မွေ့နန်းရကန်/အခန်း-၃

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာ လက်စွဲတော်တို့နှင့် တိုင်ပင်ခန်း

ရတနာမှန်ကူ ဓာတ်လေးဆူတွင် နတ်လူဗြဟ္မာ သတ္တဝါတို့ ခေမာနိဗ္ဗာန် ကူးဆိပ်မှန်သည် မဟန္တောစ သိင်္ဂုတ္တရောစ ပဗ္ဗတောစ နဂရောစ ရာဇညောစ ဝိဂြိုလ်ရတွင် ဥပရဇ္ဇံ အိမ်ရှေ့ရံသည် အသမ္ဘိန္န ခတ္တိယ၏ နိဒ္ဒေသဂုဏ် စကားစုံကို ဉာဏ်မုံအာရင့် သည်ခါဖွင့်တော့မည် သိုင်းနှင့်ကျိုင်းနှင့် ဂုဏ်ကြီးမြင့်ချည့် ထိုင်သင့်သမျှ ထိုင်နှင့်ကြရော့ ပိုင်ပိုင်သသသွားသာစေ ကျက်သရေလျှံလန်း ဒဂုံနန်းမှာ ဘုန်းပန်းဝေဆာ ယဉ်နန္ဒာကို အရာကုလား သင်္ဘောသားတို့ လျှောက်ထားသမျှ နိဒ္ဒေသမှာ အရမကုန် ကျန်သေးတုံသော်လည်း ကြာငုံဖူးလို ရှူး၍အသော့ဖြေအံ့ နေလည်းဝင်လု အရာစုတို့ အမှုဆိုင်ရာ ဘာသာသွားကြလေသည့်နောက် နန္ဒာဘုရား စိတ်မအားပြီ ကစားတော်ဖက် လက်ဖွဲ့တော်ကျွန် ကျေပွန်လိမ္မာ လေးရာပိုင်ကျုံ ဇရွဲအုံနှင့် ဒေါပုံကွေ့မ ဒလမော်ဖီ ချီတော်ထိန်းတော် ရွေဖော်ဝန်းလျား ကျွန်တော်များကို စဉ်းစားရွေးယူ ခေါ်တော်မူ၍ ရောက်သော် မနောမယ မြနှင့်စိန်ရံ ဂုန္တန်ထိုးသည့်စောင်းတော်ကို ရွှေလက်တော်ရွ စိတ်တိုင်းကျအောင် လုံမကလေး ဖွေးတယ်ရွတယ် လှတယ်များနှင့် ကုလားပြောခန်း သန်လျင်ကျွန်းမှာ စိတ်တဲနန်းတော် ခံခွင့်လျော်အောင် တီးတော်မူပြီးဆိုက ကိုမော်ဖီရို့ မင်းမာတို့နား တဆင့်ကြားမဟုတ်ပြီ သင်္ဘောသားစု ဒဏ်ရောက်လုအောင် ကုသိုလ်ထူးဆန်း သန်လျင်နန်းမှာ မယ်နွန်းလှမည်မလှမည်ကို ကြံစည်တွေးတော သဘောနှင့်ချင့်ချိန်၍ ချီတော်ထိန်းတော် ကျွန်တော်မျိုးတို့ အသို့တွေးထင်မိကြသည် နန္ဒာဘုရား ကျွန်တော်များကို စကားမိန့်မြွက်ချီသော် ကိုမော်ဖီကလျှောက်သည်မှာ မိန်းမချောလျှင် ကုလားမောစု မရှိရာ မောနည်းချောနည်း လည်းဟန်မှာသာ ဘယ်အခါတွင် ဘယ့်နှယ်မြင်၍ သို့စင်ထူးလည် ဖြစ်လေသည်ကို အတည်ကျကျ မှန်ကန်လှအောင် ဘုရားကျွန်တော်တို့ မည်သို့မသိပါဟု မင်းရာဝင်ကျွန် ကျေပွန်လိမ္မာ ခြင်းရာဝေဖန် ဆုတ်ပြန်တက်ပို့ မင်းတို့စိတ်ထား အလားအလာ ချင့်တွက်သာအောင် လျဉ်းကာလျှောက်ရပေသကို ကျွန်လည်းကျွန်ယုံ ဇရွဲအုံစား စကားမပြေ စိတ်နေဒေါင်းသိုး ကျွန်တော်မျိုးက ရိုးရိုးနှင့်ပြီးစလွယ်အောင် ဆို၏ အစ်ကိုတို့နှယ် မဖယ်မလယ် ဆိုဖွယ်ရေးရာ တို့မှာမတွေ့ကြပြီဘူး ကုလားမျက်စိနှင့် မြန်မာမျက်စိ တူတူပင်ရှိတော့မည် မြင်မိရာရာ မျက်နှာရင်ဘတ် ဆံစပ်ပါးပြင်များကိုသာ မြင်တော့မပေါ့ သည့်ပြင်တိုး၍ သင်းတို့နှယ်ဆိုး မြင်ရိုးလားကွယ် အလွယ်နှင့်ဘယ့်နှယ် ကုလားမူးအံ့ ဒူးရီးဒူးရား စကားထိခိုက် တိုက်ရိုက်ကြီးနှင့်ဆိုရာတွင် ကာလံဒေသံ အဂ္ဃံဓနံ ကျမ်းဂန်ရှိလျောက် အထောက်သင့်ကြ သောကာလမို့ မည်ရရွာစား မင်းသားနှင့်ကျွန် တသွန်တည်းရော ကြိတ်၍နှောသည့်နှယ် သောကနဲအားလုံး ဗြုန်းဆန်အောင်ရယ်ကြ စိတ်လှိုင်းထမှ ဆယ်ဆတိုး၍ရွှင်သည် မင်းတွင်ခယမ်း မှုထမ်းစေပါ ကျွန်တကာပင် အရှင်မတည် မချစ်ကြည်က လူရည်ဖက်သာသာ ပညာပင်ရှိရှိ ကဝိပဲမြောက်မြောက် ပျောက်ရသည်ချည်း မင်းလည်းမွေးမြူ သနားမူကား လူရည်တန်တန် ဉာဏ်ခပ်ထုံထုံ မှုန်တီးမှုန်တား စကားအရာ မသာမချို နဂိုတော်တော်ပင်ဖြစ်သော်လည်း ပေါင်းဖော်ကြချင် ကျွမ်းဝင်ကြလို ကြည်ညိုကြလင့် ဘုန်းတန်းပွင့်လိမ့် သည်အခွင့်တွင် ထောက်ချင့်လိုက်သော် မော်ဖီကမှာ နောင်လာနာဂတ် ရပ်သာတင်းသာ အချာချုပ်ကိုင် စိုးပိုင်သသူ စိတ်ယူဝါဒ မည်သို့ကျမည် မသိရသေး အရေးကင်းစမ်း ထောက်လှမ်းမျှော်ငံ့ ရပ်တန့်ကြံစည် လျှောက်ပေသည်ကို ဉာဏ်ရည်မစုံ ဇရွဲအုံမှာ မသာမချို ယိုယိုရိုင်းရိုင်း စိတ်ရှိတိုင်းသာ စာနာမဲ့လျှင်း မင်းဖွယ်စိုးရ အဆမတော် ဖြစ်ငြားသော်လည်း ရွှေနားတော်ကြိုက် စိုက်မိသောခါ မော်ဖီကျွန်ယုံ ပညာဂုဏ်ထက် ဇရွဲအုံအလျှောက်ကို နားပေါက်မှာလျှိုသကဲ့သို့ ကိုယ်တော်ထင်သည် ပြင်ဆင်စုမရှိချေပြီပဲ လူ့လောကဓံ လူ့ထုံးစံတွင် လင်နှင့်မယား ဖြစ်တုံငြားလည်း သနားချစ်ခင် သက်နှယ်ကြင်၍ ကြည်လင်ဆပွား ကာလများတွင် မယားကစရတက်၍ တဘက်နှင့်မှီမှီ ထဘီနှင့်ခိုက်ခိုက် ပါးနားကိုလက်ဖျားနှင့် အပြတ်ကယ်ရိုက်ရိုက် သွားနှင့်ပင်ကိုက်ကိုက် ခေါင်းနှင့်ပင်တိုက်တိုက် စိတ်ကြိုက်ပင်နွဲ့နွဲ့ ဖွဲ့ဖွဲ့လိမ်လိမ် စိတ်မြန်သည်ချည်း မညည်းမညူ သဘောဖြူ၏ စိတ်ထူထပ်မျှ မရှိကြဘူး မယားကသာ ကြင်နာကျွမ်းဝင် သက်နှယ်ထင်၍ လင်ကိုထန်နွဲ့ မဲ့ရွဲ့တလီ ထဘီဖျားနှင့် အပါးဆီကို သီရီမိလျှင်ပင် မထိစေလို သဘောညိုတဲ့လို့ မရိုမသေ မထေမဲ့မြင် ငါလင်တကား မင်းယောက်ျားကို စော်ကားချင်တိုင်း နင်မရိုင်းပါနှင့် ကိုင်းအောင်ချရော့မည် မိဘအိမ်ရှင် မိမိလင်ဟု လူတွင်ညီးညီး သုံးပါးမီးလို့ အပြီးရှိပြီ ဤဘဝတွင် နင်မိန်းမညစ်နှင့် ဖြစ်နိုင်ဘူးပဲ ဆဲပြန်ရေးပြန် မုန်းပြန်လျှင်အပြစ် ချစ်ပြန်လျှင်အကျိုး မြတ်နိုးလျှင်သဒ္ဓါ ကြင်နာလျှင်ကြည်ညို မလိုတည့်လျှင် သည့်နှယ်ပင်သာ ပြောတတ်သည့်လောကဓံကို မင်းနန္ဒာတို့လည်း မပါဘဲနေသာမလား သံသရာဝဲ သည်ဆရာ့ပညာ သည်စာတစောင်တွင် တထောင့်ငါးရာ ကိလေသာစက် သုံးထောင်ဝက်ကို ရမ္မက်ပေါ်လျှံ ပြောင်းပြန်ဆန်အောင် ဉာဏ်အသွယ်သွယ် နိကာယ်များစွာ ဋီကာချဲ့ပွား စကားခေါ်သွေး စွမ်းနိုင်သေး၏ ခွေးမြစ်ရေဟန့် ညံ့သည့်ရကန်ကို လှန်လိုက်သကဲ့သို့ သူတချို့က ညှို့ရသည်တကြောင်း ကျောင်းကန်ဘုရား မသွားကြဖြစ် မျက်ချစ်လှည့်ဖြား အောက်မားသွေးငင် မုန်ယစ်ဆင်ကဲ့သို့ ရွှင်ကာသာမက မိန်းမယောက်ျား လိမ်းစားသုတ်သင် ဝတ်ဆင်ပြုစု မင်းတုခွေးသေ ရှာဖွေလှည့်ပတ် မရပ်မဆိုင်း တွေ့တိုင်းသွားလား လောကီသားတို့ မများလွန်းသောခါ ဆရာတိုင်အောင် ရောယောင်သွေဖောက် အခင်းပေါက်၍ သည့်ကလောက်အာကာ ပညာပလီ ဆန်းခဲ့ပြီမို့ သီခဲ့ရီခဲ့ သွေးသီအရာ သည်သူမှာလည်း စာကလှဲ့ချည့် လူသွမ်းပျက်ချည့် ထင်တန်လေရာ ကာလသားတို့ စကားရှာမည်ကြောင့် နန္ဒကိုအကျယ် အဓိပ္ပာယ်မစီရင် ဒီရေမြစ်ရိုးကို ငမိုးရိပ်ကယ်နှင့် တညအိပ်ကူး၍ နှစ်ပါးတွေ့တွင်မှ တဆွေ့ငင်လိုက်သည် သင်သရာညံ့ညံ့ ပစ္စုပ္ပန့်စီးပွား ခုစကားမှာ ဂေါ်မင်နာကဲ့သို့ ငွေတရာတန်နှစ်ရာတန် ရတနာနှင့် ရောလို့နေသည့်နှယ် သက်သေပုံပြင် ရာဇဝင်ဓမ္မ လောကစုံပါနေကျ ဇဝါကျံသကဲ့သို့ ဉာဏ်စီရင်သည် မင်းသုံးမှဝင်ပါစံ့ ဂေါ်မင်နာစွဲလေ ။