မဟာမောရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၁။ မဟာမောရဇာတ် (၈)


ပကိဏ္ဏကနိပါတ်

၈။ မဟာမောရဇာတ်

အနှစ်ခုနစ်ရာ ငုပ်နေသော ကိလေသာသည် မ, သံကြောင့် ပေါ်ထွက်လာခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစေ ဟိ တျာဟံ ဓနဟေတု ဂါဟိတော အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤမဟာမောရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လူ့အဖြစ်ကို လည်တမော့မော့မျှော်သော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် လူ့အဖြစ်ကို လည်တမော့မော့ မျှော်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ဤအားကြီးစွာသော ရာဂသည် သင်ကဲ့သို့သောသူကို အဘယ့်ကြောင့် မလျှပ်ပေါ်စေနိုင်ဘဲ ရှိလတ္တံ့နည်း၊ ထိုစကားသည် မှန်၏။ မြင့်မိုရ်တောင်ကြီးကို နုတ်ခြင်းငှါ စွမ်းနိုင်သော လေသည် သစ်ရွက်ဟောင်းကို အဘယ်မှာ ရှက်အံ့နည်း၊ ရှေး၌ အနှစ် ခုနစ်ရာတို့ပတ်လုံး အတွင်း၌ဖြစ်သော ကိလေသာ၏ ဖြစ်ခြင်းကို မဖြစ်စေမူ၍ နေသော, ကိလေသာတို့မှ စင်ကြယ်သော သတ္တဝါသည်လည်း လျှပ်ပေါ်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပစ္စန္တရစ်အရပ်ဝယ် ဥဒေါင်းငှက်မဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ကိုယ်ဝန်ရင့်ခြင်းသို့ ရောက်သည်ရှိသော် အမိဥဒေါင်းမသည် ကျက်စားရာမြေ၌ ဥကိုချ၍ သွား၏။ အဥကိုမည်သည် အမိ၏ အနာမရှိသော အဖြစ်သည် ရှိသော်၎င်း, တပါးသော ကျောက်ရှည်မျိုးဖြစ်သော မြွေအစရှိသည်တို့မှ ဘေးရန်သည် မရှိသော်၎င်း မပျက်ကုန်၊ ထို့ကြောင့် ထိုအဥသည် မဟာလှေကားငုံကဲ့သို့ ဖြစ်၍ ရင့်သောအခါ မိမိ ဓမ္မတာအားဖြင့် ပေါက်လျှင် ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ဥဒေါင်းငှက်ဖြစ်၍ ပေါက်၏။ ထိုဘုရားလောင်း ဥဒေါင်းမင်း၏ မျက်စိနှစ်ဘက်တို့သည် ချင်ရွေးသီးနှင့် တူကုန်၏။ နှုတ်သီးသည် သန္တာအဆင်းနှင့် တူ၏။ သုံးကြောင်းကုန်သော နီသော အရေးတို့သည် လည်ကိုရစ်၍ ကျောက်လယ်ဖြင့် သွားကုန်၏။ ထိုဘုရားလောင်း ဥဒေါင်းမင်းသည် အရွယ်ရောက်လတ်သော် ဥစ္စာတင်သော လှည်အတိုင်းအရှည်ရှိသော ကိုယ်ရှိသည်ဖြစ်၍ အလွန် အဆင်းလှ၏။ ထိုရွှေဥဒေါင်းမင်း ဘုရားလောင်းကို အလုံးစုံသော ဥဒေါင်းညိုတို့သည် စည်းဝေးကုန်၍ မင်းမြှောက်ပြီးလျှင် ခြံရံကုန်၏။

ထိုဘုရားလောင်းသည် တနေ့သ၌ ထုံးအိုင်ဝယ် ရေသောက်သည်ရှိသော် မိမိ၏ အဆင်း၏ ပြည့်စုံခြင်းကို မြင်၍ ကြံ၏။ ငါသည် အလုံးစုံသော ဥဒေါင်းတို့ထက် အလွန်တင့်တယ်၏။ ငါသည် ဥဒေါင်းတို့နှင့်တကွ လူ့ပြည်ခရီး၌ အကယ်၍ နေအံ့၊ ငါ့အား ဘေးရန်ရှိသည် ဖြစ်လတ္တံ့၊ ဟိမဝန္တာသို့ သွား၍ တကောင်တည်းသာလျှင် ချမ်းသာရာ အရပ်၌ နေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်း ဥဒေါင်းမင်းသည် ညဉ့်အဘို့၌ ဥဒေါင်းအပေါင်းတို့သည် အိပ်ပျော်ကုန်သည်ရှိသော် တစုံတယောက်ကိုမျှ မသိစေမူ၍သာလျှင် ပျံ၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် တောင်သုံးလုံး အရေးတို့ကိုလွန်၍ လေးခုမြောက်သော တောင်အရေးဝယ် တခုသော တော၌ ကြာပဒုမာတို့ဖြင့် ဖုံးလွှမ်းအပ်သော ဇာတဿရအိုင်သည် ရှိ၏။ ထိုဇာတဿရအိုင်၏ မနီးမဝေးသောအရပ်၌ တောင်တလုံးကိုမှီ၍ တည်သော ပညောင်ပင်ကြီးသည် ရှိ၏။ ထိုပညောင် ပင်ကြီး၏ အခက်၌ နား၏။ ထိုပညောင်ပင်ရောက်သော တောင်၏ အလယ်၌ကား နှစ်သက်ဘွယ်ရှိသော လိုဏ်သည် ရှိ၏။ ထိုဘုရားလောင်း ဥဒေါင်းမင်းသည် ထိုလိုဏ်၌ နေလိုသည်ဖြစ်၍ ထိုလိုဏ်ဦးဝယ် တောင်အပြင်၌ နား၏။ ထိုအရပ်သည်ကား အောက်အဘို့ဖြင့် တက်ခြင်းငှါ၎င်း, အထက်အဘို့ဖြင့် သက်ခြင်းငှါ၎င်း မတတ်နိုင်၊ ကြောင်ဘေး မြွေကင်းသန်းဘေး လူဘေးတို့မှ လွတ်၏။

ထိုရွှေဥဒေါင်းမင်းသည် ဤအရပ်သည် ငါ့အား ချမ်းသာသော အရပ်တည်းဟု ကြံ၍ ထိုနေ့ ထိုလိုဏ်၌ နေ၍ နက်ဖြန်နေ့၌ တောင်လိုဏ်မှထ၍ တောင်ထိပ်၌ အရှေ့သို့ ရှေးရှူလျက် တက်လတ်သော နေဝန်းကိုမြင်၍ မိမိအား နေ့၌ စောင့်ရှောက်စိမ့်သောငှါ ဥဒေတယံ စက္ခုမာ ဧကရာဇာ အစရှိသော အရံအတားကို ပြုပြီးလျှင် ကျက်စားရာမြေသို့ သက်သဖြင့် အစာကိုယူပြီးလျှင် ညချမ်းအခါ လာလတ်၍ တောင်ထိပ်၌ အနောက်သို့ ရှေးရှူလျက် ဝင်သောနေဝန်းကို မြင်၍ မိမိအား ညဉ့်၌ စောင့်ရှောက်စိမ့်သောငှါ အပေတယံ စက္ခုမာ ဧကရာဇာ အစရှိသော အရံအတားကို ပြု၍ ဤနည်းဖြင့်သာလျှင် နေ၏။

ထိုအခါ တနေ့သ၌ တယောက်သော မုဆိုးသည် တော၌ လှည့်လည်သည်ရှိသော် တောင်ထိပ်၌ နေသော ထိုရွှေဥဒေါင်းမင်းကို မြင်၍ မိမိအိမ်သို့ လာခဲ့ပြီးလျှင် သေခါနီးကာလ၌ သားကို မှာခဲ့၏။ ချစ်သား လေးဆင့်မြောက်ဖြစ်သော တောင်အရေးရှိသော တော၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းသည် ရှိ၏။ ငါတို့အရှင်မင်းကြီးသည် ကယ်၍ မေးတော်မူအံ့၊ သင်ချစ်သားသည် တင်လျှောက်ရစ်လော့ဟု မှာခဲ့၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီမင်း၏ ခေမာမည်သော မိဖုယားကြီးသည် မိုးသောက်ထအခါ အိပ်မက် မြင်မက်၏။ ဤသို့သဘောရှိသော အိပ်မက်သည် ဖြစ်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းသည် တရားဟော၏။ ထိုခေမာမိဖုယားသည် ကောင်းချီးပေးလျက် တရားကိုနာ၏။ ဥဒေါင်းသည် တရားဟောပြီးလျှင် ပျံ၍ သွား၏။ ထိုမိဖုယားသည် သွားလေသော ရွှေဥဒေါင်းမင်းကို မြင်၍ ထိုရွှေဥဒေါင်းမင်းကို ဖမ်းကြပါကုန်၊ ဖမ်းကြပါကုန်ဟု ဆိုလျက်လျှင် နိုး၏။ နိုးပြီး၍ကား အိပ်မက်အဖြစ်ကို သိ၍ အိပ်မက်ဟူ၍ ဆိုချေသော် မင်းသည် မရိုသေခြင်းကို ပြုလတ္တံ့၊ အကျွန်ုပ်အား ချင်ခြင်းဖြစ်၏ဟု ဆိုသည်ရှိသော် ရိုသေခြင်းကိုပြုလတ္တံ့ဟု ကြံ၍ ချင်ခြင်းရှိသကဲ့သို့ ဖြစ်၍ အိပ်၏။

ထိုအခါ မိဖုယားကြီးကို မင်းသည် ချဉ်းကပ်၍ မေး၏။ ရှင်မိဖုယား ရှင်မိဖုယားကား အဘယ်မချမ်းသာသနည်းဟု မေး၏။ ရှင်မင်းကြီး အကျွန်ုပ်အား ချင်ခြင်းဖြစ်၏ဟု ဆိုလတ်သော် ရှင်မိဖုယား သင်သည် အဘယ်ကို အလိုရှိသနည်းဟု မေး၏။ အရှင်မင်းကြီး ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းမင်းတရားကို နာချင်ခြင်း ဖြစ်၏ဟု ဆိုသည်ရှိသော် ရှင်မိဖုယား ဤသို့သဘောရှိသော ဥဒေါင်းကို အဘယ်မှာ ရအံ့နည်းဟု ဆိုလတ်သော် အရှင်မင်းကြီး အကယ်၍ မရအံ့၊ အကျွန်ုပ်အသကျသည် မရှိပြီဟု ဆို၏။ ရှင်မိဖုယား မစိုးရိမ်လင့်၊ တစုံတခုသော အရပ်၌ အကယ်၍ ရှိအံ့၊ ရလတ္တံ့ ဟု ထိုမိဖုယားကို သက်သာရာရစေ၍ မင်းနေရာ၌နေလျက် မှူးတော်မတ်တော်တို့ကို မေး၏။ အမတ်တို့ ရှင်မိဖုယားကြီးသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းမင်းတရားကို နာလို၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းတို့သည် ရှိသည်ဖြစ်ကုန်၏လောဟု မေး၏။ အရှင်မင်းကြီး ပုဏ္ဏားတို့သည် သိကုန်လတ္တံ့ဟု တင်လျှောက်ကုန်လတ်သော် မင်းသည် ပုဏ္ဏားတို့ကို ခေါ်စေ၍ မေးတော်မူ၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး ရေ၌ဖြစ်ကုန်သော ငါး, လိပ် ပုဇွန်တို့သည်၎င်း၊ ကြည်း၌ ဖြစ်ကုန်သော ချေ သမင် ဒရယ်, ယုန်ငယ်, စိုင်, ဆတ်, ဟင်္သာ, ဥဒေါင်း, ခါ အစရှိကုန်သော ဤတိရစ္ဆာန်တို့သည်၎င်း၊ လူတို့သည်၎င်း ရွှေအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်ကုန်၏ဟု အကျွန်ုပ်တို့ လက္ခဏာ ဗေဒင်ကျမ်းတို့၌ လာကုန်၏ဟု တင်လျှောက်ကုန်၏။

မင်းသည် မိမိတိုင်းနိုင်ငံ အတွင်း၌ မုဆိုးတို့ကို စည်းဝေးစေ၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းကို သင်တို့ မြင်ဘူးကုန်သလောဟု မေး၏။ ကြွင်းကုန်သော မုဆိုးတို့သည် မမြင်ဘူးပါကုန်ဟု တင်လျောက်ကုန်၏။ အကြင်မုဆိုးအားကား အဖသည်မှာခဲ့၏။ ထိုမုဆိုးသည် တင်လျှောက်၏။ အရှင်မင်းကြီး အကျွန်ုပ်သည် မမြင်ဘူးပါ၊ အကျွန်ုပ်အဖသည်ကား ဤမည်သောအရပ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းသည် ရှိ၏ဟု ပြောဆိုဘူး၏ဟု တင်လျှောက်၏။ ထိုအခါ ထိုမုဆိုးကို မင်းသည် အမောင်မုဆိုး သင်သည် ငါ၏၎င်း, မိဖုယား၏၎င်း အသက်ကို ပေးအပ်သည် ဖြစ်လတ္တံ့၊ သွား၍ ရွှေဥဒေါင်းမင်းကို ထောင်၍ ဆောင်ခဲ့လော့ဟု ဆိုပြီးလျှင် များစွာသော ဥစ္စာကိုပေး၍ လွှတ်လိုက်၏။ ထိုမုဆိုးသည် သားမယားအား ဥစ္စာကိုပေးခဲ့၍ ထိုရွှေဥဒေါင်းရှိရာ အရပ်သို့သွား၍ ဘုရားလောင်း ရွှေဥဒေါင်းမင်းကို မြင်လျှင် ကျော့ကွင်းတို့ကို ထောင်၍ ယနေ့ မိလတ္တံ့၊ ယနေ့ မိလတ္တံ့ဟု ကြည့်မျှော်လျှက် မမိဘဲလျှင် သေ၏။ မိဖုယားသည်လည်း တောင့်တခြင်းကို မရသည်ဖြစ်၍ သေ၏။ မင်းသည် ထိုရွှေဥဒေါင်းကိုမှီ၍ ငါ၏ ချစ်သော မယားသည် သေရ၏ ဟု အမျက်ထွက်သဖြင့် အမျက်နိုင်ငံသို့ လိုက်သည်ဖြစ်၍ ဟိမဝန္တအရပ်ဝယ် လေးလုံးမြောက်သော တောင်ရေး၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဥဒေါင်းသည် ရှိ၏။ ထိုဥဒေါင်းအသားကို စားရသည်ရှိသော် မအို မသေသည် ဖြစ်ကုန်၏ဟု ရွှေပေ၌ ရေးစေပြီးလျှင် ထိုရွှေပေကို ဥစ္စာထားရာ တံတင်း၌ထား၍ သေ၏။

ထိုအခါ တပါးမင်းသည် မင်းဖြစ်၏။ ထိုမင်းသည် ရွှေပေ၌ အက္ခရာတို့ကို မြင်၍ မအို မသေသည် ဖြစ်အံ့ဟု ကြံ၍ ထိုဥဒေါင်းကို ဖမ်းစိမ့်သောငှါ မုဆိုးတယောက်ကို စေလိုက်၏။ ထိုမဆိုးသည်လည်း ထိုတော၌သာလျှင် သေ၏။ ဤအတူ မင်းခြောက်ဆက် လည်သည်ကိုပြု၍ ဟိမဝန္တာသို့ သွားကုန်သော မုဆိုးခြောက်ယောက်တို့သည်လည်း ဟိမဝန္တ၌သာလျှင် သေကုန်၏။ ခုနစ်ဆက်မြောက် ဖြစ်သော မင်းသည် စေအပ်သော ခုနစ်ယောက်မြောက်ဖြစ်သော မုဆိုးသည်ကား ယနေ့ပင်လျှင် မိလတ္တံ့၊ ယနေ့ပင်လျှင် မိလတ္တံ့ဟု ကြည့်မျှော်လျက် ခုနစ်နှစ်ပတ်လုံး မိခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ဤဥဒေါင်းမင်း၏ ခြေ၌ ကျော့ကွင်း မမိခြင်း၏ အကြောင်းကား အသို့နည်းဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ထိုဥဒေါင်းကို စုံစမ်းသည်ရှိသော် ညနံနက် ပရိတ်အရံအတား ပြုသည်ကို မြင်၍ ဤအရပ်၌ တပါးသော ဥဒေါင်းမသည် မရှိ၊ ဤဥဒေါင်းသည် မြတ်သောအကျင့်ကို ကျင့်သည်ဖြစ်ရာ၏။ မြတ်သောအကျင့် အာနုဘော်ကြောင့် ထိုဥဒေါင်းခြေ၌ ကျော့ကွင်းမမိနိုင်ဟု အသင့်အားဖြင့်ယူဆမိ၍ ပစ္စန္တရစ်သို့ သွားပြီးလျှင် ဥဒေါင်းမ တခုကိုဖမ်း၍ အကြင်အခြင်းဖြင့် လက်ဖျစ်တီးသည်ရှိသော် တွန်၏။ လက်ခုပ်တီးသည်ရှိသော် က၏။ ထိုအခြင်းဖြင့် သင်၍ ဆောင်ယူသွားပြီးလျှင် ဘုရားလောင်းသည် ပရိတ်အရံအတားကို မပြုမီကလျှင် ကျော့ကွင်းကို ထောင်၍ လက်ဖျစ်တီးသဖြင့် ဥဒေါင်းမကို တွန်စေ၏။

ထိုဘုရားလောင်း ရွှေဥဒေါင်းမင်းသည် ဥဒေါင်းမအသံကို ကြားလတ်သော် အနှစ်ခုနစ်ရာတို့ပတ်လုံး ငြိမ်သက်စွာ နေပါသော ကိလေသာသည် ပါးပျဉ်းထောင်၍ ပုတ်ခတ်အပ်သော မြွေကဲ့သို့ ထ၏။ ထိုဘုရားလောင်း ဥဒေါင်းမင်းသည် ကိလေသာဖြင့် ကျင်နာသည်ဖြစ်၍ ပရိတ်အရံအတားကို ပြုခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ လျင်မြန်စွာ ဥဒေါင်းမအထံသို့သွား၍ ကျော့ကွင်း၌ ခြေကိုသွင်း၍လျှင် ကောင်းကင်မှ သက်၏။ အနှစ်ခုနစ်ရာတို့ပတ်လုံး မရွေ့မလျောသော ကျော့ကွင်းသည် ထိုခဏ၌လျှင် ရွေ့၍ ခြေကိုမိ၏။ ထိုအခါ ဘုရားလောင်း ဥဒေါင်းမင်းကို မုဆိုးသည် လှံတံဖျား၌ တွဲလျားဆွဲသည်ကို မြင်၍ ကြံ၏။ ဤဥဒေါင်းမင်းကို တပါးသော မုဆိုးတို့သည် မိခြင်းငှာ မတတ်နိုင်ကုန်၊ ငါသည်လည်း ခုနစ်နှစ်ပတ်လုံး မတတ်နိုင်၊ ယနေ့မူကား ဤဥဒေါင်းမင်းသည် ဤဥဒေါင်းမကို မြင်၍ ကိလေသာဖြင့် ကျင်နာသည်ဖြစ်၍ ပရိတ်အရံအတားပြုခြင်းငှာ မတတ်နိုင်သဖြင့် လာလတ်၍ ကျော့ကွင်း၌ မိလျက် ဦးခေါင်းစောက်ထိုး တွဲလျားဆွဲရ၏။ ငါသည် ဤသို့သဘောရှိသော သီလနှင့်ပြည့်စုံပေသော ဥဒေါင်းမင်းကို ပင်ပန်းစေဘိ၏။ ဤသို့ သီလနှင့်ပြည့်စုံသော သူကို မင်းလက်ဆောင် အလို့ငှါ ဆောင်ယူခြင်းသည် မသင့်၊ မင်းသည်ပေးအပ်သော ပူဇော်သက္ကာရဖြင့် ငါ့အား အဘယ်ပြုအံ့နည်း၊ ထိုဥဒေါင်းကို လွှတ်အံ့ဟု ကြံပြီးမှ တဖန် ကြံပြန်၏။ ဤဥဒေါင်းမင်းသည် ဆင်ပြောင်အားနှင့်တူသော အားရှိ၏။ အစွမ်းနှင့်ပြည့်စုံ၏။ ငါသည် ချဉ်းကပ်ချေသော် ဤမုဆိုးသည် ငါ့ကိုသတ်ခြင်းငှာ လာ၏ဟု သေဘေးမှ ကြောက်သည်ဖြစ်၍ တုန်လှုပ်လျှက် ခြေကို၎င်း, အတောင်တို့ကို၎င်း ချိုးရာ၏။ မချဉ်းကပ်မူ၍လျှင် ပုန်းကွယ်ရာအရပ်၌ ရပ်လျှက် မြှားဖြင့် ထိုဥဒေါင်းကျော့ကွင်းကို ဖြတ်အံ့၊ ထိုသို့ဖြတ်သည်ရှိသော် မိမိသည် အလိုအားလျော်စွာ သွားလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမုဆိုးသည် ပုန်းကွယ်ရာအရပ်၌ ရပ်လျက် လေးကိုတင်၍ မြှားကိုဖွဲ့သဖြင့် ငင်၏။ ဥဒေါင်းမင်းသည်လည်း ဤမုဆိုးသည် ငါ့ကို ကိလေသာဖြင့် ကျင်နာသည်ကိုပြု၍ မိသောအဖြစ်ကိုသိလျှင် ရွံရှာခြင်းကင်းသည်ဖြစ်၍ လာလတ္တံ့၊ ထိုမုဆိုးသည် အဘယ်မှာနည်းဟု ကြံ၍ ထိုမှဤမှ ကြည့်လတ်သော် လေးကိုတင်၍ နေသည်ကိုမြင်လျှင် ငါ့ကိုသတ်သဖြင့် ယူ၍ သွားလိုသည်ဖြစ်လတ္တံ့ဟု အောက်မေ့သဖြင့် သေဘေးမှ ကြောက်သည်ဖြစ်၍ အသက်ကို တောင်းလိုရကား-

၁၄၃။ သစေ ဟိ တျာဟံ ဓနဟေတု ဂါဟိတော၊
မာ မံ ဝဓိ ဇီဝဂဟံ ဂဟေတွာ။
ရညော စ မံ သမ္မ ဥပန္ထကံ နေဟိ၊
မညေ ဓနံ လစ္ဆသိ နပ္ပရူပံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၄၃။ သမ္မ၊ အဆွေမုဆိုး။ သစေ ဟိ၊ အကယ်၍။ တေ၊ သင်သည်။ အဟံ၊ ငါ့ကို။ ဓနဟေတု၊ ဥစ္စာဟူသော အကြောင်းကြောင့်။ ဂါဟိတော၊ ဖမ်းယူစေသည် ဖြစ်အံ့။ မံ၊ ငါ့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။ ဇီဝဂဟံ၊ အရှင်ဖမ်းခြင်းကို။ ဂဟေတွာ၊ ဖမ်းယူ၍။ ရညော၊ မင်း၏။ ဥပန္ထကံ၊ အထံသို့။ မံ၊ ငါ့ကို။ နေဟိ၊ ဆောင်လော့။ အနပ္ပရူပံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ လစ္ဆသိ၊ ရလတ္တံ့။ ဣတိ၊ ဤသို့။ မညေ၊ ငါ အောက်မေ့၏။

ထိုဘုရားလောင်း ဥဒေါင်းမင်းစကားကို ကြား၍ မုဆိုးသည် ကြံ၏။ ဥဒေါင်းမင်းသည် ဤမုဆိုးသည် ငါ့ကို သတ်လိုသည်၏အဖြစ်ကြောင့် မြှားကိုတင်၏ဟု ထင်မှတ်၏။ ထိုဥဒေါင်းမင်းကို နှစ်သိမ့်စေအံဟု ကြံ၏။ ကြံပြီး၍ ထိုမုဆိုးသည် ဘုရားလောင်းကို နှစ်သိမ့်စေလိုရကား-

၁၄၄။ န မေ အယံ တုယှံ ဝဓာယ အဇ္ဇ၊
သမာဟိတော စာပဓုရေ ခုရပ္ပေါ။
ပါသဉ္စ တျာဟံ အဓိပါတယိဿံ၊
ယထာသုခံ ဂစ္ဆတု မောရရာဇာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၄။ မောရရာဇ၊ ဥဒေါင်းမင်း။ မေ၊ ငါသည်။ တုယှံ၊ သင့်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ အဇ္ဇ၊ ဤအခါ၌။ စာပဓုရေ၊ လေးဦး၌။ အယံ ခုရပ္ပေါ၊ ဤမြှားကို။ န သမာဟိတော၊ တင်ထားသည်မဟုတ်။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပါသဉ္စ၊ ကျော့ကွင်းကိုလျှင်။ အဓိပါတယိဿံ၊ ဖြတ်အံ့။ မောရရာဇာ၊ ဥဒေါင်းမင်းသည်။ ယထာသုခံ၊ အလိုရှိတိုင်း။ ဂစ္ဆတု၊ သွားတော်မူလော့။

ထို့နောင်မှ ဥဒေါင်းမင်းသည် မိမိအား လွှတ်သောအကြောင်းကို မုဆိုးအား မေးလိုရကား-

၁၄၅။ ယံ သတ္တဝဿာနိ မမာနုဗန္ဓိ၊
ရတ္တိန္ဒိဝံ ခုဒ္ဒံ ပိပါသံ သဟန္တော။
အထ ကိဿံ မံ ပါသဝသူပနီတံ၊
ပမုတ္တဝေ ဣစ္ဆသိ ဗန္ဓနသ္မာ။
၁၄၆။ ပါဏာတိပါတာ ဝိရတောနုသဇ္ဇ၊
အဘယန္နု တေ သဗ္ဗဘူတေသု ဒိန္နံ။
ယံ မံ တုဝံ ပါသဝသူပနီတံ၊
ပမုတ္တဝေ ဣစ္ဆသိ ဗန္ဓနသ္မာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၅။ သမ္မ လုဒ္ဒက၊ အဆွေမုဆိုး။ ယံ ယသ္မာ၊ အကြင့်ကြောင့်။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မမံ၊ ငါသို့။ အနုဗန္ဓိ၊ သင်လိုက်၏။ ရတ္တိန္ဒိဝံ၊ နေ့ညမပြတ်။ ခုဒ္ဒံ၊ အစာမွတ်ခြင်းကို၎င်း။ ပိပါသံ၊ ရေမွတ်ခြင်းကို၎င်း။ သဟန္တော၊ သည်းခံလျှက်။ အနုဗန္ဓိ၊ လိုက်၏။ အထ၊ ထိုသို့ဖြစ်လျှက်။ ကိဿ၊ အဘယ့်ကြောင့်။ ပသဝသံ၊ ကျော့ကွင်းနိုင်ငံသို့။ ဥပနီတံ၊ လိုက်ရသော။ မံ၊ ငါ့ကို။ ဗန္ဓနသ္မာ၊ အနှောင်အဖွဲ့မှ။ ပမုတ္တဝေ၊ လွှတ်ခြင်းငှာ။ ဣစ္ဆသိ၊ အလိုရှိဘိသနည်း။

၁၄၆။ အဇ္ဇ၊ ယနေ့။ ပါဏာတိပါတာ၊ သူ၏အသက်ကို သတ်ခြင်းမှ။ ဝိရတော၊ ကြဉ်ရှောင်သည်။ အသိ နု၊ ဖြစ်ငလော။ တေ၊ သင်သည်။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့ကို။ ဒိန္နံ နု၊ ပေးသလော။ ယံ ယသ္မာ၊ အကြာင့်ကြောင့်။ တုဝံ၊ သင်သည်။ ပါသဝသံ၊ ကြော့ကွင်းနိုင်ငံသို့။ ဥပနီတံ၊ လိုက်ရသော။ မံ၊ ငါ့ကို။ ဗန္ဓနသ္မာ၊ အနှောင်အဖွဲ့မှ။ ပမုတ္တဝေ၊ လွှတ်ခြင်းငှာ။ ဣစ္ဆသိ၊ အဘယ့်ကြောင့် အလိုရှိဘိသနည်း။

ထို့နောင်မှ မုဆိုးသည် ဘုရားလောင်းအား ပါဏာတိပါတမှ ကြဉ်ခြင်း, အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း၏ အကျိုးကို ဟောစိမ့်သောငှာ တိုက်တွန်းလိုရကား-

၁၄၇။ ပါဏာတိပါတာ ဝိရတဿ ဗြူသိ၊
အဘာဉ္စ ယော သဗ္ဗဘူတေသု ဒေတိ။
ပုစ္ဆာမိ တံ မောရရာဇ တမတ္ထံ။
ဣတော စုတော ကိံ လဘတေ သုခံ သော။

ဟူသော ဤဂါထာကိုဆို၏။

၁၄၇။ မောရရာဇ၊ ဥဒေါင်းမင်း။ ယော၊ အကြင်သူသည်။ ပါဏာတိပါတာ၊ သူ့၏အသက်ကို သတ်ခြင်းမှ။ ဝိရတော၊ ကြဉ်ရှောင်သည်။ အဿ၊ ဖြစ်၏။ ယော စ၊ အကြင်သူသည်ကား။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့ကို။ ဒေတိ၊ ပေး၏။ တမတ္ထံ၊ ထိုအကြောင်းကို။ တံ၊ သင်ဥဒေါင်းမင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ သော၊ ထို သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူ, အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးသောသူသည်။ ဣတော၊ ဤဘဝမှ။ စုတော၊ စုတေခဲ့သည်ရှိသော်။ ကိံ သုခံ၊ အဘယ်ချမ်းသာကို။ လဘတေ၊ ရသနည်း။ တံ၊ ထိုရသော ချမ်းသာကို။ ဗြူသိ၊ သင် ဆိုလော့။

ဘုရားလောင်း ဥဒေါင်းမင်းသည် ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်း, သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း၏ အကျိုးကို မုဆိုးအား ဟောလိုရကား-

၁၄၈။ ပါဏာတိပါတာ ဝိရတဿ ဗြူမိ၊
အဘယဉ္စ ယော သဗ္ဗဘူတေသု ဒေတိ။
ဒိဋ္ဌေဝ ဓမ္မေ လဘတေ ပသံသံ၊
သဂ္ဂဉ္စ သော ယာတိ သရီရဘေဒါ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၈။ သမ္မ၊ အဆွေမုဆိုး။ ယော၊ အကြင်သူသည်။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ဝိရတော၊ ကြဉ်ရှောင်သည်။ အဿ၊ ဖြစ်၏။ ယော စ၊ အကြင်သူသည်ကား။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့ကို။ ဒေတိ၊ ပေး၏။ ဗြူမိ၊ အကျိုးကို ငါဟောအံ့။ သော၊ ထိုသူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ, အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးသောသူသည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင်။ ပသံသံ၊ ချီးမွမ်းခြင်းကို။ လဘတေ၊ ရ၏။ သရီရဘေဒါ၊ ခန္ဓာကိုယ် ပျက်သည်မှ။ ပရံ၊ နောက်၌။ သဂ္ဂဉ္စ၊ နတ်ပြည်သို့လည်း။ ယာတိ၊ သွားရ၏။

ထိုစကားကိုကြား၍ မုဆိုးသည် မိမိပြုသော အကြောင်းကို ဘုရားလောင်းအား ကြားလိုရကား-

၁၄၉။ န သန္တိ ဒေဝါ ဣတိ အာဟု ဧကေ၊
ဣဓေဝ ဇီဝေါ ဝိဘဝံ ဥပေတိ။
တထာ ဖလံ သုက္ကတဒုက္ကဋာနံ၊
ဒတ္တု ပညတ္တဉ္စ ဝဒန္တိ ဒါနံ။
တေသံ ဝစော အရဟတံ သဒ္ဒဟာနော၊
တသ္မာ အဟံ သကုဏေ ဗာဓယာမိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၉။ မောရရာဇ၊ ဥဒေါင်းမင်း။ ဒေဝါ၊ နတ်တို့သည်။ န သန္တိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ ဧကေ၊ အချို့ကုန်သော ရဟန်းပုဏ္ဏားတို့သည်။ အာဟု၊ ဆိုကုန်၏။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌လျှင်။ ဇီဝေါ၊ အသက်သည်။ ဝိဘဝံ၊ ပျောက်ဆုံးခြင်းသို့။ ဥပေတိ၊ ရောက်၏။ တထာ၊ ထိုမှတပါး။ သုက္ကတဒုက္ကဋာနံ၊ ကောင်းမှု မကောင်းမှုတို့၏။ ဖလံ၊ အကျိုးသည်။ နတ္ထိ၊ မရှိ။ ဒါနံ၊ အလှူကို။ ဒတ္တု၊ သူယုတ်မာတို့သည်။ ပညတ္တဉ္စ၊ မကောင်းသဖြင့် ပညတ်အပ်၏ ဟူ၍လည်း။ ဝဒန္တိ၊ ဆိုကုန်၏။ အရဟတံ၊ ကိလေသာတို့မှ ဝေးကုန်သော။ တေသံ၊ ထိုဆရာတို့၏။ ဝစော၊ စကားကို။ သဒ္ဒဟာနော၊ ကျွန်ုပ်ယုံကြည်၏။ တသ္မာ၊ ထိုသို့ယုံကြည်သောကြောင့်။ အဟံ၊ ငါသည်။ သကုဏေ၊ ငှက်တို့ကို။ ဗာဓယာမိ၊ သတ်၏။

ထိုစကားကို ကြား၍ ဘုရားလောင်း ဥဒေါင်းမင်းသည် ထိုမုဆိုးအား တမလွန်လောက ရှိသည်၏အဖြစ်ကို ငါ ဟောအံ့ဟု ကျော့ကွင်းဖျား၌ ဦးခေါင်းစောက်ထိုး တွဲလျားဆွဲလျက်လျှင်-

၁၅၀။ စန္ဒော စ သူရိယော စ ဥဘော သုဒဿနာ၊
ဂစ္ဆန္တိ ဩဘာသယ မန္တလိက္ခေ။
ဣမဿ လောကဿ ပရဿ ဝါ တေ၊
ကထံ နု တေ အာဟု မနုဿလောကေ။

ဟူသော ဤဂါထာကို ဆို၏။

၁၅၀။ လုဒ္ဒက၊ မုဆိုး။ စန္ဒော စ၊ လ၎င်း။ သူရိယော စ၊ နေ၎င်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ပါးကုန်သော လ-နေတို့သည်။ သုဒဿနာ၊ ကောင်းသောအမြင် ရှိကုန်သည် ဖြစ်၍။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဩဘာသယံ-ဩဘာသယန္တော၊ ထွန်းပလျက်။ ဂစ္ဆန္တိ၊ သွားကုန်၏။ တေ၊ ထို လ-နေတို့သည်။ ဣမဿ လောကဿ ဝါ၊ ဤလူ့ပြည်၌မူလည်း။ တိဋ္ဌန္တိ၊ တည်ကုန်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ ပရဿ လောကဿ ဝါ၊ နတ်ပြည်၌မူလည်း။ တိဋ္ဌန္တိ၊ တည်ကုန်သလော။ မနုဿလောကဿ၊ လူ့ပြည်၌။ ကထံ၊ အသို့လျှင်။ တေ၊ ထို လ-နေတို့ကို။ အာဟု နု၊ ဆိုကုန်သနည်း။ အတ္ထီတိ၊ ရှိ၏ဟူ၍၎င်း။ နတ္ထီတိ၊ မရှိဟူ၍၎င်း။ ဒေဝါတိ၊ နတ်ဟူ၍၎င်း။ မနုဿာတိ၊ လူဟူ၍၎င်း။ ကထေန္တိ၊ ဆိုကုန်သလော။

မုဆိုးသည် ဘုရားလောင်းစကားကို ဖြေလိုကား-

၁၅၁။ စန္ဒော စ သူရိယော စ ဥဘော သုဒဿနာ၊
ဂစ္ဆန္တိ ဩဘာသယ မန္တလိက္ခေ။
ပရဿ လောကဿ န တေ ဣမဿ၊
ဒေဝါတိ တေ အာဟု မနုဿလောကေ။

ဟူသော ဤဂါထာကို ဆို၏။

၁၅၁။ မောရရာဇ၊ ဥဒေါင်းမင်း။ စန္ဒော စ၊ လ၎င်း။ သူရိယော စ၊ နေ၎င်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ပါးကုန်သော လ-နေတို့သည်။ သုဒဿနာ၊ ကောင်းသော အမြင် ရှိကုန်သည်ဖြစ်၍။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဩဘာ-သယံ- ဩဘာသယန္တော၊ ထွန်းပလျှက်။ ဂစ္ဆန္တိ၊ သွားကုန်၏။ တေ၊ ထို လ-နေတို့သည်။ ပရဿ လောကဿ၊ နတ်ပြည်၌။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဣမဿ လောကဿ၊ ဤလူ့ပြည်၌။ န တိဋ္ဌန္တိ၊ မတည်ကုန်။ မနုဿလောကေ၊ လူ့ပြည်၌။ တေ၊ ထို နေ လတို့သည်။ ဒေဝါ၊ နတ်တို့တည်း။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။

ထိုသို့ ဆိုသောအခါ မုဆိုး၏အယူကို ပယ်လိုသော ဘုရားလောင်းသည်-

၁၅၂။ ဧတ္ထေဝ တေ နီဟတာ ဟီနဝါဒါ၊
အဟေတုကာ ယေ န ဝဒန္တိ ကမ္မံ။
တထာ ဖလံ သုက္ကတဒုက္ကဋာနံ၊
ဒတ္ထု ပညတ္တိ ယေ စ ဝဒန္တိ ဒါနံ။

ဟူသော ဤဂါထာကို ဆို၏။

၁၅၂။ လုဒ္ဒက၊ မုဆိုးသား။ ဧတ္ထေဝ၊ ဤ သင်ဖြေဆိုရာ၌လျှင်။ တေ၊ သင်၏။ ကုလူပကာ၊ ဆရာတို့သည်။ အဟေတုကာ၊ အဟေတုက ဝါဒရှိကုန်၏။ ဟီနဝါဒါ၊ ယုတ်မာသော အယူရှိကုန်၏။ နီဟတာ၊ ပယ်အပ်ကုန်၏။ ယေ၊ အကြင် သင့်ဆရာတို့သည်။ ကမ္မံ၊ ကံကို။ န ဝဒန္တိ၊ မဆိုကုန်။ တထာ၊ ထို့အတူ။ သုက္ကတဒုက္ကဋာနံ၊ ကုသိုလ် အကုသိုလ်တို့၏။ ဖလံ၊ အကျိုးကို။ န ဝဒန္တိ၊ မဆိုကုန်။ ယေ၊ အကြင် သင့်ဆရာတို့သည်။ ဒတ္တု-လာမကေဟိ၊ ယုတ်မာကုန်သော သူတို့သည်။ ဒါနံ၊ အလှူကို။ ပညတ္တံ၊ ပညတ်အပ်၏ဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ တေ၊ ထို သင့်ဆရာတို့သည်။ ဟီနဝါဒါ၊ ယုတ်မာသော အယူရှိကုန်၏။

ထိုမုဆိုးသည် ဘုရားလောင်း ဆိုသည်ရှိသော် သတိရ၍ ထိုအကြောင်းကို မေးသဖြင့် မိမိအား ဟောစိမ့်သောငှာ တိုက်တွန်းလိုရကား-

၁၅၃။ အဒ္ဓါ ဟိ သစ္စံ ဝစနံ တဝေတံ၊
ကထဉှိ ဒါနံ အဖလံ ဘဝေယျ။
တထာ ဖလံ သုက္ကတဒုက္ကဋာနံ၊
ဒတ္တု ပညတ္တဉ္စ ကထံ ဘဝေယျ။
၁၅၄။ ကထံ ကရော ကိန္တိ ကရော ကိမာစာရံ၊
ကိံ သေဝမာနော ကေန တပေါဂုဏေန။
အက္ခာဟိ မေ မောရရာဇ တမတ္ထံ၊
ယထာ အဟံ နော နိရယံ ပတေယျံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၅၃။ မောရရာဇ၊ ဥဒေါင်းမင်း။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ တဝ၊ သင်ဥဒေါင်းမင်း၏။ ဧတံ ဝစနံ၊ ဤစကားသည်။ သစ္စံ၊ မှန်သည်ဖြစ်အံ့။ ကထဉှိ၊ အဘယ့်ကြောင့်လျှင်။ ဒါနံ၊ အလှူသည်။ အဖလံ၊ အကျိုးမရှိသည်။ ဘဝေယျ၊ ဖြစ်ရာအံ့နည်း။ တထာ၊ ထိုမှတပါး။ သုက္ကတဒုက္ကဋာနံ၊ ကုသိုလ် အကုသိုလ်တို့၏။ ဖလံ၊ အကျိုးကို။ ဒတ္တု၊ သူယုတ်မာတို့သည်။ ပညတ္တဉ္စ၊ ပညတ်ခြင်းသည်လည်း။ ကထံ ဘဝေယျ၊ အသို့ဖြစ်ရာအံ့နည်း။

၁၅၄။ မောရရာဇ၊ ဥဒေါင်းမင်း။ ကထံ၊ အဘယ်မည်သော အမှုကို။ ကရော၊ ပြုသော်၎င်း။ ကိန္တိ၊ အသို့သော အကြောင်းဖြင့်။ ကရော၊ ပြုသော်၎င်း။ ကိံ အာစာရံ၊ အဘယ်အကျင့်ကို။ ကရော၊ ကျင့်သော်၎င်း။ ကိံ၊ အဘယ်တရားကို။ သေဝမာနော၊ မှီဝဲသော်၎င်း။ ကေန တပေါဂုဏေန၊ အဘယ်အကျင့်ကျေးဇူးဖြင့်၎င်း။ ယထာ၊ အကြင် အခြင်းဖြင့် ကျင့်သည်ရှိသော်။ အဟံ၊ ငါသည်။ နိရယံ၊ ငရဲသို့။ နော ပတေယျံ၊ မကျရာ။ တထာ၊ ထိုအခြင်းဖြင့်။ တမတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ငါသည် ဤပြဿနာကို အကယ်၍ မဖြေဆိုအံ့၊ ဤသို့ မဖြေဆိုသည်ရှိသော် လူ့ပြည်ကို အချည်းနှီးရှိသည်ကို ပြုသကဲ့သို့ ဖြစ်လတ္တံ့၊ ထိုလူ့ပြည်၌သာလျင် ဤမုဆိုအား တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့၏ ရှိသည်၏အဖြစ်ကို ငါ ဟောအံ့ဟု ကြံ၍ ဟောလိုရကား-

၁၅၅။ ယေကေစိ အတ္ထိ သမဏာ ပထဗျာ၊
ကာသာယဝတ္ထာ အနဂါရိယာ စရန္တိ။
ပါတောဝ ပိဏ္ဍာယ စရန္တိ ကာလေ၊
ဝိကာလစရိယာ ဝိရတာ ဟိ သန္တာ။
၁၅၆။ တေ တတ္ထ ကာလေ နုပသင်္ကမိတွာ၊
ပုစ္ဆာဟိ ယံ တေ မနသာ ပိယံ သိယာ။
တေ တံ ပဝက္ခန္တိ ယထာ ပဇာနံ၊
ဣမဿ လောကဿ ပရဿ စတ္ထံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၅၅။ သမ္မ လုဒ္ဒက၊ အဆွေမုဆိုး။ ပထဗျာ၊ မြေ၌။ ယေကေစိ၊ အမှတ်မရှိကုန်သော။ သမဏာ၊ ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ ကာသာယဝတ္ထာ၊ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ကုန်သည်ဖြစ်၍။ အနဂါရိယာ၊ အိမ်၌နေသောသူတို့၏ အစီးအပွားဖြစ်သော လယ်လုပ် ကုန်သွယ်ခြင်းစသော အမှုမရှိသော ရဟန်းအဖြစ်ကို။ စရန္တိ၊ ကျင့်ကုန်၏။ ပါတော၊ နံနက်ဖြစ်သော။ ကာလေဝ၊ အခါကာလ၌သာလျှင်။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ စရန္တိ၊ သွားကုန်၏။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ သန္တာ၊ မကောင်းမှုမှ ငြိမ်းကုန်ပြီးသော ရဟန်းတို့သည်။ ဝိကာလစရိယာ၊ နေလွဲအခါ၌ ဆွမ်းခံသွားခြင်းမှ။ ဝိရတာ၊ ကြဉ်ရှောင်ကုန်၏။

၁၅၆။ တတ္ထ၊ ထိုလူ့ပြည်၌။ တေ၊ ထိုငြိမ်းပြီးသော မကောင်းမှု ရှိကုန်သော ရဟန်းတို့ကို။ ကာလေန၊ အခါအခါ၌။ ဥပသင်္ကမိတွာ၊ ကပ်၍။ ယံ၊ အကြင် ရဟန်းကို။ မနသာ၊ စိတ်ဖြင့်။ ပိယံ၊ ချစ်မြတ်နိုးသည်။ သိယာ၊ ဖြစ်ရာ၏။ တံ၊ ထိုရဟန်းကို။ ပုစ္ဆာဟိ၊ သင် မေးလေလော့။ တေ၊ ထိုရဟန်းတို့သည်။ ယထာ ပဇာနံ၊ သိမြင်သောအတိုင်း။ တံ၊ သင့်ကို။ ဣမဿ လောကဿ စ၊ ဤမနုဿလောက၏၎င်း။ ပရဿ လောကဿ စ၊ ဒေဝလောက, အပါယလောက၏၎င်း။ အတ္ထိ၊ အကြောင်းကို။ ပဝက္ခန္တိ၊ ဟောကုန်လတ္တံ့။

ဤသို့သော စကားကိုဆို၍ ငရဲဘေးဖြင့် ခြိမ်းချောက်၏။ ထိုမုဆိုးသည်ကား ဖြည့်အပ်သော ပါရမီရှိသော ပစ္စေကဗုဒ္ဓါအလောင်းဖြစ်၍ နေရောင်အတွေ့ကို မျှော်လင့်လျက်တည်သော ရင့်ပြီးသော ပဒုမာကဲ့သို့ ရင့်ခြင်းသို့ရောက်သော ပစ္စေကဗောဓိဉာဏ်ကို ရသည်ဖြစ်၍ သွား၏။ ထိုမုဆိုးသည် ဘုရားလောင်း ဥဒေါင်းမင်း၏ တရားစကားကို နာရသည်ဖြစ်၍ ရပ်မြဲတိုင်းသောခြေဖြင့် ရပ်လျက်လျှင် သင်္ခါရတို့ကို သုံးသပ်သဖြင့် လက္ခဏာရေး သုံးပါးတို့ကို ထိုးထွင်း၍သိ၏။ ထိုမုဆိုး၏ ထိုးထွင်း၍ သိခြင်းသည်၎င်း, ဘုရားလောင်း ကျော့ကွင်းမှ လွတ်ခြင်းသည်၎င်း တပြိုင်နက်သာလျှင် ဖြစ်၏။ အရှင်ပစ္စေကဗုဒ္ဓါသည် အလုံးစုံသော ကိလေသာတို့ကို ခွဲဖောက်၍ ဘဝအဆုံး၌ တည်လျက်လျှင် ဥဒါန်းကို ကျူးလိုသည်ဖြစ်၍-

၁၅၇။ တစံဝ ဇိဏ္ဏံ ဥရဂေါ ပုရာဏံ၊
ပဏ္ဍုပလာသံ ဟရိတော ဒုမောဝ။
ဧသပ္ပဟီနော မမ လုဒ္ဒဘာဝေါ၊
ဇဟာမဟံ လုဒ္ဒကဘာဝ မဇ္ဇ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

၁၅၇။ ဘော၊ အချင်းတို့။ ဥရဂေါ၊ မြွေသည်။ ပုရာဏံ၊ ဟောင်းလေပြီးသော။ ဇိဏ္ဏံ၊ ရင့်လေပြီးသော။ တစံ၊ အရေကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့၎င်း။ ဟရိတော၊ စိမ်းစိုသော။ ဒုမော၊ သစ်ပင်သည်။ ပဏ္ဍုပလာသံ၊ သစ်ရွက်ယော်ကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ မမ၊ ငါသည်။ ဧသ လုဒ္ဒဘာဝေါ၊ ဤမုဆိုးအဖြစ်ကို။ ပဟီနော၊ ပယ်အပ်ပြီ။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယခုအခါ၌။ လုဒ္ဒကဘာဝံ၊ မုဆိုးအဖြစ်ကို။ ဇဟာမိ၊ စွန့်ပြီ၊

ထိုပစ္စေကဗုဒ္ဓါသည် ဤဥဒါန်းကို ကျူးပြီး၍ ငါသည် ရှေးဦးစွာ အလုံးစုံသော ကိလေသာ အနှောင်အဖွဲ့မှ လွတ်ပြီ၊ ငါ၏အိမ်၌ကား နှောင်ဖွဲ့၍ ထားအပ်ကုန်သော များစွာကုန်သော ငှက်တို့သည် ရှိကုန်၏။ ထိုငှက်တို့ကို အသို့လျှင် လွှတ်ပါရအံ့နည်းဟု ကြံ၍ ဘုရားလောင်းကို မေး၏။ ဥဒေါင်းမင်း ငါ၏အိမ်၌ များစွာကုန်သော ငှက်တို့ကို နှောင်ဖွဲ့၍ ထားအပ်ကုန်၏။ ထိုငှက်တို့ကို အသို့လျှင် လွှတ်ရအံ့နည်းဟု မေး၏။ ထိုစကားသည် မှန်၏။ ပစ္စေကဗောဓိဉာဏ်ထက် သဗ္ဗညူဘုရားလောင်း၏ အကြောင်း၌ သိမ်းဆည်းခြင်းဉာဏ်သည် အလွန်ကြီးမြတ်လှ၏။ ထိုသို့ ဉာဏ်ကြီးမြတ်သောကြောင့် ထိုပစ္စေကဗုဒ္ဓါကို ဘုရားလောင်း ဥဒေါင်းမင်းသည် ဤသို့ ဆို၏။ အရှင်ဘုရား အကြင်အရဟတ္တမဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို ပိုင်းဖြတ်၍ ပစ္စေကဗောဓိဉာဏ်ကို ထိုးထွင်း၍ သိ၏။ ထိုအရဟတ္တမဂ်ဉာဏ်ကို အာရုံပြု၍ သစ္စာပြုခြင်းကို ပြုတော်မူကုန်လော့၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ အနှောင်အဖွဲ့သို့ ရောက်သော သတ္တဝါမည်သည် မဖြစ်လတ္တံ့ဟု ဆို၏။ ထို ပစ္စေကဗုဒ္ဓါသည် ဘုရားလောင်း ဥဒေါင်းမင်းသည် ပေးအပ်သောအရာ၌ တည်လျက် သစ္စာပြုခြင်းကို ပြုတော်မူလိုရကား-

၁၅၈။ ယေ စာပိ မေ သကုဏာ အတ္ထိ ဗန္ဓာ၊
သတာနိ နေကာနိ နိဝေသနသ္မိံ။
တေသံ အဟံ ဇီဝိတ မဇ္ဇ ဒမ္မိ၊
မောက္ခဉ္စ တေ ပတ္တာ သကံ နိကေတံ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

၁၅၈။ မေ၊ ငါသည်။ နိဝေသနသ္မိံ၊ အိမ်၌။ ဗန္ဓာ၊ နှောင်ဖွဲ့၍ ထားအပ်ကုန်သော။ အနေကာနိ သတာနိ၊ အရာမကကုန်သော။ ယေ စာပိ သကုဏာ၊ အကြင် ငှက်တို့သည်လည်း။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုငှက်တို့၏။ ဇီဝိတံ၊ အသက်ကို။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယခုအခါ၌။ ဒမ္မိ၊ ပေး၏။ တေ၊ ထိုငှက်တို့သည်။ မောက္ခဉ္စ၊ အနှောင်အဖွဲ့မှ လွတ်ခြင်းသို့လျှင်။ ပတ္တာ၊ ရောက်ကုန်သည်ဖြစ်၍။ သကံ နိကေတံ၊ မိမိ နေရာသို့။ ဂစ္ဆန္တု၊ သွားကြစေကုန်သတည်း။

ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါ၏ သစ္စာပြုတော်မူသည်၏ အခြားမဲ့၌လျှင် ငှက်တို့သည် အနှောင် အဖွဲ့မှ လွတ်ကုန်၍ နှစ်သက်သော မြည်ခြင်းကို မြည်ကုန်လျှက် မိမိတို့ နေရာအရပ်သို့လျှင် သွားကုန်၏။ ထိုခဏ၌ ထိုထိုသူတို့၏ အိမ်တို့၌ သံခြေကျဉ်းကိုအစပြု၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ အနှောင်အဖွဲ့သို့ ရောက်သော သတ္တဝါမည်သည် မရှိ၊ ပစ္စေကဗုဒ္ဓါသည် လက်ကိုမြှောက်၍ ဦးခေါင်းကို သုံးသပ်၏။ ထိုခဏ၌လျှင် လူ့အသွင်သည် ကွယ်၏။ ရဟန်းအသွင်သည် ထင်ရှားဖြစ်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် အဝါခြောက်ဆယ်ရပြီးသော မထေရ်ကြီးကဲ့သို့ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံလျက် ပရိက္ခရာရှစ်ပါးကို ဆောင်သည်ဖြစ်၍ သင်ဥဒေါင်းမင်းသည်လျှင် ငါ၏ မှီခိုရာ ဖြစ်ပေ၏ဟု ဥဒေါင်းမင်းအား လက်အုပ်ချီ၍ လက်ျာရစ်လှည့်သည်ကိုပြု၍ ကောင်းကင်သို့ ပျံတက်တော်မူပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွတော်မူ၏။ ဥဒေါင်းမင်းသည်လည်း ကျော့ကွင်းတံဖျားမှ ပျံ၍ အစာကိုယူ၍ မိမိနေရာအရပ်သို့လျှင် သွား၏။

ယခုအခါ မုဆိုးသည် ခုနစ်နှစ်တို့ပတ်လုံး ကျော့ကွင်းလက်စွဲလျက် ကျင်လည်ကသော်လည်း ဥဒေါင်းမင်းကိုမှီ၍ ဝဋ်ဆင်းရဲမှ လွတ်သောအဖြစ်ကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၅၉။ လုဒ္ဒေါ စရီ ပါသဟတ္ထော အရညေ၊
ဗာဓေတုံ မောရာဓိပတိံ ယသဿိံ။
ဗန္တိတွာ မောရာဓိပတိံ ယသဿိံ၊
ဒုက္ခာ ပမောစိ ယထာဟံ ပမုတ္တော။

ဟူသော ဤအဆုံးဂါထာကို ဟောတော်မူ၏။

၁၅၉။ ဘိက္ခဝေ၊ ရဟန်းတို့။ လုဒ္ဒေါ၊ မုဆိုးသည်။ ယသဿိံ၊ များသောအခြံအရံရှိသော။ မောရာဓိပတိံ၊ ဥဒေါင်းမင်းကို။ ဗာဓေတုံ၊ ထောင်ခြင်းငှါ။ အရညေ၊ တော၌။ ပါသဟတ္ထော၊ ကျော့ကွင်း လက်စွဲလျက်။ စရိ၊ သွား၏။ ယသဿိံ၊ များသော အခြံအရံရှိသော။ မောရဓိပတိံ၊ ဥဒေါင်းမင်းကို။ ဗန္ဓိတွာ၊ ထောင်ပြီး၍။ အဟံ၊ ငါဘုရားသည်။ ပမုတ္တော ယထာ၊ ဝဋ်ဆင်းရဲမှ လွတ်သကဲ့သို့။ လုဒ္ဒေါ၊ မုဆိုးသည်။ ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။ ပမောစိ၊ လွတ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လူအဖြစ်ကို လည်တမော့မော့မျှော်သော ရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ရဟန်း ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဥဒေါင်းမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပရိတ်ရွတ်လျဉ်း၊ ဥဒေါင်းမင်း၊ ညွတ်ကွင်းလွတ်သည်သာ

ရှစ်ခုမြောက်သော မဟာမောရဇာတ်သည် ပြီး၏။

*****