မွေ့နန်းရကန်/အခန်း-၁၀

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မယ်နွန်းထံ သွားသင့်မသင့် ဆွေးနွေးခန်း

ရမ္မက်ဖုံးလွှမ်း လူတို့တမ်းတ ရဟန်းရှင်လူ မည်သူမဆို အလိုဆန္ဒ ပြည့်စုံကြလျှင် စိတ်ကရွှင်လန်း ပွင့်သစ်ပန်းလို ဖြန်းဖြန်းတက်ကဲ ရှိမြဲပင် ကမ္ဘာ့ထုံးစံ ဆိုကြဟန်မှာ သက်နှံဇနီး သမီးလုလင် သားလုလင်ကို မင်္ဂလာစုံဖက် ဆောင်မည့်ရက်တွင် မျက်နှာနေမှာ ကျက်သရေရိပ်ထင် စိတ်ရွှင်ရွှင်၏ ယခင်ထုံးစံ ကျမ်းဂန်စာပေ ရှေးသက်သေနှင့်လျော်ညီစွာ နန္ဒာဘုရား ခါတပါးထက် စကားမိန့်သံ ဟန်ပန်မူရာ မျက်နှာတော်ထား တပုံခြား၍ ရွှင်အားကြီးလှရာတွင် ရင်းချာကျွန်တော် ရွှေဖော်ဝန်းရံ အဲအန်လူးတား ပတ္တလားစောင်းညှင်း မင်းတို့ဖွယ်ရာ တနာရီမှမလပ်ရ သန်လျင်ကကျေးပြန်ကို နန္ဒာမေး၍ အရေးတော်ကို တိုက်ကျော်ကလျှောက်ရာတွင် ဝမ်းမြောက်တော်မူလှပါ၍ ငါ့အကြံတော် မြတ်အာဘော်ကို မိန့်တော်မမူသာသေးပြီ မော်ဖီတို့နှင့် ထောက်ချင့်မြှော်တွေး သူဝကျေးတို့ တသွေးတသား မကွဲပြားအောင် ထောက်ထားချင့်နှိုင်းလည်၍ ညီညီညာညာ သိသာခြားနား အမှုသွားကို အသနားတော်ခံတည့်ကြ နန္ဒာ့ဘုရား စိတ်တော်သွားကို စဉ်းစားသာအောင် ခြင်းရာကိုမိန့်တော်ပြသော် ဒလမော်ဖီ ပိုက်ချီထိန်းယ ရင်းချာလှသည့် ကျွန်တော်များကလျှောက်ရာမှာ ကိုယ်တော်မြတ်သည် နတ်သမ္မုတိ ပြည့်ကြီးကျက်သရေ ရွှေနန်းနှင့်နေသူ ဖြစ်တော်မူသည် ပြည်သူပြည်သား အများကိုးကွယ်ရာတည်း ကေသရာဇာ ဟေဝန္တာဝယ် အချာအုပ်မိုး သားမျိုးဥသျှောင် စိုးဆောင်တော်မူသည့်နှယ်ဖြစ်ပေ၍ စဉ်လာမမှား စားသောက်အိပ်နေ ဥပဒေကို သေချာလှအောင် လုံ့လအားထုတ် မယုတ်မလွန် ထုံးညွှန်ခံ့ခိုင် သည်တိုင်သဘောလေ့၏။ ရေမြေ့သခင် အလျင်လိုလည်း တကိုယ်တော်ထူး အိမ်တော်ဦးက လူးလာခေါက်တင် ဝင်းပြင်ကိုမျှ မထွက်သင့် ရွှေနှလုံးတော်ထား သနားတော်မူ တော့သည်ဟူ၍ ယူတော်ရှိလျှင် တပင်တိုင်သူ လူပင်မူကား ရွှေဖဝါးတော်အောက် ရောက်အောင်ကြံနိုင်သင့်၏ လျှောက်သည်နှင့်သာ သို့ခြင်းရာကို နန္ဒာဘုန်းတူ မည်သို့ဟူ၍ မည်းဖြူမိန့်တော် မမူသေး မော်ဖီတို့မှာ သိမြင်သာပြီ ငါနှင့်ဒွေးဖော် ရွှေတိုက်ကျော်ငယ်ကို အမြော်အမြင် အထင်ဘယ့်နှယ် အသွယ်ခြား၍မေးသော်။ ကျွန်တော်ငယ်လည်း မည်းမည်းဝါးဝါး မလောက်လားသည့် ကျေးသားမျှသာဖြစ်ပေသည်ကို မော်ဖီရို့ မင်းမာတို့သာ သို့သို့သည်သည် စကားရှည်နှင့် နှစ်လီပေါင်းကူး ငံ့ရဦးမည် အဖူးရတာရှည်သော် ချစ်ရည်တူဖွယ် ကျွန်တော်ငယ်လည်း မယ်နွန်းကိုဆက်ဆက် သန်ဘက်ခါဧကန် ထံတော်မှောက်ကို ရောက်တော်မူလာမကဲ့သို့ မချို့သဘော ပြောခဲ့ချေပြီ ဤကာလအခါ ရတနာဘဝင် ရွှေရင်တော်မြတ်မှာ ပူလှပ်ပူလှပ် ရှူရတွင်းကပ်ကပြီး မရပ်မနေ ငတ်သည့်ရေလို အကြိုက်လေသာကြို့၍ ကိုယ့်စိတ်ကိုမှ ကိုယ်မသိမ်းနိုင် ပွဲတော်မတည် လည်တဆန့်ဆန့် စံ့ရမည့်ရက်ကို စက်တော်မခေါ် မပျော်မပါး သွေးသားခန်းချိန် ကိုယ်တော်ပိန်၍ မမြိန်တုန်းမှ ရပင်ရသော်လည်း အရသာညံ့ သည်လောက်ငံ့ရလျှင် ဖန့်ဖန့်မသုံးနိုင်ဘူး မရောက်နိုင်ကြောင်းသာပ နှစ်ပါးကြည်ဖြူ ကြိုက်ချင်းတူမှ ဘယ်သူပြောမလဲ သဘောတော်မဝင် ဆင်တော်မြင်းတော် ဝင်းတော်ပါပါမပါပါ ကြာလွန်းပြီဆို သူ့ကိုသာမဆိုနှင့် ဟိုမှာနှယ်ပင် တို့သခင်ကိုလည်း အင်တန်ပင်ကြောင့်ကြရမည် ယခုများနှယ် စိတ်ကြွချိန်ကိုလည်း တကြိမ်တွေ့ရသည့် နောက်မှဖြစ်လျှင် ဆယ်လပင်ကြာရော့ ဘာတွက်မှမရှိ။ မင်းမာတို့စိတ်ထားမှာ မွှားလောက်ကယ်မျှ မတွေ့ကြခင် ပီပြင်ဗိုလ်ခြေ စေပါရမည် တပြည်ထောင်လုံးသိလိမ့် စိတ်ရှိသည့်အတိုင်း ရိုင်းရိုင်းယဉ်ယဉ် ယှဉ်မိတည့်အောင်လျှောက်ရာတွင် နန္ဒာဘုရား ခါတပါးထက် ရွှင်အားလွန်ကဲ နှလုံးထဲသို့ ရွှေခဲစကား လျှောက်ထားသမျှဝင်သည် သခင်နန္ဒာ ဟာဟာရယ်မော သဘောတော်ကြည်ညို ကိုမော်ဖီရို့မှာ ထဘီကိုဝတ်ကြရော့ ကွမ်းဖတ်တော်မပါ ဝါယောဓာတ်ကို လန့်ဖျပ်သည့်ဂျီကဲ့သို့ ရွံလှထွီလို့ အီလိုက်ရာမှာ ငါမွေးသည့်ကျေးညို သူဆိုသည်ကြားစံ အလျားရှည်တံ မင်းမာတို့အကြံကို လူတန်တပည့် ကြိုက်ဖွယ်ရှိ၏ သိသိမြင်မြင် ရှင်ပြုပဉ္စင်းခံ ဒါနံအလှူ ကျောင်းဂူဘုရား သံသရာရေး ကုသိုလ်ပေးရမည့် အရေးများလို အလျားဝင်သကဲ့သို့ ဘုရားရှင်ဂါထာ တော်တွင်ပါပြီ သဒ္ဓါစိတ်ကို ကိစ္စလျပ်လျပ် ပြီးစေအပ်သည် အားလပ်မှသာ မဟူရာတည့် ငါကဲ့သို့စင် ဘုန်းတန်းရှင်ကို သန်လျင်ကိုမဆို ယုဂန္ဓိုရ်နှင့် မြင်းမိုရ်ကိုပင် သွားလိုသွားမည် နှစ်ပါးကြည်ဖြူ စိတ်တူပြီးစေရော့မဟဲ့ ဘာပြုသလဲ သို့မို့ရှေးက ပုံဆိုကြ၏ မင်းမာနှင့်ရည်တူ လူလေးငါးယောက် စားသောက်လို၍ ဓလေ့ဘာဝ တောလည်ကြ ရှေ့ကလူမှာ ယုန်တတုတ်ကို ဆုတ်မိခါနီး တျားတျားဆီး နီးလှခါမှ ငါဖမ်းလျှင်ရတော့မည် နောက်ကလူမှာ ယုန်သားကိုသုပ်စရာ သံပုရာပါပါစလေး တျာတျာကျော်ကျော် အော်ဟစ်၍မေးရာတွင် ယုန်ပြေးနှင့်၍ ရှာမတွေ့ပြီ ဤကဲ့သို့မို့ လူတို့၌တွင် ပုံပြင်ပမာ အလျင်သံပုရာ ရှာသသူလို ပုံဆိုကြ၏ ကိုမော်ဖီရို့မှာ ပညာဖျင်းသုန် ယုန်ကိုအလျင် ရခင်အောင်မကြံ သံပုရာသီးကြောင့် လာဘ်ကြီးကိုပစ်ခဲ့၍ စစ်ကြောပြန်သည် ဆံမုတ်ဆိတ်ကို ရိတ်ပေရော့မင်းမာ ငါကသင်္ကန်း ရဟန်းပရိက္ခရာ လှူဒါပုည ကူလိုက်ရတော့မည် နမောတဿ ဘဂဝတော တရားဟောစာ ကျက်ပါဘိရော့ ပေါ့လျော့မူရူ လူညံ့တကာ့အောက်ခံ တစီးကောင်းက တသောင်းကြေရသည် ပဝေသဏီ ရှေးစဉ်စီများမှာ ကံမမှီဉာဏ်ကို နက်ဖန်ခါသေပါဘိ ခေလှသည်ကွယ် ငါချည်းသာလား ပတ္တမြားအရှင် မြင်းလျင်နှင့်မိုးယံ တယောက်တည်းပျံ၍ လေသွန်ရပ်မြိုင် တပင်တိုင်ထား နန်းသူများနှင့် ပျော်ပါးဖူး၏ မင်းရူးလို့နားမလည် မည်မှန်းမည်ရာ ဘာမှန်းမသိ ငါးပိလောက်မှ သုံးမရဘူး အစိုးရသူ ယူတော်မရှိ ကြောင်းကိုသိလျှင် မော်ဖီ့အဝင် တိုင်ပင်ဖက်လူ များပင်မူလည်း သူဝကျေးက လျှောက်သမျှစကား စီးပွားတော်အကျိုးတော် အကျော်အစော လောက၌တွင် ရာဇဝင်ပြောထုံး ဘုန်းလက်ရုံးရောင် အခေါင်ဥဒါန်း ရွှေနန်းစဉ်ဆက် ပြောထုံးထွက်အောင် နှစ်သက်စရာ အရေးတော်ပါသည် ဝါဒမှောက်လှန် မော်ဖီအဖော် များပင်သော်လည်း တိုက်ကျော်ဝင်၍ လျှောက်တင်ပြန်သည် လောကဓံတွင် အရှင်တမည် မချစ်ကြည်က အရည်အချင်း အဆင်းအမျိုး မကိုးစားသော စကားပင်မှန်မှန် ထုံးစံပင်ကျကျ အရပက်ကောင်းကောင်း စလောင်းကိုမှောက်သကဲ့သို့ ပျောက်တတ်စွာသည် စကားရှာစုံပါပါစံ့ ဂုဏ်ဩဇာခဲလေ ။