မွေ့နန်းရကန်/အခန်း-၂

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာ ရှင်မွေ့နန်းသတင်း ကြားခန်း

သံရောင်သံခဲ ကုတ်စွဲမယ်န ဓားမပုဆိန် သံလိမ်ဝက်အူ ဟူဟူသမျှ အစစမှာ ကမ္ဘာ့စရိုက် သံလိုက်နှင့်ပြ ယှဉ်တည့်ရလျှင် သံတကာ့အပေါင်း တောင်စောင်းလက်နား ရှောင်ရှားငြင်းဆန် မည်မကြံပြီ သံလိုက်သို့သာ ယှဉ်ကြလှာသည့်နှယ် လင်္ကာရကန် ရုပ်နာမ်ဖွဲ့ကြ လေသမျှမှာ စာ့ဆရာကြီး သံလိုက်နီးလျှင် သီးခြားမပြု သည်မှာချည်းစုရသည် အမှုမကြွင်းကျန်သာပြီ အင်ခုနှစ်ပါး စကားလေးတန် ဝေဖန်ရှည့်နှိုင်း မကန်ပိုင်းမှာ ကျိုင်းတော်ဆောက်လျှင် ကင်းခမောက်ဂုဏ် နွံကြုံပျောက်လွင့်လှီလိမ့် အရမဏီ ဘရင်ဂျီကုလားအရာ အနာပျောက်မှု ဆေးဝါးကု၍ ဥပငြိမ်သက် ရက်သုံးဆယ်ကျော်ခန့်ရှိသောအခါ ဒဂုံရွှေမြို့ နန်းတော်သို့လည်း ဆက်ပို့ပဏ္ဏာ များလှစွာနှင့် ရတနာသန်လျင် နန်းတပင်က ဝင်မည်သွားရာတွင် ဥပရာဘုန်းကြွယ် ရွယ်တော်ပျိုဖတ် နတ်စည်းစိမ်နှယ် မစိုးရိမ်လို အိမ်ရှေ့ဘုရားထံတော်ကို သင်္ဘောတော်စီး အရာကြီးနှင့် ထံနီးစေပါ ဒူတာနာရိန် မာလိန်ဆရာ ပဏ္ဏာမွမ်းဖြင် ဦးတင်ဆက်သ ခယညွတ်ရုံး ဘုန်းတော်ရိပ်ကိုခို၍ ထိုကာလတွင် ပါသမျှလူ ကုလားဖြူကုလားနီ ဘရင်ဂျီအရမဏီ ဟေရမာလီ ခရာသီများမှ စစမကြွင်း နားရင်းမေးဖျား ပါးမျက်မှောင်တံ ဆံလည်နဖူး တဦးမှာမှကြွင်းမရှိ အဖူးအပေါက် ရှောက်သံပုရာ မလ္လကာသီး ဆီးဖြူဖန်ခါး တဝါးလက်သစ် တန့်ထစ်ပြောက်ကျား ဒဏ်ရာများကို မင်းသားမြင်သည်ရှိသော် နှုတ်တော်ကချိုသနှင့် ကိုစကားပြန် မေးရန်ရှိသည် တွေးဆိတွေးဆ ဝါဒစွဲယူ လူတို့အမျိုး ဒဏ်ဖြစ်ရိုးမှာ ကိုးဆဲ့ခြောက်ပါး များစွာရှိသည်ဆို၏ သို့ဖြစ်သော်လည်း လျော်ရာလျော်ရာ ဌာနတခြား နာဖျားရှေ့နောက် တယောက်မှာသည်းထန် လျှံကာတချို့ ဤကဲ့သို့သော ဝေဒနာသည် ဖြစ်လှာကြမြဲ ဆင်းရဲရှည်တို ညီအစ်ကိုမျှ တူလိုကြသည်မရှိဘူး ထူးထူးပြားပြား သည်သူများတို့ဖြစ်ဟန်မှာ နာရပ်လည်းတူပြန် နာဟန်လည်းမခြား နာဖျားရှေ့နောက် ကြီးသားငယ်သူ ရည်တူချိန်နှိုင်း တိုင်းသကဲ့သို့ တချို့မကျန် ဒဏ်အမာရွတ် မလွတ်ကြသေး သည်အရေးကို တွေး၍မသိသာခဲ့ မင်းမာငါ့ကို တိုတိုစု၍ ခုသိသာအောင် ခြင်းရာထုတ်ဖော် အမောင် သံတော်ဦးတင်စမ်းပါ့ နန္ဒာ့ဘုရား မျက်နှာထားမှာ ပျားသကာလို ချိုချိုမြွက်ဟသော် ကုလားတမန် စကားပြန်လည်း အင်တန်တော်တော် ပြက်ချော်ရင်းမို့ မယွင်းမသွေ ရွှေနားတော်ကြား လျှောက်ထားတင်လေသည့်စကားမှာ ဗျာဒိတ်တော်တိုင်း မိန့်တော်တိုင်း ရိုင်းရာရောက်ချေသည်ဘုရား နောက်တလခန့် ဆီတွင်ကန့်၍ ကျွန့်အရှင်ဝတ် ဆက်ကပ်ပဏ္ဏာ များလှစွာနှင့် ရတနာသန်လျင် နန်းတပင်သို့ ဝင်မည်သွားကြရာတွင် တရာကျော်ခန့် နူးညံ့ရွအူ နန်းသူပျိုတော် အုတ်အော်ရုန်းရင်း နန်းပြတင်းက ရပ်တင်းနေလာပြန်သနှင့် ဘုရားကျွန်တော်များ သင်္ဘောသားတို့ နွားငတ်ရေကျ ပမာဏသို့ လှလှမြင်တိုင်း ဘာနှင့်နှိုင်း၍ မတိုင်းအပ်ပါ မြင်သာသနှင့် ခပ်မြင့်မြင့်က နင့်အောင်ကြည့်ကြရာတွင် အလျင်မိန်းမ များစဉ်ကဘက် ကုလားဣန္ဒြေ မသေချာပြီ ဟောရီဟော့ရမ်း ကစမ်းကဝါ ရှိလှာဘိသည့်နှယ် ဘုရားကျွန်တော်ငယ် တင်လိုက်မိ သို့နှင့်ပင်သာ မနေပါဘဲ ဆိတ်စာနောက်ကျ တခဏတွင် လနှစ်စင်းပြိုင် ထွက်လှာဆိုင်သည့်နှယ် ကြိုင်ခနဲမွှေး အလျင်ပြေးလှာသည် ဖွေးခနဲသာ မြင်လာတည့်သည်ရှိသော် မိမိရရ ဘယ်ဆီကကြောင့် ဖြစ်ရကြောင်းကို ကောင်းကောင်းမသိသာလိုက်ခင် ပြုလေသည့်ဖြစ်ခြင်း အမယ်မင်းကြီး အဆီးအကာ မရှိပါဘဲနှင့် ဗလာပြီပြီ အင်္ကျီတဘက် ဝတ်လျက်သော်လည်း ကိုယ်တော်တွင်မပါ ရင်သိမ်းတော်မြတ်ကလည်း မကြပ်လွန်းပါ ရတနာတဆူကို ဝေဘူလတောင် တန်အောင်လုပ်သည့်နှယ် မုတ်နန်းတော်မ ပြတင်းဝကို ကြွလာတည့်၍မြင်သော် ကျွန်တော်ငယ်ပင် အလျင်တိမ်းပေသည်ဘုရား သူခပ်သိမ်းကား ကစိမ်းကဝါး ပြန်ကြည့်ပါလျှင် သင်္ဘောသူကြီး လဲ၍ပြီး မှောက်ခီးမှောက်ခုံ အတုံပေါ်မှာ ကျွန်တော်မာလိန် စာနာရိန်ငယ် ကထိန်အလှူတွင် ပံ့သကူပစ်သည့်နှယ် ခါးဆစ်မှာကန့်လန့်တင်၍ သည့်ပြင်ဟာများ ခြားခြားနားနား အသနားတော် ထုတ်ဖော်ခံရအောင် ဘုရားကျွန်တော်ငယ် တသွယ်မှလည်းမမှတ်မိ တွန့်ခနဲလွန့်ခနဲ အမဲခြောက်ကို မီးတောက်မှာထိုးသည့်နှယ် ကိုးကွယ်ရာမဲ့ ငဲ့တဲ့တဲ့နေသူနေ အထွေထွေအလီလီ ဘောင်းဘီကိုဆုတ်သူဆုတ် ဦးထုပ်ကိုဖဲ့သူဖဲ့ မဲ့သူရွဲ့သူ ချိုးကူသလို နွားချိုသွေးသည့်နှယ် မေးနှင့်မြေမှာ မျက်နှာလည်းအထိထိနှင့် တိုက်မိခိုက်မိ ရိုက်မိကြပါသည်ဘုရား မကြုံတောင်းကို အကြောင်းမသင့် ကြုံရခြင့်ကြောင့် လူနှင့်မတူ ဖြစ်တော်မူရသည် သင်္ဘောသားကံ အိမ်ပြန်တလီ ခက်ချည်သေးတောင်း အကြောင်းထုတ်ဖော်၍ ရွှေနားတော်ကြား လျှောက်ထားလေသည် အတည်တည်သောစကားကို ဟားဟားဟားဟား မင်းသားတို့တမ်း အသွမ်းသွေး၍ လေးငါးခြောက်ခွန်း ရယ်တော်မူ သို့လျှင်မင်းမာ့ ခက်ကြရော့မည်ပ သည်မိန်းမကို ဘဝဟောင်းက ဆုတောင်းဘက်ကြိမ် သည်နန်းအိမ်မှာ စည်းစိမ်အထူး ကံယှက်ကူး၍ ဦးလည်စုံမည့်သူသည် လူချင်းလူပင် စိတ်တူခွင့်ပိုင် ရနိုင်တော့မည် မဟုတ်ပြီတကား သည့်ပြင်တခါ မင်းမာတို့ကို ကြည့်အုံးဆိုသော် ထိုမင်းသမီး နန်းထက်ကြီးကို နီးနီးထင်ထင် တပ်တပ်ကယ်မြင်အောင် ကြည့်ချင်ကြအုံးမလားဟု နန္ဒာဘုရား နန်းရန်ထားက မျက်နှာထားနှင့် စကားကြောင်းလမ်း စုံစမ်းမိန့်တော်မူလေသော် လူငယ်လူနုပ် မှုလုပ်စေပါ ခရာသီပေါင်း ခေါင်းသာခါကြ တခါကဟာ ဒဏ်ရာကိုလက်တို့ မျက်နှာညို့နှင့် နောက်သို့ဆုတ်၍ ကြောက်ရုပ်ကိုသာဖော်၏ သင်္ဘောတော်စီး အရာကြီးက သီးခြားကန့်ကွက် မရှက်ဆေးချေ ပြေရုံအသနားခံသည်မှာ အမိန့်တော်ရှိသည်နှင့် မျက်စိကိုလှည့်စား စိတ်ကိုမျှား၍ လက်ဖျားများက တစတစ အပဝတ္ထု ယာယီစုမှာ အမှုဆီးကြို ကုန်ပြီဆိုမှ နဂိုရ်သို့မရောက်တည့်ရပါ ယမန်ခါကား ဘွားခနဲချက်ချင်း နန်းပြတင်းမှာ အဝင်းတွင်ဓိပတိ အအိတွင်အဆုံး တနယ်လုံးကို အဖုံးကနီသနှင့် ပြီပြီလည်းမကြပ် ကရပ်ခါသာ ဘာမျှလည်းမခြုံ ကျေးဇူးဂုဏ်ကိုပုံလိုက်လျှင် နားအုံကိုနှက်သည့်နှယ် စကြဝါတ လေဖုံးကြွသို့ မလှတမ ကြုံရသည့်အခါဟု ဝါသလိုညာသလို ရှာသလိုအရောရောနှင့် သင်္ဘောတော်စီး အရာကြီးလျှောက်ရာတွင် နန္ဒာဘုရား မျက်နှာထားမှာ ခါတပါးထက် စကားနှင့်မိန်းမ နှစ်ဌာနကြောင့် ရယ်ဟရွှင်ပြုံး နှလုံးတော်မြတ် ကြပ်ကြပ်တိုး၍ ရွှင်သည အကြင်ယောက်ျား လေးသမားသည် တောသားကိုတောင့်တ ချောင်းဝပ်ဖွေ၍ နေကာလတွင် တောသမင်သည် အင်တန်အင်လောက် မြားဦးရှေ့က တဆွေ့လောက်တွင် ငေါက်တောက်ဦးလည် ရိပ်ခြည်မျှော်စိုက် လူနံ့လိုက်၍ နေခိုက်ကာလ ပမာဏသို့ သိင်္ဂလျှံလန်း တပင်နန်းမှာ မယ်နွန်းလည်းလှကလျာ နန္ဒာလည်းမင်းပျို နှစ်ပါးဟပ်ယှဉ် ပုထုဇဉ်ချင်း အခင်းကုန်လောက် ယင်းကိုထောက်လျှင် နှစ်ယောက်ကြိုက်မျိုး မိုးလည်းရွာဆဲ မျိုးကြဲသည့်ချိန် မာလိန်အရာ ခရာသီမူးတုန်း သုံးအင်္ဂါစုံ ဒဂုံနှင့်သန်လျင် စိတ်ဆင်ရိုင်းပေါက် ထိပ်တင်ဂုဏ်တောက် နှစ်ယောက်နှစ်ပါး ထောင့်ငါးရာဆီ နှစ်လီသုံးထောင် သမင်ဘက်ရှောက်ကတဲ ဒေါင်တိုက်သည့်လေးရှင် မြားဦးမှာသမင်နှယ် သန်လျင်ရတနာကို နန္ဒာမယူလျှင် သိက္ခူလုပ်လေမှ ဆုတ်သာပြီဘဲ ခုကာလကို လောကသနင်း ပြည့်ရှင်မင်းတို့ မင်းစိတ်မင်းမာန် အလိုဆန္ဒ ရလေမှဖက် ခက်သောခဲသော ပြောကြကတည်း နာလည်းကြိုက်ဘူး မူးတီ့မူးတား အင်အားသိမ်သိမ် စည်းစိမ်ခေါင်းပါး ဆင်းရဲသားများမှသည် ကာလသည်အရွယ် သည့်နှယ်အခင်း သက်နှင်းစရာ ကြင်နာကြိုက်ချစ် ကြုံသည်ဖြစ်မူ မြစ်ကူးချောင်းခြား ခိုးသားမုဒိမ်း ခပ်သိမ်းအပြစ် ကျားသစ်ဆင်မြင်း မြွေကင်းထူထပ် နတ်ရဲမိစ္ဆာ ဥပါစစ္ဆေ အထွေထွေမျိုး စိုးရသခင် အရှင်မိဘ ဆီးဆဟန့်တား ဖိထားကန့်ကွက် နှောင့်ယှက်ပိတ်ပင် သွန်သင်ထုတ်ဖော် ဖျက်ဆီးသော်လည်း လျှော်လျှော်တေတေ သေသေမွဲမွဲ ဆဲဆဲရေးရေး အေးအေးပူပူ ရှူရှူကွဲကွဲ စွဲမိချေက လျှော့ခဲလှ၏ လောကသခင် ပြည့်ရှင်မင်းသား အားလည်းတက်ချိန် စည်းစိမ်ရွယ်တန် ကံလည်းပင့်တုန်း အာဏာဘုန်းနှင့် ကြိမ်လုံးဆော်နိုး ဘုန်းတန်းတိုး၍ ငမိုးရိပ်ကျွန် ကျိုးနွံခယမ်း မှုထမ်းစေပါ သို့လောက်အင်နှင့် သခင်ပါကို ဘယ်မှာနေဘိမည် စိတ်ကိလေသာ မကွဲမအာ ကျည်ကိုကလုံသနှင့် ယမ်းကုန်အောင်တက်ကရော့ လျော့ပြီဘူးလို့ စူးကုန်နှင့်စိတ်ပိုင် ဘဝဂ်တိုင်ကြရော့လို့ ကိုင်လိုက်ရာသည် လွမ်းတာသာဝေးရော့မည် တက်လေးသာခံတဲ့လို့ လံလှအောင်ဆွဲ ကာလံဒေသံ ဓနံဉတွာ ကာလသိရကန်တွင် အင်တန့်အင်တန် သူ့ဉာဏ်နှင့်သူဆန်းလို့ နန်းပွဲမြို့ကြီးတွင် ရှုမငြီးသည့် သမီးရတနာကို တန်ဆာဆင်ယင် ကွမ်းပြင်ကွမ်းဆက် ဆင်တက်မြင်းစီး မိန်းမကြီးမိန်းမငယ် မိန်းမလယ်သန် ဝတ်ဟန်ထုံးဖွဲ့ ပရိယာယ့်လက္ခဏာ မာယာအဝင် သင်တိုင်းအင်္ကျီ ထဘီဆင်တဘက်ပုံ အလုံးစုံကို ဆိုကုန်သည်ချည်း သို့ကတည်း နည်းရင်းကမူ ဓိပ္ပာယ်တူ၏ စကားယူစကားငင် အစီရင်တခြား စကားထုံးနည်း နိဿရည်းဝေဖန် အကြံအစည် အလည်အပတ် အသွတ်အသွင်း သည်အခင်းမှာ ဥပမာမူ အတူတူပင် ပိုးချည်သွတ်ဝင် ပုဆိုးဆင်ကဲ့သို့ ဆင်မစုံဂုဏ်မတူ လူနှစ်ယောက်ကို ဘောက်ခနဲရှေ့က တန္တုဥပမာပြလိုက်မည် နှာခေါင်းဝသည်တွင် ပါးပြင်လည်းသည်အရပ် ပါးစပ်လည်းသည်တွင်ရှိ မျက်စိလည်းမခြား နားလည်းမထူး နဖူးကလည်းအတူတူ ရှိကြမူ၏ လူလှနှင့်လူကန် လူနှစ်ဦး၏ ကျေးဇူးကိုစံလိုက်လျှင် အလံအထွာ အတာမက ဝေးပြန်ရသည့်နှယ် သည်ဆရာ့စာဓိပ္ပာယ် သည်နိကာယ်သည်အင်္ဂါ သည်ဋီကာသည်ဝတ္ထု သည်အမှုပက်ပါ မမှတ်ရဘူး အချအစီရင်ကို ပြုလိုစိတ်ခြား ဝါးတလုံးကို သုံးလိုက်မည် တစုမှာကနုတံ တဖန်ခေါခွက် တဝက်မှာတံစို့ တချို့မှာကင်ပျစ် တဆစ်အခြား ဘုရားတင်ရန် တံခွန်တိုင်ထီး တသီးတဝ ဖြစ်ပြန်ရသည့်နှယ် မရေရာ့တောတွင်းသံ ကနုတံခေါခွက် မျက်နှာရိုင်းလူဆင်တန် သည့်နှယ်ဉာဏ်များနှင့် မလ္လာယုကျွန်းထက်မှာ သရက္ခန်နံ့သာ ဂန္ဓမာနန္ဒမူ လိုဏ်ဂူဝက မဉ္ဇူသကပန်းမြတ်ကို ဒဟပ်မွဲယောင်း ထနောင်းကြောင်ကျစ် ဆူးရစ်ချင်းယား သနပ်ခါးနှောထိမ် လိမ်အပင် သုံးမဝင်သည့် သစ်ပင်များဖြစ်လျှင် ဘွားခနဲသန်းခေါင်ကျော် အိပ်ပျော်တုန်းလားလားကို လက်ထားများဆိုးခိုက် မနိုးဘဲယောင်သည့်နှယ် အရည်ယောင်ပညာယောင် မှားလို့ပက်ယောင်လိုက်သည် ရွှေညောင်ဗုဒ္ဓဟေ ကမ္ဘာ့ကျက်သရေ ရွှန်းဝေနီတျာ ညွန့်သန္တာကို ငါလည်းညောင်သူလည်းညောင် တူယောင်ယောင်နှင့် ဆင်စားညောင်ခေ ညောင်သပြေများက လေစေကြေမည် ညောင်ရေပလ္လင် သင်ပုတ်စင်များနှင့် မင့်အဆင်ဆိုင်ပါစံ့ အနိုင်ယူမချည်း လဲကထူလဲကထနှင့် ရယ်စရာ့အဖြုန် ဘဲ့နှယ်ဂုဏ်တဲ့လဲ ဂုဏ်ဆန်ကွဲ သုံးဆယ်ပြည့်နှစ် သက္ကရာဇ်က စစ်ရှုံးကြီးမှာ ခုတ်လိုက်သည့်တရုပ်မိုက်တွေ ဂုဏ်ကဲ့သို့ အသေခံဂုဏ်ကို ဂုဏ်ပြု၍ပြောမလား ဂုဏ်လောတာရဲလေ ။