မွေ့နန်းရကန်/အခန်း-၆

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
ကျေးသားနှင့် သာလိကာမ အခြေအတင်ပြောခန်း

ရှေ့သို့ဆိုရန် စကားကျန်ကို ယမန်ဆိုဟောင်း စကားပေါင်းကို နှစ်ကြောင်းနှစ်ခု ပမာပြု၍ တန္တုခြားလျှင် နားစရိတ်သစ်ထူပြန်မည် မယ်နွန်းနှင့်နန္ဒ ကြိုက်ရင်းစကို စကားပကတူး ရှေးဆိုဦးက မစူးမစမ်း ရရာဖမ်း၍ ဖြတ်လမ်းပျော်ရွှေင် ပညာအင်နှင့် စီရင်မိလေသည်ကို ကြံစည်ယူဆ ရသာသိမ်းသာ ကျိန်းချေသာလျှင် ပညာပေါ့တန် ဆိုဟောင်းဉာဏ်ကို ယူပြန်သည်လည်းတိုင်းမသိ သိမ်းတုံသော်လည်း မကုန်နိုင်ရာ ဥပမာကား တံငါလူတန် ငါးအလွန်မှ ပိုက်ကွန်ချသည့်နှယ် ရနိုင်ဘွယ်မရှိ၍ ဆိုမိဟောင်းကို အကြောင်းသင့်လျှင်လည်း အသုံးဝင်စေရတော့မည် ပညာသစ်ကို အမြစ်ယခု လုပ်စပြုတော့မည် ဗဟုဿုတ ဉာဏစုံလင် နားသခင်တို့ ရာဇဝင်လမ်း ရှေးနိဒါန်းလည်း စုံစမ်းဘူးသူ အယူဉာဏ်ပွားစည်လိမ့် သည်ကိရိယာ သည်လင်္ကာကို ပမာပြုသော် ဇမ္ဗူ့သပြေ သီးမှည့်ရွှေကို ရှာဘွေစားရသည့်နောက်မှ ရသာတပါး ဘောဇဉ်များကို လျှာအားမရလိုဘူး ထိုတပင်တိုင် နန်းဦးကိုင်က မယ်နွမ်းရွ သည်မျှမှုကြောင့် ထွက်စုရှိချေဘဲနှင့်ပင် သာလိကာမ ဝင်၍ကြွရာတွင် ရွှေချလို့စိန်စီသည့် နာရဏီဥကင်က ရင်သိမ်းတော်ပန်းရည် နီလေသည်တျာလေသည် တပြည်တန်လုလု ဒုယင်အင်္ကျီ မပါပြီဘူး အချီအလိမ်း မိန်းမရင်ဘတ်ပြန့် အလယ်ကန့်တွင် လန့်လှအောင်မွှေးလိုက် သည်ယုန်ရေးသည်လဝန်း ယုဂန်စွန်းက ထွန်းလှာသည့်အရောင်စုသို့ နုကြောင်းရွကြောင်း လှကြောင်းချောကြောင်းကိုမျှ သင်္ဘောသားစု သေမည်ပြုသည် အမှုတခါ ဆိုဟောင်းဟာမို့ သည်မှာဖွင့်၍ တဆင့်မထပ်ပြီဘူး နန္ဒာစေလိုက်သည့် ရွှေတိုက်ကျော်ကိုယ်တော်နှင့်တွေ့ ကြုံမည့်နေ့သောခါ သာလိကာမ ကြွလေရွလေ ဖွေရှာ၍ပတ်စီ သူပလီသည်မှာ ချီတော်ရို့ထိန်းတော်ရို့ ဘယ်သို့ဘယ်ဝါ ပြောသာဆိုသာကြဘူးရှင် ဒဂုံကဂုဏ်စုတ်နှင့် အထည်လုပ်ရာမှာ နှုတ်သီးကဆယ်ထွေ ခရာပွေချက်ကို နေပါဘိရော့ ပေါ့ပေါ့သာမဝင်ဘူး ထိပ်တင်ရှေ့မှာတွေ့တဲ့ကြ သူ့မူလရင်း ကျယ်ဘိခြင်းနှင့် ကွင်းမည်ဝါမည်အဆင့်ဆင့် ထွေထွေလျှောက်သော်လည်း ထောက်လိုနာလို ဗျာဒိတ်တော်မြတ် ထပ်ထပ်ရှိပါနှင့်ဟု သံဆင့်မျိုးတွင် အခိုးအကဲ အချွဲလည်ညိတ် စိတ်ဝက်အူလိမ် စိန္တေယျအိုက် လန့်ဟန်ကိုလုပ်သည်လည်းအဆင့်ဆင့် နှုတ်သီးကောင်းကမဟုတ်ပါ ပြာလိုက်ဝါလိုက် ဖွာလိုက်သည်တကြောင်း ပြောင်းဆန်အောင်ကလက် ယောက်ယက်ပင်ဝင့်သည် ဝင့်ရိုးသာမဝင့်ဘူး သူတို့နန်းလို သန်လျင်ရတနာ အပြာအဖြူ နန်းသူရံအုပ် ရွလုပ်လုပ်ကယ် စမုတ်တော်သို့ထွက်လှာ၍ ပြတင်းဝကျယ် လေးထောင့်လယ်တွင်းမှာ ကွယ်သလိုတွယ်သလို မိုရာအိရာ အထက်ဝါကို ရတနာအစု ပမာပြုသော် ဥပါရောင်ဟပ် လောကဓာတ်ကို လေခတ်၍မြူးသည့်နှယ် ကျေးဇူးတော်ကို တိုက်ကျော်နှင့်ရင်ဆိုင်တွေ့သော် ရသေ့ဇော်ဂျီ တပသီတို့ ပထဝီကသိဏမ်း ကမ္မဋ္ဌာန်းပျံ ဈာန်အဟုန်ကလျှောသလို ဆီးဖြူကိုင်းကို ငှက်သူဝ ကမ္မဇရုပ် မချုပ်သော်လည်း အောက်ကလီမွှေ ဝေဒနာက္ခန္ဓာ ဗျာပါဝိတက်နှင့် အသက်မှာ လှိုက်၍ဖို၏ ထိုသစ်ကိုင်းတွင် ကျေးညိုစင်ငယ် မြင်ကာမျှ ခဏကြာအောင် ကိုးရာမရ မူးဝေပျာနောက် သစ်ပင်အောက်မှာ လောက်စာသင့်သည့်နှယ် ပြည့်ရှင်မင်းတမန် မခံနိုင်ဘဲကျသော် မလှတမ မြင်တည့်ရလျှင် သနားကမား မရှိပါပြီ ကတမ်းကရမ်း အပျိုဖျန်းတို့ နန်းနာရဏီမှာ စီကျာရုန်းရင်း အင်္ကျီနှင့်ဒါလီ ထဘီနှင့်ခါးချပ် သနပ်ခါးသွေး ကလေးနှယ်ချည်း ခါးစည်းများလည်း ထိပ်ထားမြင်ပါလှဲ့ နွဲ့လို့သာပလီ၏ အာနီပုလဲ အရောင်ခဲလို ဖပ်ရွှဲညံ့နု ရင်တော်စုကြောင့် သူ့ရွှေကျေးသည် ဖုတ်ထွေးကျလှာတည့်ရာတွင် သန္တာညွန့်သွယ် လက်နုနယ်နှင့် တွယ်ရုံထုမိသည် အနုကိရိယာ သွေးခြည်လာတဲ့အောင် ကွမ်းဝါရွက်လောက် အနက်ပေါက်ဂုဏ်ထင်၏ မင်းရာဝင်က တွင်ချင်ရာမှ သာလိကာမ ဖွာစကြဲအောင် နှုတ်ရဲသည့်အနေနှင့် ရွှေခဲကိုဖျင်းလိုက်သည် နနွင်းပါအောင် မင်းမာဘာပြုဝါချင်ရ အမောင်ပြောရင်းက မိန်းမချောကိုကြည့်နေကြဆိုပါသကို ကိုယ်တော်ကိုဖူးရလို့ ဦးစောက်ကျသည် ဆိတ်စာမှမရှက်လားဟု ပါဒပျက်ကျယ် ပရယ်သလိုနှင့် ဆိုသည့်နှုတ်မှမပိတ်ခင် ဒဂုံမင်းကျွန် ကျေးစံလွန်က ပြွန်ရေထွက်သည့်နှယ် ချက်ချင်းလှန်၍ ဂုဏ်ပြန်ကစီး ပြီးလွယ်အောင်စကားငင်၏ မရှင်ဆိုတိုင်း ကျေးရိုင်းမှန်လျှင် ဘုံပျံယာဉ်စီး နတ်သမီးကိုပြစေကာ စောင်းသံကိုကျွဲနွား မပျော်ပါးသည့်နှယ် သနားစုံမက် နှစ်သက်တန်သည် မုန်းတန်သည် ဆံခြည်ခြမ်းမျှ ဘုဘမသိရာဘူး ကျေးပညာရှိ မျက်စိလိမ္မာ မင်းရာဝင်ဝင် နန်းတွင်ကြီးသူဖြစ်၍သာ တို့သခင်မ နတ်မကကို မြင်ရတည့်လျှင် ဆီးဖြူပင်က ဘဝင်မိန်းမှိုင် မတတ်နိုင်၍ ဗျာလှိုင်းကြီးထင့် သဘောသင့်အောင် ထောက်ချင့်၍ယူကောင်းပါသည် မသာလိလို ပစိပလျှံ အဆိုကမြန်သနှင့် ခံရသူမရိုင်း ဆိုသူရိုင်းပါ့မည် နှိုင်းဆဆင်ခြင် အပြစ်မြင်မှ ဆိုချင်ပါလား ပတ္တမြားဆန်ကျိုး အဖိုးပြည်တန် မှန်စေဦးတော့ အရူးကိုပြစမ်း အပန်းမကြီး ဆီးသီးလောက်မှ အားမရဘူး မသာလိရှင် သစ်ပင်ထက်က ကျရုံမျှကို မဆိုထားဘိ တရားတော်မှာ ခန္ဓာသက်ကား အိပ်မက်သောသွင် ကွေးသောလက်ကိုမှမဆန့်ခင် ဆန့်သည့်လက်ကိုမှ မကွေးခင် အထင်အရှား အမှန်သားကို နားရှိပါဘဲ ရှိကတဲ အစွဲမထင် ရွက်နားစက်နား သေနတ်နားမျိုး ပုဆိုးကလနား အမြောက်နားကဲ့သို့ စကားပြောသော်လည်း သဘောတော်မြုံလှလို့ ဂုဏ်မထင်သည် မရှင်ကိုဆိုချင်၏ သခင်ကိုအားနာ ထူးမြတ်သည့်စည်းစိမ် နန်းရွှေအိမ်မှာ ဉာဏ်တိမ်သည့်မင်းလုလင် အသုံးဝင်သည်လို့ ပြင်လွင်ကကြားလို့ ထင်ရှားပါမည် မျက်နှာတော်ဝါဝါ အသံတော်ဖွာဖွာနှင့် မနာလိုသံ အကုသိုလ်သံ ဝန်တိုသံပေါက်လှသည် နောက်တခေါက်တခါ ဒဂုံရွှေနန်းက မိန့်ခွန်းတော်အရနှင့် သူဝမလာခင် နန်းတပင်မှာ ပညာကိုသင်တော်မူနှင့်အုံး တံခွန်နှင့်ရထား ဘုရားနှင့်ထီး မီးနှင့်အခိုး ပျိုးနှင့်မိုးလို အကျိုးစီးပွါး များသည့်ဆီမှာ ရှာတော်မမူ ရန်သူနှစ်ဦး ယှဉ်ပူးဘက်တွဲ စစ်ပွဲသဘင် အတွင်းတွင်ပင် ကြောင်းအင်ထုတ်ဖော် သံစေပါ၍ ရောက်လှာသော်လည်း သေလျော်စမှု ဘေးမပြုဘူး ယခုမှာတုံ ဒဂုံနှင့်သန်လျင် ချစ်ခင်မေတ္တာ ရေနှင့်ကြာလို ခင်းရာမထွက် စစ်မက်မရှိ ပြည်ကြီးစီးပွါး စကားနုကြမ်း စူးစမ်းရုံမျှ ကျေးတဖကို ဒေါသမျက်မာန် မခုခံလောက် ရွှေမှောက်ဘုရား သနားတော်မူ ရေးတော်ယူမည် ဖြူစေမည်းစေ မဝေမဖန် မိန့်တော်သံကို မခံရခင် မာနသံဒေါသသံ ထုံးစံလည်းမမြင် ဆီးဖြူပင်က ကျေးကျသည့်စကား အနှစ်မပါ မရေရာသည့် အကာများကို စကားပြုလို့ နန်းသူ့တမန် ထုံးစံလည်းမဝင် ပြည်ကြီးနှစ်ပြည်ကို နကျဉ်အိမ်နှစ်အိမ်ကဲ့သို့ ဂုဏ်တိမ်မြုပ်အောင်လို့ မီးတုတ်တင်သည် ဘုန်းရှင်ကံရှင် ရွှေနန်းသခင်မို့ သစ်ပင်ကိုင်းက ရိုင်းရာကျမည်ကြောင့် မြေကြီးကလျှောက်မည်လို့ ဘောက်ခနဲဆင်းရာတွင် ရွှေဘုန်းတော်မြူးတည့်လို့ မူးသွေးဝင်သည် တမန်တို့အင် ဂုဏ်ရှစ်ခွင်တွင် ဘယ်အင်္ဂါမစုံလို့ ဘယ်ဂုဏ်ကိုနှိမ့်ချလေသတုံး မရှင်ကိုပုံပြုလို့ မောင်တော်ကဆိုစမ်းမည် ရွှေနန်းသူပင်ကြီးကတဲ မြီးခေါင်းစည်၍ မရှည်လိုဘူး ကိုယ်အမွေးမှာ သာရကာ့မျက်စိနှင့် ဝိတချို့ဝတချို့ ကကြီးနှယ်ခကွေးနှယ် ဂငယ်နှင့်စလုံး ဘရုန်ဘရင်း ခေါင်းစင်းလည်သိမ် တကြိမ်တွန်လျှင် စနေနံသုံးထပ်က အစသတ်နောက်ဖျားမှာ ခါနှစ်ဆင့်တနင်္လာ ရိုင်းပင်ရိုင်းသော်လည်း နန်းတော်မှာမရိုင်း တောထဲမှာရိုင်းသောကြောင့်မထောင်းတာ ခါလို့ခေါ်ကြ၏ သူ့အဖော်ငုံးလေ ။