မေတ္တာရှင်မလေး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ မေတ္တာရှင်မလေး
326974ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁၇။ မေတ္တာရှင်မလေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

မေတ္တာရှင်မလေး

[edit]

ဘုရားရှင်လက်ထက်တော်က ရာဇဂြိုဟ်မြို့တွင် ဥတ္တရာ အမည်ရှိ အမျိုးသမီးလေးတစ်ဦး ရှိလေသည်။ သူသည် မိဘစကားကို နားထောင်၏။ သံဃာတော်များကို ရိုသေလေးစားပြီး အလှူအတန်းလည်း ရက်ရောသည်။ မေတ္တာစိတ်လည်း အလွန်ကြီးမားသည့် အတွက် သူ့ကို “မေတ္တာရှင်မလေး”ဟု ခေါ်ကြသည်။ ထို့ပြင် သူသည် ဉာဏ်ပညာထက်မြက်ပြီး ရုပ်ရည်ချောမောလှပသူတစ်ဦးလည်း ဖြစ်သည်။

မေတ္တာရှင်မလေးဥတ္တရာသည် အရွယ်ရောက်သောအခါ မိဘများ သဘောတူသော နန္ဒသူဌေး သားနှင့် လက်ထပ်လိုက်လေ၏။ လက်ထပ်ပြီးသည့်အခါတွင်လည်း မေတ္တာရှင်မလေးသည် မယား ဝတ္တရားများကို ကျေပွန်စွာ လုပ်ဆောင်၏။ သို့သော် မေတ္တာရှင်မလေး၏ ခင်ပွန်းသည်ကား ဘာသာခြား ဖြစ်နေ၍ အလှူအတန်းကို စိတ်မဝင်စားဘဲ အပျော်အပါး၊ အသောက်အစားတို့ဖြင့်သာ အချိန်ဖြုန်း နေသည်။ သံဃာတော်များကိုလည်း ရိုသေလေးစားမှု မရှိပေ။

ဤသို့ဖြင့် မေတ္တာရှင်မလေးသည် သံဃာတော်များကိုလည်း မဖူးရ၊ တရားတော်များကိုလည်း မနာရသည်မှာ ကြာလာသဖြင့် သံဃာတော်များကို ဖူးချင်စိတ်၊ တရားတော်များကို နာကြားချင်စိတ် များ ဖြစ်ပေါ်နေ၏။ ထို့ကြောင့် သူ့အိမ်တွင် ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်းရန် စီစဉ်လေသည်။ ဆွမ်းလှူဒါန်းနေချိန်၌ မယားဝတ္တရား လစ်ဟင်း သွားမည် စိုးရိမ်သဖြင့် သူ့ခင်ပွန်းအား ပြုစုရန် သီရိမာ အမည်ရှိ မိန်းမချောတစ်ယောက်ကို အသပြာပေးပြီး ငှား ထားလိုက်လေသည်။ ထို့နောက် ဆွမ်းကပ်ရန်အတွက် အခိုင်းအစေများနှင့်အတူ သူကိုယ်တိုင် ပါဝင်ချက်ပြုတ် နေသည်။

ဆွမ်းကပ်ရန်အတွက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ် နေသော မေတ္တာရှင်မလေးကို ငှားထားသော မိန်းမချော သီရိမာက ကြည့်ပြီး “သူဌေးသားနန္ဒက ငါ့ကို ဇနီးမယား တစ်ယောက်လို အရေးပေးတယ်။ ငါ့ကိုလည်း ချစ်ပုံရတယ်။ နန္ဒ သူဌေးသားရဲ့ စည်းစိမ်တွေကလည်း များပြားလှတယ်။ ငါသာ နန္ဒသူဌေးသားရဲ့ ဇနီးအစစ်ဖြစ်ရင် ကောင်းမှာပဲ”ဟု ယုတ်မာ သောအကြံကို ကြံစည်နေလေသည်။ ထို့နောက် “ဟုတ်ပြီ၊ ဟို အောက်က လှူဖို့လောက်သာသိတဲ့ မိန်းမသာ မရှိရင် ငါ-- သူဌေးကတော် ဖြစ်ပြီ”ဟု တွေးပြီး ပွက်ပွက်ဆူနေသော ထောပတ်အိုးထဲမှ ထောပတ်ပူများကို ယူကာ မေတ္တာရှင်မ လေးအပေါ်သို့ လောင်းချလိုက်လေ၏။ ထိုအချိန်တွင် မေတ္တာရှင်မလေးသည် “ငါဟာ သီရိမာရဲ့ ကျေးဇူးကြောင့် ဘုရားအမှူးရှိတဲ့ သံဃာ တော်တွေကို ဆွမ်းလှူဒါန်းခွင့် ရတာဖြစ်တယ်”ဟု တွေးကာ သီရိမာကို မေတ္တာပွားနေသည်။ သူ၏ မေတ္တာ အစွမ်းကြောင့် ထောပတ်ပူများသည် ရေကဲ့သို့ အေးမြသွားပြီး မေတ္တာရှင်မလေးလည်း မည်သည့်ပူလောင် မှုမျှ မခံစားရပေ။ ထိုအခါ သီရိမာသည် သူ့အမှားကို သိသွားပြီး မေတ္တာရှင်မလေး၏ ခြေကို ခေါင်းနှင့် ထိကာ သူ့အား ခွင့်လွှတ်ရန် တောင်းပန်ရှာသည်။

မေတ္တာရှင်မလေးဥတ္တရာသည် မေတ္တာတရားကြီးမားသူပီပီ သီရိမာကို ခွင့်လွှတ်ပေးလိုက်သည့် အပြင် မြတ်စွာဘုရား၏ တရားတော်ကိုလည်း နာယူစေသည်။ သီရိမာသည်လည်း ဥတ္တရာ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက် ဖြစ်လာခဲ့လေသည်။

မေတ္တာအကျိုး ၁၁မျိုး

[edit]

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးထရခြင်း၊
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း၊
၄။ လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၅။ နတ်ဘီလူးတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊
၆။ နတ်များ၏ စောင့်ရှောက် ကူညီမှုကို ရရှိခြင်း၊
၇။ အဆိပ် မီး ဓား စသော လက်နက်များ မကျရောက်ခြင်း၊
၈။ လျင်မြန်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာအဆင်း ကြည်လင်ခြင်း၊
၁၀။ မတွေမဝေဘဲ သေရခြင်း၊
၁၁။ မဂ်ဖိုလ်ကို မရသေးသည်ရှိသော် ဗြဟ္မာပြည်သို့ လားရောက်ရခြင်း၊

မေတ္တာအကျိုးပြလင်္ကာ

[edit]

ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက် ပြီးခဲ့၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာရွာ၊ လားရာ မေတ္တာကျိုး။ (အရှင်ဇနကာဘိဝံသ)

ညီပုလေးရဲ့မေတ္တာ

[edit]

ညီပုလေး ညီပုလေး၊
ဘုရားရှိခိုးတဲ့ ညီပုလေး။
ညီပုလေး ညီပုလေး၊
မေတ္တာပို့တဲ့ ညီပုလေး။
ညီပုလေးက မေတ္တာဝေ၊
ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဝေတဲ့ ညီပုလေး၊
မျက်နှာ ရွှင်ချိုအေး။ ။
•••••

မာစေ သာစေမေတ္တာဝေ

[edit]

ကျန်းမာချမ်းသာ လန်းဖြာဝေ၊ ဖေဖေနဲ့မေမေ။
သား/ သမီးတို့တစ်တွေ ဦးထိပ်ထား၊ ဘိုးဘိုးနဲ့ဘွားဘွား။
သူငယ်ချင်းများ နေထိုင်ရာ၊ ငြိမ်းချမ်းဤကမ္ဘာ။
ရန်ဘေးဘယာ ဝေးကွာဖို့၊ တောင်းဆုမေတ္တာပို့။ ။