ရွှေဥဒေါင်းမင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၈) ရွှေဥဒေါင်းမင်း (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၈)

ရွှေဥဒေါင်းမင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားဂုဏ်တော်ပွားများရခြင်းအကျိုးကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ယုန်ကလေးက နားရွက်ထောင် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများသိသော တိရစ္ဆာန်အမည်များကို ပြောပါစေ။ (ရုပ်ပုံရှိက သင်ပုန်းတွင်ကပ်၍ လေ့လာစေပြီး ပြောခိုင်းနိုင်သည်။)

֍ဆရာက အောက်ပါကဗျာကို အမူအရာနှင့်တကွ သင်ပေးပါ။

ယုန်ကလေးက နားရွက်ထောင်၊
ပညာရှိယောင်ဆောင်။
ကြောင်ကလေးက လက်သည်းဝှက်၊
ချောင်းလိုက်ရတဲ့ကြွက်။
ရွှေဇီးကွက်ရဲ့ ဣန္ဒြေ၊
ဘုရင်ကြီးလိုနေ။
မိုးလေဝသ ဗေဒင်ဟော၊
တောက်တဲ့ကိုလူချော။
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို၊
ခေါင်းညိတ်လှတယ်ဆို။
ရွှေကျီးညို သာပါလှ၊ ဧည့်သည်လာပါစ။

֍ကဗျာထဲတွင် မည်သည့် တိရစ္ဆာန်အမည်များ ပါသည်ကို မေးပါ။

֍တစ်ကောင်စီ၏ အမူအရာများကို အလှည့်ကျ တစ်ဦးစီ သရုပ်ဆောင်ပြပါစေ။

ဥပမာ - ယုန်ကလေးက ဘယ်လို ပညာရှိယောင် ဆောင်သလဲ။
ကြောင် ဘယ်လို ကြွက်ချောင်းသလဲ။
ရွှေဇီးကွက်ကြီးက ဘယ်လိုနေသလဲ ... လုပ်ပြပါဦး ... စသည်ဖြင့်။

֍ဆက်လက်၍ ဖော်ပြပါ တိရစ္ဆာန်များ၏ အော်မြည်သံများနှင့် အခြားတိရစ္ဆာန်များ၏ အော်မြည်သံများကို မေးပါ။

֍ဆရာက “အိုးဝေ”အသံကို ပြုလုပ်ပြ၍ မည်သည့်တိရစ္ဆာန်၏ အော်မြည်သံ ဖြစ်သည်ကို မေးပါ။

ဒေါင်းကို မြင်ဖူးကြသလား။

֍ဒေါင်း၏အဆင်းသဏ္ဌာန်ကို ဆရာက ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေဥဒေါင်းမင်းဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပြီး စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့ နေ့တိုင်း ဘုရားရှိခိုးကြလား။
-ဘယ်အချိန်မှာ ရှိခိုးကြလဲ။
-သားတို့၊ သမီးတို့ ဘုရားရှိခိုးရင် ဘာတွေရွတ်ဆိုကြသလဲ။

֍“သရဏဂုံ (၃) ပါး/ရတနာ (၃) ပါးကို ရွတ်ပါတယ်”ဟု ဖြေလျှင် ၎င်းသရဏဂုံ (၃) ပါး/ ရတနာ (၃) ပါး၌ ဂုဏ်တော်များ အသီးသီးရှိကြောင်းနှင့် ထိုဂုဏ်တော်များကို ရည်မှန်း၍ ရွတ်ဆိုရကြောင်းကို ရှင်းပြပါ။

֍ထို့နောက် “ဒီနေ့တော့ ဘုရားဂုဏ်တော် ရွတ်ဖတ်တဲ့အတွက်ကြောင့် အန္တရာယ်ကနေ လွတ်မြောက်သွားတဲ့ ရွှေဥဒေါင်းမင်းဇာတ်လမ်းကို ပြောပြမယ်”ဟု အစချီပြီး ဇာတ်လမ်း ကို ပြောပြပါ။

ရွှေဥဒေါင်းမင်း

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်အနီး တောအုပ်ကြီးတစ်ခုမှာ ရွှေရောင်အဆင်း ရှိတဲ့ ဥဒေါင်းမင်းဟာ ဥဒေါင်းညိုတို့ ခြံရံပြီး နေထိုင်တယ်။ တစ်နေ့တော့ ရွှေဥဒေါင်းမင်းက ထုံးရေကြည်အိုင်မှာ ရေသောက်ရင်း မိမိရဲ့ လှပတဲ့အဆင်းကို မြင်သွားကာ ငါက အခြား ဥဒေါင်းငှက်တွေနဲ့မတူ အလွန်လှပနေတယ်၊ လူသူရောက်ဖို့ လွယ်တဲ့ ဒီမှာနေရင် ငါ့အတွက် အန္တရာယ်များနိုင်တယ်၊ လူသူမနီးတဲ့ ဟိမဝန္တာတောင်ကို သွားပြီးနေမှတော်မယ်”လို့ တွေးကာ အခြွေအရံဥဒေါင်းညိုတွေ အိပ်ပျော်နေတဲ့အချိန်မှာ တိတ်တဆိတ် ဟိမဝန္တာတောင်ဆီကို ထွက်ခွာလာတယ်။

ဟိမဝန္တာတောင်ကိုရောက်တော့ ပညောင်ပင်ကြီးနားမှာ တစ်ကောင်တည်း ငြိမ်းချမ်း စွာ နေထိုင်နေတယ်။ ဥဒေါင်းမင်းက မနက်ခင်းတစ်ကြိမ်၊ ညခင်းတစ်ကြိမ် မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အမြဲမပြတ် ရွတ်ဆိုလေ့ရှိတယ်။

တစ်နေ့မှာတော့ မုဆိုးတစ်ယောက်က ရွှေဥဒေါင်းမင်းကို တွေ့ သွားခဲ့တယ်။ ရွှေဥ ဒေါင်းမင်း တောထဲမှာရှိနေတယ်ဆိုတဲ့ သတင်းစကားဟာ အဲဒီ မုဆိုးကတစ်ဆင့် နန်းတော်ထဲ အထိ ပျံ့နှံ့သွားတော့တယ်။ နန်းတော်ထဲက မိဖုရားကြီးက ရွှေအဆင်းရှိတဲ့ ဥဒေါင်းမင်းကို လိုချင်လို့ ဘုရင်ကို ပူဆာပါတော့တယ်။ ဒီတော့ ဘုရင်ကြီးက မိဖုရားဆန္ဒကို ဖြည့်ပေးချင် တာကြောင့် တစ်တိုင်းပြည်လုံးက မုဆိုးတွေကို ဖိတ်ကြားပြီး “ရွှေဥဒေါင်းမင်း ဖမ်းပေးနိုင်တဲ့ သူကို ဆုငွေတွေ အများကြီးပေးမယ်”လို့ ကြေညာလိုက်တယ်။

မုဆိုးတွေက ရွှေဥဒေါင်းမင်းကို ဖမ်းပြီး ဘုရင်ကြီးဆီက ဆုတော်ကိုယူဖို့ နည်းမျိုးစုံ သုံးပြီး ကြိုးစားကြတယ်။ ဒါပေမဲ့ ရွှေဥဒေါင်းမင်းဟာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများနေတဲ့အတွက်ကြောင့် ဘယ်သူကမှ သူ့ကို မဖမ်းဆီးနိုင်ခဲ့ကြဘူး။ နောက်ဆုံးတော့ မုဆိုးတွေဟာ စိတ်ပျက်ပြီး လက်လျှော့လိုက်ကြတယ်။ ရွှေဥဒေါင်းမင်းက အေးအေးချမ်းချမ်း နဲ့ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ဆက်လက်ပွားများနေပါတော့တယ်။

မှီငြမ်း ။ ။ မဟာမောရဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ။ ၃ဝ၃။ ဇာ၊ ဋ္ဌ၊ ၄။ ၃၃၃။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ဥဒေါင်းမင်းက ဘာအရောင်ရှိသလဲ။
-ရွှေဥဒေါင်းမင်း နေ့တိုင်း ဘာလုပ်သလဲ။
-ဘုရားဂုဏ်တော်ကို အမြဲရွတ်ဆိုတဲ့အတွက် ဘယ်လို အကျိုးကျေးဇူး ခံစားရသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဂုဏ်တော်အမည်များကို ရေးထားသောစာရွက် သို့မဟုတ် ကတ်ထူပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဇာတ်လမ်းမှာပါတဲ့ ရွှေဥဒေါင်းမင်းက နေ့တိုင်း ဘာကို ရွတ်ဖတ်သလဲ။”

֍“ဘုရားဂုဏ်တော်က ဘာတွေလဲဆိုတာရော မသိချင်ကြဘူးလား”ဟု မေးမြန်းပြီး အစ ပျိုးပါ။

֍အောက်ပါ ဂုဏ်တော်ကိုးပါးကို ကလေးများ မှတ်မိသွားသည်အထိ သင်ပေးပါ။

ဘုရားဂုဏ်တော်ကိုးပါး

ဣတိပိ သော ဘဂဝါ -
၁။ အရဟံ၊
၂။ သမ္မာသမ္ဗုဒ္ဓေါ၊
၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။ သုဂတော၊
၅။ လောကဝိဒူ၊
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ၊
၇။ သတ္ထာ ဒေဝမနုဿာနံ၊
၈။ ဗုဒ္ဓေါ၊
၉။ ဘဂဝါ။

֍ကလေးများအား အုပ်စု (၉) စုဖွဲ့ပြီး ဂုဏ်တော်ကိုးပါး၏ အမည်တစ်ခုစီကို စာရွက်ပေါ် တွင်ရေးပြီး တစ်ဖွဲ့ချင်းစီကိုပေးပါ။ အရဟံစာရွက်ရသောအုပ်စုကို အရဟံအုပ်စု၊ သမ္မာသမ္ဗုဒ္ဓေါ စာရွက်ရသောအုပ်စုကို သမ္မာသမ္ဗုဒ္ဓေါအုပ်စု စသည်ဖြင့် အုပ်စုအမည် များ အသီးသီးပေးရမည်။

֍ဆရာက ဂုဏ်တော်ကိုးပါး၏ အမည်တစ်ခုချင်းစီကို အစဉ်လိုက် အသံကျယ်ကျယ် (အော်) ဖတ်ပြပါ။

[သတိပြုရန် 1][သတိပြုရန် 2]

֍အဆင့် (၁) - မိမိတို့၏အမည်ကို အခေါ်ခံရသော အုပ်စုက လက်အုပ်ချီ၍ နေပါစေ။

ဥပမာ “အရဟံ”ဟု ဆရာက အော်လျှင် အရဟံအုပ်စုမှ ကလေးများအားလုံးက လက်အုပ်ချီ၍ နေရမည်။ (၉) အုပ်စုလုံး လက်အုပ်ချီနေသော အနေအထားရောက်သည် အထိ တစ်အုပ်စုပြီး တစ်အုပ်စု လုပ်ဆောင်သွားရမည်။

֍အဆင့် (၂) - မိမိတို့၏အမည်ကို အခေါ်ခံရသော အုပ်စုက ဦးချ၍ ငြိမ်နေပါစေ။

ဥပမာ “အရဟံ”ဟု ဆရာက အော်လျှင် အရဟံအုပ်စုမှ ကလေးများအားလုံးက ဦးချ၍ ငြိမ်နေရမည်။ (၉) အုပ်စုလုံး ဦးချနေသော အနေအထားရောက်သည်အထိ တစ်အုပ်စုပြီး တစ်အုပ်စု လုပ်ဆောင်သွားရမည်။

֍အထက်ပါအတိုင်း (၃) ကြိမ်ခန့် ပြုလုပ်ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘောလုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာနှင့် ကလေးများအားလုံး စက်ဝိုင်းပုံစံ ဝိုင်းထိုင်ကြပါစေ။

֍ပြီးလျှင် “ဆရာက အခု ဣတိပိ သော ဘဂဝါ ဆိုပြီးတော့ ဘောလုံးကို ပစ်ပေးလိုက်မယ်။ ဘောလုံးရသွားတဲ့ကလေးက အရဟံလို့ရွတ်ပြီး နောက်ထပ်သူငယ်ချင်းတစ်ယောက်ကို ဘောလုံးထပ်ပစ်ပေးလိုက်ပါ။ အဲဒီအတိုင်း ဘောလုံးရတဲ့သူတွေက ဂုဏ်တော်ကိုးပါးကို အစဉ်လိုက်ရွတ်ဆိုကြည့်ရအောင်”ဟု ပြော၍ ဒီနည်းအတိုင်း ဂုဏ်တော်ကိုးပါးကို ကလေးများအားလုံး အလွတ်ရသည်အထိ သင်ပေးပါ။

֍ပြီးလျှင် ကလေးများကို (၁၀) ယောက်တစ်ဖွဲ့စီဖွဲ့၍ “အချိန် (၁၀) မိနစ်အတွင်း ဘယ်အဖွဲ့က ဂုဏ်တော်ကိုးပါးကို မှန်မှန်နဲ့ မြန်မြန်ရွတ်နိုင်သလဲဆိုတာကို ပြိုင်ကြည့်ရ အောင်ဟု ပြောပါ။

မှန်မှန်နဲ့ မြန်မြန်ရွတ်နိုင်သောအဖွဲ့ကို ချီးကျူးဂုဏ်ပြုပေးပါ။


Cite error: <ref> tags exist for a group named "သတိပြုရန်", but no corresponding <references group="သတိပြုရန်"/> tag was found