မိတ်ဆွေစစ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ မိတ်ဆွေစစ်
326973ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁၆။ မိတ်ဆွေစစ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

မိတ်ဆွေစစ်

[edit]

ရှေးအခါက တောအုပ်ကြီးအတွင်း လိုဏ်ဂူတစ်ခုတွင် ခြင်္သေ့နှင့် ကျားတို့သည် မိတ်ဆွေ ဖွဲ့၍ အတူတကွ နေထိုင်ကြ၏။ ထိုတောအုပ်၌ ခြင်္သေ့နှင့် ကျားတို့၏ စားကြွင်းစားကျန်များကို စားသောက်နေသော မြေခွေးတစ်ကောင်လည်း ရှိ၏။ တစ်နေ့တွင် မြေခွေးသည် “ငါဟာ ခြင်္သေ့သား၊ ကျားသားကို တစ်ခါမှ မစားဖူးဘူး၊ သူတို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြယ်စေကာ ခိုက်ရန်ဖြစ်အောင် လုပ်ပြီး သူတို့အသားကို စားရရင်ကောင်းမယ်”ဟု ကြံစည်နေသည်။

ထို့နောက် မြေခွေးသည် ခြင်္သေ့ထံသို့ ချဉ်းကပ်၍ “အရှင်ခြင်္သေ့မင်း ... အရှင်ဟာ ကျားနဲ့ ခိုက်ရန်ဖြစ်ဖူးသလား”ဟု မေး၏။ “အချင်းမြေခွေး ... မဖြစ်ဖူးပါ”ဟု ခြင်္သေ့က ပြန်ဖြေသောအခါ “အရှင်ခြင်္သေ့မင်း ... အကျွန်ုပ် အရှင့်ဆီလာတဲ့ လမ်းမှာ ကျားနဲ့တွေ့တော့ ကျားက ခြင်္သေ့ရဲ့ အဆင့်အတန်းဟာ သူ့ကို မမီဘူးလို့ ကဲ့ရဲ့ စကား ပြောဆိုတယ်”ဟု မြေခွေးက ကုန်းတိုက်လေသည်။ ထိုအခါ ခြင်္သေ့က “သင် ထွက်သွား၊ ငါ့သူငယ်ချင်း ကျားဟာ ဒီစကားမျိုး မပြောဘူး”ဟုပြော၍ မြေခွေးကို မောင်းထုတ်လိုက်လေသည်။ ထိုအခါ မြေခွေးသည် ခြင်္သေ့ကို ပြောခဲ့သည့်အတိုင်း ကျားထံသို့လည်း ကုန်းတိုက်စကား သွားပြောပြန်သည်။ ကျားသည် မြေခွေး၏ ကုန်းတိုက်စကားကို ကြားသိပြီး မြေခွေး ပြောသည့်အတိုင်း ဟုတ်၊ မဟုတ် ခြင်္သေ့ကို မေးမြန်းလေသည်။

ထိုအခါ ခြင်္သေ့က “မိတ်ဆွေကျား ... မြေခွေး ကုန်းတိုက်တဲ့စကားကို တကယ် ထင်မှတ်ပြီး သင်က ငါ့ကို ပြစ်မှားခဲ့မိရင် ငါတို့အချင်းချင်း မိတ်ပျက်ကြလိမ့်မယ်” ဟု ပြောလေသည်။

တစ်ဖန် ခြင်္သေ့က “တစ်စုံတစ်ယောက်ဟာ သေသေချာချာ စုံစမ်းစိစစ်မှု မရှိဘဲ ကုန်းတိုက်စကားကို ယုံကြည်ခဲ့ မယ်ဆိုရင် အချင်းချင်း မိတ်ပျက်မယ်၊ စကားများပြီး ခိုက်ရန် ဖြစ်ကြလိမ့်မယ်၊ တကယ်လို့ တခြားသူက ကုန်းတိုက်စကား ပြောလာသည့်တိုင် သတိထားမယ်ဆိုရင် မိတ်မပျက် ဘူး။ မိတ်ဆွေစစ်ဟာ အချင်းချင်း မိတ်ဆွေအဖြစ် ခိုင်မြဲနေတာကို အစဉ်အမြဲ လိုလားတယ်၊ တစ်ပါးသူရဲ့ စကားကြောင့် မိတ်အပျက်မခံဘူး၊ မိတ်ဆွေစစ်မှန်ရင် တစ်ယောက်နဲ့ တစ်ယောက် သံသယမရှိဘူး၊ ကြောက်ရွံ့မှု မရှိဘူး၊ ဥပမာ ပြောရမယ်ဆိုရင် သားတစ်ယောက်ဟာ မိခင်ရင်ခွင်မှာ ကြောက်ရွံ့မှုမရှိ အိပ်စက်သလိုပဲ”ဟု ပြောလေသည်။

ထိုအခါ ကျားက “အဆွေ ခြင်္သေ့ ... ကျွန်ုပ်မှာ အပြစ်ရှိပါတယ်”ဟု ပြောဆိုပြီး ခြင်္သေ့ကို တောင်းပန်လေသည်။ နောက်ဆုံး၌ ခြင်္သေ့နှင့် ကျားတို့သည် ယခင်အတိုင်း ချစ်ခင် ညီညွတ်စွာ နေထိုင်သွားကြလေသည်။ ကုန်းတိုက်သော မြေခွေးသည် သူ၏အကြံ မအောင်မြင်ကြောင်း သိရှိသွားသောအခါ အရပ်တစ်ပါးသို့ ထွက်ပြေးလေတော့သည်။

မိတ်ဆွေကျင့်ဝတ်ငါးပါး

[edit]

ပေးကမ်းချီးမြှင့်၊
ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊
နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊
ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။ ။