မွေ့နန်းရကန်/နိဒါန်း

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
ကျမ်းဦး အစပျိုးခန်း

အောင်စေသတည်း နိဿရည်းဖြင့် ဆုလည်းမြွက်၍ အောင်မည့်နေ့ကို ရန်တွေ့စေဦး အောင်ညွန့်ခူးလိမ့် ဘီလူးသဘက် နှောင့်ယှက်ကပ်မှီ ဝေသာလီဝယ် ညီတော်ဘုရား ရတနသုတ္တန် ပရိတ်သံကို ဝေးလံဌာန ရှောင်ဘူးရပြီ မာနပြိုင်တု အကြမ်းမှုကို အနုဖြင့်သာ အောင်စေရာသည် ဆင်ကြမ်းခေါင်ကျော် များပင်သော်လည်း ဦးခေါင်းပေါ်က ချွန်းရိပ်ပြလျှင် ခယကျိုးနွံ အညံ့ခံ၍ စောင်မာန်ချလျက် အာဏာစက်ကို ငြိမ်သက်ကောင်းစွာတည်ရှင့် ။
ဦးလည်နားပါး ထောင်လွှားခုန်ပျံ အမြန်အလျင် ကျွမ်းကျင်လှသည်မှန်စေဦး သမင်ပြေးနှင့် မြင်းပြေးနှစ်ဝ နှစ်ဌာနကို အရရွေးသော် တပြေးမှာအရူး တပြေးမှာကျေးဇူး ဂုဏ်မကူးသာဘူး အရူးနှင့်အယဉ်ကို ယှဉ်၍တိုင်းမြဲ ဟုတ်ချေဘဲမို့ မင်းပွဲစိုးထံ ပနံဘယ်နှယ်ကူးအံ့ ။
တဦးကမှာ မြစစ်အမျိုး ပိုးမည်းတောင်စာ လည်ကုပ်ညှာလို့ သံပုရာသီး ခန့်လောက်နီးနှင့် တဦးကမှာအဖျင်း နှင်းဘူးကွဲစိန် ဂုဏ်ကသိမ်သူနှင့် အရှိန်မကောင်း ဒေါင်းမြီးမှာအကွက် လက်မသည်းကြီး ဆီးရွက်ခန့်လောက် မောက်မောက်ရောင်ပွင့်ပွင့်ကို သင့်သင့်ကသာ ခပ်ကွာကွာက လာသမျှလူ မည်သူမရွေး ဈေးနာရမည်ဖြစ်ချေလျှင် ရာပြတ်လူပြည် မြသန္ဓေကို ကဝေမြောက်ဉာဏ် ကုန်စင်ဖန်၍ ဝေဖန်နိုင်သူ ဖြစ်လျှင်မူကား မြသာထူးခြား၍ဂုဏ်ထင်အံ့ မြင်မြင်ရာရာ ရတနာကို မျက်နှာရည်စူး မကြည့်ဖူးလူ တောင်သူလယ်လုပ် နုပ်နုပ်ဖွဲဖွဲ မင်းပွဲမဝင် ပြင်မျက်စိသာဖြစ်ချေက ဖန်စိမ်းနှင့်မြစိမ်းကို ပလိမ်းပကျံ တူဟန်ကဲ့သို့ ကိုယ့်ဖို့ကိုကိုယ်ပြော၍ ထောမနာချက် ရှက်စချင့်ဖွယ် ဂုဏ်ငယ်နှင့်ဂုဏ်ကြီး ရီးယောင်ယောင်သဘောကျလိမ့် ။
ခုကာလတွင် လွှသမားမှ လွှနားခိုက်ကို ပုရပိုက်တဆူ ကန့်ကူတတံနှင့် ရကန်နောက်ပေါ် မနော်ကာရန်များကို လုပ်ပြန်ကာမျှကသေးဘူး ဘယ်သူ့လုပ်စာ ဘယ်မြို့ရွာက ဆရာကိုဘယ်သူ မွန်းမြူမွန်းနီ သူစီသည့်စာကို ယှဉ်လှာလျှင်ရိုင်း တိုင်းလှာလျှင်ပျောက်ကရော့မည် အမောက်အချိပ် အနှိပ်အနယ် စွယ်ရောင်ချိုဝါ ပါပြန်သည်အထူးထူးနှင့် အရူးလို့ခေါ်ရမည်လည်း မနော်ကာရန် ရကန်များကိုလည်းလုပ်ပြန်ခဲ့ ။
ဝတ်ဖြူနှင့်ခေါင်းတုံး သီတင်းသုံး၍ မြှုံးကြီးကိုထောင်ပြန် ဓားလှံကိုစွဲကိုင် မှုမဆိုင်သည် အိုင်မှာငါးကိုသဲ့လို့ လူရွဲ့လူမွှေ လူတေလူမွဲ လူဆင်းရဲကို အစွဲမပြု အမှုမမှတ် အလွတ်လားလား ထားရမည်လည်း အထည်ကြီးအောင် စွယ်ရောင်ချိုဝါတပိုင်းနှင့် သက္ကလပ်ခြုံ ကျစ်စုံပန်းကွက် ဝတ်စားချက်မှာ လက္ခဏာရေး မှူးသွေးမတ်ရည် အထည်နှင့်အသွင် မြင်သူဝိုးဝါး စကားအကုန်ပင့်၍ ချင့်တွက်စရာ ပညာနုသူ ဖြစ်လျှင်မူကား လူယဉ်နှင့်လူရိုင်း ငါးသိုင်းနှင့်ငါးကြင်း အခင်းတွေ့၍နေရာသည် ။
ပေါက္ကံမြို့ကို တို့သုံးလူ့ဖျား ဗျာဒိတ်တော်ထားရာမှာ အဖျားကားဗျိုင်း အောက်ပိုင်းကားဖား အလယ်ကားဖွတ် ထိုသုံးရပ်ကို စပ်၍နှိုင်းသော် ဗျိုင်းအလိုမြတ် ဖွတ်အလိုသော် မတော်မမှန် ပေါက္ကံနှင့်ဗျိုင်းဖားဖွတ်ကို မမြတ်သာမနိမ့်သာ ရှာ၍ယူသော့ခါ အအူပေါက်သည့်ချည်သို့ အရည်တူတန် ရကန်သီချင်း ပုံစံခင်းလျှင် ထိုသစ်ပင်ကို ရှင်ပါကူတည်း ရှင်ကစ္စည်းလို့ပင်ခေါ်ပြန်ရ တောင်ရိုးတခွင် အင်တိုင်းပြင်မှာ အပင်မဝေ အနေမမြင့် အပွင့်မမွှေး မလေးစားလောက် မွဲခြောက်ဖျော့ဝါ ခေါ်ကြရာမှာ ရဟန္တာအမည် သူ့အရည်ကို အထည်နှင့်အနံ အင်တန်ပါပဲ သို့ကတဲလဲလူလို့သာ ခေါ်ကာနှင့်မပြီးကြဘူး တဦးကမှာ ရွပါနုပါ လှပါဘိခြင်း ရွှေနန်းတော်တွင်း နှင်းဘူးဖန်အိုး မင်းသုံးမျိုးပေ ညောင်ရေတော်ပွဲ နန်းတော်ထဲမှာ ရွှေခဲစာရု မိန်းမနုသား လက်ဖျားညွန့်သွယ် ဖော့အူနှယ်သွင် တင်၍သုံးသည့်ဥစ္စာပေ ဟိုတဦးမှာ ဗူးဖရုံရိုင်း အင်တိုင်းရေဆောင် ပလောင်ဓနု ပြုကျင့်သမျှ ကျကျကွဲကွဲ ဆွဲဆွဲလွယ်လွယ် ရေသယ်နေကျ ရိုင်းလှသည့်အနေနှင့် ထိစေတိုက်စေ ရိုက်စေရမည်မှန်ချေလျှင် အကျော်စမ္ပာ နံ့သာနှင်းရည် ထည့်သည့်ဖန်အိုး ဘူးရိုင်းမျိုးနှင့် အဘိုးမမျှ ဂုဏ်ကတခြား ရွရွသားသား ပါးပါးလုံးလုံး သဇင်ကုံးစိုက် မပြိုင်ထိုက်ပေဘူး တိုက်မည်ဘူးကား အရူးသား သူကားဘယ်ထီထင်အံ့ ။
စာစပ်နှင့်လင်္ကာ ကဗျာဆိုခြင်း စိုးမင်းသခင် အရှင်များထံ ရကန်နှင့်လျှောက်ရမည် တယောက်တဖက်မှန်စေကာ ကွမ်းဝါနှင့်ဝေး ဆီမွှေးနှင့်ကင်း ရင်းဘူးရေသောက် ကင်းခမောက်နှင့် ပေါက်ကရသုံး တုံးပေကတ်စ ရပ်ဒေသက ရိုင်းလှသည့်စာ ပစ်သောခါလည်း ဇာတိမင်းနေ ရွှေပြည်ရကန်က သည်းခံနိုင်ဘူးလို့ ရူးနှယ်ရိုင်းနှယ် အင်တိုင်းနှယ်လို့ ဆွယ်၍မလိုက်သာသည် ပိုးဝါနှင့်ချည်ဝါ နံ့သာနှင့်ဒဟပ်သား ဆားနှင့်ဖုံးမသိန် စိန်စစ်နှင့်ဖန်ကွဲ ပုလဲနှင့်ယောက်သွား သကြားနှင့်သကာ နဂထာနှင့်ရွှေရွက်ပြား ငါးရိုးနှင့်ဆင်စွယ် တယ်လူးနှင့်ပေါက်လှ စသာနှင့်ငချိပ် ရိုးရိပ်ယောင်မှား အဖိုးထားမျှ ခြားနားဝေးလံ ရကန်သီချင်း သဘင်တွင်းမှာ လူလင်းနှင့်လူမှုန် ကံကြောင့်ကြုံကြသည် ဂုဏ်ကလည်းနှစ်ပါး နားကလည်းနှစ်ထွေ နှစ်သွယ်စီနေသောကြောင့် နားပြေနှင့်လူလိမ္မာ စာယဉ်နှင့်စိတ်သွား နားမငုံမိ ရှိပြန်သည့်ကာလ ပြည်ကြီးသားပါးစပ်က ထောပတ်ကိုစားချင် ကရင်ငါးပိ သိသူနှင့်မသိသူ အယူနှစ်ကွဲ ပုလဲပုတီး လုံးကြီးထိန်ဝင်း ပယင်းပုတီး ကွမ်းသီးခန့်လောက် ရဲတောက်တောက်ကို ကောက်ကရော့ကြိုက်ရာ ပေးတည့်ပါရော့ ရတနာနှစ်ကွဲတွင် ပုလဲမှာလူလင်း ပယဉ်းမှာလူတိမ် နှလုံးငြိမ်၍ အိမ်ပါယူလိမ့်မည် နားဆန်းနှင့်လူလိမ္မာ ဂတိသို့မပါ မှန်ရာသာဆိုမည်ဖြစ်လျှင် ဂြိုလ်စီးပင်နာနာ ဇာတာပင်ယိုယို မှန်တိုင်းသာဆိုပါရော့ နဂိုရ်ယဉ်စာယဉ် ဆရာယဉ်က စိတ်ယဉ်နှင့်ဖွေရှာ၍ စာယဉ်အောင်စီလိုက်သည် ထီတိုင်အောင်စံရော့ ရကန်တွင်ဖြစ်လျှင် ပြည်ညောင်ပင်ကဲ့သို့ လေတံကျင်လေစောင်းထောင် မုန်တိုင်းလေဖက်၍ မိုးသက်လေတထောင်ကို ဘရဘောင်ဆင်စမ်းတော့ ထီထင်ပေဘူး တိုတိုသာစုတော့မည် ကာရန်မှုတွင် တုချင်ရကန် ယှဉ်စမ်းမည်မှန်လျှင် ရေဆန်ကိုချင်းတွင်း မင်းခင်းမြို့ရောက် အောက်ကိုရန်ကုန် မြစ်ညာကိုကောင်းတုံ နယ်ကုန်ပတ်ဆို့ တို့မြန်မာမျိုး ဆိုရိုးနည်းတူ တောင်ငူတောင်တွင်း ယောထီးလင်းနှင့် ဒီပဲရင်းငသတ် ဂဗ္ဘေအန္တေ စရေဝံသ စလေပေါက္ကံ သိန်ကန်ကရကဋ် လက်ဓာတ်ဖိုမ ဌာနမြို့ရွာ ရတနာပုရ ရွှေဝကံကျွေး ကျေးလက်နိုင်ငံ တိုင်းပတ်ရံတွင် ရကန်လို့ပြောလျှင် ဩဓိသမေတ္တာ ဝန်ချနှင့်ဝန္ဒနာ မာနကိုလျှော့၍ ကန်တော့ထိုက်စွာသည် သူလျာတဆူကို ဇမ္ဗူဒီနယ်တွင် စကားကျယ်ဖြန့်လိုက်လျှင် ကန့်သတ်၍မမှန်နိုင် ဂုဏ်ညွန့်တွေစုရသည် ကုသိုလ်ထူးဉာဏ်ကို အမွေခံကြွယ်စရာ့ဓိပ္ပါယ်တော်ထူး စကားအရာ သဒ္ဒါငံငံ ခြောက်တန်ကာရက နယလေးဆယ် ခုနှစ်သွယ်ဝိဘတ် ဓာတ်ပစ္စည်းဂိုဏ်း ဌာန်ကရိုဏ်းနှင့် အနှိုင်းအဆ မုချဥပစာ နည်းစုံစုံပါစိမ့် ဘယ်ဘယ်ညာညာ လက်ျာကိုဆွဲဆွဲ လက်ဝဲကိုလိမ်လိမ် နပ်လှသည့်ကြိမ်ကဲ့သို့ စကားအိမ်စကားနွယ် စကားသွယ်စကားရုံ ဓိပ္ပာယ်စုံပါစိမ့်မည် ရွှေဒဂုံငွေဒဂုံ သိင်္ဂနိက်နန်းလုံမှာ ပဒုမ္မာသဏ္ဌာန် ကြာဝတ်ဆံစုကဲ့သို့ နုလှသည့်နန္ဒာနှင့် နာရဏီနန်းမြင့် ယဉ်ခိုင်ဆင့်မှာ သန်လျင့်ရတနာကို ဆရာယဉ်လျာယဉ် ပုထုဇဉ်စိတ်ဝိညာဉ် သံယောဇဉ်ကို ပညာယဉ်ဖွေလိုက်မည် ကုလားတွေမူးစဉ် သဉ္ဇာလီအခင်းနှင့် ပြတင်းတော်အဝဝယ် အိပ်နိုးထမှုံတုံတုံ လိမ်းသားကမကုန့်တကုန် ကွမ်းယာကိုငုံလျက်မို့ လက်ျာဘက်ပါးနုက စုတုတုသင့်ရုံရုံ ဝတ်လဲတော်မခြုံ့တခြုံ ရင်သိမ်းတော်ပန်းပြော့က လျော့တော့တော့မလုံ့တလုံ ဂန္ဓမာအနံ့က သင်းပျံ့ပျံ့မထုံ့တထုံ ကုံကုမံပန်းနံ့က လန့်လုအောင်ကြိုင်တလှိုင်လှိုင် စိုင်ရှူးကြယ်ပြောင် ယုဂန်တောင်က ရောင်ဖြူလာနံနက်ကို နှစ်ခုပြိုင်ထွက်သည့်နှယ် မျက်လုံးတော်ဖြိုးမောက်က တောက်လုလုတောက်ချင်ချင် မှိုင်းပင်ယဉ်နု ဂွမ်းစုပိုင်းပုံ ရွှေဒဂုံတောင်စွန်းက ထံညွှန်းသည့်သခင်ကို ရင်ခွင်ထက်မှာ သန်လျင်ရတနာနှင့်ရင်ဘတ်ပါ မျက်နှာလုပ်လဲ့ ရုပ်ဖွဲ့နွဲ့ သဲ့လို့သာတိုးရာတွင် ငမိုးရိပ်သခင်က အကြင်နာလွန်လွန်းသည် ယဉ်မော်ကွန်းစာကို ကုမ္မာရီမဒီ နာရီကလျာ ပညာယဉ်စိတ်ယဉ်နှင့် နားယဉ်ပြီလို့ဆိုရလျှင် အိုအိုပျိုပျို သူ့နဂိုဉာဏ်ဆန်းလျှင် ကမ်းကုန်အောင်ကြိုက်နေကျ သံလိုက်နှင့်သံကဲ့သို့ နန္ဒာနှင့်နားယဉ်မှာ ယှဉ်မိလျှင်ခွာချင်ပြီဘူးတည့် စာယဉ်ခေါင်ကြူးလေး ။