ရွှေရောင်နတ်သမီးလေး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၈။ ရွှေရောင်နတ်သမီးလေး
326975ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁၈။ ရွှေရောင်နတ်သမီးလေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

ရွှေရောင်နတ်သမီးလေး

[edit]

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်၌ အလွန်ချောမောလှပသော ရွှေရောင်နတ်သမီးလေးတစ်ပါး စံမြန်းနေ၏။ နတ်သမီးလေး၏ ကိုယ်ရောင်ကိုယ်ဝါသည် တောက်ပလွန်း၍ အခြားနတ်များအကြားဝယ် ထူးထူးခြားခြား ထင်ရှားပေါ်လွင်လျက်ရှိသည်။

ထိုနတ်သမီးလေးသည် ရွှေရောင်အဝတ်၊ ရွှေခြေကျင်း၊ ရွှေလက်ကောက်တို့ကို ဝတ်ဆင်ထားပြီး ရွှေဝါရောင် စန္ဒကူးတို့ကိုလည်း လိမ်းခြယ်ထား၏။ ဦးခေါင်းတွင်လည်း ရွှေကြာပန်းကို ဆင်မြန်းထားပြီး ရွှေပြသာဒ်၊ ရွှေခုတင်၊ ရွှေပလ္လင်၊ ရွှေအိပ်ရာပေါ်တွင် စံရ၏။ အသုံးပြုသော ရေအိုး၊ ရေခွက်တို့သည်လည်း ရွှေအိုး၊ ရွှေခွက်များသာ ဖြစ်ကြ၏။ ဆောင်းသော ထီးသည်လည်း ရွှေထီးဖြစ်၍ ယပ်တောင်သည်လည်း ရွှေဝါရောင် ဖြစ်၏။ စီးသော ရထားသည်လည်း ရွှေဝါရောင်ဖြစ်၍ ရွှေရောင် အဆင်းရှိသော မြင်းတို့ကို တပ်ဆင်ထား၏။ ဤသို့ဖြင့် နတ်သမီးလေးသည် ရွှေရောင်လွှမ်းသော အသုံးအဆောင်မှန်သမျှကို သုံးဆောင် စံစားနေလေသည်။ တစ်နေ့တွင် သိကြားမင်းသည် ဥယျာဉ်ကစားသွားစဉ် နတ်ကချေသည်တို့၏ အလယ်၌ ကိုယ်ရောင်ကိုယ်ဝါ ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနေသော ရွှေရောင်နတ်သမီးလေးတစ်ပါးကို မြင်လေ၏။ ထိုအခါ သိကြားမင်းသည် အရ “အသင်နတ်သမီး ၊သင်သည် အဘယ်ကဲ့သို့သော ကုသိုလ် ကောင်းမှုကို ပြုလုပ်ခဲ့သောကြောင့် ဤကဲ့သို့ ကြီးကျယ်သော အရောင်အဝါကို ရရှိလေသနည်း”ဟု မေးမြန်းလေသည်။ ထိုအခါ နတ်သမီးလေးက “အရှင်သိကြားမင်း . . .၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည် ရှိသော် ရှစ်ပြည်ထောင်မင်းတို့သည် မြတ်စွာဘုရားရှင်၏ ဓာတ်တော်တို့ကို ခွဲဝေ၍ ယူကြပါသည်။ အဇာတသတ်မင်းသည် မိမိဝေစုရသော သရီရဓာတ်တော်တို့ကို စေတီတည်ထားပြီး ပူဇော်ပွဲပြုလုပ် ပါသည်။ ထိုအချိန်က ကျွန်တော်မသည် ရာဇဂြိုဟ်မြို့တော်ကြီး၌ အမျိုးကောင်းသမီးတစ်ယောက် ဖြစ်ခဲ့ ပါသည်။ တစ်နေ့သော နံနက်တွင် ကိုယ်လက်သုတ်သင်ပြီးလျှင် “မြတ်စွာဘုရား၏ ဓာတ်တော်တို့ တည်ရှိရာ စေတီတော်ကို ပူဇော်မည်”ဟု တွေးကာ လွယ်လွယ်ကူကူနှင့်ရသော သပွတ်ခါးပန်း လေးပွင့်ကို ယူ၍ စေတီတော်ရှိရာသို့ သွားခဲ့ပါသည်။ စေတီတော်သို့ မရောက်မီ လမ်းခရီးတွင် ကျွန်တော်မကို နို့စို့သားငယ်ရှိသော နွားမက ဦးချိုဖြင့် ဝှေ့ခတ်၍ ကွယ်လွန်ခဲ့ရပါသည်။ သပွတ်ခါးပန်း လေးပွင့်ကို စေတီတော်အား လှူဒါန်းခွင့် မရခဲ့သော်လည်း ပူဇော်ရန်ရည်မှန်း၍ ယူဆောင်သွားခြင်းဟူသော ကောင်းမှု စေတနာကြောင့် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော နတ်စည်းစိမ်တို့ကို ရရှိခံစားနေရခြင်း ဖြစ်ပါသည်။ ထိုပန်းလေးပွင့်ကို လှူဒါန်းခွင့်သာ ရခဲ့မည်ဆိုလျှင် ယခုထက် အဆပေါင်းများစွာ သာလွန်သော နတ်စည်းစိမ်တို့ကို ရရှိလိမ့်မည်မှာ ဧကန်ပင် ဖြစ်ပါသည်”ဟုပြန်လည် ဖြေကြားခဲ့လေသည်။

ဒါနအကျိုးငါးသွယ်

[edit]

အများချစ်အပ်၊ သူမြတ်တို့ချဉ်း
ကောင်းသတင်းကြွယ်၊ ပွဲလယ်ဝင်ရဲ
ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ
ဤငါးတန်၊ ရရန်လှူကျိုးတွေ။