မွေ့နန်းရကန်/အခန်း-၁၂

From Wikisource
Jump to navigation Jump to search
မွေ့နန်းရကန် by ရွှေတောင်နန္ဒသူ
မင်းနန္ဒာ ငမိုးရိပ်စီး၊ သန်လျင်ကူး၊ မယ်နွန်းအဆောင်ရောက်ခန်း

မွေ့နန်းကာရန် ရကန်စာနု ရတုငမိုးရိပ်စီတွင် ထုံးဥပဒေ နန်းသက်သေနှင့် ရေတရိုးတွင် ငမိုးရိပ်ကျော် ငယ်ကျွန်တော်က အလှော်သင့်အောင် အခွင့်စုံစမ်း အခန်းခန်းဖြင့် နန်းလျာဘုရား ရှေ့ထံပါးတွင် အသနားတော်မြတ်ခံလေသော် အာရုံရွှင်မြူး သန်လျင်ကူးကို ဟူးခနဲစိတ် မသွေလိပ်ပြီ ရိပ်ဝဲဆာကျယ် မဝေ့လယ်နှင့် ရောက်လွယ်ကြောင်းသာ ဆင့်လောင်း၍ပြန်သည် နန္ဒာအမိန့်တော်ကား တော်သည်သင့်သည် မသင့်သည်ကို ရိပ်ခြည်ဆော်နှိုး ကျွန်တော်မျိုးငမိုးရိပ်ကယ် တကယ်တန် ယောက်ျားတို့တမ်း သည်မျှလမ်းကို ဘုန်းတန်းသို့စင် ရှိလျက်ပင်ကို သွန်သင်မ,စ ဟာမကလည်း ငါ့ကိုမင်းမပြန်နှင့် ငါကြံစည်ရင်း ငါ့အခင်းကို မင်းလောက်ကသာ ငါထောက်ထားတော်မူနိုင်လျှင် လာပေရော့မဟ ခုပင်ကြွမည် ငါ့ကျွန်တော်ယုံ အမှုကုံရမည် မုံသောက်မာတင် ရဲမာန်ဝင်၍ သန်လျင်မှာစံရအောင် အမြန်သာစီစဉ်၏ သခင်ဘုရား မိန့်တော်ထားကို စွန့်စားဝံ့၏ မလွန့်သာ၍ အာဏာစွဲတော်မူတည့်သော် ငမိုးရိပ်ကျော် ငယ်ဖွားတော်မှာ စက်တော်မြတ်တော် မြို့သန်လျင်ကို တပင်နန်းရိပ် သာသည့်ဆိပ်က ကိစ္စတော်မြတ် ပြီးမည့်တတ်ကို လာဘ်နှင့်အခန့်လျော်တွင် ငယ်ကျွန်တော်မျိုး ငမိုးရိပ်ကို ဖော်တော်ဆိပ်က အရိပ်မျှော်၍နေရမည် ကျောကုန်းပေါ်က ကိုယ်တော်ကြွ၍ ညနှစ်ချက်တီး အချိန်နီးတွင် ခရီးတော်ဆန်း သန်လျင်နန်းကို ကျိန်းခန်းရောက်လာသည်နှင့် တပြည်လုံးအိပ် လူခြေတိတ်ကို ရဲစိတ်ဝင်သည့် သခင်နန္ဒာ လက်စွဲတော်သုံး ကြိမ်လုံးတော်ဓား နှစ်ပါးဆောင်ယူ သန်လျင်သူကို အတူယနေ့ တွေ့မည်စေသား စိတ်တော်ထား၍ သိကြားမင်းပမာသို့ ရတနာကွက်ကတ် ကျောက်စပ်ဝတ်လဲ ရွှေခါးထဲကလည်းရဲထိန်ထိန် မြို့သန်လျင်နှင့် ပင်လယ်ကမ်းရိပ် ရေတော်ဆိပ်နား မြို့တံခါးလည်း များများမဝေး အရေးတော်သင့် အခွင့်တော်ရုံ မြို့ဒဂုံက အဟုန်ကြီးနန်းရှိန်ကို သိမ်မွေ့တော်မူ တွေးယူထောက်မျှော် ကြိမ်လုံးတော်လည်း အကျော်စေဝ မင်္ဂလာ အဆီးအတား တံခါးသော့ကျင် ပိတ်ပင်သေချာ ရှေ့ကကာလျှင် ကွာစေလပ်စေ ပြတ်စေပေါက်စေ လင်းနှင့်စေလို ရွှေလက်တော်မြတ် ကိုင်၍ခတ်ဘဲ အခေါင်အုပ်မိုး အစိုးတရ သေချာလှသည့်ဌာနတွင် အလောင်းအလျာ နန္ဒာဘုရား စိတ်တော်ထား၍ သိကြားအပ်နှံ ဂါထာပျံကို ရန်သူမျိုးစိုးတရနှင့် ဘာမျှထီမထင်ဟု ဝင်တော်မူရန် ဂါထာပျံနှင့် ရန်အများကို တံခါးပွင့်အောင်သရဇ္ဈာယ် လဟာဟင်းလင်း အတွင်းပြင်မြို့ တံခါးတို့လည်း မဆို့မဆီး ခရီးလမ်းမ သမ္ဘာရကြောင့် မြအထိန်စိန်အလျှံ ဥပါကြီးပျံသည့်နှယ် ကိုယ်တော်လည်းမဘွယ် နန်းမဆောင်တွင် သန်းခေါင်လယ်ခါမှ စမ္ပယ်တငုံနှင့်တင်နှစ်စဉ် ဘဲ့နှယ့်ယှဉ်ရမည် ယဉ်သနှင့်ကြော့သနှင့် ပျော့သနှင့်ပြာသနှင့် အလိမ္မာတွင်အကဲ အချွဲတွင်အနားသတ် အမြတ်တွင်အာကာ မာယာတွင်လေးဆယ် ပရိယာယ်တထောင် ရူပဆောင်တသောင်း အပြောင်းလည်းအနန္တ အနွဲ့ယအသင်္ချေ နန္ဒာသခင်နှင့် ယထင်တို့နှစ်ဦး နတ်ဝင်နှယ်ပူးကြလို့ ဆောင်ဦးမှာကြာသည် အလိမ္မာငယ်ငယ် ခါးသွယ်သွယ်နှင့် မွေ့ရာကျယ်အလယ်က ပင်လယ်အနုနှင့် အနုပေါ်လှာလို့ ဆားလှော်နှင့်ဆီးဖြူကို အတူတူရွှင်ရအောင် မြို့သန်လျင်တပြည်လုံး ထုံနှင်းရည်ကြူသနှင့် ဖော့အူလိုရွှင်ကြသည် တပင်တိုင်နန်းလေ ။