မွေ့နန်းရကန်/အခန်း-၉

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာရှေ့မှောက် ကျေးသားလျှောက်တင်ခန်း

ဒဂုံတမန် သန်လျင်ပြန်ကို နန္ဒာဘုရား မေးစကားမှာ ဆင့်ပွားဖွဲ့နွဲ့ မဆိုခဲ့ဘူး ကဆွဲ့ကငင် ကျေးညိုရှင်က လျှောက်တင်သမျှ စကာ့ကျေးဇူး ပြန်လိုက်ဦးမည် အထူးသဖြင့်နာစရာ ဘုရာ့ကျေးကျွန်တော် ဘုန်းတော်ရိပ်လှုံ လျင်အဟုန်ဖြင့် နတ်ဘုံလောက်ဆန်း သန်လျင်နန်းနှင့် ကြောင်းလမ်းတော်သောခါမှ အာကာပေါ်က အလျော်သင့်ရာ နားပါမည်လို့ကြည့်စမ်းလျှင် ရွှေရေးအုပ်ဆောင်း ဒေါင်းပေါင်ကလပ် ဆက်ကပ်လာရောက် မျက်ခြည်နောက်မျှ သောက်သောက်လဲအောင်ပင်တည့် မဝင်ဘဲကို ဆိုင်းတွဲ၍လည်းမနေသာ ရွှေနန်းတော်မြောက် လေသွန်ပေါက်နှင့် အထောက်သင့်ရာတွင် ဆီးဖြူပင်မှာ ဝင်၍နားတည့်ပါသည် လာသူသွားသူ နန်းသူတုံ့ခေါက် တမောင်းလောက်တွင် တယောက်ကယ်မျှ မမြင်ကြပါ သည်သစ်ပင်ပေါ် ကပင်သော်လည်း ဘုရားကျွန်တော်ငယ် ဆယ်ဘဲဆယ်ဖန် ကြံစည်တွေးတောဆ၍ လောက၌တွင် သည်နန်းရှင်နှင့် ထိပ်တင်ဘုရား နှစ်ပါးစုံလင်ကြသောခါ ရွှေနန်းသူစု အနုအရွ လျလျပါးပါး ထွားထွားကျိုင်းကျိုင်း အတိုင်းမသိ ရှိသမျှများစွာကို ဥပမာဆိုလိုက်သော် လူသူငယ်များ ဇယ်ကစားရာမှာ ခေါင်းဖျားလယ်မ ဇယ်ကိုရလျှင် နောက်ကဇယ်ခင်း ငါးရာတွင်းလောက် ရောက်ချင်သမျှ နယ်တွင်းကျအောင် ပိုင်ရသည့်ထုံးကိုမျှော်၍ ဘုန်းကြီးသည့်ကိုယ်တော်မှာ ပျော်ပျော်ပါးပါး သနားစရာ သဒ္ဓါမြတ်နိုး အကျိုးစီးပွား များတော်မူရန်ရှိလှသည် သတင်းကြားစ အရင်ကလောက် မယ်နွန်းငယ်ချောချော မချောချောပင် သဘောကျအောင် ဆောင်ရွက်ရတော့မည်ဟု ကြံစည်ဝေဖန် ဉာဏ်လက်ထက်ပွား ထိုနန်းပါးမှာ စဉ်းစားပြန်သည် တိုင်းမသိ ဆီးဖြူပင်ဝယ် ကျွန်တော်ငယ်ကို ဘယ်သသူမှ မသိကြ၍ ပြသထုတ်ဘော် အရေးတော်သည် အမြော်အမြင် မကုံတွင်ဘဲ မထင်မရှားရှိ၍ သိအောင်ကြားအောင် ကြံဆောင်သဘော တောသားအသံနှင့် အခံခက်အောင် တက်တက်ခေါက်ခေါက်မြည်ရာတွင် ခဏမကြာ သာလိကာမ ပြတင်းဝက ကြွလှာလေသည် မျက်နှာနေအပြာ ခပ်ဝါဝါနှင့် အာဏာကြီးအောင်ဆင်၍ အင်တိုင်းသားမို့ စော်ကားလွန်မင်း နန်းတော်တွင်းကို အတင်းဝင်လှာဝံ့သပ ပြောင်းလေးသေနတ် အထပ်ထပ်နှင့် ဖျပ်ဖျပ်လူးမည် နွားရူးရှူးထိုး ပိုးစိုးပက်စက် အသက်ကိုမကြောက်လားဟု သာမညလူ မူလရိုင်းပျံ့ ခပ်ညံ့ညံ့ဖြင့် လန့်၍သွားအောင်ငေါက်လှာသော် ဘုရားကျွန်တော်က တောသားလက္ခဏာ မဆိုပါဘူး ပညာရှိအတွေး ဖြစ်ရင်ဝေးချေမည် ပြည်ကြီးကျက်သရေ ရွှေနန်းတော်နှင့်နေမှကို သေနတ်လှံဓား ဆွံ့ရှားလိမ့်မည်များလိမ့်မည်ကို ကြံစည်၍တွေးတော်ခေါ်လိမ့် မိန့်တော်မူရာမှာ နန်းသူလို့လည်းဆိုပြန်ခဲ့ တောလေ့မှာကြမ်းကြမ်း နန်းလေ့မှာယဉ်ယဉ် ထုံးအစဉ်ကိုမှ မယဉ်ချင်လျှင် ရာဇဝင်ကဲ့ရဲ့လိမ့် ချဲ့လျှင်ပွားတော့မည် သိကြားဘုံလို ဒဂုံနန်းရံ ထိပ်တင့်သံကို လေးလှံအမျိုး သေနတ်ဆိုး မိုးကြိုးကိုမျှ မထိတ်လန့် မယ်တို့သခင် ရွှေနန်းရှင်မှာ မလျှောက်တင်ရသေးသမျှ ရင်ဝကိုခွဲ၍ အသဲကိုလှန်လှန် ပြန်မည်လို့မခန့်ဘူး ငံ့စားခဲလှော် ဘုရားကျွန်တော်က မော်တင်ကရစ် တောင်အမြစ်ကို ဖွင့်လှစ်ပြသပြန်သကို တမန်ဖြစ်လျှင် သစ်ပင်နှင့်မလျော် ရွှေတိုက်ကျော် လွှတ်တော်ကိုပျံလေ အထွေထွေနှင့် စာပေပါစံ့မပါစံ့လို့ ဆီးဟန့်ပိတ်ပင် တွင်တတ်သမျှဆိုသော် သင်းလိုလိုက်၍ သင်းကြိုက်သော်လည်း မှုတော်ကုံမည်မဟုတ်၍ စာပေပါပါမပါပါ ရတနာဓာတ်ပုံ မိတ်လင်စုံသည့် ဒဂုံရတနာ ယဉ်နန္ဒာ၏ အာဏာစက်ကို ဇရက်တွင်အသော့ ပြတည့်ရော့လို့ အော့ချင်လှသည့် ရိုင်းရမည့်ရာသီကို ဆိတ်စီမျှမငွေ့ဘူး ခြင်္သေ့မင်းလို အတင်းပြုရာတွင်မှသာ သူ့သခင်ထံ ချက်ချင်းပြန်၍ တဖန်သွားလေရာတွင် တနာရီခန့် ငံ့နေတုန်းကို ဗြုန်းကနဲသာ ပေါ်လှာကြ ရွှေနန်းတော်မြောက်ကို ဖောက်လေသည့်ပြတင်း လေးတောင်ကွင်းလောက် ဟင်းလင်းကြီးအဝမှာ လပြည့်ကျော်တရက် ထွက်လှာသည့်လဝန်းများကို ဘုရားကျွန်တော်လည်း မြင်ဖူးပါ၏ လှရာထွတ်ရာ မှတ်ရာကြောင်းကိစ္စ အမယ်မင်းကြီး ပြီးလွယ်အောင်သာ လျှောက်ပါရော့မည် ဘောက်ခနဲမြင် နထင်မျက်ခေါက် စာကောက်ရင်ဝ အလုံးကြွလို့ ဘုရားကျွန်တော် မူးမော်ဝေမှိုင်း ဆီးဖြူကိုင်းက တလိုင်းကြားမှောက် သစ်ပင်အောက်မှာ ဦးစောက်ကြီးရှိတည့်ရသည် သည်လောကပန်း အဆောင်ခန်းမှာ ရွှေနန်းတော်သူ အဖြူအအူ ပလူပရွက် အညက်အလှ တွေ့မြင်ရက ဘဝတသောင်းတွင် ကောင်းကောင်းလည်းတကြိမ် သည်စည်းစိမ်ကဲ့သို့ ကြိမ်ခဲလှချေသည်တခါ ကိုယ်တော်မြတ်က ကွမ်းဖတ်တော်ကို ဩဇာစေ့ရှိ မသာလိ ခွံ့မိရာတွင် ချမ်းသာကြီးငါးရပ်ကို ကွမ်းဖတ်တော်ကယ်တင်၍ တပင်တိုင်နတ် ယဉ်နားသတ်ကယ်ကို လတ်တတလောမြင်က ဘုရားကျွန်တော်ငဲ့သခင် ထိပ်ခေါင်တင် သန်လျင်ကိုနောင်ကူးလျှင် တွေ့ဦးစတကြိမ် မူးရန်ကိုနှိမ်မိအောင် သတိတော်ဆောင်ပါ ရွှေနှလုံးတော်ကို ကလော်လာချိမ့်မည် ရွှေမွေ့ရာပိုင် နှစ်မိုက်ဆိုင်မှာ ထိုင်တော်မူမိလျှင် အထိတော်သည်းခံတော်မူတည့်ပါဦး ဘုရားကျွန်တော် မူးမော်ဝေဆာ ရှိတည့်ရာက ထနိုင်ပင်လျှင် ယထင်ကတော် ခေါ်ကြသသူ လက်နှင့်ယူ၍ ဇမ္ဗူရစ်နန်း အတွင်းခန်းသို့ ရွှင်လန်းကြည်သာ ရောက်တည့်ရာတွင် လျှောက်ချင်သမျှ စစမကျန် သနားခံသော် ပြန်လှန်၍သာ မမိန့်ပါပြီ ရတနာမျက်နှာတော် ရွှင်ပျော်ချိုသာ ကျွန်မမှာသူငယ် နားမလည် မယ်ယထင်သာ သင့်တင့်ရာကို မှာပါရော့လို့ မော့တော်မမူ ကြည်ဖြူအမှန် မိန့်တော်သံကို ခံရရာတွင် မယ်ယထင်က မောင်သူဝ မင်းမာ့သခင်ကို ကြွချင်လျှင်ကြွပါတော့ မင်းမာသော်လည်း ရာဇဝတ်ထိန်း လူစိမ်းလူရွမ်း ရွှေနန်းတော်ပတ်ရံ အတန်တန်ကို လွန်ဆန်လို့ဘယ်က ရောက်နိုင်ပါ့မည် ကောင်းကင်ကငှက်လို ပျံနိုင်မည်ဆိုပါစံ့ ဆီးကြိုမည့်လက္ခဏာ မျက်နှာထားရွှင်ရွှင်နှင့် မယ်ယထင်ထုတ်ဖော်လို့ ကျွန်တော်ကိုမှာသည် ဆိတ်စာလည်းငယ်သောကြောင့် ရွှေရင်တော်နယ်စုံမှာ ဒဂုံကြောင့်အခုန် အသက်ရှူမြုံတုံတုံ အာရုံတော်မွှေလွန်းလို့ နေနိုင်ပြီဘူး သန်လျင်နန်းလယ်မှာ မယ်နွန်းနု အမှုရှိလျှင် ဝတ်သိထံပါး လက်နာစေသုံး နှလုံးနေရွှင်ရွှင်နှင့် မယ်ယထင်ဆိုသူလည်း ဖြူပေအူပေ မျက်နှာနေတပြုံးပြုံး လှံးကြီးပေါက်လှ သဘောကျစိတ်ထား ထဘီနားမှာ ဖွားစည်ဖြန့်ချီး ဒေါင်းမြီးနှယ်ပွပွ ဒုတိယအရွယ် ဖွယ်ရာသနှင့် အခွင့်ကနန်းသုံး ဆံထုံးပေါ်မှာ ဂုဏ်တော်လိုလို ပုတီးညိုနှင့် ကိုယ်တော်ပါးမှာလည်း ခစားခေါင်းညိတ် မျက်ရိပ်မျက်စောင်း အကြောင်းမတန် အစီမံအလှုံ့ဆော် တော်ပေနိုင်မျှ ကိုယ်တော်ကြွသောခါ မယ်နွန်းသူငယ် ပရိယာယ်တသောင်းမှာ အပြောင်းတဝက် အရှက်ရုပ်ဖွဲ့ အနွဲ့များစွာ အခါအခုန် စုံစုံစီစီ ပလီသည့်ကာလ မစပိုက်ထုပ် မယ်ယထင်ပင် အစီရင်လုပ်လိမ့်မည် ချုပ်လည်းသူချာလည်းသူ လူမရိတ်ပါဘူး ထိပ်ဆံမှာပြောင်ပြောင်နှင့် ယဉ်ခေါင်ကြူးလေ ။