မွေ့နန်းရကန်/အခန်း-၄

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာ ကျေးစေခန်း

ရာသီသုံးပါး ပိုင်းခြားဝေငှ ဝသန္တ၌ အာကာသဓာတ် ကောင်းကင်လတ်ဝယ် မိုးနတ်ပဇ္ဇုန် ကိုယ်ရုံတန်ဆာ နီလာခဲလို သင်တိုင်းညိုနှင့် တဆိုယိမ်းနွဲ့ သီချင်းဖွဲ့လျှင် မိုင်းတဲ့လို့စို့ အလို့လို့ပင် မိုးညို့အေးမြ ရွာတည့်ရသည့်နှယ် လင်္ကာ့ဆရာ ပညာသင်တိုင်း ခြုံသမိုင်း၍ စိုင်းပြင်းချေက နယလေးဆယ် ဆန်းကြယ်ထူးပြား ပွားများပိုလျှံ ယဉ်မိုးသာထန်ရမည် ဧကန်မှတ်ကရော့ နတ်တန်ခိုးနှင့် မိုးရေလို ပညာတံခွန် ဉာဏ်စလွန်ကား အခံဥစ္စာ မာမာပြင်းပြင်း တင်းတင်းထူထူ သူသွားချင်သည် ရှေ့လမ်းတည်လျှင် လှည့်မည်ခွေမည် ပေမည်လို့မှာ မမှတ်သာဘူး မာမာခံလျှင် ဒဏ်ထပ်၍သာပိုလိမ့်မည် ကိုယ်တော်နှင့်ကျွန်စု သန်လျင်မှုမှာ အနုအကြမ်း အစမ်းအစုံ စုပုံဝေဘန် တိုင်ပင်ရန်ကို ဉာဏ်အဆာကျယ် လေးရပ်နယ်နှင့် ဓိပ္ပာယ်ဖမ်းလျှင်လည်းကမ်းမရှိ သို့ဝဧကန် တကယ်မှန်သော်လည်း နာခံမည့်သူ ဆူကြုံနိမ့်မြင့် ဝန်နှင့်ကားအား မြားနှင့်ကားလေး ဆေးနှင့်သူနာ ဥပမာကဲ့သို့ ပညာအလျှံ ဂုဏ်တံခွန်ကို အင်တန်တွင်အစွမ်းထိအံ့ သူသိသူမြင် အထင်အရှား မှုကျယ်ပွားအောင် အလျားရှည်ရှည် ဆောင်ရွက်မည်လို့ စိတ်ရည်တော်စွဲမရှိ ယောက်ျားဘုန်းကား မဆုံးစပါ မိမိလောက နတ်ရွာသို့သွားသောခါ မိုးသိကြားမှ ရထားပင်ဆိုက်ရသေး၏ မဝေးသည်မှာ ရတနာသန်လျင် နန်းတပင်ကား အမြင်သားဘက် မြစ်တဘက်ကယ်မျှ အထက်နတ်ရွာ နှင့်ကိုစာသော် နန္ဒာဘုန်းကြွယ် မတင့်တယ်သည် ရှက်ဘွယ်စလိဟု ဘုန်းရှိသသူ အယူများချိမ့် စိတ်အာဇာနည် ရည်မိမပြောင်းမခွာပြီ အတွင်းတော်သုံး နှလုံးယဉ်ကျေး အတွေးအတော သဘောသကန် ဉာဏ်ဇဝန လိမ္မာလှသည့် သူဝကျေးပလီကို ချီတော်ထိန်းတော် ရွေဘော်ကျွန်ယုံ တစုံတယောက် အထောက်အကူ မည်သူ့သူမှမကြားရ သလွန်တော်ခင်း အဆောင်အတွင်းသို့ မင်းသားနှင့်ကျေးညို နှစ်ကိုယ်ဝင်လေကြွသော် ပြသထုတ်ဖော် မှာတော်မူမည့်စကားမှာ ဥခွံလှစ်စ ကတည်းကပင် ယုယမြတ်လေး ငါ မောင့်ကိုမွေးသည် ကျေးဇူးကဲမြင့် မထိမ်သင့်ဘူး ငါသခင့်အာဏာကို သေချာသိပ်ကွပ် စေ့စပ်မြဲမြံ ဓိဋ္ဌာန်ပန္နက် ကိုယ်အသက်ကို ငဲ့ကွက်ယိုယွင်း တမုန်ညင်းမျှ မင်းမာ မသွေမလိပ်နှင့် ပဝေသဏီ ရှေးစဉ်စီလည်း ဤကဲ့သို့ပင် သက်သခင်၏ ရှေးတင်ပေဘူး ဂုဏ်ကျေးဇူးကို ပွဲဦးရအောင် သုမုခကျီး မြင်းကြီးသိန္ဓဝ ဆက်ကြသည့်ဂုဏ် အလုံးစုံကို မှတ်ရုံတိုက်ရိုက် ငါပြောလိုက်မည် ရွှေတိုက်ကျော်ငယ် မှုတော်ကုံလျှင် ကြာငုံနှင့်နေ ကျက်သရေအောင်ပန်းပွင့်လိမ့် မင်းကိုငါ ပြန်ပြောရမည့်စကား အလျားအမြိတ် ရှည်လတ္တံ့ ကိုယ်တပိုင်းဝယ် အထက်နယ်ကို စဉ်းငယ်မြင်သနှင့် ဘရင်ဂျီတွေ သေမည်ပြုအောင် နုလေသည့်အချက်ကို တသက်လျာတွင် တခါမှသော် တော်တော်ငြားငြား ကြားဘူးပါလေစံ့ဟု အံ့လည်းအံ့တော်မူပြန်သည် ထိုတပင်တိုင် နန်းဦးကိုင်မှာ ပိုင်ပိုင်သည်စိတ်တိုင်းကျအောင် ငါကြွတော်မူလာမည်ဟူ၍ အူရွထံကို သူဝပျံ၍ တမန်လုပ်ရမည်နော် အရေးတော်ကို ငါမျှော်ထောက်၍ နောက်အခွင့်ကြောင့် မင်းကိုငါစေသည့်အမှုမှာ သင်္ဘောသားပြော သည့်လောက်ချောလျှင် သဘောတော်မြိန် စိတ်တင်းတိမ်တော့မည် နန်းရှိန်နန်းဂုဏ် ခဏကြုံနှင့်မို့ အာရုံရွှင်မြူး ကုလားမူးသော်လည်း ထူးဝိသေသ မချောကလည်း သူဝသိခဲ့ရာ၏ သွားပါရော့တိုက်ကျော် ငါမျှော်နှင့်မည် မင့်စိတ်တွေးက အရေးကုံလုံသိပါစံ့ အယူတော်မြတ် သန်လျင်နတ်မှာ တသမတ်တည်း မလိပ်လည်းပြီ ဖြည်းဖြည်းသာသာ ဆိုသည်ဟာများကို သိကြားပင်ပြောရော့ သဘောတော်မတန်သော် ထုတ်ဖော်မြွက်ဟ လျှောက်သမျှမှာ တိုက်ကျော်ကလည်း နန္ဒာ့စိတ်ကို ပိတ်ပင်ချုပ်သော်လည်း မဆုတ်မည်ကိုသိသနှင့် ကျွန်တော့်သခင် မြန်မာမြင်သော်မှ အထင်ယုံမှား တွေးရန်များ၏ ကုလားဧကန် မူးပြီးမှန်လျှင်လည်း လွန်လွန်ချောလိမ့်မည် လောက၌တွင် တပင်တိုင်နန်း ထွက်ကြငှန်းမှာ မြန်းမည်ဧကန် ရိုးရိုးမှန်လျှင် ဖောက်ပြန်၍ မတွေးသင့်ဘူး သန်လျင်ရတနာနှင့် နန္ဒာကျွန်ယုံ မှုတော်ကုံထံ မကုံထကို တွေးရန်ရှိမည်မဟုတ်ပါ တပင်တိုင်စံ နန်းသူမှန်လျက် နန္ဒာဘုန်းလျှံ ရွှေနန်းစံကို ကံမစပ်ချင်ဘူးလို့ဆိုလျှင် ရိုင်းပင်ပေါက်ကရော့မည် တခေါက်ချင်းနှင့် ခြေရင်းတော်မြဲ ကျေးရွှေခဲငယ်က လျှောက်လဲချေပ ပြောဆိုရလျှင် သန်လျင်ကဒဂုံကို လင်ပုံဖမ်းနှင့်၍ နန်းသူရုပ်ဖွဲ့ ယိမ်းလို့နွဲ့မှ ဘုရားကျွန်တော်ပြန်လာလိမ့် နန္ဒာလို့ပြောလျှင် အကြောတထောင် ဗလောင်ဆန်၍ မှန်တော်ဘီးတော် အကျော်စံပါ နံ့သာကက္ကရူ မဉ္ဇူပုန်းညက် ဖန်ခွက်ရွှေရေး ဆီမွှေးလိမ်းကျံ ဗျာပါခံ၍ ခြံရံလုပ်သစ် ရွှေပိန်းရစ်မှန်တော်မှာ ဆံထုံးတော်များ ပြင်သည်သားနှင့် နားရတော့မည်မဟုတ်ပြီ အလှုပ်အကြွ ထယောင်ထိုင်ယောင် ကိုင်ယောင်လှုပ်ယောင် တောင်ယူမြောက်ယူ စရိတ်ထူရာတွင် မဉ္ဇူနီပွင့် တက်ဆင့်လျော့လျော့ လျော့ချင်လုလု ခုတင်ခုနှင့် လက်နုပင်ဖြစ်သော်လည်း သရစ်ဖူးကင်း လက်ချပ်တွင်းမှာ ဆင်းရဲသည့်အသား ရွရွသား အားကာအဝနီလိမ့် ဘရင်ဂျီတွေ သေမည်ပြုကြ သည်ကိစ္စတွင် ဘုရားကျွန်တော်ကတွေးချက်မှာ အထက်တခွင် ယဉ်သည့်နယ်ကို ယဉ်ဖွယ်များသာရှိ မင်းယောက်ျားသား စိတ်ချောက်ချား၍ တပါးဌာန ဖြူညံ့ရွကို ကုလားနှယ်ဆိုး မိုးကိုပင်ပျံသော်လည်း မျက်ဆန်ပါမှန်းသိလိမ့် စိတ်ရှိဖန်ဆင်း နှစ်ယောက်ချင်းမို့ မင်းသားစိတ်ကို ကြိတ်၍မွှေသည့်နှယ် သူ့ရွှေခဲကလျှောက်ရာတွင် သုဘကိဏ်အောက် ဘုံတလျှောက်ကို လင်းပြောက်နိုင်အောင် ပြည့်လျှမ်းဆောင်သည် ရေတောင်မောက်ဖြိုး ကပ်ပြုမိုးလို တိုး၍ မင်းသားရွှင်သည် ဗေဒင်ဆရာ ပညာဝေငှ ခန့်ဆပိုင်းခြား တွက်ရိုးများမှာ မယားနေရက် ခုပင်တွက်ရမည် နိမိတ္တလက္ခဏ ပါဌကေ ဗြဟ္မဏေပုဏ္ဏား ရွာစားဆရာတော် တယောက်ကိုခေါ်တည့်၍ ငတိုက်ကျော်ကို တရော်ကင်ပွန်း ထပ်မွှန်းသိဒ္ဓိ တင်လိုက်ဖိလို့ မိန့်တော်ရှိလျှင် လျှံညိဖြူဝင်း ခရုသင်းမှာ နီတျာညွန့်ဝေ သပြေမြေဇာ မျက်နှာရွှင်လန်း နံသင့်ပန်းနှင့် သြီပဒုကာယ အစမြှောက်ချီ အစီရဝတီ မဟီသရဘူ လေးဆူမာရဇိန် သိင်္ဂုတ္တရ လောကထိပ်မြုံ ဓာတ်မွေစုံသည် တိဂုံရတနာ မဟာရာဇာ အရိယာလာဘံ ဣစ္ဆိတံပတ္တိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု ယခုချက်ချင်း အခင်းပြီးပြေ ရွှေဒဂုံက မင်းနန္ဒာနှင့် ရတနာသန်လျင် နန်းတပင်မှ မျက်ရှင်ဇောတ ရာဇကုမ္မာရီ ပါရမီနှစ်ရပ် ရွှေနီနှင့်ရွှေ ရွက်နီနှင့်ငွေကို ဂဟေစပ်သကဲ့သို့ ကပ်ဆရာကပ် ထပ်ဆရာထပ် တပ်တပ်ရာရာ သိသာအောင်ကြည့်ခဲ့ ဖွဲ့နွဲ့ကုံးသီ ရွှေတိုက်ကျော်ကို ပုရောဟိတ်ဆရာ မြေဇာညွန့်ဝေ ရေစက်သည်နှင့် ဖျန်းပက်လို့ပျံစေသည် ဒဏ္ဍာရီကို ဋီကာကျယ်မဖွင့်ဘူး သင့်ရုံသာဖြေလိုက်သည် ကျေးစေခန်း နန္ဒာကလည်း သူဝမောင်ပု ယခုပျံရော့ နက်ဖန်ခါခုချိန်ကို အိမ်လျောင်းတော်ဦး သာပျံ့ပျူးက အထူးသဖြင့် ငါမျှော်နှင့်မည် သန်လျင့်နှင်တံကို ယမန်ကတခါ ကုလားတွေမူးလို့ ရူးလုပါပြီ မင်းမာလည်းကုလား ခုနောက်သွားတွင် ဘွားခနဲမြင်စ မူးပြန်ပါ့မည် တွေ့ကြသောခါ သေချာစေ့စပ် မှတ်မိအောင်ကြည့်ခဲ့ နွဲ့နွဲ့လားကျိုင်းကျိုင်းလား မျက်နှာထားယဉ်စံ့ ဆံလျဉ်နဖူး လည်ဦးကစ ဝေငှပေါင်းစု နားနုပါးပြင် အသွင်မူနည် အရည်အချင်း လည်ပင်းတော်အောက်များမှာ မောက်သလားပိန်သလား လက်ဖျားသွယ်စံ့ ခါးငယ်စံ့လို့ အနံ့ရူပ ခန့်ဆပေါင်းရုံး အလုံးအဖန် သွယ်တန်ရှည်တို တကိုယ်လုံးပင် ကုန်စင်အောင်ကြည့်ခဲ့ ဘယ့်နှယ်ကြောင့်လည်း ပေါင်းစည်းစုဆ ငါ့နှလုံးထား ခါးမကျဉ်း၍ ရင်မမောက်က ဘယ့်လောက်ပင်ချောချော သဘောတော်မတွေ့၍ မမွေ့မလျော် အမိန့်တော်ပြန် စေလိုက်သည့်သံကလည်း ဉာဏ်ပလီနှုတ်ပလီ နန်းနာရဏီမှာ သီကာရီကာနှင့် နန္ဒာကိုမမြင်ရသေးခင်က သန်လျင်နန်းသူကို စိတ်ပူအောင်ကြံတတ်သည့်တမန်ဆန်း ကျွန်းဇမ္ဗူဒီ လူ့လောကီတွင် ပန်းချီပန်းပု ဆင်မှုဗိသုကာ နာနာတိရိစ္ဆာန် ဗွေကြန်ဆစ်မျက် အချက်ချက်မှာ မျက်စိနှင့်မြင်ရ လုံ့လတခု တတ်အောင်ပြုလျှင် ကျွမ်းကျင်လိမ္မာ စွမ်းနိုင်ပါလိမ့် ဝစနာလင်္ကာရ စကားကျေးဇူး အကူးအဆက် အတက်အဆင်း အသွင်းအနုတ် အချုပ်အချယ် သည့်နှယ်သည်မှာ နှုတ်ပညာကား ပမာနှိုင်းရှည့် ကြည့်ရှုစရာ မမြင်သာဘူး ပါရမီဆုတောင်း ရှေးကံကောင်း၍ တသောင်းတွင်တယောက် ထွန်းတောက်ပွင့်လင်း ထိုးထွင်းသည့်ပညာ ရှိသူမှာကား ဆယ်ရာသောင်းထောင် သုံးဆောင်၍မပါး မတရားသူ ယူ၍လည်းမရ တုပဆွယ်မြှောင် တူအောင်ရှာကြံ ပြုမည်ကြံလျှင် ဉာဏ်မမှီသူ တူရိုးမရှိ ဇာတိရင်းကဖက် မင်းသုံးလောက်အောင် လျှာပေါက်သည့်ပညာကို သူများတူတန်၏လို့ စံလျှင် လိခံကန်ရမည် ယဉ်နန္ဒာကို ဒီလျှာနှင့်သည်လျှာတွင် နားလိမ္မာကူလိုက်လျှင် ဘရဘူဆန်ကြရော့ လလျှံကအငုံကို နေအရုဏ်ဆုံခိုက်တွင် တပြုံလုံးချာ ပွင့်ညှာစုံဖြာလိုက်သည် ပဒုမ္မာပန်းလေ ။