ပဉ္စုပေါသထိကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၀။ ပဉ္စုပေါသထိကဇာတ် (၇)


ပကိဏ္ဏကနိပါတ်

၇။ ပဉ္စုပေါသထဇာတ်

ကိလေသာ နှိပ်နင်းရန်အတွက် ဥပုသ်ဆောက်တည်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် အပ္ပေါဿုက္ကော ဒါနိ တုဝံ ကပေါတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဉ္စုပေါသထဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်ကုန်သော ငါးရာကုန်သော သီတင်းသည်တို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် တရား သဘင်ဝယ် ပရိသတ်လေးပါးတို့၏ အလယ်၌ တန်ဆာဆင်အပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် နူးညံ့သောစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ ယနေ့ သီတင်းသည်တို့စကားကိုစွဲ၍ ဓမ္မဒေသနာသည် ဖြစ်လတ္တံ့ဟု သိတော်မူလျှင် သီတင်းသည်တို့ကို ခေါ်တော်မူ၍ ဒါယကာတို့ ဥပုသ်ဆောက်တည်ခြင်းကို ပြုအပ်ကုန်ပြီလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဆောက်တည်ပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ဒါယကာတို့ သင်တို့သည် ကောင်းသောအမှုကို ပြုအပ်၏။ ဤဥပုသ်ဆောက်တည်ခြင်းမည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့သည် ရာဂ အစရှိသော ကိလေသာတို့ကို နှိပ်ခြင်းငှါ ဥပုသ်သုံးခြင်းကို သုံးဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုသီတင်းသည်တို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ အင်္ဂတိုင်း, မဂဓတိုင်း, ကာသိတိုင်းဟူသော တိုင်းသုံးတိုင်းတို့၏ အကြား၌ မွေ့လျော်ဘွယ်ရှိသော တောအုပ်သည်ရှိ၏။ ဘုရားလောင်းသည် မဂဓတိုင်းဝယ် ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ကာမတို့ကို စွန့်သဖြင့် အိမ်မှထွက်၍ ထိုတောအုပ်သို့ ဝင်ပြီးလျှင် ကျောင်းဆောက်၍ ရသေ့ရဟန်းပြုလျက် နေ၏။ ထိုဘုရားလောင်း ကျောင်း၏ မနီးမဝေးဖြစ်သော တခုသော ဝါးတော၌ မိမိမယားနှင့်တကွ တခုသောခိုသည် နေ၏။ တခုသောတောင်ပို့၌ မြွေသည် နေ၏။ တခုသောချုံ၌ မြေခွေးသည် နေ၏။ တခုသော ချုံတောအုပ်၌ ဝံသည် နေ၏။ ထိုလေးခုကုန်သော သတ္တဝါတို့သည်လည်း အခါခပ်သိမ်း ဘုရားလောင်း ရသေ့ထံသို့ကပ်၍ တရားနာကြကုန်၏။

ထိုအခါ တနေ့သ၌ ခိုဖိုသည် မိမိမယား ခိုမနှင့်တကွ အသိုက်မှထွက်၍ အစာရှာခြင်းငှာ သွား၏။ ခိုဖိုနောက်မှလိုက်သော ခိုမကို တခုသောစွန်သည် ထိုးယူ၍ ပြေး၏။ ထိုခိုမ ငိုမြည်တမ်းသံကို ကြား၍ ခိုဖိုသည် ပြန်၍ကြည့်လတ်သော် ထိုစွန်သည် ထိုးယူသော ခိုမကိုမြင်၏။ စွန်သည်လည်း ထိုခိုမကို မြည်တမ်းစဉ်လျှင် သတ်၍စား၏။ ထိုခိုဖိုသည် ထိုခိုမနှင့် ကွေကွင်းခြင်းကြောင့် သောကမီး လောင်သည်ဖြစ်၍ ကြံ၏။ ဤရာဂသည် ငါ့ကို အလွန်လျှင် ပင်ပန်းစေ၏။ ယခုအခါ ဤရာဂကို မနှိပ်မူ၍ ကျက်စားခြင်းငှါ မသွားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုခိုဖိုသည် ကျက်စားရာခရီးကို ဖြတ်၍ ရသေ့အထံသို့ သွားပြီးလျှင် ရာဂအစရှိသည်တို့ကို နှိပ်ခြင်းငှါ ဥပုသ်ဆောက်တည်၍ တင့်အပ်သောအရပ်၌နေ၏။

မြွေသည်လည်း အစာရှာအံ့ဟု မိမိနေရာမှထွက်၍ ရွာစွန်အရပ်ဝယ် နွားတို့၏ သွားလာရာ၌ အစာရှာ၏။ ထိုအခါ ရွာစား၏ ကိုယ်လုံးဖြူသော မင်္ဂလာရှိသော နွားလား ဥသဘသည် အစာကိုယူ၍ တခုသောတောင်ပို့၌ ခြေတို့ကို ပုဆစ်တုပ်၍ ဦးချိုတို့ဖြင့် မြေကိုယက်လျက် ကစား၏။ မြွေသည် နွားတို့၏ခြေသံဖြင့် ကြောက်သည်ဖြစ်၍ ထိုတောင်ပိုသို့ ဝင်ခြင်းငှါ ပြေး၏။ ထိုအခါ ထိုမြွေကို နွားလားဥသဘသည် ခြေဖြင့် နင်းမိ၏။ ထိုမြွေသည် ထိုနွားလားဥသဘကို အမျက်ထွက်၍ ကိုက်၏။ နွားလားဥသဘသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ရွာ၌နေသောသူတို့သည် နွားလား ဥသဘသည် သေသတတ်ဟု ကြား၍ အလုံးစုံသောသူတို့သည် တပေါင်းတည်းလာကုန်၍ ငိုကြွေးမြည်တမ်းကုန်လျက် ထိုဥသဘကို ပန်း နံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ပြီးလျှင် တွင်းတို့ကိုတူး၍ မြှုပ်ပြီးလျှင် သွားကြကုန်၏။ မြွေသည် ထိုလူတို့ သွားသောအခါ ထွက်လတ်၍ ငါသည် ဒေါသကိုမှီ၍ ဤဥသဘနွားမင်းကို ဇီဝိတိန္ဒြေမှ ချသဖြင့် လူများ၏ နှလုံးစိုးရိမ်ခြင်းကို ဖြစ်စေ၏။ ယခုအခါ ဤဒေါသကို မနှိပ်မူ၍ ကျက်စားအံ့သောငှါ ငါမသွားအံ့ဟု ကြံ၍ ပြန်ခဲ့ပြီးလျှင် ကျောင်းသို့သွား၍ ဒေါသကို နှိပ်ခြင်းငှါ ဥပုသ်ဆောက်တည်လျက် တင့်အပ်သော အရပ်၌ နေ၏။

မြေခွေးသည်လည်း အစာကို ရှာသည်ရှိသော် ဆင်သေ တစီးကို မြင်၍ ငါသည် များသော အစာကို ရအပ်ပြီဟု နှစ်သက်ဝမ်းမြောက်သဖြင့် သွား၍ နှာမောင်း၌ ကိုက်၏။ တိုင်တို့ကို ကိုက်မိသောအခါကဲ့သို့ ဖြစ်၏။ ထိုနှာမောင်း၌ သာယာခြင်းကို မရ၍ နားရွက်၌ ကိုက်၏။ ကျောက်ဖျာတို့ကို ကိုက်မိသောအခါကဲ့သို့ ဖြစ်၏။ ဝမ်း၌ ကိုက်၏။ ဦးခေါင်းခွံကို ကိုက်မိသောအခါကဲ့သို့ဖြစ်၏။ အမြီး၌ ကိုက်၏။ သံချောင်း၌ ကိုက်မိသောအခါကဲ့သို့ ဖြစ်၏။ ဝစ္စမဂ်၌ ကိုက်၏။ တခဲနက်သော မုန့်တို့ကို ကိုက်မိသောအခါကဲ့သို့ ဖြစ်၏။ ထိုမြေခွေးသည် လောဘ၏အစွမ်းဖြင့် စားလျက် ဝမ်းတွင်းသို့ ဝင်၏။ ထိုဝမ်းတွင်း၌။ အစာ ဆာမွတ်သောအခါ အသားကို စား၏။ ရေဆာမွတ်သောအခါ သွေးကိုသောက်၏။ အိပ်သောအခါ အအူ အဆုတ်တို့ကို ခင်း၍ အိပ်၏။ ထိုမြေခွေးသည် ဤဆင်ဝမ်းတွင်း၌ပင်လျှင် ငါ့အား ထမင်းအဖျော်သည်၎င်း, အိပ်ရာနေရာသည်၎င်း ပြည့်စုံ၏။ တပါးသော အရပ်၌ အသို့ပြုအံ့နည်းဟု ကြံ၍ ထိုဆင်ဝမ်းတွင်း၌လျှင် အလွန်မွေ့လျော်သည်ဖြစ်၍ အပသို့ မထွက်မူ၍ ဆင်ဝမ်းတွင်း၌သာလျှင် နေ၏။ နောက်အဘို့၌ လေ, နေပူကြောင့် ဆင်ကောင်ပုပ်သည် ခြောက်သည်ရှိသော် ကျင်ကြီးသွားရာ ဝစ္စမဂ်သည် ပိတ်၏။ မြေခွေးသည် ဆင်ဝမ်းတွင်း၌ဖြစ်လျက် နည်းသော အသားအသွေးရှိသည် ဖြေဖျော့တော့သော ကိုယ်ရှိသည်ဖြစ်၍ ထွက်ရာလမ်းခရီးကို မမြင်။

ထိုအခါ တနေ့သ၌ အခါမဲ့မိုဃ်းကြီးသည် ရွာ၏။ ဝစ္စမဂ်သည် မိုဃ်းစွတ်သဖြင့် နူးသည်ဖြစ်၍ ဟင်းလင်းကို ပြ၏။ မြေခွေးသည် ဟင်းလင်း အပေါက်ကိုမြင်လျှင် အလွန်ကြာမြင့်စွာ ပင်ပန်းသည်ဖြစ်၍ ဤအပေါက်ဖြင့် ပြေးအံ့ဟု ဝစ္စမဂ်ကို ဦးခေါင်းဖြင့် တိုး၏။ ထိုမြေခွေးသည် ကျဉ်းမြောင်းရာအရပ်မှ လျင်မြန်စွာ ထွက်သည်ရှိသော် စုတ်ပြတ်သော ကိုယ်ရှိသည်ဖြစ်၍ အလုံးစုံသော အမွှေးတို့သည် ဝစ္စမဂ်၌ ငြိကုန်သည်ဖြစ်၍ ထန်းဥ ထန်းညှောက်ကဲ့သို့ အမွေးမရှိသော ကိုယ်ရှိသည်ဖြစ်၍ ထွက်ခဲ့ရ၏။ ထိုမြေခွေးသည် လောဘကိုမှီ၍ ငါသည် ဤဆင်းရဲကို ခံရ၏။ ယခုအခါ ဤလောဘကို မနှိပ်မူ၍ အစာကို မယူအံ့ဟုကြံ၍ ထိုကျောင်းသို့ သွားပြီးလျှင် လောဘကိုနှိပ်ခြင်းငှါ ဥပုသ်ကို ဆောက်တည်၍ တင့်အပ်သော အရပ်၌ နေ၏။

ဝံသည်လည်း တောမှထွက်၍ အလွန် အလိုကြီးခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ မလ္လတိုင်း ပစ္စန္တရွာသို့ သွား၏။ ရွာ၌နေသော သူတို့သည် ဝံသည် လာသတတ်ဟု လေးလှံတံ အစရှိသည် လက်စွဲကုန်လျက် ထွက်လတ်ကုန်၍ ထိုဝံသည် ဝင်အောင်းသောချုံကို ဝန်းရံကုန်၏။ ထိုဝံသည် လူများ ဝန်းရံသောအဖြစ်ကို သိ၍ ချုံမှထွက်၍ ပြေးစဉ်လျှင် လေး, လှံတံ အစရှိသည်တို့ဖြင့် ပစ်ကြကုန်၏။ ထိုဝံသည် ဦးခေါင်းကွဲသည်ဖြစ်၍ သွေးယိုလျက် မိမိနေရာအရပ်သို့ သွား၍ ဤဆင်းရဲသည် ငါ၏ အလွန်အလိုကြီးသော လောဘ၏ အစွမ်းကြောင့်ဖြစ်၏။ ယခုအခါ ဤ လောဘကို မနှိပ်မူ၍ အစာကိုမယူအံ့ဟု ကြံပြီး၍ ထိုကျောင်းသို့ သွားပြီးလျှင် အလွန်အလိုကြီးခြင်း လောဘကို နှိပ်ခြင်းငှာ ဥပုသ်ကို ဆောက်တည်လျက် တင့်အပ်သော အရပ်၌ နေ၏။

ရသေ့သည်လည်း မိမိအမျိုးကို မှီသဖြင့် မာနနိုင်ငံသို့ လိုက်သည်ဖြစ်၍ ဈာန်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်၊ ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါတဆူသည် ထိုရသေ့၏ မာနကိုမှီသောအဖြစ်ကို သိတော်မူ၍ ဤရသေ့သည်ကား ယုတ်သော သတ္တဝါမဟုတ်၊ ဘုရားအညွန့်တည်း၊ ဤရသေ့သည် ဤဘဒ္ဒကပ်ကမ္ဘာ၌လျှင် သဗ္ဗညူ ဘုရားအဖြစ်သို့ ရောက်လတ္တံ့၊ ဤရသေ့၏မာနကို နှိပ်ခြင်းကိုပြု၍ သမာပတ်ကိုဖြစ်စေခြင်း၏ အကြောင်းကို ငါပြုအံ့ဟု ကြံတော်မူ၍ ထိုရသေ့သည် ကျောင်းတွင်း၌ နေစဉ်လျှင် မြောက်ဟိမဝန္တာမှ ကြွလာတော်မူလတ်၍ ထိုရသေ့၏ ကျောက်ဖျာ၌ နေတော်မူ၏။ ထိုရသေ့သည် ကျောင်းမှထွက်လတ်၍ မိမိနေရာ၌နေသော ထိုအရှင်ပစ္စေကဗုဒ္ဓါကို မြင်လျှင် မာနကို မှီသည်၏ အဖြစ်ကြောင့် နှလုံးမသာသည်ဖြစ်၍ ထိုအရှင်ပစ္စေကဗုဒ္ဓါသို့ ချဉ်းကပ်ပြီးလျှင်။ လက်ဖျစ်တီး၍ သူယုတ် ပျက်လေလော့၊ ယုတ်မာသော ရဟန်းဦးပြည်း အဘယ့်ကြောင့် ငါ့နေရာပျဉ်၌ နေသနည်းဟု ဆို၏။

ထိုသို့ ဆိုသောအခါ ရသေ့ကို အရှင်ပစ္စေကဗုဒ္ဓါသည် ဤသို့ ဆိုတော်မူ၏။ သူတော်ကောင်း အဘယ့်ကြောင့် မာနကို မှီသည်ဖြစ်ဘိသနည်း၊ ငါသည်ကား ထိုးထွင်း၍သိပြီးသော ပစ္စေကဗောဓိဉာဏ်ရှိသောသူတည်း၊ သင်သည် ဤဘဒ္ဒကပ်ကမ္ဘာ၌သာလျှင် သဗ္ဗညူဘုရား ဖြစ်လတ္တံ့၊ ဘုရားညွန့် ဖြစ်၏။ ပါရမီတို့ကို ဖြည့်၍လာ၏။ တပါးသော ဤမျှလောက်သော ကာလကိုလွန်လျှင် ဘုရားဖြစ်လတ္တံ့၊ ဘုရားအဖြစ်၌ တည်သည်ဖြစ်၍ သိဒ္ဓတ်အမည်ရှိသည် ဖြစ်လတ္တံ့ ဟု အမည်ကို၎င်း အမျိုးအနွယ်ကို၎င်း အဂ္ဂသာဝက အစရှိသည်တို့ကို၎င်း အလုံးစုံတို့ကို ကြားတော်မူ၍ သူတော်ကောင်း အဘယ့်ကြောင့် သင်သည် မာနကို မှီသည်ဖြစ်၍ ကြမ်းကြုတ်သည် ဖြစ်ဘိသနည်း၊ ဤမာနကို မှီခြင်းသည် သင့်အား မလျောက်ပတ်ဟု အဆုံးအမကို ပေးတော်မူ၏။

ထိုရသေ့သည် ထိုအရှင်ပစ္စေကဗုဒ္ဓါသည် ဟောတော် မူပါသော်လည်း ထိုအရှင်ပစ္စေကဗုဒ္ဓါကို ရှိမျှလည်း မခိုး၊ အဘယ်အခါ၌ ငါသည် ဘုရားဖြစ်အံ့နည်း၊ ဤသို့ အစရှိသည်တို့ကိုလည်း မမေး၊ ထိုအခါ ထိုရသေ့ကို အရှင်ပစ္စေကဗုဒ္ဓါသည် သင်သည် ဇာတိမာန်ကြောင့် ငါ၏ ဂုဏ်ကျေးဇူးကြီးသောအဖြစ်ကို မသိ၊ အကယ်၍ တတ်နိုင်အံ့၊ ငါကဲ့သို့ ကောင်းကင်၌ သွားလော့ဟုဆို၍ ကောင်းကင်သို့ ပျံတက်တော်မူပြီးလျှင် ကိုယ်တော်၏ ခြေမှုန့်တို့ကို ထိုရသေ့၏ ဆံကျစ်ဝန်း၌ ကြဲလျက် မြောက်ဟိမဝန္တာသို့လျှင် ကြွတော်မူ၏။ ရသေ့သည် ထိုအရှင်ပစ္စေကဗုဒ္ဓါ ကြွတော်မူသောအခါ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ဤရဟန်းသည် ဤသို့ လေးလံသော ကိုယ်ရှိလျှက် လေဝ၌ပစ်လွှင့်အပ်သော ဂွမ်းဆိုင်ကဲ့သို့ ကောင်းကင်၌ ပျံနိုင်၏။ ငါသည် ဇာတိမာန်ကြောင့် ဤသို့ သဘောရှိတော်မူသော အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့ကို ရှိလည်းမခိုးမိ၊ အဘယ်အခါ ငါသည် ဘုရားဖြစ်လတ္တံ့နည်းဟူ၍ မေးလည်း မမေးလိုက်မိ။ ဤအမျိုးမည်သည်ကား အဘယ်ပြုရအံ့နည်း။ ဤလောက၌ သီလအကျင့်သာလျှင် မြတ်၏။ ငါ၏ ဤမာနသည် ပွားသည်ရှိသော် ငရဲသို့ ဆောင်လတ္တံ့၊ ယခုအခါ ဤမာနကို မနှိပ်မူ၍ သစ်သီးကြီးငယ်အလို့ငှာ မသွားအံ့ဟု ကြံ၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် မာနကိုနှိပ်ခြင်းငှါ ဥပုသ်ကို ဆောက်တည်၍ သစ်ခက်အခင်း၌နေလျက် ကြီးသော ဉာဏ်ပညာရှိသော အမျိုးကောင်းသားသည် မာနကိုနှိပ်သဖြင့် ကသိုဏ်းပရိကံကို ပွားစေလျက် အဘိညာဉ်ငါးပါးတို့ကို၎င်း ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ကျောင်းမှထွက်ပြီးလျှင် စင်္ကြံဦးဝယ် ကျောက်ဖျာ၌ နေ၏။

ထိုအခါ ထိုရသေ့ကို ခိုအစရှိကုန်သော လေးယောက်ကုန်သော သူတို့သည် ချဉ်းကပ်ကုန်၍ တင့်အပ်သောအရပ်၌ နေကုန်၏။ ဘုရားလောင်းသည် ခိုကို မေး၏။ သင်သည် တပါးသောနေ့၌ ဤအချိန်၌ မလာ၊ အစာကို ရှာ၏။ အသို့နည်း၊ ယနေ့ ဥပုသ်ဆောက်တည်သည် ဖြစ်သလောဟု မေး၏။ အရှင်ဘုရား ဥပုသ်ဆောက်တည်ပါ၏ဟု လျှောက်သည်ရှိသော် ထိုအခါ ထိုခိုကို အဘယ်အကြောင်းကြောင့် ဥပုသ်ဆောက်တည်သနည်းဟု မေးလိုရကား-

၁၂၇။ အပ္ပေါဿုက္ကော ဒါနိ တုဝံ ကပေါတ၊
ဝိဟင်္ဂမ န တဝ ဘောဇနတ္ထော။
ခုဒ္ဒံ ပိပါသံ အဓိဝါသယန္တော၊
ကသ္မာ ဘဝံ ဥပေါသထိကော ကပေါတ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၇။ ဝိဟင်္ဂမ၊ ကောင်းကင်သို့ ပျံသွားတတ်သော။ ကပေါတ၊ ခို။ တုဝံ၊ သင်သည်။ ဒါနိ၊ ယခုအခါ၌။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့ဖြစ်ဘိ၏။ တဝ၊ သင့်အား။ န ဘောဇနတ္ထော၊ အစာကို အလိုမရှိ။ ခုဒ္ဒံ၊ အစာမွတ်ခြင်းကို၎င်း။ ပိပါသံ၊ ရေမွတ်ခြင်းကို၎င်း။ အဓိဝါသယန္တော၊ သည်းခံလျက်။ ကပေါတ၊ ခို။ ဘဝံ၊ သင်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ ဥပေါသထိကော၊ ဥပုသ်ဆောက်တည်ဘိသနည်း။

ထိုစကားကို ကြား၍ ခိုသည် မိမိ ဥပုသ်ဆောက်တည်သော အကြောင်းကို ကြားလိုရကား-

၁၂၈။ အဟံ ပုရေ ဂိဒ္ဓိဂတော ကပေါတိယာ၊
အသ္မိံ ပဒေသသ္မိ မုဘော ရမာမ။
အထဂ္ဂဟိ သာကုဏိကော ကပေါတိံ၊
အကာမကော တာယ ဝိနာ အဟောသိံ။
၁၂၉။ နာနာဘာဝဝိပ္ပယောဂေန တဿာ၊
မနောမယံ ဝေဒန ဝေဒယာမိ။
တသ္မာ အဟံ ပေါသထ ပါလယာမိ၊
ရာဂေါ မမံ မာ ပုန ရာဂမာသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၂၈။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေး၌။ ကပေါတိယာ၊ ခိုမ၌။ ဂိဒ္ဓိဂတော၊ တပ်မက်မောခြင်းသို့ ရောက်သည်ဖြစ်၍။ အသ္မိံ ပဒေသသ္မိံ၊ ဤအရပ်၌။ ဥဘော၊ နှစ်ခုကုန်သော အကျွန်ုပ်တို့သည်။ ရမာမ၊ ကာမချမ်းသာဖြင့် မွေ့လျော်ကြကုန်၏။ အထ၊ ထိုသို့ မွေ့လျော်ရပါလျက်။ သကုဏိကော၊ စွန်သည်။ ကပေါတိံ၊ ခိုမကို။ အဂ္ဂဟိ၊ ဖမ်းယူ၏။ အကာမကော၊ အလိုမရှိဘဲလျက်။ တာယ၊ ထိုခိုမနှင့်။ ဝိနာ၊ ကင်းသည်။ အဟောသိံ၊ ဖြစ်၏။

၁၂၉။ တဿာ၊ ထိုခိုမနှင့်။ နာနာဘာဝ ဝိပ္ပယောဂေန၊ သေသဖြင့် ကွေကွင်းရခြင်းကြောင့်။ မနောမယံ၊ စိတ်ဖြင့်ပြီးသော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒယာမိ၊ ခံစားရ၏။ တသ္မာ၊ ထို့ကြောင့်။ ရာဂေါ၊ ခိုမ၌ တပ်စွန်းသော ရာဂသည်။ မမံ၊ အကျွန်ုပ်သို့။ မာ ပုန ရာဂမာသိ၊ တဖန် မလာပြန်စေသတည်းဟု။ အဟံ၊ အကျွန်ုပ်သည်။ ဥပေါသထံ၊ ဥပုသ်ကို။ ပါလာမိ၊ စောင့်ပါ၏။

ခိုသည် မိမိဆောက်တည်သော အမှုဖြင့် အကြောင်းကို ပြောဆိုသည်ရှိသော် ဘုရားလောင်းရသေ့သည် မြွေအစရှိသည်တို့၌ တယောက် တယောက်စီ မေး၍ ထိုမြွေအစရှိသော သူတို့သည်လည်း ဟုတ်မှန်သောအတိုင်း ပြောဆို လိုကုန်ရကား-

၁၃၀။ အနုဇ္ဇုဂါမီ ဥရဂါ ဒုဇိဝှ။
ဒါဌာဝဓော ဃောရဝိသောသိ သပ္ပ။
ခုဒ္ဒံ ပိပါသံ အဓိဝါသယန္တော၊
ကသ္မာ ဘဝံ ပေါသထိကော နု ဒီဃ။
၁၃၁။ ဥသဘော စာဟု ဗလဝါ ဂါမိကဿ၊
စလက္ကကူ ဝဏ္ဏဗလူပပန္နော။
သော မံ အက္ကမိ တံ ကုပိတော အဍံသိ၊
ဒုက္ခာဘိတုဏ္ဏော မရဏံ ဥပါဂါ။
၁၃၂။ တတော ဇနာ နိက္ခမိတွာန ဂါမာ၊
ကန္ဒိတွာ ရောဒိတွာ အပက္ကမိံသု။
တသ္မာ အဟံ ပေါသထံ ပါလယာမိ၊
ကောဓော မမံ မာ ပုနရာဂမာသိ။
၁၃၃။ မတာနံ မံသာနိ ဗဟူ သုသာနေ၊
မနုညရူပံ တဝ ဘောဇနေ တံ။
ခုဒ္ဒံ ပိပါသံ အဓိဝါသယန္တော၊
ကသ္မာ ဘဝံ ပေါသထိကော သိင်္ဂါလ။
၁၃၄။ ပဝိသိ ကုစ္ဆိံ မဟတော ဂဇဿ။
ကုဏပေ ရတော ဟတ္ထိမံသေသု ဂိဒ္ဓေါ။
ဥဏှော စ ဝါတော တိခိဏာ စ ရသ္မိယော၊
တေ သောသယုံ တဿ ကရီသမဂ္ဂံ။
၁၃၅။ ကိသော စ ပဏ္ဍု စ အဟံ ဘဒန္တေ၊
န မေ အဟု နိက္ခမနာယ မဂ္ဂေါ။
မဟာ စ မေဃော သဟသာ ပဝဿိ၊
သော တေမယိ တဿ ကရီသမဂ္ဂံ။
၁၃၆။ တတော အဟံ နိက္ခမိသံ ဘဒန္တေ၊
စန္ဒော ယထာ ရာဟုမုခါ ပမုတ္တော။
တသ္မာ အဟံ ပေါသထံ ပါလယာမိ၊
လောဘော မမံ မာ ပုနရာဂမာသိ။
၁၃၇။ ဝမ္မိကထူပသ္မိံ ကိပိလ္လိကာနိ၊
နိပ္ပေါထယန္တော တုဝံ ပုရေ စရာသိ။
ခုဒ္ဒံ ပိပါသံ အဓိဝါသယန္တော၊
ကသ္မာ ဘဝံ ပေါသထိကော နု အစ္ဆ။
၁၃၈။ သကံ နိကေတံ အတိဟေလယာနော၊
အတြိစ္ဆတာ မလ္လယတံ အဂစ္ဆိံ။
တတော ဇနာ နိက္ခမိတွာန ဂါမာ၊
ကောဒဏ္ဍကေန ပရိပေါထယိံသု မံ။
၁၃၉။ သော ဘိန္နသီသော ရုဟိရမက္ခိတင်္ဂေါ၊
ပစ္စာဂမာသိံ သကံ နိကေတံ။
တသ္မာ အဟံ ပေါသထံ ပါလယာမိ၊
အတြိစ္ဆတာ မာ ပုနရာဂမာသိ။

ဟူသော ဤဂါထာတို့ကို ဆိုကုန်၏။

၁၃၀။ အနုဇ္ဇုဂါမီ၊ ကောက်ကွေ့ တွန့်လိမ်၍ သွားတတ်သော။ ဥရဂါ၊ ရင်ဖြင့် သွားတတ်သော။ ဒုဇိဝှ၊ လျှာနှစ်ခွရှိသော။ သပ္ပ၊ အချင်းမြွေ။ ဒါဌာဝုဓော၊ အစွယ်လျှင် လက်နက်ရှိသည်။ ဃောရဝိသော၊ ပြင်းသော အဆိပ်ရှိသည်။ အသိ၊ ဖြစ်၏။ ဒီဃ၊ ကျောက်ရှည်မျိုးဖြစ်သော မြွေ။ ခုဒ္ဒံ၊ အစာမွတ်ခြင်းကို၎င်း။ ပိပါသံ၊ ရေမွတ်ခြင်းကို၎င်း။ အဓိဝါသယန္တော၊ သည်းခံသည်ဖြစ်၍။ ကသ္မာ၊ အဘယ့်ကြောင့်။ ဘဝံ၊ သင်သည်။ ဥပေါသထိကာ နု၊ ဥပုသ် ဆောက်တည်သနည်း။

၁၃၁။ ဘန္တေ၊ အရှင်ဘုရား။ ဂါမိကဿ၊ ရွာစား၏။ စလက္ကကူ-စလမာနကကုဓော၊ လှုပ်သော လဘို့ရှိသော။ ဝဏ္ဏဗလူပပန္နော၊ အဆင်းအားနှင့် ပြည့်စုံသော။ ဗလဝါ၊ ကြီးသောခွန်အားရှိသော။ ဥသဘော၊ နွားလားဥသဘသည်။ အဟု၊ ဖြစ်၏။ သော၊ ထိုနွားလားဥသဘသည်။ မံ၊ အကျွန်ုပ်ကို။ အက္ကမိ၊ နင်း၏။ ကုပိတော၊ အမျက်ထွက်သော အကျွန်ုပ်သည်။ တံ၊ ထိုဥသဘကို။ အဍံသိံ၊ ကိုက်မိ၏။ သော၊ ထိုဥသဘသည်။ ဒုက္ခာဘိတုဏ္ဏော၊ ဆင်းရဲဖြင့် နှိပ်စက်သည်ဖြစ်၍။ မရဏံ၊ သေခြင်းသို့။ ဥပါဂါ၊ ရောက်၏။

၁၃၂။ တတော ဂါမာ၊ ထိုရွာမှ။ နိက္ခမိတွန၊ ထွက်၍။ ဇနာ၊ လူတို့သည်။ ကန္ဒိတွာ၊ မြည်တမ်း၍။ ရောဒိတွာ၊ ငိုကြွေး၍။ အပက္ကမိံသု၊ သွားကုန်၏။ ကောဓော၊ အမျက် ဒေါသသည်။ မမံ၊ အကျွန်ုပ်သို့။ မာ ပုနရာဂမာသိ၊ တဖန် မလာပြန်စေသတည်း။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဥပေါသထံ၊ ဥပုသ်ကို။ ပါလယာမိ၊ စောင့်၏။

၁၃၃။ သိင်္ဂါလ၊ မြေခွေး။ မတာနံ၊ သေကုန်သော သတ္တဝါတို့၏။ မံသာနိ၊ အသားတို့သည်။ သုသာနေ၊ သုသာန်၌။ ဗဟူ၊ များစွာကုန်၏။ တဝ၊ သင့်အား။ တံ ဘောဇနံ၊ ဤအစာသည်။ မနုညရူပံ၊ နှစ်သက်ဘွယ်သော သဘောရှိ၏။ ခုဒ္ဒံ၊ အစာမွတ်ခြင်းကို၎င်း။ ပိပါသံ၊ ရေမွတ်ခြင်းကို၎င်း။ အဓိဝါသယန္တော၊ သည်းခံလျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ ဘဝံ၊ သင်သည်။ ဥပေါသထိကာ နု၊ ဥပုသ်ဆောက်တည်သနည်း။

၁၃၄။ ဘန္တေ၊ အရှင်ဘုရား။ မဟတော၊ ကြီးစွာသော။ ဂဇဿ၊ ဆင့်၏။ ကုစ္ဆိံ၊ ဝမ်းသို့။ အဟံ၊ အကျွန်ုပ်သည်။ ပဝိသိ၊ ဝင်၏။ ကုဏပေ၊ ဆင်ကောင်ပုပ်၌။ ရတော၊ မွေ့လျော်၏။ ဟတ္ထိမံသေသု၊ ဆင်သားတို့၌။ ဂိဒ္ဓေါ၊ တပ်မက်မော၏။ ဥဏှော၊ ပူသော။ ဝါတော စ၊ လေသည်၎င်း။ တိခိဏော၊ ပြင်းစွာကုန်သော။ ရသ္မိယော စ၊ နေရောင်တို့သည်၎င်း။ တေ၊ ထို လေပူ နေရောင်တို့သည်။ တဿ၊ ထိုဆင်သေ၏။ ကရီသမဂ္ဂံ၊ ဝစ္စမဂ်ကို။ သောသယုံ၊ ခြောက်စေကုန်၏။

၁၃၅။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ကိသော စ၊ ကြုံလည်း ကြုံ၏။ ပဏ္ဍူ စ၊ ဖျော့တော့သော ကိုယ်လည်းရှိ၏။ မေ၊ အကျွန်ုပ်အား။ နိက္ခမနာယ၊ ထွက်ခြင်း၏။ မဂ္ဂေါ၊ ခရီးသည်။ န အဟု၊ မဖြစ်။ ဘဒန္တေ၊ ရှင်ရသေ့။ မဟာမေဃော စ၊ မိုဃ်းကြီးသည်လည်း။ သဟသာ၊ အဆောတလျင်။ ပဝဿိ၊ ရွာ၏။ သော၊ ထိုမိုဃ်းကြီးသည်။ တဿ၊ ထိုဆင်သေ၏။ ကရီသမဂ္ဂံ၊ ဝစ္စမဂ်ကို။ တေမယိ၊ စွတ်၏။

၁၃၆။ ရာဟုမုခါ၊ ရာဟုခံတွင်းမှ။ ပမုတ္တော၊ လွတ်သော။ စန္ဒော ယထာ၊ လကဲ့သို့။ အဟံ၊ အကျွန်ုပ်သည်။ တတော၊ ထိုဆင်ဝမ်းတွင်းမှ။ နိက္ခမိသံ၊ ထွက်ရ၏။ တသ္မာ၊ ထို့ကြောင့်။ လောဘော၊ လောဘသည်။ မမံ၊ အကျွန်ုပ်သို့။ မာ ပုနရာဂမာသိ၊ တဖန် မလာပြန်စေသတည်းဟု။ အဟံ၊ အကျွန်ုသည်။ ဥပေါသထံ၊ ဥပုသ်ကို။ ပါလယာမိ၊ စောင့်၏။

၁၃၇။ အစ္ဆ၊ အဆွေဝံ။ ဝမ္မိကထူပသ္မိံ၊ စုန့်စုန့်တက်သော တောင်ပို့၌။ တုဝံ၊ သင်သည်။ ကိပိလ္လိကာနိ၊ ခြပုန်းစသည်တို့ကို။ နိပ္ပါထယန်တော၊ စားလျက်။ ပုရေ၊ ရှေး၌။ စရာသိ၊ သွား၏။ ခုဒ္ဒံ၊ အစာမွတ်ခြင်းကို၎င်း။ ပိပါသံ၊ ရေမွတ်ခြင်းကို၎င်း။ အဓိဝါသယန္တော၊ သည်းခံလျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ ဘဝံ၊ သင်သည်။ ဥပေါသထိကာ နု၊ ဥပုသ်ဆောက်တည်သနည်း။

၁၃၈။ ဘန္တေ၊ အရှင်ဘုရား။ သကံ နိကေတံ၊ မိမိနေရာကို။ အတိဟေလယာနော၊ မထေမဲ့မြင် ပြုမိသောကြောင့်။ အတြိစ္ဆတာ၊ အလွန် အလိုကြီးသောကြောင့်။ မလ္လယတံ၊ မလ္လယတိုင်းသို့။ အဟံ၊ အကျွန်ုပ်သည်။ အဂစ္ဆိံ၊ သွားမိ၏။ ဇနာ၊ လူတို့သည်။ တတော ဂါမာ၊ ထိုရွာမှ။ နိက္ခမိတွာန၊ ထွက်ကုန်၍။ မံ၊ အကျွန်ုပ်ကို။ ကောဒဏ္ဍကေန၊ လေး, လှံတံဖြင့်။ ပရိပေါထယိံသု၊ ပုတ်ခတ်ကုန်၏။

၁၃၉။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဘိန္နသီသော၊ ဦးခေါင်းကွဲသည်ဖြစ်၍။ ရုဟိရမက္ခိတင်္ဂေါ၊ သွေးအလိမ်းလိမ်း ကပ်သော ကိုယ်ရှိသည်ဖြစ်၍။ သကံ နိကေတံ၊ မိမိနေရာသို့။ ပစ္စာဂမာသိံ၊ ပြန်ခဲ့ရ၏။ တသ္မာ၊ ထို့ကြောင့်။ အတြိစ္ဆတာ၊ အလွန် အလိုကြီးခြင်းသည်။ မမံ၊ အကျွန်ုပ်သို့။ မာ ပုနရာဂမာသိ၊ တဖန် မလာပြန်စေသတည်းဟု။ အဟံ၊ အကျွန်ုပ်သည်။ ဥပေါသထံ၊ ဥပုသ်ကို။ ပါလယာမိ၊ စောင့်၏။

ဤသို့လျှင် ထိုလေးယောက်ကုန်သော သူတို့သည် မိမိတို့၏ ဥပုသ်ဆောက်တည်ခြင်းကို ပြောဆိုပြီးလျှင် နေရာမှ ထကုန်၍ ဘုရားလောင်းကို ရှိခိုးကုန်လျက် အရှင်ဘုရား အရှင်ဘုရားတို့သည် တပါးသောနေ့တို့၌ ဤအချိန်ဝယ် သစ်သီးကြီးငယ်အလို့ငှာ ကြွတော်မူကုန်၏။ ယနေ့မူကား မကြွမူ၍လျှင် အဘယ့်ကြောင့် ဥပုသ်ဆောက်တည်ကုန်သနည်းဟု မေးလိုကုန်ရကား-

၁၄၀။ ယံ နော အပုစ္ဆိတ္ထ တုဝံ ဘဒန္တေ၊
သဗ္ဗေဝ ဗျာကရိမှ ယထာ ပဇာနံ။
မယမ္ပိ ပုစ္ဆာမ တုဝံ ဘဒန္တေ၊
ကသ္မာ ဘဝံ ပေါသထိကော နု ဗြဟ္မေ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၁၄၀။ ဘဒန္တေ၊ ရှင်ရသေ့။ တုဝံ၊ ရှင်ရသေ့သည်။ ယံ၊ အကြင်အကြောင်းကို။ နော၊ အကျွန်ုပ်တို့ကို။ အပုစ္ဆိတ္ထ၊ မေးတော်မူ၏။ သဗ္ဗေဝ၊ အလုံးစုံသော အကျွန်ုပ်တို့သည်လျှင်။ တံ အတ္ထံ၊ ထိုအကြောင်းကို။ ယထာ ပဇာနံ၊ သိမြင်တိုင်း။ ဗျာကရိမှ၊ ဖြေဆိုကုန်ပြီ။ ဘဒန္တေ၊ ရှင်ရသေ့။ မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။ တုဝံ၊ ရှင်ရသေ့ကို။ ပုစ္ဆာမ၊ မေးပါကုန်၏။ ဗြဟ္မေ၊ ရှင်ရသေ့။ ဘဝံ၊ ရှင်ရသေ့သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ ဥပေါသထိကော နု၊ ဥပုသ်ဆောက်တည်သနည်း။

ထိုရသေ့သည်လည်း ထိုလေးယောက်သော သူတို့အား မိမိ ဥပုသ်ဆောက်တည်သော အကြောင်းကို ကြားလိုရကား-

၁၄၁။ အနုပလိတ္တော မမ အဿမမှိ၊
ပစ္စေကဗုဒ္ဓေါ မုဟုတ္တံ နိသီဒိ။
သော မံ အဝေဒိ ဂတိမာ ဂတိဉ္စ၊
နာမဉ္စ ဂေါတ္တံ စရဏဉ္စ သဗ္ဗံ။
၁၄၂။ ဧဝံပိ ဟံ န ဝန္ဒိ တဿ ပါဒေ။
န စာပိ နံ မာနဂတေန ပုစ္ဆိံ။
တသ္မာ အဟံ ပေါသထံ ပါလယာမိ၊
မာနော မမံ မာ ပုနရာဂမာသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၁။ ဘော၊ အိုအချင်းတို့။ မမ၊ ငါ၏။ အဿမမှိ၊ ကျောင်း၌။ အနုပလိတ္တော၊ ကိလေသာဖြင့် မလိမ်းကျံသော။ ပစ္စေကဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါသည်။ မုဟုတ္တံ၊ တခဏမျှ။ နိသီဒိ၊ နေ၏။ သော၊ ထို ပစ္စေကဗုဒ္ဓါသည်။ မံ၊ ငါ့ကို။ ဂတိဉ္စ၊ သွားရာကို၎င်း။ အာဂတိဉ္စ၊ လာရာကို၎င်း။ သဗ္ဗံ၊ အလုံးစုံသော။ နာမဉ္စ၊ အမည်ကို၎င်း။ ဂေါတ္တဉ္စ၊ အနွယ်ကို၎င်း။ စရဏဉ္စ၊ အကျင့်ကို၎င်း။ အဝေဒိ၊ ကြားပေ၏။

၁၄၂။ ဧဝံပိ၊ ဤသို့ ကြားပေလျက်လည်း။ အဟံ၊ ငါသည်။ တဿ၊ ထိုပစ္စေကဗုဒ္ဓါ၏။ ပါဒေ၊ ခြေတော်တို့ကို။ န ဝန္ဒိ၊ ရှိမခိုးမိ။ မာနဂတေန၊ မာနကို မှီသဖြင့်။ နံ၊ ထိုပစ္စေကဗုဒ္ဓါကို။ န စာပိ ပုစ္ဆိံ၊ မေးလည်း မမေးမိ။ တသ္မာ၊ ထို့ကြောင့်။ မာနော၊ မာနသည်။ မမံ၊ ငါသို့။ မာ ပုနရာဂမာသိ၊ တဖန် မလာပြန်စေသတည်းဟု။ အဟံ၊ ငါသည်။ ဥပေါသထံ၊ ဥပုသ်ကို။ ပါလယာမိ၊ စောင့်၏။

ဤသို့လျှင် ဘုရားလောင်းသည် မိမိ ဥပုသ်ဆောက်တည်သော အကြောင်းကို ပြောဆိုပြီးလျှင် ထိုလေးယောက်ကုန်သော သူတို့ကို ဆုံးမ၍ လွှတ်လိုက်ပြီးလျှင် ကျောင်းသို့ ဝင်၏။ မြွေအစရှိသော လေးယောက်ကုန်သော သူတို့သည်လည်း မိမိတို့နေရာအရပ်သို့လျှင် သွားကြကုန်၏။ ဘုရားလောင်းသည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။ လေးယောက်ကုန်သော သူတို့သည်လည်း ထိုဘုရားလောင်း အဆုံးအမ၌ တည်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ဤဥပုသ်ဆောက်တည်ခြင်း မည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ ဥပုသ်သုံးခြင်းကို သုံးအပ်သည်သာတည်းဟု မိန့်တော်မူ၍ ဒါယကာတို့ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ခို ဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ ဝံ ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြွေ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗြဟ္မစရိယ၊ မြတ်သီလ၊ ကျင့်က မင်္ဂလာ

ခုနစ်ခု မြောက်သော ပဉ္စုပေါသထဇာတ်သည် ပြီး၏။

*****