မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂)

From Wikisource
Jump to navigation Jump to search
မြန်မာနိုင်ငံသားဥပဒေ  (1982) 
မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေလည်းရှု

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ
မြန်မာနိုင်ငံသားဥပဒေ
[၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄]
ရန်ကုန်မြို့၊ ၁၃၄၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်
(၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)

အောက်ဖော်ပြပါဥပဒေကို ထုတ်ပြန်ကြေငြာသည်။

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်


၁။ ဤဥပဒေကို မြန်မာနိုင်ငံသားဥပဒေဟု ခေါ်တွင်စေရမည်။


၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်၊

(ခ) နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားကို ဆိုသည်၊

(ဂ) ဧည့်နိုင်ငံသား ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော ဧည့်နိုင်ငံသားကို ဆိုသည်၊

(ဃ) နိုင်ငံသားပြုခွင့်ရသူ ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော နိုင်ငံသားပြုခွင့်ရသူကို ဆိုသည်၊

(င) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် ဧည့်နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူကိုဆိုသည်၊

(စ) နိုင်ငံသားလက်မှတ် ဆိုသည်မှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ အရဖြစ်စေ၊ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ အရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးသော နိုင်ငံသားလက်မှတ်ကို ဆိုသည်၊

(ဆ) ဧည့်နိုင်ငံသားလက်မှတ် ဆိုသည်မှာ ဤဥပဒေအရထုတ်ပေးသော ဧည့်နိုင်ငံသားလက်မှတ်ကို ဆိုသည်၊

(ဇ) နိုင်ငံသားပြုခွင့်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေးသော နိုင်ငံသားပြုခွင့်လက်မှတ်ကို ဆိုသည်၊

(ဈ) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့်အဖွဲ့ကို ဆိုသည်။


အခန်း (၂)
နိုင်ငံသားဖြစ်ခြင်း


၃။ နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ စ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။


၄။ မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်သည်။


၅။ တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသားဖြစ်သည်။


၆။ ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်။


၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည်-

(က) နိုင်ငံသားမိဘ နှစ်ပါးမှ မွေးဖွားသူများ၊

(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ။

(ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-

(၁) နိုင်ငံသား သို့မဟုတ်
(၂) ဧည့်နိုင်ငံသား သို့မဟုတ်
(၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊


(င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့်-

(၁) နိုင်ငံသား သို့မဟုတ်
(၂) ဧည့်နိုင်ငံသား သို့မဟုတ်
(၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊


(စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-

(၁) နိုင်ငံသား သို့မဟုတ်
(၂) ဧည့်နိုင်ငံသား သို့မဟုတ်
(၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

၈။ (က) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံ သား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်၊

(ခ) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မွေးရာပါ နိုင်ငံသားမှအပ မည်သူကိုမဆို နိုင်ငံ သား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်။


၉။ နိုင်ငံတော်အတွင်း မွေးဖွားသောနိုင်ငံသားတစ်ဦးအတွက် အသက်တစ်ဆယ်နှစ်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းများ၌ သတ်မှတ်သည့် နည်း လမ်းနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူက မှတ်ပုံတင်ရမည်။

ခြွင်းချက်။ ။အသက်တစ်ဆယ်နှစ်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း မှတ်ပုံမတင်နိုင်ပါက မိဘ သို့မ ဟုတ် အုပ်ထိန်းသူသည် ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့ အစည်းများသို့ လျှောက်ထားရမည်။


၁၀။ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော နိုင်ငံသားတစ်ဦးအတွက် ထိုသို့မွေးဖွားကြောင်းကို မွေးဖွားသည့် နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာ န၏ သတ်မှတ်သော အဖွဲ့အစည်းများ၌ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူ က မှတ်ပုံတင်ရမည်။

ခြွင်းချက်။ ။မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မှတ်ပုံမတင်နိုင်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူ သည် ခိုင်လုံသော အကြောင်းပြ၍ မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ပြည်ထဲရေး ဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှ တဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။


၁၁။ (က) ပုဒ်မ ၉၊ ပုဒ်မ ၁၀ ပါအတိုင်း လိုက်နာရန်ပျက်ကွက်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ် ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်စေရမည်၊

(ခ) ပုဒ်မ ၉၊ ပုဒ်မ ၁၀ ပါအတိုင်းလိုက်နာရန် ငါးနှစ်ဆက်တိုက် ပျက်ကွက်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ဒဏ်ငွေ ကျပ်တစ်ထောင်ကို ပေးဆောင်စေရမည်။


၁၂။ နိုင်ငံသားတစ်ဦးသည်-

(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်၊

(ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်၊

(ဂ) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။


၁၃။ နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။


၁၄။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။


၁၅။ (က) နိုင်ငံသားတစ်ဦးသည် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျောက် မဆုံးရှုံးစေရ၊

(ခ) နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ။


၁၆။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူ လက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။


၁၇။ မွေးရာပါ နိုင်ငံသားတစ်ဦးကို ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲ သည့်ကိစ္စမှတပါး အခြားမည်သည့် အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းမရှိစေရ။


၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန် ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိ ပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ် နှင့် ငွေဒဏ်ကျပ် ငါး သောင်းကိုလည်း ကျခံစေရမည်။


၁၉။ နိုင်ငံသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသား လက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ထောင်ဒဏ် ခုနစ်နှစ် နှင့် ငွေဒဏ်ကျပ် တစ်သောင်းကို ကျခံစေရမည်။


၂၀။ (က) နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရ မည်။ ထိုသို့ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ် သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်၊

(ခ) ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက်လက် အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်၊

(ဂ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူနိုင်ငံသား၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်းကို ကျခံစေရ မည်။


၂၁။ မည်သူမဆို နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ် ကျပ် ငါးသောင်းကို ကျခံစေရမည်။


၂၂။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားအဖြစ်ကို သော်လည်း ကောင်း၊ ဧည့်နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း၊ နိုင်ငံသား ပြုခွင့်ရသူအဖြစ်ကို သော်လည်း ကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ။

အခန်း (၃)
ဧည့်နိုင်ငံသားဖြစ်ခြင်း


၂၃။ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်။


၂၄။ ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့ အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကို ခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိ ကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။


၂၅။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် ဧည့်နိုင်ငံသားဖြစ်သည်။


၂၆။ ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့် ပြီး သူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြုရမည်။


၂၇။ (က) ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်း ခံရသောသားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ် သော အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြုရမည်၊

(ခ) ပုဒ်မခွဲ (က) ပါအတိုင်းလိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီဒဏ်ငွေကို ပေးဆောင်စေရမည်။


၂၈။ တစ်နှစ်အတွင်း ကတိသစ္စာမပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှ တဆင့်ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။ ခိုင်လုံသောအကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သည့်နေ့မှ ကျော်လွန်လျှင် ဧည့်နိုင်ငံသားအဖြစ် ဆုံးရှုံးသည်။


၂၉။ (က) ဧည့်နိုင်ငံသား မိဘနှစ်ပါးလုံးသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ဧည့်နိုင်ငံ သားလက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့် အသက် တစ်ဆယ့် ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် ဧည့်နိုင်ငံသား အဖြစ်မှ ရပ်စဲသည်၊

(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသားအမိ သို့မဟုတ် အဘသည် ဧည့်နိုင် ငံသား အဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။


၃၀။ ဧည့်နိုင်ငံသား တစ်ဦးသည် -

(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်၊

(ခ) နိုင်ငံတော်၏ ဥပဒေပါတာဝန်များကို ထမ်းဆောင်ရမည်၊

(ဂ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။


၃၁။ ဧည့်နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။


၃၂။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ဧည့်နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။


၃၃။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ။


၃၄။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူ လက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။


၃၅။ ဧည့်နိုင်ငံသားတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် -

(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက် အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီ ခြင်း၊
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊
(ဂ) နိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း၊
(ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ် အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း၊
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကို ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြား နိုင်ငံ တစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်း၊
(စ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။


၃၆။ ဧည့်နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် ဧည့်နိုင်ငံသား အဖြစ်ကို ရရှိပါက ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် ငါးသောင်းကိုလည်း ကျခံစေရမည်။


၃၇။ ဧည့်နိုင်ငံသားတစ်ဦးသည် မသမာသော နည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသား လက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ကျပ် တစ်သောင်းကို လည်းကျခံစေရမည်။


၃၈။ ဧည့်နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၃၆၊ ပုဒ်မ ၃၇ အရ သူတစ်ဦးကျူးလွန်သော အမှုကိစ္စကို ကိုယ်တိုင် သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့် နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်​ဝန်ခံပါက ဤအမှုကိစ္စ နှင့် စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။


၃၉။ (က) ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ ဧည့်နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်၊

(ခ) ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက် လက် အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်းကို ကျခံစေရမည်၊

(ဂ) မည်သူမဆို ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူ ဧည့်နိုင်ငံသား၏ လက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်း ကို ကျခံစေရမည်။


၄၀။ မည်သူမဆို ဧည့်နိုင်ငံသား လက်မှတ် အတုပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။


၄၁။ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် ဧည့်နိုင်ငံသားအဖြစ်ကို သော် လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် ကိုသော်လည်းကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ။

အခန်း (၄)
နိုင်ငံသား ပြုခွင့်ရသူဖြစ်ခြင်း


၄၂။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူ နှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်းခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။


၄၃။ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည် -

(က) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ။


၄၄။ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်-

(က) ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသူဖြစ်ခြင်း၊

(ခ) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊

(ဂ) တိုင်းရင်းသား ဘာသာစကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတတ်ခြင်း၊

(ဃ) အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊

(င) ရူးသွပ်သူမဟုတ်ခြင်း။


၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် နိုင်ငံ သားပြုခွင့်ရရန် လျှောက်ထားလျှင် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်-

(က) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊

(ခ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊

(ဂ) ရူးသွပ်သူမဟုတ်ခြင်း၊

(ဃ) တစ်လင်တစ်မယားဖြစ်ခြင်း၊

(င) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံးသုံးနှစ် အဆက်မပြတ်နေထိုင်ခဲ့ခြင်း။


၄၆။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏ သစ္စာကို ခံယူကြောင်း၊ နိုင်ငံ တော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေး များကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်၊

(ခ) နိုင်ငံသား ပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက် ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း၊ နိုင်ငံတော်၏ သစ္စာကို ခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေ များကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။


၄၇။ နိုင်ငံသားပြုခွင့် လက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသောသားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။


၄၈။ ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့် ပြီးသူ ဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၄၆ ပုဒ်မခွဲ (က) ပါ အတိုင်းကတိသစ္စာပြုရမည်။


၄၉။ (က) ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၄၆ ပုဒ်မခွဲ (က) ပါ အတိုင်း ကတိသစ္စာပြုရမည်၊

(ခ) ပုဒ်မခွဲ (က) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်စေရမည်။


၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။ ခိုင်လုံသောအကြောင်း မရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သည့်နေ့မှ ကျော်လွန်လျှင် နိုင်ငံသားပြုခွင့်ရသူ အဖြစ်ဆုံးရှုံးသည်။


၅၁။ (က) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးလုံးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့ ၏ နိုင်ငံသားပြုခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် သားသမီးနှင့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့် ရသူ အဖြစ်မှ ရပ်စဲသည်၊

(ခ) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသား အမိ သို့မဟုတ် အဘသည် နိုင်ငံသားအဖြစ် ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့် ရှစ် နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သား သမီးသည် နိုင်ငံသား ပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်၊

(ဂ) ဧည့်နိုင်ငံသား နှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ သို့မဟုတ် အဘသည် ဧည့် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူ ကိုင်ဆောင်သောလက်မှတ်တွင် ပါဝင်သည့် အသက် တစ်ဆယ့်ရှစ် နှစ် မပြည့်သေးသော သားသမီးနှင့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သား သမီးသည် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရပ်စဲသည်၊

(ဃ) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားပြုခွင့်ရသူ အမိ သို့မဟုတ် အဘ သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင် ပါဝင်သည့် အသက် တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။


၅၂။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် နိုင်ငံသားပြု ခွင့်ရရန် လျှောက်ထားပြီး နိုင်ငံသားပြုခွင့်မရမီ ယင်း၏ဇနီး သို့မဟုတ် ခင်ပွန်း သေဆုံး လျှင် ဖြစ်စေ၊ ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏နိုင်ငံသား ပြုခွင့် လျှောက်ထားခြင်းသည် ပျက်ပြယ်သည်။


၅၃။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် -

(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်၊

(ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်၊

(ဂ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။


၅၄။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။


၅၅။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသား ပြုခွင့် ရသူ အဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ။


၅၆။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ်အလိုအလျောက် မရရှိစေရ။


၅၇။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့ မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။


၅၈။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် -

(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက် အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊

(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန် သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊

(ဂ) နိုင်ငံတော်၏အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း၊

(ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ ကြောင်းကို ကိုယ်အမူအရာ ဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း၊

(င) နိုင်ငံတော်၏လျှို့ဝှက်ကိစ္စ တစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံ တစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်း၊

(စ) အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံး၊ ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။


၅၉။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကိုရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။


၆၀။ နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့် နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် နိုင်ငံသား ပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ် တစ်သောင်းကိုလည်း ကျခံစေရမည်။


၆၁။ နိုင်ငံသားပြုခွင့် ရသူတစ်ဦးသည် ပုဒ်မ ၅၉၊ ပုဒ်မ ၆၀ အရ သူတစ်ဦးကျူးလွန်သော အမှုကိစ္စကို ကိုယ်တိုင် သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့် နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့် နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှုကိစ္စနှင့်စပ်လျဉ်းသော ပြစ်မှု ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။


၆၂။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသားပြုခွင့် လက် မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေး ဝန်ကြီး ဌာန၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်၊

(ခ) ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့် လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက် လက်အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်၊

(ဂ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူနိုင်ငံသားပြုခွင့်ရသူ ၏လက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်း ကိုကျခံစေရမည်။


၆၃။ မည်သူမဆို နိုင်ငံသားပြုခွင့်လက်မှတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီ လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့် ငါးနှစ်နှင့် ငွေဒဏ် ကျပ် ငါးသောင်းကို ကျခံစေရမည်။


၆၄။ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားပြုခွင့်ရသူအဖြစ် ကို ပြန်လည်လျှောက်ထားခွင့်မရှိစေရ။

အခန်း (၅)
နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ် အဆုံးအဖြတ်ခံယူခြင်း


၆၅။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ်အဆုံးအဖြတ်ခံ ယူရန်အကြောင်းကိစ္စပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။


၆၆။ ဗဟိုအဖွဲ့သည်-

(က) လျှောက်ထားသူအား အထောက်အထားများနှင့်တကွ တင်ပြခွင့်ပေးရမည်၊

(ခ) ဥပဒေနှင့်အညီ အဆုံးအဖြတ်ပေးရမည်၊

(ဂ) အဆုံးအဖြတ်ကို လျှောက်ထားသူထံသို့ ပြန်ကြားရမည်။


အခန်း(၆)
ဗဟိုအဖွဲ့


၆၇။ ဝန်ကြီးအဖွဲ့သည် ဗဟိုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) ဝန်ကြီး (ပြည်ထဲရေးဝန်ကြီးဌာန) – ဥက္ကဋ္ဌ

(ခ) ဝန်ကြီး (ကာကွယ်ရေးဝန်ကြီးဌာန) – အဖွဲ့ဝင်

(ဂ) ဝန်ကြီး (နိုင်ငံခြားရေးဝန်ကြီးဌာန) – အဖွဲ့ဝင်


၆၈။ ဗဟိုအဖွဲ့သည် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ် အဆုံးအဖြတ်ပေးခြင်း၊

(ခ) ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊

(ဂ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှရပ်စဲခြင်း၊

(ဃ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်း၊

(င) မှတ်ပုံတင်ခြင်း၊ ကတိသစ္စာပြုခြင်းတို့နှင့် စပ်လျဉ်းသော ပျက်ကွက်မှုအတွက် လျှောက်ထားချက် နှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း။


၆၉။ ဗဟိုအဖွဲ့သည် အရေးယူခံရသူအား ချေပခွင့်ပေးရမည်။

အခန်း(၇)
အယူခံခြင်း


၇၀။ (က) ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် လုပ်ထုံးလုပ်နည်းဖြင့် သတ်မှတ်သည့်အတိုင်း ဝန်ကြီးအဖွဲ့သို့ အယူခံနိုင်သည်၊

(ခ) ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။


၇၁။ ။ ဤဥပဒေဖြင့် လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေပါကိစ္စရပ်များကို ဆောင် ရွက်ခြင်းနှင့်ပတ်သက်၍ တစုံတရာအကြောင်းပြရန်မလို။

အခန်း(၈)
အထွေထွေ


၇၂။ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရမှအပ မည်သည့် နိုင်ငံခြားသားမျှ နိုင်ငံသားပြုခွင့်ရရန်လျှောက်ထားခွင့်မရှိစေရ။


၇၃။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံ ခြားသား တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ်ကို မရရှိစေရ။


၇၄။ ပြစ်ဒဏ်စီရင်သည့်ကိစ္စရပ်များမှတပါး ဤဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို လုပ်ပိုင်ခွင့်အပ် နှင်းထားသော အဖွဲ့အစည်းများကသာ ဆုံးဖြတ်နိုင်ခွင့်ရှိသည်။


၇၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံး လုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်။


၇၆။ အောက်ပါဥပဒေတို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-

(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ

(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ


(ပုံ) စန်းယု၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

ရက်စွဲ၊ ၁၃၄၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်။
(၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။)

အမိန့်အရ၊
(ပုံ) ဗိုလ်မှူးကြီး တင်လှိုင်၊
ညွှန်ကြားရေးမှူးချုပ်၊
နိုင်ငံတော်ကောင်စီရုံး၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။