မွေ့နန်းရကန်/အခန်း-၅

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
ကျေးသားနှင့် သာလိကာမ နှီးနှောခန်း

ကိုးကျိုင်းကိုးဓား ကိုးစော်ဘွားနှင့် ကျိုင်းမားကျိုင်းရုံး လပုံးဇင်းမယ် အတွင်းနယ်တွင် စိုက်ထူစိုးစံ နန်းရံပြုကြ လေသမျှလည်း ဘာသာ့အလျောက် ချီးမြှောက်ပလွှား တန်ဆားများနှင့် တပါးဌာန သူ့ဒေသမှာ တော်ကြသည်ချည်း မှန်ကတည်း ရုံးစည်းကွန်ချာ သာသနာမူလ လောကနိဗ္ဗာန် မင်းဝံတောင်ညွန့် ကျွန်းကျက်သရေ မြေဓိပတိ သီရိပဝရ ပြည်တော်မသို့ ရောက်ကြသောခါ မမာမခိုင် မပိုင်မသ မလှမချော ရွေ့လျောညွတ်ရုံး ဘုန်းအာဂန္တု ငယ်နုပတ်လျ ဖြစ်ပြန်ရသည့်နှယ် ပြင်ပရကန် အင်တန်ရုံမျှ ကောင်းကြသည်ချည်း သို့ကတည်း မြည်းနှင့်မြင်းလို မင်းနေပြည်ကြီး ရကန်ရှိချည့် အရိပ်ကိုမသိ အညွန့်ကိုတိရော့မည် စိတ်ရှိတိုင်းကွန့်မြူးပိုင်သာစေ အင်တန့်အင်တန် လှေသွားပင်မှန်သော်လည်း ကံအရင်းက ဖျင်းသိမ်စုတ်စွေ့ ရွှေမငွေ့တဲ့ လှေ့နရကင်း ရွှေတိန်ညင်းဟု မင်းသုံးတွင်ခေါင် လှေ့ဥသျှောင်ကို ယောင်ယောင်ဝါဝါ လှေတကာတို့ လွတ်ရာများက တုပမည့်ဟန် ပြုမည်မှန်လျှင် ကံနှိပ်စက်၍သေလိမ့် ရွှေချင်းပင်ရွှေသော်လည်း ရွှေငါးမူးနေ ရွှေဖြူများလည်းတဌာန ရွှေဆယ်မျိုးတွင် တန်ခိုးဖွင့်လှစ် ဇမ္ဗူရစ်ကို ဖြစ်ဆန်းရွှေစု ဂုဏ်ပြိုင်တု၍ အမှုမကုံ ရော၍စုံမည်ဟု လက်ပုံစုဟာများက ခွာရာမတိုင်းသင့်ဘူး စာစမှာကောက်လိုက်မည် မြောက်အိမ်တော်က ကိုသူဝ၏ ထိပ်သီသမှာ စိမ်းပြာပြာကို နန္ဒာနမ်း၍ လမ်းသင့်ကျအောင် ပြလိုက်သော် တိမ်တိုက်နီစစင် မြို့သန်လျင်မှာ တပင်တိုင်နှင့် အလျော်သင့်က အခွင့်စုံစမ်း ကောင်းကင်လမ်းက ပင်နန်းကိုကြည့်လိုက်မျှော်မူ နန်းတော်သူတွေ နေချင်သမျှ မိန်းမသက်သက် ရှက်ကြောက်စရာ ဘာမျှမရှိကြ ဒေသအလိုက် လိမ်းခိုက်စားခိုက် ကြိုက်ရာပြုသသူ ဖြူရွထွားမွတ် ခါးချပ်ထဘီ အင်္ကျီဒုယင် မဆင်ကြသေး အမွှေးလူးသူ သရဘူဦရရူကို သူဝတမန် တိမ်ယံမြင့်က ခင်း၍ပြသည့်နှယ် အလှသားမြင်မိ၏ ကိရိယာမြားမြောင် လက်ဆောင်တော်ဆက် တက်သူဆင်းသူ ထူရာမှာလည်းတိုင်းမသိ ရွှေအုတ်ရွှေထွတ် ပန်းသွတ်ကတော့ ငှက်ပျော့ဒေါင်းလန်း လမ်းလှမ်းညွတ်ရုံး တအုန်းအုန်းနှင့် ဆုံးနိုင်သည်မရှိဘူး သိသိမြင်မြင် နန်းကြမ်းပြင်မှာ အထင်အရှား ရပ်နားပြသတည့်ချေသော် ပြင်ပခပ်သိမ်း လူစိမ်းလူရွမ်း နှုတ်ခမ်းလျှာပါး အနှံ့သွား၍ စကားပွားစည် ရှိရာသည်ကြောင့် မောင်းမလည်ပျဉ်ထောင် နားကိုမြှောင်၍ ဆယ်တောင်ခန့်လောက် မြညှောက်စိမ်းနု ဆီးဖြူ့အကိုင်းပေါ်မှာ တိုက်ကျော်နားရသည် တပါးသူတို့ မည်းဖြူညိုပြာ ခြင်းရာကိုမသိကြ ကြာကြာမညောင်း နေရာကောင်းသနှင့် တမောင်းလောက်ကာလတွင် ဘယ်ဟာ့ကြောင့်သူ လာသည်ဟူ၍လည်းမသိသာ အပျိုဖျန်းသင် လက်ဖွဲ့ဝင် ဆင်ခြေဖုံးပေါ်စ ခါးကလည်းဆိတ်စလီ အင်္ကျီမဝတ် နုထွတ်ဖြူပြာ လိမ်းစရာကြောင်ကျား အမှုန်သားနှင့် အပါးသို့ရောက်လှာ၍ ရတနာနန်းသူ အူလီအူလဲ ဖပ်ရွှဲညံ့စိ အမိကလေး မေးရန်ရှိပါသည် လောကိထိပ်ဆင် သန်လျင်ပတ္တမြား ထိပ်ထားကိုယ်တော် ကျန်းပါစ သို့တိုက်ကျော်က စကားစလျှင်ပင် လုံမကလေး ဝင်၍ပြေးသည် အရေးမကြာ တနာရီခန့်တွင် အလျင်မိန်းမ ကလေးလှ ဟာ ... ပြတဲ့ပြီး ရှူးရီးရှူးရား ဝင်၍သွားလေသည် ကြားသူမြင်သူလည်းမရှိ ဈေးပါးစပ်လျှာ ဘရဘွာနှင့် သာလိကာမ ပြတင်းဝက မျက်စမျက်ထောင့် ငြောင့်စွဲသည့်နှယ် ဖယ်လှယ်လိမ်စောင်း အကြောင်းမတန် ပလုံဆန်အောင် ကဏ္ဋကမျက်စိနှင့် သိမြင်စိမ့်ငှာ စေပါလိုက်သူ များနှင့်တူသည် အမူအရာ လက္ခဏာကိုလည်းသူမပြု စိမ်းစော်ရိုင်းစော် နံလှတော် ညှော်ကတာတာ နှလုံးနာလှသည် တောဥစ္စာများ ဝင်လာငြားရော့ထင့် အဝင့်ကြီးမား စကားအစုစုနှင့် ပုလိုက်စုလိုက် ကိုက်လို့စားမည့်နှယ် တရားအလွတ် ဇွတ်ပြုမည်နှယ်ဆိုလှာလျှင် နန္ဒာမွေးသည့် ကျေးစိမ်းစံလွန် ခံနိုင်ဘူးဟဲ ရဲကာသာမဟုတ် နှုတ်ကပလီ အင်္ဂါညီသည် လောကီသုံးတွင် ဘုန်းကြီးသည့်မင်း လက်ဆင်းကျွန်တော် ရွှေတိုက်ကျော်က စကားငင်၏ မရှင်လားဗျာ ဘာသာတူချင်း အတွင်းတော်သုံး နှလုံးနေက သဘောကျနှင့် ပြောဆိုရမည်မှတ်ပါသည် သို့ပါကိုပင် မရှင်သဘောက တောစော်ရိုင်းစော် နံတော်ခေါ်လှသည်လို့ တော်စော်လည်းနန်းမှာမနံရာ ပညာရှိသဘောမှာ တောနှာခေါင်းလို့ ပြောင်းပြန်ကျမည်ရှင် ကြည်ကြည်သာသာ မေတ္တာနှင့်မေး၍ အရေးရောက်ခါမှ နာသင့်သာသင့် မိန့်ခွင့်ရှိပါသည်ကိုပင် တောစော်သောရိုင်းစော်သော မရှင်ပြောတည့်လို့ သဘောမစုံ ရိုင်းချင်းကြုံလျှင် မာန်မှုန်ဆူအိုက် ဒေါသတိုက်၍ ခိုက်ရန်စည်ကား နှလုံးထားဆန့်ကျင်လိမ့် သို့ဆိုခင်ကာ ဆိတ်စာရိပ်ဝှဲတည့်လျှင်ပင် ရိုင်းချင်ရိုင်းမည် တို့နားမှာတို့ရိုင်း ဆီးဖြူကိုင်းက တတ်တိုင်းဘာသာ မင်းမာကိုထွေထွေ စစ်လေကြောလေ ဘယ်သူစေ၍ မွှေနှောက်ကလိ တို့သိချေဘဲ တောရဲရဲလျှင် အမဲလုပ်၍ကင်လိမ့် တွင်းပြင်ရံပတ် သစ်တပ်မြို့ပြ နေ့ညအိပ်ဖန် အတန်တန်နှင့် ဓားလှံသေနတ် အထပ်ထပ်ကို အမှတ်မထင် အမောင်ဝင်ပိုင်ရော့သလား မတိုင်မကြား စော်ကားရိုင်းရူး သည့်ထက်ကျူးလျှင် မီးရှူးလုပ်၍ မုတ်နန်းပြောင်ပြောင် အဆောင်ဆောင်ကို လောင်အောင်ရှို့လေမှဟု သာလိကာမ အာစစနှင့် အထကောက်၍ မောက်ပြန်သော် ဒဂုံမင်းသံ ပညာမြန်သည် နန္ဒာ့ရွှေတိုက်ကျော်က မရှင်တို့နန်းကို ကျွန်ုပ်တို့နန်းလို ရွှန်းရွှန်းထင်၍ ဆိုခွင့်လည်းမရှိပါ ကျွန်ုပ်တို့မှာ ရတနာဆင်ပျံ မိုးယံစီးနင်း သိကြားမင်းလို သတင်းလောက်လုံ ဘုန်းပြည့်စုံသည်ဒဂုံအောင်ချာက နန္ဒာသခင် နန်းတွင်းမွေး၍ မင်းရေးစိုးခွင့် သင့်မသင့်ကို ချင့်တွက်နိုင်သူဖြစ်ပါသည် သို့မဟုတ်ဘဲ တောထဲကငှက် ဘေးရန်တွက်ကယ်ကြောင့် အသက်လွတ်ရာ မှီခိုလာသော်လည်း နာနာကျင်ကျင် ကင်မည်ချက်မည် သားငှက်ချင်းပါကို မကြည်မညို မရှင်ဆိုလို့ အကုသိုလ်ပွားစည်အံ့ ဝါခြည်ဝင်စ ကာလရောက်လျှင် ပြည့်ရှင်မင်းတို့ထုံးစံမှာ သားငါးကြက်ဝက် သူ့အသက်ကို ရက်ရောပစ်ချ လွတ်စေရမည် ပြည်ပပြည်တွင်း မောင်းကြေးနင်းနှင့် ဆင်းရဲရာက ချမ်းသာပေးမြဲပါကို နတ်ရွာလမ်းနှင့် စောင်းတန်းဝကို မတက်ရအောင်ပိတ်သည့်နှယ် ဝင်းတော်ကိုယ်ရံ ဓားလှံသေနတ် အထပ်ထပ်နှင့် ပစ်ခတ်မည့်သူ များသည်ဟူ၍ မိန့်တော်မူရာဝယ်လည်း ဥပါယ်ရန်ခိုက် ဒေါသစိုက်၍ စစ်တိုက်ကြမည့် ကာလများလည်းမဟုတ်ပါ ရွှေအိမ်ရွှေနန်း သိမ်းမြန်းစိုးဆောင် အခေါင်သနင်း မင်းပေတကား လှံဓားသေနတ် မရတတ်မည် ရတတ်မည်ကို နားလည်ဘူးလို့ အရူးမို့လား ဖြစ်ရလေခြင်း မိကျောင်းမင်းကို ရေခင်းမှာမပြသာဘူး သုဘာသိတ ပီယဝါစာ သစ္စာမြဲမြံ မျက်မာန်နည်းပါး တရားစောင့်ထိန်းသည့်သူကိုသာ ရေမြေ့သခင် ဘဝရှင်တို့ ဆင်ခြင်စဉ်းစား အနီးထား၍ ထံပါးခညောင်း သုံးသင့်ကြောင်းကို ထုံးဟောင်းရာဇဝင် အထင်အရှား စာပေများမှာ ကျွန်ုပ်တို့ ကြားမြင်တွေ့ဖူးပါသည် ရတနာဒဂုံ ရွှေဘုံနန်းစံ မြို့နိုင်ငံမှာ တိုင်းစွန်ပြည်နား တောတွင်းသားတို့ ဝတ်စားရိုင်းရုန့် မမုန့်မညက် နှုတ်ထွက်စကား နားမနာသာ ဝါစာဖရုသ် မျက်ကြုတ်ငြိုးထား ခိုက်ပွားရန်တွေ့ သုံးဆောင်လေ့၏ ရေမြေ့သခင် အရှင်စံရာ ရာဇဌာနီ ခွန်ဆီလောက်လွေ့ သိမ်မွေ့နူးညံ့ ချိုပျံ့သာယာ မေတ္တာဆက်ဆံ သက်နှံယုဘ ပြောဆိုကြ၏ လောကထိပ်မြုံ ရွှေဒဂုံနန်းခွင်နှင့် သန်လျင်နန်းလေ့မှာ ရိပ်ငွေ့မှမတူ စိတ်ယူနှလုံးက အသုံးတော်ပြောင်းပြန် ရွှေနန်းတော်ကစင် ဖြစ်လျက်ပင်ကို တောအင်တိုင်းကဲ့သို့ မရိုင်းရာတန် မရှင်နှုတ်သီးမှာ နန်းတွင်းကြီးဆိုပါသည်ကို မျက်လိုချွေးထွက် ချက်မည်ကင်မည် တွင်ရတတ်ဆန်းနှင့် ကြမ်းကြမ်းလည်းပြောပြန် သဘောနေညံ့ပါလျက် ရှေးကံအတုံ့ကြောင့် ရုန့်ရုန့်နှင့်ကြုံရသည် ဒဂုံမင့်းသံ နေ့ချင်းပြန်ရမည်ဖြစ်၍ သက်ဝေငယ်ကျွမ်း လွမ်းမည့်သူလဲ ရှိသေးဘဲကို ဝမ်းနဲသေသေဝံ့ငဲ့ တကယ့်တန်တန် စွန့်ဝံ့မည်မှန်သော်လည်း ဆင်ပျံရမင့်း တောင်နန်းမြင့်ရတနာ နန္ဒာသခင်က သန်လျင်မှာဆောင်ရန် မှုတော်ကျန်သေးလို့ ကံမကုန်သာသေး အရေးတော်ပြေလျှင် ကြာနှင့်ရေနေနှင့်လ ရွှေနှင့်မြကဲ့သို့ မြင်ရမည်မကြာပြီ ရတနာနန်းသူ ကြည်ဖြူသာယာ ရောက်စကရုန့်မိသည့်အတုံ့ဟာကို အကြင်နာမေတ္တာ သစ္စာလောင်း၍ ငယ်ပေါင်းလုပ်ရအောင် ကျုပ်နေသည့်ဆီးဖြူ ညွန့်ဝေလူမှာ အတူစံရအောင် သက်နှံငယ်လိုက်ပါရော့ အကိုက်ကယ်လေ လောကတွင်လူလုပ်သည့် ပုဂ္ဂိုလ်ပုထုဇန် မုန်သာမှန်စေ ရွှေငွေရတနာကို တန်ဆာဆင်ရလို့ စိတ်ရွှင်သည့်အာရုံကို တပုံစုထား စားကောင်းသောက်ဘွယ် အသွယ်သွယ်များစွာ သကာထောပတ် နှမ်းပွတ်ဆီဥ စတုမဓူ ဟူဟူသမျှ အစစကို စားရသည်စီးပွား နှလုံးထား၍ သီးခြား၍ရှိစေ ကချေသဘင် ပဉ္စင်တူရိယာ ပတ်သာစောင်းငြင်း သီချင်းအဲအန် မီးပျံစကြာ နည်းနာထူးဆန်း ပွဲလမ်းသဘင် သည်အရှင်ကိုလည်း တအင်္ဂါစု လုပ်မှုဆောင်တာ လယ်ယာချောင်းခင်း ရခြင်းစီးပွား ဖောက်ကားရောင်းဝယ် ကုန်စယ်မြတ်စွန်း ကျေးဇူးထွန်းလျှင် ဝမ်းမြောက်စွာလှေ ရှိကြသည်ချည်းသို့ကတည်း ဖြည်းဖြည်းသာသာ မျက်နှာရွှင်ပျ ရှိရုံမျှသာ မထောင်းတာဘူး ကာမပုထုဇန် လောကဓံတွင် ချစ်ရန်သင့်သူ သက်တူရွယ်တန် ကြံကြသူနှစ်ယောက် အထမြောက်မည် မှန်သည်ကာလ အားရသည့်စေတနာ အိုအိုပျိုပျို အသက်ရှုရှည်တို လှိုက်ဖိုနှင့်အာရုံ ရင်မှာခုန်ပြီး ထိပ်မြုံမှာပွတ်တည့်အောင် စုံမက်သည့်ဝမ်းသာကို ရတနာနန်းသူ ရတနာနန်းသူ ကုသိုလ်ကံမဆုံလို့ ကြုံတော်မမူသည် ကံကူလို့ထမိလျှင် မင်္ဂလာအဝင် စုပ်ကြီးလပ်ကြီး ရချိန်နီးလှသည် ဆီးဖြူပင်ကို မရွှင်ဆုတ်ဆိုင်းလျှင် ရိုင်းရာရောက်ကရော့မည် မြညှောက်ကယ်ရတနာ ကြွတော်သာမူပါရော့ သစ္စာဆိုကြပါစို့ရေလိုအေး ကောင်းကင်မှာတိမ်လိပ်လို ဇမ္ဗူဒိပ်ကျွန်းပေါ်က ကျော်လှသည့်ပန်းချီ အနီအဝါ အပြာအညို့ ဆေးစုတ်နှင့်တို့၍ သို့ကသို့ဝိုက် သို့ခြိုက်သို့ငင် သည်ဆီတွင်သို့ရှိ အတိအဝန်း အချွန်းအမြှောင့် အထောင့်အကွေး တူအောင်ပင်ရေးသော်လည်း ဆေးခွက်မှာစုတ်စိုက် သို့စင်ခိုက်ကိုပင် ဝိုက်သည်ဟာအဖြောင့် ထောင့်သည့်ဟာအဝန်း ချွန်းသည့်ဟာကအတိ အသစ်ရှိ၍ ပန်းချီ့ပညာ မဝင်သာသို့ ဘယ်ရွာဘယ်မြို့က ဘယ်ကဲ့သို့ရကန် တူအောင်ကြံ၍ တသက်ပန်စီရော့ ပန်းချီနှင့်တိမ်လိပ်လို ဓိပ္ပာယ်တူသော်လည်း စကားယူစကားငင် အစီရင်တနည်း နိဿရည်းတခြား စကားရှာတပုံ ကြားဖူးမှယုံကြမည် ဒဂုံသခင်နှင့် သန်လျင်ရတနာကို ပညာနဂို မယှဉ်လိုဘဲနှင့် တူချင်သည်အမှန် ရကန်ဆိုဆရာ လုပ်ဖူးကာမျှ သာမညနှင့် တုပဆွယ်မြှောင် ဘယ်ဟာကိုယောင်မလဲ့ မှန်လေးထောင်မှီ မြကိုစီ၍ ရွှေနီရတနာ ဇဝါပွတ်ခြမ်း စိန်စီသည့်နန်းမှာ ဂွမ်းစကိုလေနှဲ့၍ လုပ်လဲ့လဲ့နေသည့်နှယ် ခါးငယ်ကလေး သေးဘိခြင်းပီပီ ဆိတ်စလှီနှင့် ဋီကာကျယ်ပြောင်းရလျှင် ရွှေတသောင်းတန် ညွတ်ကော့လန်လန် ကြော့လေဟန်ကို ဗြောင်းဆန်အောင်ပြလိုက်လျှင် သဘောကျဉာဏ်ရှင် ရှေ့တပြင်နယ် အဓိပ္ပာယ်ကို ဘယ်ကလောက်ကယ်လို့ သိထောက်တန်ပြီ ရိုင်းသံရော၍ တောတွင်းသံပါလျှင် လျှာကိုနုတ်ကရော့ စာလုပ်နှင့်စာစီကို ဘယ်ဆီမှာဆိုမလဲ မိုးညိုနှင့်တိမ်လိပ် ခပ်ရိပ်ရိပ်တွင် ခွက်အစိတ်တန် စိန်အလျှံကို မိုးနှံသီးဆွယ်မည်လို့ ဖွယ်ပါလိမ့်မလား နိမ့်မြင့်ကြုံဆူ ပါရမီဆောက်ဦ လျှာချင်းပင်တူသော်လည်း စူစူဖာဖာ မာတလာလာ အကြောကြီးလျှာများနှင့် ပါရမီဉာဏ်ကဖက် ကံမတူသေးလေ ။