မွေ့နန်းရကန်/အခန်း-၁၁

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာရှေ့မှောက် ငမိုးရိပ်လျှောက်တင်ခန်း

ဒဂုံသခင် ရွှေနန်းရှင်သား ခါတပါးသို့ အခြားသို့စိတ် မသွေလိပ်ပြီ ကိစ္စတော်မြတ် ပြီးမည့်လပ်ကို တသမတ်တည်း ရည်းငံ့၍သာနေတော်မူ မြို့သန်လျင်မှာ တပင်တိုင်နန်း သွားမည့်လမ်းကို နှမ်းလုံးငယ်တစေ့ ပမာရွေ့သော် ခြင်္သေ့မင်းနှယ်တူ၏ ကိုသူဝ ငါကြွတော်မူ၍ရောက်လျှင် သူ့နန်းသူ့ပြည် အထည်ကြီးမား ဝင်းသားတန်းနေ အသေအချာ မဝင်သာ၍ ပြန်လာရမည် ဆံခြည်ခြမ်းမျှ စိတ်ကမင်းမထင်နှင့် ပင်လယ်ဆိုးကို ငမိုးရိပ်ကျော် ငါ့ကျွန်တော်ရင်း ရှိလေပြီ ကျည်းလျှိုရင်တား တံခါးမင်းတုပ် ခလုတ်သော့ကျင် စီရင်သေချာ ဆိုရာမှာလည်း ဘာမှငါမထီဟု ဤမှာဘက်မျ တချက်တီးကို စီး၍ငါကြွတော်မူပြီးလျှင် တပြည်လုံးအိပ် လူခြေတိတ်ကို ရွှေစိတ်တော်နှင့် အခန့်သင့်အောင် သန်လျင့်နန်းတပင်သို့ ဝင်တော်မူ၍ ဇမ္ဗူရစ်နန်းလယ် မွေ့ရာကျယ်မှာ စပယ်နှင့်မြတ်လေး မွှေးစက်အစဉ် ဘယ်ကယှဉ်မလဲ ယှဉ်မိပြီးသာအပြီးမှတ် အာဇာနေယျ ယောက်ျားတံခွန် ဘုန်းနှင့်ကံကို သွေလှန်ယိမ်းယိုင် ဘယ်ခံနိုင်မည် တထိုင်ချင်းနှင့်နပ်လိမ့် ယုံမှတ်သည့်ကျွန် အိပ်ဖန်တော်သား ထံပါးလက်စွဲ သုံးမြဲကျွန်တော်တို့ကိုသာ မင်းခယောက်ျား အတွင်းသားကို မပွားမဆင့် တဖျင့်တပါး စကားမစဉ် နှလုံးကယဉ်ရမည် ပညာသတိရှိစေ အပြီးမှာ၍ ရတနာကြိမ်လုံး လက်သုံးတော်ဓား ဤနှစ်ပါးသာပါစေရ ရွှေမြို့တော်တောင် ရွှေဖောင်တော်ဆိပ် မြေရန်နှိပ်လို့ စိတ်တော်မာခေါင် စိတ်တောင်ထွတ်လို ကိုယ်တော်ဆင်းလေကြွ၍ ငါ့ဖွားဖက်တော် ငယ်ကျွန်တော်မျိုး ငမိုးရိပ်ကယ် ဖော်တော်ဆိပ်သို့ ခုရောက်စေ ရွှေလက်တော်သုံး ရွှေကြိမ်လုံးကို သုံးချက်ခတ်၍ အမိန့်တော်မြတ်ရှိလေသော် ဝေါတော်ယာဉ်တော် ရွှေလှေတော်များကဲ့သို့ ငယ်ကျွန်တော်ရင်း မိကျောင်းမင်းသည် ချက်ချင်းရောက်လာ ကမ်းမှာနှုတ်သီးတို့၍ အသို့သောကြောင့် သန်းခေါင်ကာလ သည်ဌာနသို့ ကြွတော်မူသည် အရှင့်သား ခိုင်းရန်စေရန် ရှိသည်မှန်လျှင် ကျွန်တော်ရင်းချာ များကိုသာလျှင် ဗျာဒိတ်တော်သံ ပြန်ပါစေတော့လားဟု အသနားတော်မြတ်ခံရာတွင် ကျေးကျွန်စေပါ မပြောသာဘူး ငါပါမင်းပါ ရတနာသန်လျင် နန်းတပင်သို့ ခုပင်ဟူးဟူး ကူးမည်ဆက်ဆက် နှစ်ချက်မတီးခင်ဟု ပြင်ပြင်လင်းလင်း အခင်းပြသ မိန့်ဟတော်မြတ်ရှိတည့်လျှင် ထိပ်တင်ဘုရား မိန်းမရှားသည့်နှယ် တပါးတည်းတည်း ညဉ့်လည်းညဉ့်ဖြစ်ပါသည် သူ့ပြည်သူ့နန်း စိမ်းရွမ်းသည့်ရပ် မတင့်အပ်သည်ကို မင်းမြတ်မဆင်ခြင်ဘဲ သို့စင်ကျူးကျော် အကြံတော်ကို ခမည်းတော်နှင့် မယ်တော်နှစ်ပါး သိပါစ ကိုယ်တော်မြတ်ကား သားတော်ရတနာ မထောင်းတာဘူး သူငါကစ ဒလမော်ဖီ အချီအထိန်း ခပ်သိမ်းကျေးကျွန် အရံအကာ ရာဇဝတ်ကြီးသင့်၍ မတင့်မအပ် အဖော်လပ်ကယ်ကြောင့် ဥပါဒ်ကြီးရောက်ကြပါမည် ဖွားလည်းဖွားဖက် အထက်ကာရီ ပီပီငယ်ကျွန် တမလွန်ဝေး ရှေးဆုတောင်းဖက် အသက်တော်စောင့် ဖြစ်သောကြောင့် ယုံလည်းယုံ၍ နန်းငုံပွင့်ရိုး ကိုယ်တော်ကျိုးကို ငမိုးရိပ်က လျှောက်ပါသည် မယူမနာ နန္ဒာမင်းကျော် အမိန့်တော်မှာ လှော်ကားတက်နဲ ကျွဲရှေ့ကိုထွန်ရောက် ရိုင်းသံပေါက်လှသည် မင်းလောက်ကယ်သာ ငါသိတပြီ ညီလှမင်းမာ လာပေရော့မလား စကားဦးမရှည်နှင့် ကူးမည်ကြွမည် သွားမည်အသော့ ယှဉ်တော့သာမိန့်ရာတွင် ငမိုးရိပ်ကျော် သူ့ကျွန်တော်က စကော်စက ကူးရမည့်နှယ် ဆုတ်မည့်နှယ်နှင့် တသွယ်လျှောက်ဦးတင်သည် သခင်ဘုရား ရေသားတို့တမ်း ရေကြောင်းလမ်းကို ပန်း၍လည်းမငြင်း ပျင်း၍လည်းမဟုတ် သူနှပ်သူဖွဲ ဆင်းရဲသားလို ကဝိုကဝါး မစားတော်လည်း တလုပ်မဟုတ်ပါလား မသွားတော်လျှင်တလှမ်း ရွှေနန်းရိပ်သာ သာသနာပြည်ရေး ဘေးတော်လက်ထက် မှဆင်းသက်၍ မပျက်စဉ်လာ ရိပ်ရာသိမ်းဆည်း ခမည်းတာ်တိုင် စိုးပိုင်တော်မူ တော့သည်ဟူ၍ ပြည်သူကဲ့ရဲ့ စီးပွားမဲ့ကို ဘယ့်နှယ်ကြောင့်ယခု ကိုယ်တော်မြတ်တွင် ဇာတ်တော်ကိုပစ်၍ အသစ်ပြုပါ့မည် ။