မေတ္တာပို့ကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၉) မေတ္တာပို့ကြမယ် (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၉)

မေတ္တာပို့ကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ သတ္တဝါများအားမေတ္တာပို့သည့် အလေ့အကျင့် ရရှိစေရန်နှင့် အချင်းချင်း ချစ်ခင်ကြင်နာစိတ်ထားရှိလာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ နာမည်ရေးရန် စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပါ။ (ဖြစ်နိုင်သောအဖြေများကို ဖော်ပြထားပါသည်။)

-သူငယ်ချင်းတစ်ယောက်မှာ ခဲတံမပါလာရင် ဘာလုပ်မလဲ။ (ငှားမယ်)
-ဘာဖြစ်လို့ ကူညီ (ငှား) တာလဲ။ (ချစ်ခင်လို့၊ စာရေးစေချင်လို့)
-ခဲတံရတဲ့သူငယ်ချင်း စိတ်ထဲမှာ ဘယ်လို ခံစားရမလဲ။ (ပျော်မယ်)
-ခဲတံရလို့ ပျော်သွားတဲ့သူငယ်ချင်းကို ကြည့်ပြီး ကိုယ်ရော ဘယ်လို ခံစားရမလဲ။ (ပျော်မယ်)

֍ကျောင်း၊ အိမ်၊ လမ်းတွင် အထက်ပါကဲ့သို့ တစ်ဖက်လူကို ကူညီခဲ့ဖူးသော အတွေ့ အကြုံများရှိက ပြောရန် တိုက်တွန်းပါ။ အလှည့်ကျ ပြောပါစေ။ တစ်ခုပြောပြီးတိုင်း နှစ်ဦး နှစ်ဖက် မည်သို့ခံစားရသည်ကို မေးပါ။

֍အထက်ပါနည်းလမ်းအတိုင်း တိရစ္ဆာန်လေးများကို ကူညီခြင်းနှင့်ပတ်သက်ပြီး ဆရာက မေးမြန်းပြောဆိုပေးပါ။

֍တစ်ဖက်လူအား ကောင်းကျိုးတစ်ခုခု ရရှိစေလိုသော စိတ်ဆန္ဒရှိခြင်းသည် ထိုသူ့အပေါ် မေတ္တာထားခြင်းပင် ဖြစ်ကြောင်း၊ မေတ္တာထားခြင်းသည် နှစ်ဦးနှစ်ဖက်စလုံး အတွက် စိတ်ပျော်ရွှင်ကျေနပ်မှုကို ရရှိစေကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်ရှိ လူများနှင့် သတ္တဝါလေးများကို မေတ္တာထားနိုင်လျှင် မိမိကိုယ်တိုင် အမြဲစိတ်ပျော်ရွှင်မှုကို ရနိုင်သကဲ့ သို့ မိမိကြောင့် အခြားသူများလည်း စိတ်ပျော်ရွှင်မှုရနိုင်ကြောင်း ရှင်းပြပါ။

֍“အကယ်၍ မိမိက မေတ္တာထားသော်လည်း ထိုသူက မိမိအနားတွင် မရှိပါက မည်သို့ လုပ်မည်နည်း”ဟု မေးပါ။ ဖြေတတ်သလို ဖြေပါစေ။

֍ထို့နောက် ကလေးများအား စာရွက်ပိုင်းတစ်ခုစီ ပေးပါ။ စာရွက်ပေါ်တွင် မိမိ မေတ္တာ ထားချင်သူ၏ အမည်ကို ရေးပါစေ။ မရေးတတ်လျှင် ဆရာက ကူညီပါ။ စာရွက်များကို ဆရာက ယူ၍ စုစည်းပါ။ ကလေးတစ်ဦးအား အတန်းရှေ့ခေါ်၍ စာပို့သမားလုပ်ခိုင်းပါ။ အမည် ရေးထားသော စာရွက်ပိုင်းများမှ အမည်များကို အသံကျယ်ကျယ် (အော်) ဖတ်ပါစေ။ မိမိအမည်ဖြစ်က လက်ထောင်ပြပါစေ။ စာပို့သမားအား ထိုကလေးထံ သွားပို့ ပါစေ။ ကလေး (၂/၃) ဦးအား စာပို့သမားအဖြစ် စာရွက်ကုန်သည်အထိ တစ်လှည့်စီ ပြုလုပ်ပါစေ။

[သတိပြုရန် 1]

֍ဆရာက စာကို စာတိုက်မှ ပို့၍ရသကဲ့သို့ မေတ္တာကိုလည်း မိမိပေးချင်သူထံ ပို့၍ရကြောင်း ပြောပါ။ လူလူချင်းသာမက တိရစ္ဆာန်များသို့လည်း ပို့နိုင်ကြောင်း၊ ဘုရားရှင် လက်ထက်က မြွေသတ္တဝါများအပေါ် မေတ္တာပို့၍ အောင်မြင်ခဲ့သည့် ဇာတ်လမ်းရှိ ကြောင်း၊ ထိုဇာတ်လမ်းကို နောက်အချိန်ရောက်လျှင် သိရှိကြရမည်ဖြစ်ကြောင်း ပြောပြီး ပထမစာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မေတ္တာထားသော ရသေ့များ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

မေတ္တာထားသော ရသေ့များ ဇာတ်လမ်းကို ပြောပြပါ။

မေတ္တာထားသော ရသေ့များ

ဟိုးရှေးရှေးတုန်းက တောနက်ကြီးအတွင်းရှိ မြစ်ကမ်းဘေးတစ်နေရာမှာ ရသေ့တွေ စုပေါင်းပြီး တရားကျင့်ကြံနေကြတယ်။ ရသေ့တွေနေတဲ့ တောအုပ်ကြီးဟာ လူသူ အရောက်အပေါက်နည်းပါးပြီး တောရိုင်းတိရစ္ဆာန်တွေ အလွန်ပေါတဲ့နေရာ ဖြစ်တယ်။ အထူး သဖြင့် မြွေဆိုးမြွေရိုင်းတွေ အလွန်ပေါတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ရသေ့တွေဟာ တရား ကျင့်ရင်း လမ်းလျှောက်တဲ့အခါ မြွေတွေကို တက်နင်းမိတာတွေ၊ မြွေကြီးတွေနေတဲ့ သစ်ပင် အောက်မှာ တရားထိုင်တော့ မြွေတွေအတွက် အနှောင့်အယှက် ပေးမိသလို ဖြစ်နေခဲ့တယ်။

ဒီတော့ မြွေတွေကထိတ်လန့်ပြီး ရသေ့တွေကို ကိုက်ကြတယ်။ ရသေ့တွေလည်း ခဏခဏ မြွေကိုက်ခံနေရတော့ ဆေးကုသမှုခံရတယ်။ တချို့ဆို သေဆုံးသွားတယ်။ ဒါတွေ ကို စိုးရိမ်ပူပန်ပြီး တရားကို ဖြောင့်ဖြောင့်မကျင့်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းဆောင်ရသေ့ကို ပြောပြကြတော့ ရသေ့အားလုံးကို စုဝေးစေတယ်။ ခေါင်းဆောင်ရသေ့က မြွေသတ္တဝါတွေအပါအဝင် အခြားသတ္တဝါတွေအပေါ် မေတ္တာထားရမယ်။ သူတို့ကို အနှောင့်အယှက်လည်း မပေးရဘူး။ ဒါ့အပြင် တရားမကျင့်မီ သူတို့ကို နေ့စဉ်မေတ္တာပို့ရမယ်။ စိတ်ပါလက်ပါနဲ့ ယုံယုံကြည်ကြည်ပို့ဖို့လိုတယ်လို့ ပြောပြီး အခုလို မေတ္တာပို့နည်းကို သင်ပေးလိုက်တယ်။

“ခြေထောက်မပါ သတ္တဝါ ကျန်းမာကြပါစေ”
“ခြေထောက်နှစ်ချောင်းပါ သတ္တဝါ ကျန်းမာကြပါစေ”
“ခြေထောက်လေးချောင်းပါ သတ္တဝါ ကျန်းမာကြပါစေ”
“ခြေထောက်များစွာ သတ္တဝါ ကျန်းမာကြပါစေ”
“တစ်ဦးနှင့်တစ်ဦး မေတ္တာကူး ကြည်နူးနိုင်ပါစေ”

အဲဒီလို မေတ္တာပွားများတဲ့နေ့ကစပြီး မြွေတွေကလည်း ရသေ့တွေကို ဒုက္ခမပေး ကြတော့ဘူး။ ရသေ့တွေလည်း စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ တရားကျင့်သွားနိုင်ကြတယ်။

မှီငြမ်း။။ ခန္ဓဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၂၃ဝ။

ဇာ၊ ဋ္ဌ၊ ၂။ ၁၃၂။

֍အောက်ပါမေးခွန်းများကို မေးပါ။

-မေတ္တာမပို့ခင်က ရသေ့တွေ ဘယ်လိုဖြစ်ခဲ့ကြသလဲ။
-မေတ္တာပို့တဲ့အတွက် ဘယ်သူတွေမှာ ဘယ်လိုအကျိုးရှိသွားသလဲ။
-ခေါင်းဆောင်ရသေ့သင်ပေးလိုက်တဲ့ မေတ္တာပို့နည်းကို ဘယ်သူပြန်ရွတ်ပြမလဲ။

֍ကလေးများရွတ်မပြနိုင်လျှင် ဆရာက ပြန်ရွတ်ပြပါ။ ပြီးလျှင် အောက်ပါမေးခွန်းများကို မေးကြည့်ပါ။

-ခြေထောက်မရှိတဲ့သတ္တဝါတွေဆိုတာ ဘယ်လိုအကောင်တွေ ဖြစ်မလဲ။
-ခြေထောက်နှစ်ချောင်းရှိတဲ့ သတ္တဝါတွေဆိုတာ ဘယ်လိုအကောင်တွေလဲ။
-ခြေထောက်လေးချောင်းရှိတဲ့ သတ္တဝါတွေဆိုတာ ဘယ်လိုအကောင်တွေ ဖြစ်မလဲ။

֍ဆရာက အဆိုပါမေတ္တာပို့ခြင်းသည် သတ္တဝါအားလုံးနှင့် သက်ဆိုင်ကြောင်း ပြောပြပါ။ ကလေးများချစ်သော မိသားစုဝင်များ၊ သူငယ်ချင်းများ၊ တိရစ္ဆာန်လေးများ အားလုံးပါဝင် ကြောင်း ပြောပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အသည်းပုံ ရေးဆွဲထားသော စာရွက် သို့မဟုတ် ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကတ်ပြား သို့မဟုတ် စာရွက်ပေါ်တွင် အသည်းပုံတစ်ခု ဆွဲပြပါ။

֍ကလေးတစ်ဦးချင်းစီကိုလည်း ကတ်ပြား သို့မဟုတ် စာရွက်ပေါ်တွင် အသည်းပုံတစ်ခုဆွဲ ကြပါစေ။ ကလေးများအား မိမိမေတ္တာပို့ချင်သူ၏ အမည်ကို .. ထိုအသည်းပုံထဲတွင် ရေးရန်ပြောပါ။ မိသားစုဝင်များ၊ သူငယ်ချင်းများအပါအဝင် ခွေး၊ ကြောင်၊ ငှက်၊ ဝက် စသည့် တိရစ္ဆာန်လေးများ၏ အမည်များကိုပါ ရေးနိုင်ကြောင်း ပြောပါ။

֍အသည်းပုံအတွင်း၌ မိမိတို့ ရေးသားထားသော ပုဂ္ဂိုလ်များအား မည်သို့ ကောင်းကျိုး ဖြစ်စေချင်သည်ကို မျက်စိမှိတ်၍ စဉ်းစားကြရန် ကလေးများအားပြောပါ။ စဉ်းစားရလွယ် စေရန် ဆရာက လှုံ့ဆော်ပါ။ “သူ့ကို ဘာဖြစ်စေချင်တာလဲ။ ဥပမာ ပျော်စေချင်တာလား၊ ကျန်းမာစေချင်တာလား၊ မုန့်တွေ အများကြီး စားရစေချင်တာလား၊ ပိုက်ဆံတွေ အများ ကြီး ရစေချင်တာလား” စသည်ဖြင့် စဉ်းစားရန် ပြောပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ငြိမ်းချမ်းသာယာ အေးမြပါစေ ကဗျာ၊ ဘောလုံး။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါကဗျာကို အမူအရာနှင့်တကွ အလွတ်ရအောင် သင်ပေးပါ။

ငြိမ်းချမ်းသာယာ အေးမြပါစေ

ကျား - ကျေးဇူးတရား ကြီးမားပေ သားငယ်တို့ဖေဖေ။
- ကျေးဇူးတရား ကြီးမားပေ သမီးငယ်တို့ဖေဖေ။
ကျား - ကျေးဇူးတရား ကြီးမားပေ သားငယ်တို့မေမေ။
မ- ကျေးဇူးတရား ကြီးမားပေ သမီးငယ်တို့မေမေ။
ကျား - သားတို့တစ်တွေအပေါ် မေတ္တာထား ဘိုးဘိုးနှင့်ဘွားဘွား။
မ- သမီးတို့တစ်တွေအပေါ် မေတ္တာထား ဘိုးဘိုးနှင့်ဘွားဘွား။
ကျား - အစ်ကို အစ်မများ နေထိုင်ရာ သားတို့ ဤကမ္ဘာ။
မ- အစ်ကို အစ်မများ နေထိုင်ရာ သမီးတို့ ဤကမ္ဘာ။
ကျား - ငြိမ်းချမ်းသာယာ အေးမြဖို့ သားတို့ မေတ္တာပို့။
မ- ငြိမ်းချမ်းသာယာ အေးမြဖို့ သမီးတို့ မေတ္တာပို့။

֍ထို့နောက် အောက်ပါ မေတ္တာပို့သနည်းကို အလွတ်ရအောင် သင်ပေးပြီး ကလေးများ နားမလည်သော အသုံးအနှုန်းများကို ရှင်းပြပေးပါ။

-ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ...
-ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ...
- ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ...။

֍ကလေးအားလုံး စက်ဝိုင်းပုံ ဝိုင်းပါစေ။ ဆရာက ဘောလုံးကို ကိုင်ထားပါ။ ကလေး များကို ယခု ဆရာက တစ်ဦးဦးဆီကို ဘောလုံးပစ်ပေးမည်ဖြစ်ကြောင်း၊ ဘောလုံးရသူသည် မိမိမေတ္တာပို့ချင်သူ၏ အမည်ကိုပြော၍ မိမိဖြစ်စေလိုသည့်အတိုင်း မေတ္တာပို့ရမည် ဖြစ်ကြောင်း (ဥပမာ ကြောင်ကလေးမိနီ နေကောင်းပါစေ .. စသည်ဖြင့်)၊ ပြီးလျှင် နောက်တစ်ဦးထံ ပစ်ပေးပြီး ထိုနည်းအတိုင်း ဆက်ကစားမည်ကို ရှင်းပြပါ။

֍ဦးစွာ ဆရာက တစ်ဦးဦးကို မေတ္တာပို့ပြပြီးမှ ဘောလုံးကို ပစ်ပါ။

֍ဤနည်းအတိုင်း ဆက်ကစားသွားခြင်းဖြင့် ကလေးများကို မေတ္တာပို့တတ်အောင် လုပ်ဆောင်ပေးပါ။

  1. မိမိမေတ္တာထားချင်သူ ဟူသည် မိမိအနားရှိ သူငယ်ချင်းမဟုတ်ဘဲ အတန်းတွင်းရှိ သူငယ်ချင်းအားလုံးထဲမှ တစ်ယောက်ယောက်ကို ဆိုလိုသည်။