မွေ့နန်းရကန်/အခန်း-၁

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
သင်္ဘောကုလားများ ရှင်မွေ့နန်းကို တွေ့မြင်ခန်း

ရာဇဝင်ရှည်ကြူး စကားဦးကို ဆွတ်ခူးနယ်ဖြန့် ရှည်ရှည်ကွန့်ရလျှင် ပစ္စုပ္ပန့်စီးပွါး စကားချိုသာ ဝစနာလင်္ကာရ ဝိဂ္ဂဟဖြင့် ဝါကျစိတ်ရောက် မကျဉ်းလောက်မည်ကြောင့် ဘောက်ခနဲကြားသူ သဘောမြှူလိုက်မည် ကုလားဖြူကျွမ်းထိုး ငမိုးရိပ်စီး နီးတည့်မည်အတွက် ကြက်တူရွေးစေ စာအနေရှိ ဆီကိုထိတည့်အောင် ကိရိယာမဆိုင်း အလယ်တွင်ပိုင်းလိုက်မည် လူတိုင်းစိတ်သွားနှင့် နားအာရုံခံ ဩဇာသံတွင် ဗြောင်းဆန်ကြရော ပတ္တလားကြော့ အလယ်ကော့မှာ ဆော့လှသည့်ဆရာ့လက်ဖျားလို မယ်နွန်းနှင့်နန္ဒ ကြိုက်ရင်းစမှာ ကုလားစကားတွင် ဆင့်ပွါးထပ်လောင်း ကြားလေကြောင်းကို ခေါင်းတည်၍ရှေးဦးဆိုမည် ပဟိုရ်နာရီ မြှောက်ချီအိမ့်ရှင် ပစ္စင်ရင်တား တံခါးကျုံးမြောင်း ပြတန်ဆောင်းနှင့် တကြောင်းတသွယ် မယ်နွန်းသခင် ရွှေပြည့်ရှင်လည်း မြို့သန်လျင်က ဆင်ပျံမင်းလွှင့် တောင်နန်းမြင့်မှာ ဘုန်းပွင့်ရတနာ နန်းလျာရည်ရွယ် နုနယ်ဖြူပြာ ယဉ်နန္ဒာ၏ ရာဇာဖခင် ရွှေပြည်ရှင်လည်း အင်ခုနစ်စုံ မြို့ဒဂုံမှာ လောက်လုံဖြီးခိုင် အပြိုင်မင်းပြုကြ၏။
ထိုကာလတွင် ဌာနခြားသည် သင်္ဘောပြည်နှင့်လည်း ချစ်ကြည်လှစွာ ပဏ္ဏာဆက်ရောက် ဖောက်ကားရောင်းဝယ် ကုန်စယ်သွားလား အခြားဟူ၍မထင်ကြ ထူးလည်းဆန်းပြား ကုန်သည်များနှင့် စကားတုံ့ပယ် ယက်ကန်းရှယ်သို့ ဘယ်တွင်မပြတ် လေးမြတ်ကျွမ်းဝင် ချစ်ခင်ကြင်နာ မေတ္တာသဘောမျှ၏။
တရံကာလ ဇိနပတ္တံ နိုင်ငံမြို့နေ ပေတလူပါတလူ မုတ်ဆိတ်ထူကုလားဖြူတို့ ဘူလီဘူလာ ဘဏ္ဍာတော်မင်းသုံးရန် သုံးပင်တိုင်ကြီး သင်္ဘောစီး၍ ပန်းကြီးခုံမင် သန်လျင်ဘက်သို့ ဒီတက်တွင်ဆိုက်လှာကြသော် ဆက်သရန်များ အခြားခြားနှင့် ကုလားတရာကျော်သာသာလောက် ဘာဝါမာတေ မော်တာလီပေ ဟေရမာနီ ရည်တရာရီ အရမဏီ ခရာသီအစုစု နှာခေါင်းချွန်တက် မျက်ဆန်ကြောင်တောင် ကြေးနီရောင်နှယ် ပြောင်တလောင်လောင် နှစ်မြောင်ကျင်စွယ် နားသယ်ကိုထိ ပစိပစပ် လပ်ရပြီဘူး ကူးသန်းယှက်တင် ပိုးခင်ကိုဖြတ် ဆတ်သွားနှင့်ငင် အမြင်ရှုပ်အောင် ပွေလောင်၍အထွေးပြုသို့ ဆက်စုဥစ္စာ ဝန်ထုပ်ပါနှင့် ဖွာစာကြဲအောင် လဲပင်ထက်က ဇရက်တွေစုတ်သည့်နှယ် မုတ်နန်းတော်နှင့် မြင်ထောက်သင့်သည့်အရပ်တွင် နေ့နှစ်ချက်တီး ခန့်လောက်နီးတွင် ပရရှီးနှော ပတောပရိုက် နောက်လိုက်ရှေ့သွား ကုလားနီဖြူ မုတ်ဆိတ်ထူတို့ကို နန်းတော်သူများကမြင်လေသော် အလိုသခင် အရင်ရှေးက မြင်ရဘူးပါ ဘယ့်နှယ်ပါတုံ အပုံကြီးလေ အမွေးတွေနှင့် ဘာလေလဲသိ ကြောက်ပါဘိ ဟစ်ကြော်ဟီးကြော် ခေါ်ကြပြေးသွား သိကြားဘုရား ကယ်ပါလားယူပါလား။
နန်းသူတို့အသံကို ပျံကျမိုးသူ အူရွနိုးစညံ့စိ သိပါပေလဲ ရွှေနားတော်မြတ် ကြားသည်ရှိသော် အလို ကြောက်ပါဘိ လန့်ပါဘိ ဘာလဲသိ ရှိသေးသလားပြစမ်းပါ ရတနာရင်သိမ်းကို မိန်းမတောမှာမို့ လျှောချင်လျှောရော့ လျှော့သကဲ့သို့ နိုးလို့ပြီးခါ ဗလာပြီပြီ အင်္ကျီမျှလဲ ပါပါဘဲနှင့် ဝဲလင့်အတွင်း ပြတင်းကျယ်အပေါက် နှစ်တောင်လောက်တွင် နှစ်ယောက်ကယ်ပျိုတော့် ပခုံးပျော့မှာ ဖော့ရုပ်ကယ်ညံ့စိ လက်တော်နှင့်ဖိပြီးလျှင် ကိရိယာဆင်လိုက်သည် ရွှေရင်တော်မှာဓိပတိ မို၍အိအောင် တဆောင်လုံးနွဲ့ လုပ်လဲ့လဲ့ ကြွတဲ့တော်မူလာ၍ ကွမ်းဝါငုံလို့မှုန်စီစီ ထမီကတွဲ့တွဲ့ လုပ်လီလုပ်လဲ့ ပြတင်းကျယ့်အဝမှာ ပပကလေးငယ် တိမ်မှေးစင်တုန်း တန်ဆောင်မုန်းမှာ သုံးလေးငါးထောင် ကြယ်များဘောင်ဝယ် အရောင်ထိန်ဝင်း ရွှေလမင်းလို နန်းတွင်းသူစု မိန်းမနုတို့ မြင်သူ့စိတ်ကို လိပ်ပြာများစဉ် ဇောများရွှင်အောင် ယဉ်လှသည့်မျက်နှာနှင့် မွှေးပါလှိုင်ပါ ကြိုင်ပါဘိသည်လည်း နတ်နံ့သာလို စေတနာစုံပေါင်း ရှိဟောင်းသွေးကို အမွှေးထပ်ဆင့် တဖျင့်တပါး စိတ်ချောက်ချား၍ မှောက်မှားဝေနောက်တည့်စရာ ယဉ်မျက်လုံးတော် အာနုဘော်ကို မျှော်၍စိုက်လှည့် မှိန်းဆင်ကြည့်သည့်နှယ် တည့်တည့်လည်းမရှု သျှိုပေါင်းစုမျက်နှာကို ဝေရဟတ်မာလိန်ဖြူ ဇူရဟတ်နာရကပ်ကယ်တို့ ရပ်တည့်၍ပြီးလျှင် ယောင်တီးယောင်တ ပျာကရာလာ သင်္ဘောစီးမျိုး သိုးဆောင်းလူနီ ဘရင်ဂျီတို့ မှန်စီနန်းမ ပြတင်းဝမှာ လှနားသတ်ကယ်ကို တလတ်ကယ်မြင်တည့်ရာတွင် ဥပမာကိုဆိုလိုက်လျှင် ထိကရုံးပင် လန်းလန်းရွှင်ကို ကြည့်ချင်လှလို့ လက်နှင့်တို့သည်နှယ် ကိုယ်နှလုံးကို ဆုံးဆဝေခွဲ နိုင်ပြီဘဲမို့ ဝဲလို့ဝဲလို့ အချွဲများဆို့သည့်နှယ် တချို့ကသေဇောငင်သည် ဘရင်ဂျီဒန်တပ် ဝေရဟတ်ကယ်တို့ မအပ်မရာ သိုးပါလူပါ ဟေရမာရီ အရမဏီ ခရာသီတို့ ဘန်တီဘန်တွတ် ရေရွတ်စုံစီ ဒီတက်လို့ စက်ငင်ကြပြီးတင်ကြသလို ဘရင်ဂျီလူတုတ်ကြီး မုတ်ဆိတ်မွေးဖွားစည်ကို ခရာသီဆွဲ၍ လဲသူတမျိုး ကျွမ်းထိုးသူတသွယ် ကိုးကွယ်ရာမမြင် ထင်ကြသည်အလွဲလွဲ စွဲမိသူအထူးထူး နဖူးကိုမြင်သူ ဘရဘူဗြောင်းဆန် လည်တံကိုမြင်သူ မျက်ဖြူဆိုက်ငြား သွားပါးကိုမြင်သူ ပင့်သက်ရှူအော့အန် ကျွမ်းပြန်၍တစောင်း လက်မောင်းနှင့်ရင်ဘတ်ကို တပ်တပ်မြင်သူ ကုလားဖြူများ ဘားစီခုန်၍ ဘလုံထိုးသူထိုး သိုးများကိုကိုက်သူကိုက် ရိုက်မိသူရိုက်မိ ရိုရင်းဦးထုပ်ကို မဟုတ်သည့်အနေမှာ ရှာဖွေ၍စွပ်တဲ့သူစွပ် တရွတ်နေကရွတ်ခွေ ရွှေနန်းတော်တွင်း မြေတလင်းသဲဖုတ်မှာ ကုန်ထုပ်နှင့်ကုလား ဘားမျက်ဆန်လည် မတည်ရပ်နိုင် အမူးအလဲ ခေါင်းကွဲနံပေါက် မျက်ခေါက်နှာယောင် မလပ်အောင်ပင် ဖူးရောင်နက်မည်း ညှို့ကျည်းဒူးစွန်း ဒဏ်ရာများပွန်း၍ ယွန်းထိုးအစ်ကဲ့သို့ ခြစ်မိစူးမိ ကိုယ့်မျက်စိပင် အရိရှာ၍ ဗျာပါလှိုင်သည် ထနိုင်သူမရှိကြပြီဘူး လောကပုထုဇန် အန္တရာယ်ဝေဒနာ တွေ့ကြရာမှာ သေစာသစ်ဝ နဂါးအရိပ် မြွေဆိပ်မီးယပ် ဖျပ်ခနဲလန့်ခနဲ ဖရဲသခွား အခါးဇီးဖြူမြစ် ဆူးရစ်ကျွေးစိမ်း ပိန်းပဒိုင်းသီး တေပြီးမြားစေး ဘင်မွေးမှိုရိုင်း ပဒိုင်းပျားရည် ရှမ်းပြည်ငန်းသိမ်း ပိန်းမဟော်ရာ ရာကွတ္တိဆေး မဲထွေးစိမ်အိုး ချဉ်မျိုးချက်မိ မှားသည်ရှိလည်း ဤနည်းအတူ အဆိပ်ပူကို လူတို့စားမိ အသော့သိလျှင် ဉာဏ်ရှိသည့်အလျောက် တောက်ရပ်ကြိတ်မှန် အန္တရာယ်ပြေ ကဝေသာရ ရောဂနိဒါန်း ဆေးကျမ်းဆရာ ပညာအလျောက် ဘောက်ခနဲလျင်လျင် ကုမခင်သော် အင်တန်အင်မျှ ချမ်းသာရလိမ့် သိင်္ဂလျှံလန်း တပင်နန်းမှာ မယ်နွန်းအချောနှင့် သင်္ဘောသားမျက်စိ သိချင်ရော့အပြေး ဆေးတတ်သည့်ဆရာ ရှာဖွေထောက်ရှု ဘဲ့နှယ်ကုရော့ ခုမြင်ခုမူး ခုရူးခုလဲ ခုစွဲခုကော့ ခုအော့ခုအန် ပြတင်းပေါက်ကယ်က အလျှောက်ကယ်မြင်တည့်၍ သေချင်လျက်ကယ်နှင့် ကုလားသက်ပြန်သည် သည့်နှယ်လူတန် သည့်ကလောက်ဉာဏ်များနှင့် တရံခဏ စနက်ကိုမီးရှို့သကဲ့သို့များ တို့စေရလျှင် ဖျပ်ခနဲလော၍ သေဇောများငင်မည် ဘရင်ဂျီအရမဏီ ဟေရမာလီ ခရာသီကုလား စိတ်ထားနှင့်တကယ် ရွယ်ရမည်မှန်လျှင် ရန်ပုံခွင်းအမြောက်ဆန် နားသယ်ကိုမှန်သည့်နှယ် ကျွမ်းပြန်လို့မူး စကားပေါ့စကားလျှံ စကားတန်စကားခေ ဆိုလေသည်မမှတ်နှင့် ပိဋကတ်မှာ ဥမ္မာဒန္တီ ရုစိရပဘာ လှကလျာငယ်ကြောင့် မင်းဆရာပုဏ္ဏားတွေ တခါတည်းသေလုပြီ စာပေမှာအထင် သင်္ဂါယနာဝင်စကား ဆင်ခြင်လေဦးလေး ။