မွေ့နန်းရကန်/အခန်း-၇

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
တမန်ကျေးသား မယ်နွန်းရှေ့မှောက် ရောက်ခန်း

ဒဂုံမင်းကျေး သူ့အရေးကို တွေးတောမျှော်တင်း ပမာခင်းသော် သီတင်းကျွတ်ပါ မည့်အရာကို ဝါလည်းဝါတွင်း ရှေ့ကခင်း၍ တော်သလင်းခံသလို မယ်နွန်းကိုလျှောက်ပါ ရမည့်တာကို သာလိကာမ ကဏ္ဋကမည်ချော ရောဂနိဒါန်း သွေးပြိန်းဖမ်းသည့်နှယ် ဘရမ်းဘတာဆို၍ ထိုဇရက်မ မိပါဒမှာ ဂငယ်ခံတွင်း ဝဟင်းလင်းလို ငါးစင်းရေကြောင်း ပိတ်သည့်နှယ် ထပ်၍တခါ မလောသာအောင် အာဏာကြီးကြီး ဂုဏ်ဖိစီး၍ နှုတ်သီးနှင့်စရနယ်သော် မယ်နွန်းကျွန်ကလည်း ကွန်လေးသစ်ကွင်း ကျယ်ဘိခြင်းနှင့် ငါးစင်းကိုအုပ်သော်လည်း နှုတ်၍သူက အသော့ထွက်သလို ပါးစပ်စကြာ အနားဝါနှင့် တခါလော၍ဆို၏ ကိုယ်တော်မြတ်က ကွမ်းဖတ်တော်ကို ငါအော်လှလို့ ရသည့်ကျေးဇူး အမူးပြေပျောက်လျှင်ပင် တောသစ်ကလေး အအေးကြီး၍ သေခါနီးစင် မီးနှင့်ကင်၍ ကျေးရှင်စစ်ကို ထိုသစ်ကျုတ်ကယ် ကုတ်တည့်ခြစ်တည့်ချင်သို့ အရှင်စားခွက်ကို ဝက်ကော်သလို အိုလို့ကုန်ရော့မည် ဒဂုံသားဖြစ်လျှင် စော်ကားစေလို့ စာပေကျမ်းဂန်ရှိသလား ကျေးရာဇသံ တကယ်မှန်လျှင် သုဝဏ္ဏလိပ် တံဆိပ်ရွှေပေ အသေအချာပါလျှင် ယခုပြဟု မယ်ပါဒ ရွတုံးကြွတုံး နန်းသုံးငှက်မ ဂုဏ်မာနနှင့် စစတိုင်းဆိုလှာလျှင် ဒဂုံနန်းယဉ်မှာ ပညာရှိကျေး သေနတ်ဆေးကို မန်ကျည်းပွေးမီး ပြောင်ညီးညီးနှင့် ထိပ်သီးပေါ်ကတင်သို့ အလျင်စလို အချိုအမြ ပြောဆိုရလျှင် ပါဒချွဲလို့ တင့်ရဲပြန်မည်ကြောင့် မီးလျှံကိုရေဖျန်းသကဲ့သို့ တိုတိုနှင့်အစ သတ်တည့်ရအောင် နန္ဒကျွန်ယုံ ဂုဏ်ကြီးနှင့်လှိုင်းလိုက်သည် ကျိုင်းကောင်မသား နန်းတော်ကျားကို ဆေးလှီးဓားနှင့်တို့သို့ ပိတ်ဆို့ဆီးဆ မလောရအောင် သူဝကလျှောက်သည့်စကားမှာ ဘုန်းတော်တူတန် ကံလည်းတူမျှ နေနှင့်လသို့ လောကထိပ်ပန်း သန်လျင်နန်းဝယ် ဦးစွန်းခေါင်ဖျား သနားတော်ခံ သံတော်ဦးတင် ရောက်ရပါသည် ထိုက်ရာတန်ရာမလျှောက်ရာ ငါးပိနှင့်ရွှေ မချိန်ပေဘူး အသရေပျက်လှသည် ဇရက်ကိုရွှေပေ မပြပေဘူး တစ္ဆေကိုဆောင်းပါး ပေးဖူးတယ်လို့ ကြားဖူးစ နွားကိုကြေးမုံပြသို့ သည်စကားကြောင့် နန္ဒာ့ကျွန်တော် ရွှေတိုက်ကျော် အမိန့်တော်ခံ ပြန်လာရသည်မဟုတ်ပါ နတ်သုဓာဘုတ် ထမင်းလုတ်မှာ ဂုဏ်စုတ်နှင့်ငါးပိ ရော၍ရှိသည့်နှယ် ပစိပလျှံ ပြောမည်မှန်လျှင် ပြန်ပါဦးတော့မည် ဦးချဟန်နှင့် အတန်ဆို၍ လည်ကိုညိတ်တည့်ရာတွင် ရတနာနန်းရှင် ကျေးညိုကိုမြင်ရလျှင် သခင်နန္ဒာကို အကြင်နာဇောပီတိ ပမာကိုထောက်သော် ကျောက်ပျဉ်နှင့်ကျောက်သား ကြိတ်သံကြားလျှင် အံသွားမှာကျိန်းကျိန်းရှိသို့ ဇာတိရှေးကံ အချိန်တန်သောကြောင့် ဖန်သည်ဟူ၍လည်းယူရန်ရှိ အနို့မယ်ရှင် ယထင်ကတော် မောင်တိုက်ကျော်ကို ခေါ်ရမလား သွားစေရမလား ကျွန်မမှာသူငယ် နားမလည်ဘူး အမည်တို့သာ သင့်ရာရာကို ပြောပါဘိဟု လုပ်လဲ့အိက မိန့်တော်ရှိလို့ကြားရလျှင် ယထင်ကတော် လေးဆယ်ကျော်ရယ့် ယဉ်အိအယ့်မှာ ပိုက်ထဲ့လို့ယူ ရွှေကြက်တူကို ဇမ္ဗူရစ်နန်း အဆောင်ခန်းသို့ ရွှင်လန်းစွာနှင့် အသာယူ၍ဝင်သည် ယထင်ကတော် ရွှေတိုက်ကျော်ကို လက်ညှိုးပေါ်က မချမိခင် သာလိကာမ မိပါဒက ခဏဝင်တဲ့လို့ သူ့လင်ကိုသူဖျင်းသည် ဝင်းပါစံ့ထိန်ပါစံ့ တကြိမ်လည်းမူးပြီ ရူးရုံသာလိုတော့ မော်လို့ကြည့်စမ်း လန်းပါစံ့ရွှင်ပါစံ့ မှန့်အနားမှာ မီးပွါးလောက်နီး စိန်ကြီးပတ်ရံ ဂုမ္ဘန်ထိုးသိပ် မြရိပ်လဲ့လဲ့ ခဝဲ့အပွင့် နနွင်းရောင်ဖိတ် ဂေါ်မိတ်ဥဿဖယား ပတ္တမြားနီတျာ သံပုရာပိုင်း အဆိုင်းအတွဲ ပုလဲသန္တာ နတ်ပြည်မှာရှိသည် ဗိရဏီဘုံကဲ့သို့ ဂုဏ်ပလီလှသည် ဤကဲ့သို့အလုံးစုံ ဒဂုံမှာရှိဟန် ဝါပြန်အုံးမလား ပလွှားသည့်ဝါသနာ ဒဂုံဒဂုံလို့ ဂုဏ်စုတ်နှင့်ဝါသောခါ နဘာနေပြောင်းပြန် အော်ကလီဆန်လှလို့ ခံနိုင်ပြီဘဲ နန်းတပင်တိုင် ရိပ်မြိုင်ဆောင်ကျယ် စပယ်ဆီနှင်းဆီ နံ့သာဆီအတန်တန်ကို ကုံကုမံကက္ကရူ ပြင်ကိုပင်ရှုလေအုံးတော့ အအူအဖြူ ဘရဘူပွေလီ ရောင်ခြည်ပြိုးပြက် မိန်းမချောစုသည် နန်းနုထက်မှာ ဇရက်မဂျာအေးနှင့် ကျေးပွေလီနိုင် ဂုဏ်ချင်းပြိုင်မည် ပြိုင်သူပင်ပြိုင်ကတဲ စကားကိုမပိုင် လျှာရင်းကခိုင်တိုင်တိုင် ပညာစွဲကမှာ အထဲကိုကကလိုင် နားရိုင်းနှင့်မဆိုင် ရကန်ပိုင်ဆရာ မိန့်ဩဇာကို ဝမ်းမှာစူးစူး စိတ်ကူးနားမြန် မှန်သာမှန်စေ မြေဖယောင်းဆင်မုန် ဂုဏ်ကြီးသည့်သျှိုဆေး မကူသေးလျှင် အရေးကြုံလျှင် မယုံစမ်းရော့ မှန်းကြသည်သူနှစ်ဦး နဖူးစာကံဆိုင်လျှင် မပိုင့်တပိုင့် ဇဝေဇဝက်နှင့် မျက်နှာချင်းဆိုင် တွေးမှိုင်၍နေခိုက်ကို တပိုက်ကယ်သိစမ်းတော့ နံ့သာဆီနှင်းဆီ ပိတ်ပါးချုပ်အင်္ကျီ ပန်းထဘီကြေတတ်ကဲ့ ရွှေဒါလီဆွဲ ကမ္ဘာဦးက ဥဒယနှင့် ကျားမိဗူးတောင်း စကားဟောင်းကို အပေါင်းလောက ပြောဆိုကြသည့်နှယ် မင်းနန္ဒာ့ရာဇဝင် မြို့သန်လျင်မှာ တပင်တိုင်နန်းသူ တို့ကိုမူလည်း အစူအစဉ် ရှေးပညာရှိ မှတ်သိစေကြောင်း ထုံးဟောင်းရာဇဝင် နားတင်စိမ့်ငှါ ကဗျာသီချင်း မင်းအဆက်ဆက် မပျက်စဉ်လာ ရှိပြီးဟာမို့ သံသရာရေး ကျိုးပေးမည်ကာ မပါစေဦး အရူးရယ်မော ဆယ်ခွန်းပြောလျှင် သဘောစကား မှတ်သားစရာ တခွန်းပါလိမ့် မှတ်နာသင့်စွ ပုံဆိုကြ၏ ဆရာ့အာဘော် ရကန်တော်မှာ စကားရှာစကားဖွေ သက်သေပုံစံ အရံအပိုင်း အနှိုင်းအဆ ဖိုမမိတ်လင် ဉာဏ်သင်သည့်သူ နန်းယူစေရာ ပါပြီမဟုတ်လော စောဒနာရရ မုချဥပစာ သဒ္ဒါငံငံ အမြစ်မှာမနက်ဘူး အခက်အကိုင်းမှာ ဉာဏ်ကျယ်တိုင်းဂုဏ်ပွား၍ စကားစုံပါသည် စာရကန်ကို ဋီကာသံဉာဏ်ပလီ လောကီသားအာရုံခံ မကုံမထံ ဘယ်ဆီမှာကြံမလဲ ပစ္စုပ္ပန်လောကဓံ ဤနှစ်တန်တွင် အသုံးတော်ခံဖို့ကို စံပုံမှန်ပုံ ဆုံဆရာဆုံ ရွှေဒဂုံနှင်းပွင့်နှင့် သန်လျင့်နှင်းဆီကို ဒေါ်လီမွှေလိုက်သည် ကျေးရွှေခဲလေ ။