၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ  (1948) 
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ရေး အက်ဥပဒေလည်းရှု

သမတအိမ်တော်၊ ရန်ကုန်မြို့။
၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
(၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၆။)
(၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်။)

၁။ (၁) ဤအက်ဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးနှင့် သက်ဆိုင်ရမည်။ ဤအက်ဥပဒေသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်နေ့) မှစ၍၊ အာဏာတည်သည်ဟု မှတ်ယူရမည်။

၂။ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကို ထောက်ထားရန်မလိုလျှင် ဤအက်ဥပဒေ၌ ပါရှိသည့်-

နိုင်ငံသားလက်မှတ်” ဆိုသည်မှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ရေး အက်ဥပဒေအရ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပေးအပ်သော လက်မှတ်ကို ဆိုလိုသည်။

နိုင်ငံသားပြုမှုလက်မှတ်” ဆိုသည်မှာ ဤအက်ဥပဒေအရ ပေးအပ်သည့် နိုင်ငံသားပြုမှု အခွင့်အရေး ပေးသော လက်မှတ်ကို ဆိုလိုသည်။

သားသမီး” ဆိုသော စကား၌ တရားဥပဒေအရ မွေးစားသော သားသမီးလည်း ပါဝင်သည်။

အခြေခံဥပဒေ” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆိုလို သည်။

ပြည်ထောင်စုနိုင်ငံ၏ ကောင်စစ်ဝန်ရုံး” ဆိုသောစကား၌ ဤအက်ဥပဒေအရ မှတ်ပုံတင်ရန် နိုင်ငံတော်သမ္မတက ခန့်ထားသောရုံးလည်း ပါဝင်သည်။

အရည်အချင်းချို့ငဲ့သူ” ဆိုသည်မှာ အရွယ်မရောက်သေးသူ၊ သို့တည်းမဟုတ် သူရူး၊ သို့တည်းမဟုတ် ဝမ်းတွင်းရူးကို ဆိုလိုသည်။

အဘ” ဆိုသည်မှာ တရားဥပဒေအရ တရားဝင်သော ကလေး၏ အဘကို ဆိုလိုသည်။

ဝန်ကြီး” ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဤအက်ဥပဒေအလို့ငှာ တာဝန်လွှဲအပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးကို ဆိုလိုသည်။

မိဘ” ဆိုသောစကား၌ အရွယ်မရောက်သေးသော ကလေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တွင်ထိုက လေးကို မွေးစားသော မိဘတစ်ပါးပါးနှင့် [တရားမဝင်သောကလေး] ၏အမိလည်းပါဝင်သည်။ သို့ရာ တွင် ထိုမွေးစားသော မိဘတစ်ပါးပါးသည်၊ သို့တည်းမဟုတ် ထိုအမိသည် ထိုကလေးကို တရားဥပဒေအ ရ အုပ်ထိန်းနေသူ ဖြစ်ရမည်။

ပြည်ထောင်စု” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ဆိုလိုသည်။

၃။ (၁) အခြေခံဥပဒေပုဒ်မ ၁၁ အလို့ငှာ “မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုး” ဆိုသည်မှာ ကချင်၊ ကရင်၊ [ကယား]၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ်၊ (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်းကောင်း ဆိုလို သည်။

(၂) အခြေခံဥပဒေ ပုဒ်မ ၁၁ နှင့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက် ဥပဒေ ပုဒ်မ ၃ တို့အလို့ငှာ “ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပျံ့နှံ့ရာနယ်မြေ” ဆိုသည်မှာ၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော်လွတ်လပ်ရေး အက်ဥပဒေ ပုဒ်မ ၂ (၂) တွင် ဖော်ပြထားသည့် နယ်မြေများကို ဆိုလိုသည်။

၄။ (၁) အခြေခံဥပဒေ ပုဒ်မ ၁၁ (က)၊ (ခ) နှင့် (ဂ) အရ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ခဲ့သောသူသည်၊ သို့တည်းမဟုတ် အခြေခံဥပဒေ ပုဒ်မ ၁၁ (ဃ) အရ နိုင်ငံသားအဖြစ် ရွေးချယ်ခွင့်ရရှိ၍ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေအရ နိုင်ငံသားလက်မှတ်ကို ရရှိ သောသူသည် [သို့တည်းမဟုတ် ဤအက်ဥပဒေအရ နိုင်ငံသားပြုမှုလက်မှတ်ကိုဖြစ်စေ၊ နိုင်ငံသားလက် မှတ်ကိုဖြစ်စေ ရရှိသော သူသည် သို့တည်းမဟုတ် ဤအက်ဥပဒေအရ အခြားနည်းဖြင့် ပြည်ထောင်စု နိုင်ငံသားအဖြစ်ကို ပေးအပ်ခြင်းခံရသူသည်] ဤအက်ဥပဒေပြဋ္ဌာန်းချက်များအရ နိုင်ငံသားအဖြစ်ကို မဆုံးရှုံးလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် တည်နေသည်ဟု မှတ်ယူရမည်။

(၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်ပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်။

၅။ အခြေခံဥပဒေစတင်အာဏာတည်ပြီးမှ မွေးဖွားသည့်အောက်၌ ဖော်ပြသောသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ရမည်-

(က) ပြည်ထောင်စုနိုင်ငံသားဖြစ်သည့် မိဘတစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသောသူ၊

သို့ရာတွင် [ထိုသူ၏အဘသည် နိုင်ငံခြားတစ်ခုခု၏ နိုင်ငံသားဖြစ်ခဲ့သော်] ထိုသူသည် အရွယ်ရောက် ပြီးနောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသား အဖြစ် တည်မြဲတည်စေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသော အခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။

(ခ) ပြည်ထောင်စုနိုင်ငံသားဖြစ်သောအဘမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသောသူ၊

သို့ရာတွင် ဤအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့် ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခြင်းခံရသူ ဖြစ်ရ မည်။

(ဂ) ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုကို ထမ်းနေဆဲဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသောသူ၊

သို့ရာတွင် ထိုသူ၏ မိဘတစ်ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည် အရွယ်ရောက်ပြီးနောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ် တည်မြဲ တည်စေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုနှစ်ကုန်ဆုံးသောအခါ ပြည်ထောင် စုနိုင်ငံသားအဖြစ်မှ ရပ်စဲမည်။

ရှင်းလင်းချက်(၁)။ ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသော သင်္ဘောသည်၊ သို့တည်းမဟုတ် လေယာဉ် ပျံသည် မည်သည့်နေရာ၌ရှိနေစေကာမူ ထိုသင်္ဘော၊ သို့တည်းမဟုတ် လေယာဉ်ပျံတို့အပေါ်တွင် မွေးဖွား လျှင် ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသည်ဟု မှတ်ယူရမည်။
ရှင်းလင်းချက်(၂)။ ပြည်ထောင်စုနိုင်ငံမှတစ်ပါး အခြားအရပ်ဒေသတွင် မှတ်ပုံတင်ထားသော သင်္ဘော သည်၊ သို့တည်းမဟုတ် လေယာဉ်ပျံသည် ပြည်ထောင်စုနိုင်ငံ ပိုင်နက်တွင်ရှိစေကာမူ၊ ထိုသင်္ဘောပေါ် တွင် သို့တည်းမဟုတ် ထိုလေယာဉ်ပျံပေါ်တွင် မွေးဖွားလျှင်၊ ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသည်ဟု မမှတ်ယူရ။
ရှင်းလင်းချက်(၃)။ တရားဝင်သော အိမ်ထောင်ပြုခြင်းမရှိသည့် မိဘမှ မွေးဖွားသောသူသည် နောင်အ ခါတွင် ထိုမိဘတို့ တရားဝင်သော အိမ်ထောင်ခြင်းကို ပြုသောအခါ ဤပုဒ်မအလို့ငှာ တရားဝင်သော အိမ် ထောင်ခြင်းကိုပြုသည့် မိဘမှ မွေးဖွားသော သားသမီး၏ အခွင့်အရေးအားလုံးကို ရရှိရမည်။

၆။ (၁) ဝန်ကြီးသည် မိမိသင့်လျော်သည့် ထင်မြင်သည့် ကိစ္စများတွင် ပြည်ထောင်စုနိုင်ငံသားဟုတ်မ ဟုတ်နှင့် စပ်လျဉ်း၍ ဒွိဟဖြစ်ခြင်းခံရသောသူတစ်ဦးဦးအား သော်လည်းကောင်း၊ ထိုသူ၏ အခွင့်အရေး များကို ဆက်ခံသူအားလည်းကောင်း နိုင်ငံသားလက်မှတ်ကို မိမိ၏ သဘောအတိုင်း ပေးအပ်နိုင်သည်။ ထို့ပြင် ထိုသူအား လက်မှတ်ပေးခြင်းသည် ဒွိဟဖြစ်နေသည်ကို ကင်းရှင်းစေလိုသောကြောင့် ပေးအပ် ခြင်း ဖြစ်သည်ဟု ထိုလက်မှတ်ပေါ်တွင် ရေးသားဖော်ပြရမည်။

[(၂) ဝန်ကြီးသည် ပုဒ်မ ၄ (၂)၊ ပုဒ်မ ၅၊ ပုဒ်မ ၉ (၂) နှင့် ပုဒ်မ ၁၁ (၄) တစ်ခုခုအရသော်လည်းကောင်း၊ အခြေခံဥပဒေ၏ ပုဒ်မ ၁၁၊ အပိုဒ် (ခ) နှင့် (ဂ) တစ်ခုခုအရ သော်လည်းကောင်း ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်သည့်၊ သို့တည်းမဟုတ် ဖြစ်သည်ဟု မှတ်ယူခြင်းခံရသည့်၊ သို့တည်းမဟုတ် ဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံရသည့် သူအား နိုင်ငံသားလက်မှတ်ထုတ်ပေးနိုင်သည်။ ယင်းသို့ ထုတ်ပေးသည့် လက်မှတ်ပေါ်တွင် ပုဒ်မ ၆ (၂) အရ ထုတ်ပေးကြောင်းကို ဖော်ပြရမည်။

အရွယ်မရောက်သေးသော ကလေးများ၌ အရွယ်ရောက်ပြီးနောက် တစ်နှစ်အတွင်း ပြည်ထောင်စုနိုင်ငံ သားအဖြစ်ကိုသော်လည်းကောင်း၊ အခြားနည်းမိမိရရှိသော နိုင်ငံခြားသားအဖြစ်ကိုသော်လည်းကောင်း စွန့်လွှတ်ရန် တာဝန်ရှိလျှင် ထိုသို့ စွန့်လွှတ်ရမည်ဖြစ်ကြောင်းကို၊ သို့တည်းမဟုတ် စွန့်လွှတ်ပြီးဖြစ် ကြောင်းကို၊ ထိုလက်မှတ်ပေါ်တွင် ရေးသားဖော်ပြရမည်။]

[(၃) ပုဒ်မခွဲ (၁) နှင့် ပုဒ်မခွဲ (၂) တစ်ခုခုအရ ထုတ်ပေးသောလက်မှတ်သည်] ထိုသူနိုင်ငံသားဖြစ် ကြောင်း အပြီးသတ်သက်သေခံဖြစ်စေရမည်။ ထို့ပြင် လက်မှတ်ပေးအပ်ခြင်းခံရသောသူသည် လက် မှတ်တွင် ထိုကိစ္စအလို့ငှာ၊ ဖော်ပြထားသောနေ့မှစ၍၊ ပြည်ထောင်စုနိုင်ငံတော်သားဖြစ်သည်ဟု မှတ်ယူရ မည်။ သို့ရာတွင် ထိုလက်မှတ်ကို အကြောင်းပြု၍၊ ထိုလက်မှတ်၌ ဖော်ပြထားသောနေ့မတိုင်မီက ထိုသူ သည် နိုင်ငံသားမဖြစ်ဟု ဝန်ခံရာ မရောက်စေရ။

၇။ (၁) နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားပြုမှုလက်မှတ်ကို အောက်ပါအကြောင်းများကို ဖော်ပြ လျှောက်ထားနိုင်သည်။ ဝန်ကြီးက ထိုသို့ ဖော်ပြသောအကြောင်းများကို ကျေနပ်လက်ခံလျှင် ထိုလျှောက် သူအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည်-

(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ကြောင်း။
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက်မနည်း အဆက်မပြတ် ပြည်ထောင်စုနိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း။
(ဂ) မိမိသည် အကျင့်စာရိတ္တကောင်းမွန်၍ [မြန်မာနိုင်ငံ တိုင်းရင်းဘာသာစကားတစ်မျိုးမျိုးကို] ပြောတတ်ကြောင်း။ ထို့ပြင်
(ဃ) မိမိအား နိုင်ငံသားပြုလက်မှတ်ပေးအပ်လျှင်၊ မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန်၊ သို့တည်း မဟုတ် ပြည်ထောင်စု အစိုးရ၌သော်လည်းကောင်း၊ ပြည်နယ်တစ်ခုခု၏ အစိုးရ၌သော်လည်းကောင်း အမှုထမ်းရန်၊ ဆက်လက်အမှုထမ်းရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင်ရွက်ရန်၊ ဆက်လက်ဆောင်ရွက်ရန်ကြံရွယ်ကြောင်း။

သို့ရာတွင်ထိုသူသည် နိုင်ငံသားပြုမှုလက်မှတ် ရလိုကြောင်း မလျှောက်ထားမီ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ ကြိုတင်၍ ဤအက်ဥပဒေအရ ပြဋ္ဌာန်းထားသော နည်းဥပဒေများ၌ ပါရှိသည့်ပုံစံအ တိုင်း နိုင်ငံသားပြုမှုလက်မှတ်တောင်းယူရန် ကြံရွယ်ကြောင်းကို စာဖြင့် အကြောင်းကြားပြီး ဖြစ်ရမည်။

ရှင်းလင်းချက် (၁)။ ဤပုဒ်မအလို့ငှာ အဆက်မပြတ် နေထိုင်သည့် ငါးနှစ်ကို ရေတွက်ရာတွင်၊ ပြည်ထောင်စုပြင်ပ၌ နေထိုင်စေကာမူ ပြည်ထောင်စု အစိုးရ အမှုထမ်း အဖြစ်ဖြင့် နေထိုင်လျှင် ထိုသို့ နေထိုင်သောကာလကို ထည့်သွင်းရေတွက်ခွင့်ရှိသည်။ ပြည်ထောင်စု အစိုးရအမှုထမ်းအဖြစ်ဖြင့် နေထိုင် ခြင်းမပြုလျှင်၊ ခြောက်လအထိသာ ထည့်သွင်းရေတွက်ခွင့်ရှိသည်။

ရှင်းလင်းချက် (၂)။ ဤပုဒ်မအလို့ငှာ ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသော သင်္ဘောပေါ်၌ သင်္ဘောသားအဖြစ်ဖြင့် ပြည်ထောင်စုပြင်ပတွင် အမှုထမ်းနေစေကာမူ ထိုသူသည်၊ ပြည်ထောင်စုအတွင်း ၌ နေထိုင်နေသည်ဟု မှတ်ယူရမည်။

(၂) နိုင်ငံသားပြုမှုလက်မှတ်ရနိုင်ရန် အရည်အချင်းရှိ၍ ထိုလက်မှတ်ကို ရရန် လျှောက်ထားသော သူသည် လျှောက်ထားသည့်နေ့မှစ၍ လက်မှတ်ပေးအပ်သည့်နေ့အထိ ပြည်ထောင်စု နိုင်ငံအတွင်းတွင် အဆက်မ ပြတ် နေထိုင်ရမည်။

သို့ရာတွင် ဝန်ကြီးက လုံလောက်သည့် အကြောင်းများရှိသည်ဟု ယူဆလျှင် ဤပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမှ ခွင့်လွှတ်နိုင်သည်။

(၃) ထိုနိုင်ငံခြားသားအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်ခြင်းသည်၊ ဝန်ကြီး၏ သဘောအတိုင်း ဖြစ်စေရမည်။ ဝန်ကြီးသည် အကြောင်းပြ၍ဖြစ်စေ၊ မပြဘဲဖြစ်စေ အများပြည်သူအတွက် ကောင်းကျိုး ဖြစ်စေရမည်ဟု ထင်လျှင် ထိုလက်မှတ်ကို ပေးအပ်နိုင်သည်၊ သို့တည်းမဟုတ် ငြင်းဆိုနိုင်သည်။ ဝန်ကြီး ၏ အဆုံးအဖြတ်ကို အယူခံခွင့် မရှိစေရ။

(၄) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် [ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း] ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး၊ နိုင်ငံသားပြုလက်မှတ်သည် အတည် မဖြစ်စေရ။

၈။ မြန်မာပြည်သားပြုမှု အက်ဥပဒေ (The Burma Naturalization Act) ပုဒ်မ ၅ အရ၊ ထုတ်ပေးခဲ့ သော မြန်မာပြည်သား ပြုမှုလက်မှတ်ရသူနှင့် ထိုလက်မှတ်၌ အမည်ပါဝင်သူသည်၊ အကျင့်စာရိတ္တ ကောင်းသူဖြစ်၍ အရည်အချင်းချို့ငဲ့သူ မဟုတ်လျှင်၊ ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း၊ ပြည်ထောင် စုမြန်မာနိုင်ငံ၏ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသား အဖြစ်ကို ရွေးချယ်ကြောင်း ကြေညာလျှင် ဤအက်ဥပဒေအရ ပြည်ထောင်စု နိုင်ငံသားပြုမှု လက်မှတ်ရ လိုကြောင်း လျှောက်ထားနိုင်သည်။

ခြွင်းချက်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု (ပြင်ဆင်ချက်) အက်ဥပဒေ ထုတ်ပြန်ကြေညာခြင်းမပြုမီ မူလ ပုဒ်မ ၈ အရ လက်မှတ်ရသူနှင့် သက်ဆိုင်ခြင်း မရှိစေရ၊ သို့ရာတွင် ထိုသူ၏သားသမီးများနှင့် သက်ဆိုင်ရမည်။

၉။ (၁) ဝန်ကြီးသည် နိုင်ငံခြားသားတစ်ဦးအား၊ ပြည်ထောင်စု နိုင်ငံသားပြုမှု လက်မှတ်ကို၊ [သို့တည်းမ ဟုတ် နိုင်ငံသားလက်မှတ်ကို] ပေးအပ်ရာ၌ ထိုလက်မှတ်ပါနေ့မတိုင်မီက၊ မွေးဖွားသည်လည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံသား မဟုတ်သေးသည်လည်းဖြစ်သော ထိုလျှောက်ထားသူ၏ အရွယ် မရောက်သေး သည့် ကလေးများသည် (က) ထိုသူတစ်ဦးတည်း၏ တရားဥပဒေအရ အုပ်ထိန်းခြင်းခံရသူများဖြစ်လျှင်၊ သို့တည်းမဟုတ် (ခ) ပြည်ထောင်စုနိုင်ငံသားတစ်ဦးဦး၏ တရားဥပဒေအရ အုပ်ထိန်းခြင်းကို ခံရသူများ ဖြစ်လျှင် ထိုကလေးများ၏ အမည်များကို လက်မှတ်၌ထည့်သွင်းနိုင်သည်။

(၂) လက်မှတ်တွင် အမည်ပါဝင်သောအရွယ်မရောက်သေးသည့် ကလေးများသည် လက်မှတ်ပါနေ့ရက်မှ အစပြု၍ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို ရသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုသို့ အမည်ပါဝင်သော ကလေးတစ်ယောက်သည် အရွယ်ရောက်သည်မှ တစ်နှစ်အတွင်း ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာနိုင်သည်။ ထိုသို့ ကြေညာသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ပြည်ထောင်စု နိုင်ငံသား အဖြစ်မှရပ်စဲရမည်။

(၃) အရွယ်မရောက်မီက ဤပုဒ်မအရ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို ရရှိလာသောသူသည် အရွယ် ရောက်ပြီးသည့်နောက် ထိုသူ၏ နိုင်ငံသားအဖြစ်ကို ဝန်ကြီးက ရုပ်သိမ်းနိုင်သည်။ ထိုသို့ ရုပ်သိမ်းသော အခါ နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူ၏ နိုင်ငံ သားအဖြစ်ကို ရုပ်သိမ်းရာတွင် လိုက်နာအပ်သော အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ်ရမည်။

၁၀။ အိမ်ထောင်ရှိသော မိန်းမသည် အိမ်ထောင်မရှိဘိသကဲ့သို့ နိုင်ငံသားအဖြစ် ရယူခြင်း၊ စွန့်လွှတ်ခြင်း တို့ကို၊ ဤအက်ဥပဒေနှင့် မဆန့်ကျင်စေဘဲ ပြုနိုင်ခွင့် ရှိရမည်။အိမ်ထောင်ပြုခါမျှနှင့် မည်သည့်မိန်းမမျှ၊ ပြည်ထောင်စု နိုင်ငံသားအဖြစ်ကို ရရှိခြင်း၊ ဆုံးရှုံးခြင်း မဖြစ်စေရ။

၁၁။ (၁) ပြည်ထောင်စုနိုင်ငံသားနှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက်မှတ် ရလိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင် သည်။

(၂) ဝန်ကြီးသည် ထိုလျှောက်ထားသူ၏ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံကြောင်း ကျေနပ်လက်ခံ လျှင် ထိုလျှောက်ထားသူအား နိုင်ငံသားလက်မှတ်ကို ပေးအပ်နိုင်သည်-

(က) လျှောက်ထားသူသည် အရည်အချင်းချို့ငဲ့သူ မဟုတ်ခြင်း။
(ခ) ပြည်ထောင်စုနိုင်ငံသားနှင့် အိမ်ထောင်ပြုသူ ဖြစ်ခြင်း။
(ဂ) လျှောက်လွှာတင်သွင်းသောနေ့မှ အထက်အခြားမဲ့သော တစ်နှစ်မျှသော ကာလအတွင်း ပြည်ထောင်စုတွင် နေထိုင်ခဲ့သူဖြစ်ခြင်း။
(ဃ) နိုင်ငံသားလက်မှတ်ကိုရရှိလျှင် လျှောက်ထားသူသည် မိမိ၏ အခြားနိုင်ငံသားအဖြစ်ကို စွန့်လွှတ်မည်ဟု ဝန်ခံကတိထားရှိခြင်း။
[(င) လျှောက်ထားသူသည် အများပြည်သူ၏ အကျိုးထိခိုက်အောင် အကျင့်စာရိတ္တပျက်ပြားသူ မဟုတ်ခြင်း။]

(၃) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် [ပြည်ထောင်စု မြန်မာနိုင်ငံကို ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေကြောင်း] ကြေညာခြင်း မပြုသမျှကာလပတ်လုံး နိုင်ငံသားလက်မှတ်သည် အတည်မဖြစ်စေရ။

(၄) ပုဒ်မခွဲ (၂) အရ နိုင်ငံသား လက်မှတ်ပေးခြင်းခံရသူနှင့် ထိုသူ၏လင်က လျှောက်ထားလျှင် နိုင်ငံ သားအဖြစ်ကို ပေးအပ်ခြင်းခံရသည့်နေ့မတိုင်မီက မွေးဖွား၍ ပြည်ထောင်စုနိုင်ငံသားမဖြစ်သေးသော အရွယ်မရောက်သေးသည့် ကလေးကို၊ [ပြည်ထောင်စုနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်၊ ထိုကလေး၏ အမည်ကို မိခင်အား ထုတ်ပေးသော နိုင်ငံသားလက်မှတ်တွင် ထည့်သွင်းရမည်။ ပုဒ်မ ၉ ပါ ပြဋ္ဌာန်း ချက်များသည် ထိုကလေးနှင့် သက်ဆိုင်စေရမည်။]

၁၂။ (၁) နိုင်ငံသားဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော ကလေးသည် နိုင်ငံ သားမဖြစ်သေးလျှင် အရွယ်မရောက်သေးသည်လည်းဖြစ်၍ ထိုမိဘ၏ အအုပ်အထိန်းကို ခံယူနေသူ လည်းဖြစ်လျှင် ထို့ပြင် ထိုကလေး၏ ထိုမိဘသည် ပြည်ထောင်စုသို့ပြန်လာ၍ ထာဝစဉ်နေထိုင်လျက် လျှောက်ထားသောအခါ ထိုကလေးသည် နိုင်ငံသားလက်မှတ်ကို ရခွင့်ရှိရမည်။ [အရွယ်မရောက်သေး သည့် ကလေး၏ မိဘသည် ထိုကလေးအတွက် လျှောက်လွှာမတင်သွင်းမီသေဆုံးလျှင် ထိုကလေးကို အုပ်ထိန်းသူက ဤပုဒ်မခွဲအရ လျှောက်လွှာတင်သွင်းနိုင်သည်။]

သို့ရာတွင် ထိုကလေးသည် အရွယ်ရောက်ပြီးသည့်နောက် တစ်နှစ်အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။

(၂) ပုဒ်မခွဲ (၁) ၌ ရည်ညွှန်းထားသော ကလေးသည် အရွယ်ရောက်သူဖြစ်လျှင် ဝန်ကြီးသည် အောက်ပါအချက်များနှင့် ညီညွတ်သည်ဟု ယူဆပါက နိုင်ငံသားလက်မှတ်ကို ထိုသူအား ပေးအပ်နိုင်သည်-

(က) အကျင့်စာရိတ္တကောင်းခြင်း၊
(ခ) ပြည်ထောင်စုတွင် ထာဝစဉ်နေထိုင်ရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုအစိုးရ၌ဖြစ်စေ၊ ပြည်နယ် အစိုးရ၌ဖြစ်စေ အမှုထမ်းရန်၊ ဆက်လက်အမှုထမ်းရန်၊ သို့တည်းမဟုတ် ပြည်ထောင်စုတွင် တည်ထောင် ထားသော ဘာသာ၊ သာသနာရေး၊ ကုသိုလ်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့တစ်ခုခု၌ ပါဝင်ဆောင်ရွက် ရန်၊ ဆက်လက်ဆောင်ရွက်ရန် ကြံရွယ်ခြင်း။

(၃) ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာအောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသားမဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့်စာရိတ္တကောင်း သူဖြစ်၍ အရည်အချင်း ချို့ငဲ့သူမဟုတ်လျှင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက် ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သည်။ သို့ရာတွင် ထိုသူ သည် ထိုအခါက ပြည်ထောင်စုတွင် ထာဝစဉ်နေသူဖြစ်ရမည်။

ရှင်းလင်းချက်။ လျှောက်ထားရမည့် အချိန်အခါ၌ မိဘနှစ်ဦးလုံးသော်လည်းကောင်း၊ တစ်ဦးဦးသော် လည်းကောင်း နိုင်ငံသားလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားပြုမှုလက်မှတ်ကို ရယူပြီးဖြစ်လျှင်လည်း ထိုသူသည် နိုင်ငံသားလက်မှတ်ကို လျှောက်ထားနိုင်သည်ဟု မှတ်ယူရမည်။

(၄) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း [နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း] ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး၊ ပုဒ်မခွဲ (၂) အရ၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၃) အရ ပေးအပ်သည့် နိုင်ငံသားလက်မှတ်သည် အတည်မဖြစ်စေရ။”

(က) (၁) အခြေခံဥပဒေ စတင်အာဏာမတည်မီက ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော ပိုင်နက် အတွင်း မွေးဖွားသူ၏ မိဘတစ်ပါးပါးမှာ အခြေခံ ဥပဒေပုဒ်မ ၁၁၊ အပိုဒ် (ခ) အရ ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်လျှင်၊ သို့တည်းမဟုတ် ထိုမိဘမှာ အခြေခံဥပဒေ စတင်အာဏာတည်သည့်နေ့တွင် အသက် ရှင်နေသည်ဖြစ်ပါက အခြေခံဥပဒေပုဒ်မ ၁၁၊ အပိုဒ် (ခ) အရ သော်လည်းကောင်း၊ အပိုဒ် (ဂ) အရသော် လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ကို ရယူခွင့်ရှိလျှင် ထိုသူသည် အရည်အချင်း ချို့ငဲ့သူ မဟုတ်လျှင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီးတစ်နှစ်အတွင်းဖြစ်စေ နိုင်ငံသားလက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သည်။ သို့ရာတွင် ထိုသူသည် ပြည်ထောင်စုတွင် ထာဝစဉ်နေသူဖြစ်ရမည်။

(၂) လျှောက်ထားသူသည် ကျမ်းသစ္စာဆို၍သော်လည်းကောင်း၊ ကတိသစ္စာဆို၍သော်လည်းကောင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း ကြေညာခြင်းမပြုသမျှ ကာလပတ်လုံး ပုဒ်မခွဲ (၁) အရ ပေးအပ်သည့်နိုင်ငံသား လက်မှတ်သည် အတည်မဖြစ်စေရ။

(ခ) ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု (ပြင်ဆင်ချက်) အက်ဥပဒေထုတ်ပြန်ကြေညာ ခြင်းမပြုမီက ထုတ်ပေးပြီးဖြစ်သော နိုင်ငံသားပြုလက်မှတ်တွင်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေပါမည်ဟူသော ကြေညာချက်မပါ သောကြောင့် ထိုလက်မှတ်သည် ပျက်ပြယ်သည်ဟု မမှတ်ယူရ။

၁၃။ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များတွင် ကာလအပိုင်းအခြား ဆက်လျက်ဖြစ်စေ၊ မဆက်ဘဲဖြစ်စေ စုစုပေါင်းသုံးနှစ်ထက်မနည်း သစ္စာ ရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေစဉ်၌ သော်လည်းကောင်း၊ အမှုထမ်းရပ်စဲပြီး နောက် ခြောက်လအတွင်း၌သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါခြွင်းချက်များမှတစ်ပါး ဤအက်ဥပဒေရှိ အခြားပြဋ္ဌာန်း ချက်အားလုံး ကို အပြည့်အစုံလိုက်နာလျှင် ထိုသူအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည်-

(၁) ကြံရွယ်ခြင်းကို တင်ကြိုအကြောင်းကြားရန်မလို။

(၂) ပြည်ထောင်စုအတွင်းတွင် နေထိုင်ခဲ့ရန်မလို။

၁၄။ အရည်အချင်း ချို့ငဲ့သူမဟုတ်သော ပြည်ထောင်စု နိုင်ငံသားသည် နိုင်ငံခြား၏ နိုင်ငံသားပြုမှုလက် မှတ်ကို ရလျှင်၊ သို့တည်းမဟုတ် အိမ်ထောင်ပြုခြင်းကြောင့် မဟုတ်ဘဲ မိမိအလိုအတိုင်း ပြုမူသော ကြောင့်ဖြစ်စေ၊ နည်းလမ်းတကျ ပြုမူသောကြောင့် ဖြစ်စေ နိုင်ငံခြား၏ နိုင်ငံသားပြုခြင်းကိုခံရလျှင် ထိုသူသည် ပြည်ထောင်စုနိုင်ငံသား အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။

သို့ရာတွင် ဤပုဒ်မအရ မိဘတစ်ပါးပါးက၊ သို့တည်းမဟုတ် မိဘနှစ်ပါးစလုံးက ပြည်ထောင်စုနိုင်ငံသား အဖြစ်ကို ဆုံးရှုံးသောအကြောင်းကြောင့် သားသမီးများပါ မိမိတို့၏ ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို မဆုံးရှုံးစေရ။

၁၄-က။ (၁) ပြည်ထောင်စုနိုင်ငံသားဖြစ်လျက် နိုင်ငံခြားတစ်ခုခု၏ တရားဥပဒေကြောင့် ထိုနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုလည်း ရရှိသူသည်-

(က) ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မတိုင်မီဖြစ်စေ၊

(ခ) အရွယ်ရောက်ပြီး တစ်နှစ်အတွင်းဖြစ်စေ၊

(ဂ) နိုင်ငံခြားအစိုးရက ထိုတရားဥပဒေကို ပြဋ္ဌာန်းသည့်နေ့မှ တစ်နှစ်အတွင်း ဖြစ်စေ၊

ဤသုံးရပ်အနက် မိမိအတွက် အချိန်အများဆုံးရသည့် ကာလအတွင်း ထိုနိုင်ငံခြားသားအဖြစ်ကို သက်ဆိုင်ရာ နိုင်ငံခြား၏တရားဥပဒေနှင့်အညီ စွန့်လွှတ်ပြီးကြောင်း ဝန်ကြီးထံသို့ အစီအရင်ခံစာတင်သွင်းခြင်းမရှိလျှင် ထိုကာလ ကုန်ဆုံးသည့်အခါ၌ ထိုသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်၊

သို့ရာတွင် တစ်ဦးတစ်ယောက်သောသူသည် လုံလောက်သော အကြောင်းကြောင့် အချိန်မီအစီရင်ခံစာ မတင်သွင်းနိုင်ဟု ဝန်ကြီးကထင်မြင်လျှင် ဝန်ကြီးသည် ထိုသူအတွက် သင့်လျော်သော အချိန်တိုး၍ ပေးနိုင်သည်။

(၂) အခြေခံဥပဒေပုဒ်မ ၁၁၊ အပိုဒ် (က)၊ (ခ) နှင့် (ဂ) တစ်ခုခုအရသော်လည်းကောင်း၊ ဤအက်ဥပဒေ ပုဒ်မ ၄(၂)နှင့် ပုဒ်မ ၅ (ခ) တစ်ခုခုအရသော်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံရသူသည် နိုင်ငံခြားသံရုံးတွင် နိုင်ငံခြားသားအနေနှင့် မှတ်ပုံတင်ခြင်း၊ သို့တည်းမ ဟုတ် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရထံမှ နိုင်ငံခြားသားအနေနှင့် နိုင်ငံကူးလက်မှတ် ရယူခြင်းမရှိလျှင် ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များသည် ထိုသူနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(၃) ပုဒ်မခွဲ (၂) ၌ ရည်ညွှန်းသောသူသည် အရည်အချင်း ချို့ငဲ့သူလည်း မဟုတ်မှု၍ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့ ဆိုက်ရောက်ပြီးသည့်နောက် နိုင်ငံခြားသံရုံးတွင် နိုင်ငံခြားသားအနေနှင့် မှတ်ပုံတင်သွင်းခြင်း၊ သို့တည်းမဟုတ် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရထံမှ နိုင်ငံခြားသားအနေနှင့် နိုင်ငံကူးလက်မှတ်ရယူခြင်း ကိုပြုလျှင် ယင်းသို့ပြုသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲပြီဟု မှတ်ယူရ မည်။

၁၄-ခ။ ပုဒ်မ ၁၄ အရသော်လည်းကောင်း၊ ပုဒ်မ ၁၄-ကအရသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံသား အဖြစ်မှရပ်စဲခြင်း ခံရသူသည်-

(က) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၁ အပိုဒ် (က)၊ သို့တည်းမဟုတ် အပိုဒ် (ခ)၊ သို့တည်းမ ဟုတ် အပိုဒ် (ဂ)၊ သို့တည်းမဟုတ် ဤအက်ဥပဒေပုဒ်မ ၅ (ခ) ပါ အရည်အချင်းနှင့် ပြည့်စုံလျှင်၊ ထို့ပြင်

(ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ထာဝစဉ် ပြန်လည် နေထိုင်ပါမည်၊ နိုင်ငံခြားသားအဖြစ်ကို သက်ဆိုင်ရာနိုင်ငံခြား၏ တရားဥပဒေနှင့် အညီ စွန့်လွှတ်ပါမည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျေးဇူး သစ္စာတော်ကို စောင့်သိရိုသေပါမည်ဟူ၍ ဝန်ခံချက်ပေးလျှင်၊ ဝန်ကြီးက မိမိသဘောအတိုင်း ထိုသူအားပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ကို ပြန်လည်ရယူစေရန် ခွင့်ပြုနိုင်သည်။ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။

၁၅။ မည်သည့်ပြည်ထောင်စုနိုင်ငံသားမျှ ပြည်ထောင်စုတွင် နေထိုင်လျက်ရှိစဉ်၊ သို့တည်းမဟုတ် ပြည်ထောင်စုပါဝင်နေသော စစ်မက်ကာလအတွင်းတွင် ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့် မရရှိစေရ။

၁၆။ အခြေခံဥပဒေအာဏာစတင်တည်သည့်နေ့တွင် ထိုအခြေခံဥပဒေကြောင့် ပြည်ထောင်စုနိုင်ငံသား ဖြစ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော် လွတ်လပ်ရေးအက်ဥပဒေပုဒ်မ (၂) အရ ဗြိတိသျှနိုင်ငံ သားအဖြစ်ကို နောက်မှ ရွေးချယ်သောကြောင့် ဗြိတိသျှနိုင်ငံသားဖြစ်သည်ဟု မှတ်ယူခြင်းခံရသောသူ သည် ပြည်ထောင်စု၏ နိုင်ငံသားအဖြစ်မှရပ်စဲရမည်။

၁၇။ အခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်လျက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော်လွတ်လပ် ရေးအက်ဥပဒေ၏ ပထမဇယား အပိုဒ် ၂ နှင့် ၃ပါ ပြဋ္ဌာန်းချက်များအရ ဗြိတိသျှနိုင်ငံသားအဖြစ်လည်း တည်ရှိသောသူသည် အရည်အချင်းချို့ငဲ့သူမဟုတ်လျှင် ထိုသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာနိုင်သည်။ ထိုသို့ ကြေညာသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ပြည်ထောင်စုနိုင် ငံသားအဖြစ်မှ ရပ်စဲရမည်။

၁၈။ ဝန်ကြီးကပေးအပ်သည့် ပြည်ထောင်စုနိုင်ငံသားပြုမှု လက်မှတ်ကို၊ သို့တည်းမဟုတ် နိုင်ငံသားလက် မှတ်ကို မဟုတ်မမှန် ဖော်ပြခြင်းဖြင့်ဖြစ်စေ၊ လှည့်ဖြားခြင်းဖြင့် ဖြစ်စေ၊ အရေးပါသော အကြောင်းများကို ဖုံးကွယ်ထားခြင်းဖြင့် ဖြစ်စေ ရရှိခဲ့သည်ဟုသော်လည်းကောင်း၊ ထိုလက်မှတ်ရရှိသောသူသည် ပြည်ထောင်စုကို အကြည်အညိုမဲ့ကြောင်း၊ သို့တည်းမဟုတ် သစ္စာမဲ့ကြောင်း ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ ပြသည်ဟုသော်လည်းကောင်း ဝန်ကြီးက ထင်မြင်ယူဆလျှင် ထိုလက်မှတ် ရရှိ သူအား မိမိရရှိထားသော လက်မှတ်ကို မည်သည့်အကြောင်းကြောင့် ပြန်လည်မရုပ်သိမ်းသင့်ကြောင်း အကြောင်းပြရန် ဆင့်ဆို၍ ထိုအကြောင်းပြချက်အပေါ်တွင် သင့်တော်သည် ထင်မြင်သည့် အတိုင်း စုံစမ်း စစ်ဆေးစေပြီးလျှင် ထိုလက်မှတ်ကို ဝန်ကြီးက ရုပ်သိမ်းသင့်သည်ဟု ထင်မြင်ယူဆပါက ပြန်လည် ရုပ်သိမ်းရန် အမိန့်ချနိုင်သည်။

၁၉။ ပုဒ်မ ၁၈ အရ ရရှိသော အဏာများကို မထိခိုက်စေဘဲအောက်ပါကိစ္စတစ် ရပ်ရပ်ဖြစ်ပေါ်လာလျှင် ဝန်ကြီးသည် ပြည်ထောင်စုနိုင်ငံသားပြုမှု လက်မှတ်ကို [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ကို] ရုပ် သိမ်းနိုင်မည်။

(က) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည်၊ ပြည်ထောင်စု ပါဝင်နေသော စစ်မက်ကာလ အတွင်းတွင် ရန်သူနှင့် ဖြစ်စေ ရန်သူနိုင်ငံ၏ နိုင်ငံသားနှင့် ဖြစ်စေ တရားဥပဒေနှင့်မညီသော ကုန်သွယ်ခြင်း ဆက်သွယ်ခြင်းကို၊ သို့တည်းမဟုတ် ထိုကဲ့သို့သော စစ်မက်ကာလ အတွင်းတွင် ရန်သူကို အကူအညီပေးရာရောက်အောင် ဆောင်ရွက်နေသည်ဟု ထိုသူကိုယ် တိုင် သိရှိသော လုပ်ငန်းတစ်ခုခု၌ ပါဝင်ခြင်း ဆက်ဆံခြင်း၊ သို့တည်းမဟုတ်

(ခ) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည် လက်မှတ်ပေးသည့်နေ့မှစ၍ ငါးနှစ်အတွင်းတွင် ကိုယ်ကျင့်တရားပျက်ယွင်းသော ပြစ်မှုတစ်ခုခုကြောင့် ပြည်ထောင် စုရှိ တရားရုံးတစ်ခုခုက ပြစ်မှုထင်ရှား စီရင်၍ [၁၂လအောက် မနည်းသည့် ထောင်ဒဏ် သော်လည်းကောင်း၊ ကျပ်ငွေ ၁,၀၀၀အောက်မနည်းသည့် ငွေဒဏ်သော်လည်းကောင်း] အပြစ်ပေးခံရ ခြင်း၊ သို့တည်းမဟုတ်

(ဂ) နိုင်ငံသားပြုမှုလက်မှတ်၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်] ပေးအပ်ခြင်းခံရသူသည် လက်မှတ် ပေးအပ်သည့်နေ့မှစ၍ ပြည်ထောင်စုအစိုးရ၌သော်လည်းကောင်း၊ အသင်းဝင်အဖြစ်ဖြင့် ပြည်ထောင်စု ပါဝင်သော ပြည်ထောင်အချင်းချင်း အဖွဲ့တစ်ခု၌သော်လည်းကောင်း အမှုထမ်းလျက် မဟုတ်ဘဲ မိမိအလိုလျောက် ပြည်ထောင်စုပြင်ပ၌ အနည်းဆုံးငါးနှစ် အဆက်မပြတ် နေထိုင်ရာတွင် တစ်နှစ်ကြာနေထိုင်ပြီးနောက် ပြည်ထောင်စု ၏ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံး၌ နှစ်စဉ် မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း [သို့တည်းမဟုတ်]

(ဃ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်ခြင်းခံရသူသည် သတ်မှတ် ထားသည့် အချိန်ကာလအတွင်း နိုင်ငံခြာသားအဖြစ် စွန့်လွှတ်ရန် ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ်

(င) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်ခြင်း ခံရသည့်အခါ၌ ထိုသူ သည် အများပြည်သူ၏ အကျိုးထိခိုက်အောင် အကျင့်စာရိတ္တပျက်ပြားခြင်း၊ သို့တည်းမဟုတ်

(စ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်ခြင်း ခံရသူအား ဆက်လက် ၍ ထိုလက်မှတ် ပေးအပ်ထားလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုံခြုံမှုကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိ ပြားရေးကိုသော်လည်းကောင်း၊ အကျိုးစီးပွားကို သော်လည်းကောင်း ပျက်ပြားနစ်နာစေမည်ဖြစ်ခြင်း၊ သို့တည်းမဟုတ်

(ဆ) နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်ခြင်း ခံရသူသည် ထိုနိုင်ငံ သားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ပေးအပ်သည့် နေ့ကစ၍ မည်သည့်အချိန်တွင် မဆို ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း။

ခြွင်းချက်။ သို့ရာတွင် နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်သည့်နေ့ မှစ၍ သုံးနှစ်ကျော်လွန်ပြီးနောက် အပိုဒ် (င) ပါ ကိစ္စကြောင့် အရေးယူခြင်း မရှိစေရ။

သို့ရာတွင် နိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားလက်မှတ် ပေးအပ်သည့်နေ့မှစ၍ ငါးနှစ် ကျော်လွန်ပြီးနောက် အပိုဒ် (စ) ပါ ကိစ္စကြောင့် အရေးယူခြင်း မရှိစေရ။

၂၀။ * * * * * *

၂၁။ ဝန်ကြီးက ပြည်ထောင်စုနိုင်ငံသားပြုမှုလက်မှတ်ကို၊ [သို့တည်းမဟုတ် နိုင်ငံသားလက်မှတ်ကို] ပြန် လည် ရုပ်သိမ်းသောအခါ ထိုသို့ရုပ်သိမ်းခြင်းသည် ဝန်ကြီးက ညွှန်ကြားသည့်နေ့မှစ၍ အတည်ဖြစ်စေရ မည်။ ထိုအခါ ထိုလက်မှတ်ကို ဖျက်သိမ်းပြီးဖြစ်သော လက်မှတ်အဖြစ်ဖြင့် ပြန်၍ အပ်နှံစေရမည်။ ထို လက်မှတ်ကို အကြောင်းယုတ္တိမရှိဘဲ ပြန်အပ်နှံရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ပြန်၍ အပ်နှံရန် ပျက်ကွက်လျှင် ထိုသူကို ခြောက်လထက်မများသော ထောင်ဒဏ်၊ သို့တည်းမဟုတ် ငွေဒဏ် ထိုက်သင့် စေရမည်။

(က) ပြည်ထောင်စုနိုင်ငံသားပြုမှုလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသား လက်မှတ်ကို ပြန်လည်ရုပ် သိမ်းသောအခါ ယခင် ထိုလက်မှတ်ရရှိသူသည် ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည့်အပြင် ထိုသူ သည် ထိုလက်မှတ်ပေးအပ်စဉ်က ထိုသူအား စိုးပိုင်သည့် နိုင်ငံ၏ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်။

၂၂။ မည်သူမဆို ဤအက်ဥပဒေ၏ ကိစ္စများ အလို့ငှာ အရေးပါသော အကြောင်းတစ်ခုခုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်ကြောင်းကို သိလျက်နှင့် ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့် ဖြစ်စေ မဟုတ်မမှန် ဖော်ပြထွက်ဆိုလျှင်၊ သို့တည်းမဟုတ် အရေးပါသော အကြောင်းတစ်ခုခုကို ဖုံးကွယ်ထားလျှင် ထိုသူကို [ခုနစ်နှစ်] ထက်မများသော ထောင်ဒဏ် ထိုက်သင့်စေရမည့်အပြင် ငွေဒဏ်ကိုလည်း ထိုက်သင့်စေနိုင် သည်။

၂၃။ နိုင်ငံတော်သမ္မတသည် ဤအက်ဥပဒေ၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင် ဆောင်ရွက်စေရန် လည်းကောင်း၊ အထူးသဖြင့် အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စည်းမျဉ်း ဥပဒေများ ပြုလုပ်နိုင်သည်-

(က) နိုင်ငံသားလက်မှတ်၊ သို့တည်းမဟုတ် နိုင်ငံသားပြုမှုလက်မှတ်ပုံစံနှင့် မှတ်ပုံတင်ခြင်း၊ ထိုလက် မှတ်များအတွက် လျှောက်လွှာပုံစံ။

(ခ) နိုင်ငံခြားသားအဖြစ် စွန့်လွှတ်သောပုံစံ၊ နိုင်ငံသားပြုမှု လက်မှတ်ကို၊ [သို့တည်းမဟုတ် နိုင်ငံသား လက်မှတ်ကို] ပေးအပ်ပြီးနောက် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ရမည့် ကာလအပိုင်းအခြား ကျမ်းသစ္စာကို၊ သို့တည်းမဟုတ် ကတိသစ္စာကို ဆိုရမည့်ကိစ္စ။

(ဂ) နိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍၊ သို့တည်းမဟုတ် ကြေညာချက်ပြုခြင်းနှင့် စပ်လျဉ်း၍၊ သို့တည်းမဟုတ် ဤအက်ဥ​ပဒေအရ ပြုလုပ်ပေးအပ်ရမည့် နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ နိုင်ငံသားပြုမှုလက်မှတ်ကိုဖြစ်စေ ပေးအပ်ခြင်း၊ ထို့ပြင် ကျမ်းသစ္စာ၊ ကတိသစ္စာတို့နှင့် စပ်လျဉ်း၍ အခကြေးငွေ စည်းကြပ်ကန့်သတ်ခြင်း။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်။
နိုင်ငံတော်ယာယီသမတ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၈ ရက်။
(၁၉၄၈ နှစ်၊ နိုဝင်္ဘာလ ၈ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂၂၇]

မှတ်စု[edit]

  1. ပုဒ်မ ၂။ [တရားမဝင်သော ကလေး] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရအစားထည့်သွင်းသည်။
  2. ပုဒ်မ ၃။ (၁) [ကယား] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေ အမှတ် ၁၆ အရ အစားထည့်သွင်းသည်။
  3. ပုဒ်မ ၄။ (၁) [သို့တည်းမဟုတ် ဤအက်ဥပဒေအရ ......... ပေးအပ်ခြင်းခံရသူသည်] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရထည့်သွင်းသည်။
  4. ပုဒ်မ ၅။ (က) [ထိုသူ၏ အဘသည် နိုင်ငံခြားတစ်ခုခု၏ နိုင်ငံသားဖြစ်ခဲ့သော်] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရ အစားထည့်သွင်းသည်။
  5. ပုဒ်မ ၆။ (၂) [(၂) ဝန်ကြီးသည် ....ရေးသားဖော်ပြရမည်။] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၆ အရထည့်သွင်းသည်။
  6. ပုဒ်မ ၆။ (၃) [(၃) ပုဒ်မခွဲ (၁)နှင့် ........ လက်မှတ်သည်]၊ ပုဒ်မ ၇ (၁) (ဂ) [မြန်မာနိုင်ငံ .......] = အထက်ပါဥပဒေအရ အစားထည့်သွင်းသည်။
  7. ပုဒ်မ ၇။ (၄) [ ပြည်ထောင်စုမြန်မာနိုင်ငံ၏ .... ရိုသေကြောင်း ] ၊ Sec ၉။(၁) [သို့တည်းမဟုတ် ....] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။
  8. ပုဒ်မ ၁၁။(၂) (င)၊ ပုဒ်မ ၁၁။ (၃) [ ပြည်ထောင်စု .... ရိုသေကြောင်း] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရအားထည့်သွင်းသည်။
  9. ပုဒ်မ ၁၁။ (၄) [ ပြည်ထောင်စု.... ကလေးနှင့်သက်ဆိုင်စေရမည်။ ] = ၁၉၅၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၆အရ အစားထည့်သွင်းသည်။
  10. ပုဒ်မ ၁၂။ (၁) [အရွယ်မရောက်သေးသည့် ....... တင်သွင်းနိုင်သည်။] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေ အမှတ်၄၃အရ ထည့်သွင်းသည်။
  11. ပုဒ်မ၁၂။ (၃) = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃ အရ အစားထည့်သွင်းသည်။
  12. ပုဒ်မ ၁၂။ (၄) = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ အစားထည့်သွင်းသည်။
  13. ပုဒ်မ ၁၂။ (၄)၊ ပုဒ်မ ၁၂ (က)၊ ၁၂ (ခ)။ = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။
  14. ပုဒ်မ ၁၄-က၊ ၁၄-ခ = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရထည့်သွင်းသည်။
  15. ပုဒ်မ ၁၈။ = ၁၉၅၈ခုနှစ်၊ အက်ဥပဒေအမှတ် ၂၀အရ အစားထည့်သွင်းသည်။
  16. ပုဒ်မ ၁၉။ [ သို့တည်းမဟုတ် .... နိုင်ငံသားလက်မှတ်ကို] = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ ထည့်သွင်းသည်။
  17. ပုဒ်မ ၁၉။ (က) [ သို့တည်းမဟုတ် ... လက်မှတ်] ၊ ပုဒ်မ ၁၉။ (ခ) [ သို့တည်းမဟုတ် ... လက်မှတ်]၊ ပုဒ်မ ၁၉။ (ဂ) [ သို့တည်းမဟုတ် ] ၊ ပုဒ်မ၁၉။ (ဃ) = ၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရ ထည့်သွင်းသည်။
  18. ပုဒ်မ ၁၉။ (ခ) [ ၁၂ လအောက် ..... ငွေဒဏ်သော်လည်းကောင်း] = ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၃ အရ အစားထည့်သွင်းသည်။
  19. ပုဒ်မ ၁၉။ (င)၊ ပုဒ်မ ၁၉။(စ)၊ ပုဒ်မ ၁၉။(ဆ) ခြွင်းချက်။ .... = အထက်ပါဥပဒေအရ ထည့်သွင်းသည်။
  20. ပုဒ်မ ၁၉။ (ဆ) = အထက်ပါဥပဒေအရ ရှိရင်း (င) ကို (ဆ)အဖြစ် ပြန်လည်အမှတ်စဉ်သည်။
  21. ပုဒ်မ ၂၀။ = ၁၉၅၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၀ အရပယ်ဖျက်သည်။
  22. ပုဒ်မ ၂၁။ [သို့တည်းမဟုတ် .....] ၊ပုဒ်မ ၂၁ (က)။ ၊ပုဒ်မ ၂၃။ (ခ) [သို့တည်းမဟုတ် ..... ] = ၁၉၄၉ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃ အရထည့်သွင်းသည်။
  23. ပုဒ်မ ၂၂။ [ခုနစ်နှစ်] = ၁၉၅၈ ခုနှစ်၊ အက်ဥပဒေမှတ် ၁၀ အရ အစားထည့်သွင်းသည်။
  24. ပုဒ်မ ၂၃။ စည်းမျဉ်းဥပဒေများ = ဤအက်ဥပဒေအရ စည်းမျဉ်းဥပဒေများကို မြန်မာနိုင်ငံပြန်တမ်း၊ ၁၉၄၉ ခုနှစ် အပိုင်း ၁၊ စာမျက်နှာ ၄၃၉ တွင် ထုတ်ပြန်ကြေညာသည်။