရားရှင်၏ အထံတော်သို့သွား၍ “အိုရှင်ဂေါတမ- တပည့်တော်သည် ငါးပါးသော အရာဌာနတို့၌ အဦးကို ပေးလှူပြီးမှသာ စားပါသည်။ ဤထမင်းမှလည်း တပည့်တော်သည် အလယ်၌ခွဲ၍ တစ်ခုသော ထမင်းအဖို့ကိုသာ စားရပါသေးသည်၊ တစ်ခုသောအဖို့လည်း ကြွင်းကျန်ပါသေးသည်၊ တပည့်တော်၏ ဤဆွမ်းကို အလှူခံတော်မူပါအံ့လောဘုရား”ဟု လျှောက်လေ၏။

ပြိတ္တာနှင့်တူပုံဟော၍ ဆွမ်းကျန်အလှူခံခြင်း

မြတ်စွာဘုရားသည် “ငါဘုရားအား သင်၏ စားကြွင်းထမင်းဖြင့် အလိုမရှိပြီ”ဟု မိန့်တော်မမူဘဲ “ပုဏ္ဏားကြီး- အဦးသည်လည်း ငါဘုရားအားသာလျှင် လျောက်ပတ်၏၊ အလယ်၌ခွဲ၍ ထက်ဝက်စားအပ်ပြီးသော ထမင်းစားကြွင်းသည်လည်းကောင်း၊ အဆုံးစွန်သော ထမင်းဆုပ်သည်လည်းကောင်း ငါဘုရားအားသာလျှင် လျောက်ပတ်၏၊ ပုဏ္ဏားကြီး- ငါဘုရားတို့သည် သူတစ်ပါး ပေးကမ်းသည်ကို မှီ၍ အသက်မွေးခြင်းရှိသော ပြိတ္တာနှင့် တူကြကုန်၏”ဟု မိန့်တော်မူ၍ သုတ္တနိပါတ်၊ ဥရဂဝဂ်လာ ဤဂါထာကို ဟောကြားတော်မူလေ၏။

ယဒဂ္ဂတော မဇ္ဈတော သေသတော ဝါ၊
ပိဏ္ဍံ လဘေထ ပရဒတ္တူပဇီဝီ။
နာလံ ထုတုံနောပိ နိပစ္စဝါဒီ၊
တံဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

ယံ ပိဏ္ဍံ၊ အကြင်ဆွမ်းကို။ အဂ္ဂတော၊ အဦးအဖျားဟူ၍လည်းကောင်း။ မဇ္ဈတော၊ ထက်ဝက်အကျန်ဟူ၍လည်းကောင်း။ သေသတောဝါ၊ နောက်ဆုံးအကြွင်းဟူ၍လည်းကောင်း။ လဘေထ၊ ရရာ၏။ ပရဒတ္တူပဇီဝီ၊ သူတစ်ပါး ပေးကမ်းသည်ကိုမှီ၍ အသက်မွေးသော ပုဂ္ဂိုလ်သည်။ တံပိဏ္ဍံ၊ ထိုဆွမ်းကို။ ဘုဉ္ဇေယျ၊ သုံးစားရာ၏။ ထုတုံနောပိ၊ ချီးမွမ်းခြင်းဖြင့်လည်း။ နာလံ၊ အကျိုးမရှိ။ နိပစ္စဝါဒီ၊ နှိမ့်ချ၍ ပြောဆိုသော အကျင့်ရှိသော။ တံဝါပိ၊ ထိုပုဂ္ဂိုလ်ကိုလည်း။ ဓီရာ၊ ဘုရားစသော ပညာရှိတို့သည်။ မုနိ၊ မုနိမည်၏ဟူ၍။ ဝေဒယန္တိ၊ သိစေကြကုန်၏။ ဝါ၊ မိန့်ဆိုကြကုန်၏။

ပုဏ္ဏားကြီးသည် ထိုစကားကို ကြားလျှင်ကြားချင်းသာလျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ “ဪ- အံ့ဖွယ်ရှိပေစွတကား၊ ကျွန်းလုံးအရှင်ဖြစ်သော မင်းသားသည် ဖြစ်ပါလျက် ငါ့အား သင်၏ စားကြွင်းထမင်းဖြင့် အလိုမရှိဟု မိန့်တော်မမူဘဲ ဤသို့ မိန့်မြွက်တော်မူပေ၏”ဟု တံခါး၌ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို “အိုရှင်ဂေါတမ- ရှင်တော်မြတ်ဘုရားတို့သည် ကိုယ်တော်မြတ်၏ တပည့်တို့ကို ဘိက္ခုဟူ၍ မိန့်ဆိုတော်မူကြပါကုန်၏၊ အဘယ်မျှဖြင့် ဘိက္ခုမည်သောသူ ဖြစ်ပါသနည်းဘုရား”ဟု ပြဿနာမေးလျှောက်လေ၏။ မြတ်စွာဘုရားသည် “မေးလျှောက်သော စကားအားလျော်စွာ ဤပုဏ္ဏားကြီးအား တရားဟောခြင်းသည် လျောက်ပတ်အံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤပုဏ္ဏားကြီး ဇနီးခင်ပွန်းနှစ်ယောက်တို့သည်လည်း ကဿပ မြတ်စွာဘုရား လက်ထက်တော်၌ နာမ်ရုပ်ဟုဆိုသော ရဟန်းတို့၏စကားကို ကြားနာရဖူးလေကုန်၏။ နာမ်ရုပ်ကို မစွန့်လွှတ်မူ၍သာလျှင် ထိုသူတို့အား တရားဟောခြင်းငှာ သင့်လျော်၏”ဟု ဆင်ခြင်တော်မူ၍ “ပုဏ္ဏားကြီး- နာမ်၌လည်းကောင်း၊ ရုပ်၌လည်းကောင်း မတပ်သော မကပ်ငြိသောသူသည် ဘိက္ခုမည်သောသူ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၆၇] သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ယဿ၊ အကြင်သူအား။ သဗ္ဗသော-သဗ္ဗသ္မိံ၊ အလုံးစုံသော။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ မမာယိတံ၊ ငါ, ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းခြင်းသည်။ နတ္ထိ၊ မရှိ။ အသတာ စ၊ ကုန်ခြင်း, ပျက်ခြင်းသို့ရောက်၍ ထင်ရှား ရှိငြားသော်လည်း။ န သောစတိ၊ မစိုးရိမ်။ သော၊ ထိုသို့ သဘောရှိသောသူကို။ ဝေ၊ စင်စစ်။ ဘိက္ခူတိ၊ ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ နှစ်ဦးစလုံးလည်း ဖြစ်ကုန်သော ဇနီးခင်ပွန်းတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

ပဉ္စဂ္ဂဒါယကာပုဏ္ဏားဝတ္ထု ပြီး၏။