မဟောသဓဇာတ်တော်ကြီး/အခန်း-၄၁

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄၁။ ရှေးဦးစွာ စစ်အောင်ခန်း

ကေဝဋ်အမတ်စကားကို စူဠနီဗြဟ္မဒတ်မင်းကြားလျှင် “ဆရာပုရောဟိတ်။ သင်၏အကြံ ကောင်းပြီ။ ယခုပင် ဝိဒေဟရာဇ်မင်းထံသို့ ထိုအကြောင်းကို စေလွှတ်အံ့”ဟု ဆို၍၊ မှာထားရန် ဤသို့ရာဇသံစာစီကုံး၏။

“ဝိဒေဟရာဇ်မင်း။ ငါသည် ၁-သောင်းယူဇနာ ကျယ်စွာသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို လက်ရုံးရည်မပြဘဲ အနူးအညံ့စကား တရားဖြင့်ပြောဆိုလျှင် ငါ၏ဘုန်းတော်ကို ရိုသေခံ့ညားကြသည်နှင့်အညီ ပြည်သူပြည်သားတို့အား မပင်မပန်းစေမူ၍ ထိုမင်းအပေါင်းတို့သည် ငါ့ထံသို့ ကျိုးနွံလာကြသည်ချည်း ဖြစ်သည်။

သင်မူကား ဤပြည်သို့ ငါရောက်တော်မူသည်မှာ ယနေ့ ၅-ရက်, ၆-ရက်ရှိပြီ။ မည်သို့အကြောင်းကိုမျှ မလျှောက်မထား။ မြို့တံခါးကိုပိတ်၍ တင်းမာခိုင်ခံ့စွာ နေသည်မှာ သင်တစ်ယောက်ကြောင့် ပြည်သူပြည်သားအပေါင်းတို့ ဆင်းရဲပင်ပန်းရှိကြသည်ကို ငါ ကရုဏာသက်တော်မူသည်ဖြစ်၍ လက်ရုံးရည်ကိုးလျက် စစ်ထိုးခြင်းကို အလိုတော်မရှိ။ ကျွန်တော်မျိုးအပေါင်း ချမ်းသာကြောင်း ကောင်းမြတ်သောအမှုဖြင့် အောင်ခြင်းသည်သာ မင်္ဂလာဖြစ်သည်ဟု အယူရှိသဖြင့် နက်ဖြန်နံနက် ပညာရှိတစ်ယောက်စီ ထွက်၍၊ ပညာရှိချင်း တရားစစ်ထိုးကြစေအံ့။ တရားစစ် မထိုးဝံ့လျှင် အရှုံးဖြစ်စေရမည်”ဟု စာစီ၍ လိမ္မာရဲရင့်သော အမတ်တစ်ယောက်ကို ဝိဒေဟရာဇ်မင်းကြီးထံသို့ ရာဇသံစာနှင့် စေလွှတ်လိုက်၏။

မဟောသဓ သူလျှိုထားသောအမတ်တို့သည်လည်း မင်းပုရောဟိတ်တို့တိုင်ပင်ဟန် အကြံအစည်အလုံးစုံကို ရှေးနည်းအတူ မြားဖျားတွင်စာဆွဲ၍ ပစ်လွှတ်လိုက်သဖြင့် မဟောသဓာသုခမိန်သည် ကေဝဋ်အမတ်၏ အကြံအစည်ပညာကို သိလေသော် “ထိုကေဝဋ်အမတ်၏အကြံအစည် ပညာမျှကို ငါ မလွန်နိုင်လျှင် သုခမိန်ခံ၍ အဘယ်မျှအကျိုး ရှိအံ့နည်း”ဟု ကြံတော်မူ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလရာဇ်မင်းက ရာဇသံစာရောက်လျှင် မဟောသဓသုခမိန်ကိုခေါ်၍ အလုံးစုံကို ပြန်ကြားပြောဆို၏။ မဟောသဓသုခမိန်လည်း မင်းကြီးစကားကိုကြား၍ ရာဇသံပါ စကားအလုံးစုံကို အကုန်သိပြီးလျှင် “အရှင်မင်းကြီး။ ကောင်းပြီ။ နက်ဖြန်နံနက် အနောက်မြို့တံခါးဝပြင်၌ တရားစစ်ထိုးကြမည့်အကြောင်းကိုသာ ရာဇသံစာနှင့် ပြန်ကြားလိုက်တော်မူပါ”ဟု လျှောက်ထားလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ပဉ္စာလရာဇ်မင်းအား- “အဆွေတော် ပဉ္စာလရာဇ်မင်း။ ဤဝိဒေဟရာဇ်ပြည်သည် ကေသရရာဇာခြင်္သေ့မင်း စောင့်နေသော ရွှေဂူကဲ့သို့ဖြစ်၍ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သောထီးဆောင်းမင်းတို့သည် မိမိနိုင်ငံအလုံးစုံကို လက်နက်ပြု၍ အစုစုအရပ်ရပ် အထပ်ထပ်အတည်တည် ဤနေပြည်တော် ထက်ဝန်းကျင်ကို ဝန်းဝိုင်းကာသာမက သိကြားမင်းပင် နတ်စစ်သည်အပေါင်းနှင့် နှောင့်ယှက်ငြားသော်လည်း မဖြစ်နိုင်ရာ။

ပညာရှိတစ်ယောက်ကောင်းက အသောင်း အသန်းမက များလှစွာသော ဗိုလ်ခြေသည် နေအလျှံခိုက်သော အမိုက်မှောင်ကဲ့သို့ ရှောင်ခွာလွင့်ပျောက်ခြင်းသို့ ရောက်ရာသည်ကို နှလုံးမထားဘဲ တောသားမြေခွေးသည် ယုန်သမင်အပေါင်းကို မကောင်းသဖြင့် နှိပ်နင်း၍မင်းပြုရလျှင် ကေသရရာဇာ ခြင်္သေ့မင်းကိုစင်လျက် နိုင်နိုးပိုင်နိုးထင်၍ ခြင်္သေ့မင်း၏ရွှေဂူနားမှာ ထောင်ထားရိုင်းပျလာသကဲ့သို့ တစ်ပါးသောနိုင်ငံအပေါင်းတို့ကို မကောင်းသဖြင့်ဖြားယောင်း၍ နိုင်ရလျှင် ဤမိထိလာရာဇဌာနီ မင်းနေပြည်ကြီးကိုလည်း နိုင်နိုးပိုင်နိုးထင်၍ မလောက်မလေး ပြုမှားလာချေသောကြောင့် ကြီးစွာသောအန္တရာယ် ရောက်၍ရှိကြရလေပြီးသည်ကို သတိမရဘဲ ၁၈-ခေါဘဏီရှိသော ဗိုလ်ထုဗိုလ်တပ်နှင့် အထပ်ထပ် ဝန်းရံတိုက်ဖျက်နှောင့်ယှက်၍ မဖြစ်နိုင်ဘဲလျက် တစ်ယောက်အားနှင့် တရားစစ်ထိုးလိုဟန် ရာဇသံစကားကြားလိုက်သည်မှာ “သတ္တဝါတို့၏ ကြမ္မာအဟုန် မကုန်သမျှ သုခဖြစ်ကြောင်း ကောင်းရာကို မယူနိုင်ချေဖြစ်သောကြောင့် ဝိဒေဟရာဇ်တိုင်းကြီးရှင်က ကရုဏာတော် ရှိသည်နှင့်အညီ ချမ်းသာငြိပ်ဝပ်ကြောင်း ထုံးဟောင်းပြဆိုသော်လည်း အလိုမတူ မယူမကျနိုင်လျှင် နက်ဖြန်နံနက် အချိန်းအချက်ရှိသည့်အတိုင်း မြို့တော်အနောက် တံခါးဝပြင်၌ တရားစစ်ထိုးရာမြေတလင်းကို သန့်ရှင်းသုတ်သင် စီရင်ခင်းကျင်း၍ ပြီးစိမ့်မည်။ နက်ဖြန်နံနက်ရောက်လျှင်သာ အဆွေတော် ပဉ္စာလရာဇ်မင်းက တရားစစ်ထိုးမည့်သူ ပညာရှိကို ထိုမြေတလင်းသို့ ရောက်နှင့်စေ။ အဆွေတော် စိတ်မကုန်သေးလျှင် တရားစစ်ထိုးခြင်းအမှုကိုပင် ပြုစေရဦးတော့မည်”ဟု ရာဇသံစာ စီကုံးရေးသား၍ ထိုပဉ္စာလရာဇ်မင်း၏အမတ်တွင်ပင် စာပြန်လိုက်၏။

မဟောသဓသုခမိန်သည်လည်း “နက်ဖြန်နံနက် ကေဝဋ်အမတ်၏ရှုံးခြင်းကို ထင်ရှားစေအံ့”ဟုကြံလျက် မြို့အနောက်တံခါးဝပြင်၌ တရားစစ်ထိုးရာ မြေတလင်းကို သန့်ရှင်းသုတ်သင် စီရင်ခင်းကျင်း၍ ပြီးစေ၏။ နံနက်မိုးသောက် ရောက်လတ်သော် စူဠနီဗြဟ္မဒတ်မင်းသည် “မဟောသဓကား ပညာအကြံအစည် ဆန်းပြား၏။ အကြောင်း အသို့ဖြစ်မည် မသိနိုင်။ ကေဝဋ်ပုရောဟိတ် အမတ်ကြီးတစ်ယောက်တည်းကိုသာလွှတ်၍ မသင့်ချေ”ဟု ကြံပြီးမှ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းခြံရံပြီးလျက် ကေဝဋ်အမတ်ကြီးကိုခေါ်၍ မိမိစံတော်မူရာ သစ်တပ်တဲနန်းမှ တရားစစ်ထိုးရာ မြေတလင်းသို့ထွက်သွားလေ၏။

ထိုမြေတလင်းသို့ရောက်လျှင် စူဠနီဗြဟ္မဒတ်မင်းမှစ၍ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့ အသင့်ရပ်လျက်ပင် တံခါးဝသို့ မဟောသဓကို မျှော်ကြည့်ကာသာလျှင် ငံ့လင့်နေကြကုန်၏။

ကေဝဋ်အမတ်သည်လည်း တရားစစ်ထိုးရာတလင်းတွင် မိမိနေရာအခင်း၌ရပ်လျက် ထိုမင်းများနှင့်အတူပင်လျှင် တံခါးဝသို့ရှေးရှုကာ မဟောသဓသုခမိန်ကိုမျှော်ကာ ကြည့်ငံ့လင့်လေ၏။ မဟောသဓသုခမိန်သည် နံနက်စောစောကပင်လျှင် နံ့သာရည်ဖြင့်ရေချိုးပြီးမှ အဖိုး၁-သိန်းထိုက်သော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးကိုဝတ်လျက် ခပ်သိမ်းစုံစစ်ဘုရင်တို့ဆင်သော တန်ဆာအပေါင်းတို့ဖြင့် တန်ဆာဆင်ပြီးသော် အထူးထူးအပြားပြား ကောင်းမြတ်သောခဲဖွယ်ဘောဇဉ်တို့ကို စားသောက်ပြီးလျှင် ဖွားဖက်ဖော် ၉၀၀-မှစ၍ များစွာသော ဗိုလ်မှူးသူရဲအပေါင်းခြံရံလျက် ဝိဒေဟရာဇ်မင်းကြီးစံရာ နန်းတော်သို့သွား၍ တံခါးဝပြင်၌ နန်းတော်ကိုရှိခိုးလျက် ရပ်နေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း အရှေ့လေသာပြတင်းဖြင့် မျှော်ကြည့်လတ်သော် မဟောသဓသုခမိန်ကိုမြင်လျှင် အလွန် နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် “ငါ့သားတော် သုခမိန်။ ဝင်စေ”ဟု မင်းမိန့်ပြန်လိုက်သဖြင့် မဟောသဓ သုခမိန်သည်လည်း နန်းတော်သို့ဝင်၍ တင့်အပ်သောနေရာ၌ မင်းကြီးကိုရှိခိုးလျက် ခစား၏။

ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သား။ အဘယ်ကိစ္စရှိ၍ ယခု နန်းတော်သို့ ဝင်လာသနည်း”ဟု မေး၏။ မဟောသဓ သုခမိန်ကလည်း “အရှင်မင်းကြီး။ တရားစစ်ထိုးရာသို့ ထွက်သွားအံ့သောငှာ ယခု နန်းတော်သို့ အကျွန်ုပ်ဝင်လာပါသည်”ဟု လျှောက်သည်တွင် ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သားသုခမိန်။ တရားစစ်ထိုးခြင်း၌ ငါဆောင်ရွက်ရန် ကိစ္စရှိသလော”ဟု မေးတော်မူ၏။

မဟောသဓသုခမိန်က “အရှင်မင်းကြီး။ တရားစစ်ထိုးခြင်း၌ အမှုတော်ဆောင်ရွက်ရန် တစ်ပါးကိစ္စမရှိ။ ကေဝဋ်ပုဏ္ဏားကို ပတ္တမြားဖြင့် အကျွန်ုပ် လှည့်ပတ်လိုသည်ဖြစ်၍ အကောက် ၈-ခုရှိသော ပတ္တမြားမျက်မြတ်ကို အကျွန်ုပ်အား သနားတော်မူစေချင်ပါသည်”ဟု လျှောက်တင်၏။ ဝိဒေဟရာဇ်မင်းကြီးကလည်း “ချစ်သားသုခမိန်။ ကောင်းပြီ။ ပေးအံ့”ဟုဆို၍ ပတ္တမြားကို မဟောသဓသုခမိန်အား ပေးတော်မူ၏။

ဘုရားလောင်းမဟောသဓသုခမိန်သည် ပတ္တမြားကိုရလျှင် မင်းကြီးအားရှိခိုး၍ နန်းတော်မှ ထွက်ခဲ့ပြီးသော် သိန္ဓောမြင်းက,သော အဖိုး၉-သိန်းထိုက်သော မြင်းရထားကိုစီး၍ ဖွားဖက်ရွေဖော် ဗိုလ်ပါအပေါင်းခြံရံလျက် နံနက်တစ်ချက်တီးကျော်အချိန်လောက်မှ အနောက်တံခါးဝသို့ သွားလေ၏။

ကေဝဋ်အမတ်သည်လည်း မဟောသဓသုခမိန် ရောက်လာခဲသည်ဟု တံခါးဝသို့ မျက်နှာရှေးရှု လည်တဆန့်ဆန့် မျှော်ကြည့်လျက် နံနက်အရုဏ်တက်သည်က တစ်ချက်တီးကျော်တိုင်အောင် အရှည်အကြာ နေရခြင်းကြောင့် လည်ပင်းရှည်ခြင်းသို့ ရောက်လေ၏။ ရင်,မျက်နှာကို နေပူထိုးခတ်သဖြင့်လည်း ကိုယ်အလုံး ချွေးအဖြာဖြာ ယိုစီးထွက်ကုန်၏။

မဟောသဓသုခမိန်သည် များစွာသော ဖွားဖက်ရွေဖော် ဗိုလ်ပါအခြံအရံတို့နှင့် သွားကြသောအခါ အချင်းချင်းပြောကြသောအသံ, သွားကြသောအသံ, ရထားသံ, မြင်းသံတို့ဖြင့် မဟာသမုဒ္ဒရာရေအပြင်ကို လေအယဉ်မြှောက်တင်၍ ကောင်းကင်ယံက သွန်မှောက်ဘိသကဲ့သို့ ရွံ့ကြောက်ဖွယ်သောအသံ အခြံအရံဗိုလ်ပါတို့၏အလယ်၌ ကေသရရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းနှင့်ပြည့်စုံစွာ လာလတ်၍ အနောက်တံခါးဝသို့ ရောက်လေသော် တံခါးကိုဖွင့်စေသဖြင့် မြို့ပြင်သို့ထွက်ပြီးလျှင် ရထားမှဆင်းသက်၍ နတ်စစ်သည်အပေါင်း ခြံရံအပ်သော သိကြားမင်းကဲ့သို့ ရဲရင့်တင့်တယ်စွာ ဗိုလ်ပါအခြံအရံနှင့်တကွ တရားစစ်ထိုးရာ မြေတလင်းသို့ ပတ္တမြားကို လက်ဝါးပေါ်၌တင်ပြကာ သွားလေ၏။

၁၀၀-ကုန်သော ထီးဆောင်းမင်း အပေါင်းတို့သည် သိကြားမင်းကဲ့သို့ ရဲရင့်တယ်တယ်စွာ လာလတ်သော မဟောသဓသုခမိန်ကို မြင်လေသော် “သိရီဝဍ္ဎနသူဌေးသား မဟောသဓသုခမိန်ဟူသည် ဤသူပင်ထင်၏။ ထိုသူဌေးသားသည် မိမိပညာအစွမ်းဖြင့် ဤဇမ္ဗူဒီပါ ကျွန်းအပြင်၌ ၂-ယောက်မရှိသောကျော်စောခြင်းဖြင့် ကျော်စောထင်ရှားသော သူတည်း”ဟု အရာအထောင်မကသော ကြွေးကြော်ခြင်းကို ပြုကြကုန်၏။

ဘုရားလောင်းမဟောသဓသုခမိန်သည် သိကြားမင်းကဲ့သို့ သန့်ရှင်းစင်ကြယ် အရွယ်အဆင်း လှပခြင်းဖြင့် လက်ဝါးပြင်၌ ပတ္တမြားကိုတင်လျက် ကေဝဋ်အမတ်ဆီသို့ ရှေးရှုသွားလေ၏။ ကေဝဋ်အမတ်သည် မဟောသဓသုခမိန်၏ လက်ဝါးပေါ်၌ရှိသောပတ္တမြားကို မြင်လေသော် ဆားနှင့် ချဉ်သီး အနီးသို့ရောက်လျှင် လျှာဣန္ဒြေမရသကဲ့သို့ ပတ္တမြားကိုလိုချင်သော လောဘဇောရမ္မက် လှုပ်ရှားသဖြင့် စိတ်ထားမငြိမ် ကိုယ်ဣန္ဒြေမတည် မဆောင်နိုင်သည်ဖြစ်၍ ခရီးဦးကြိုဆိုခြင်းကိုပြုလျက် နှုတ်ခွန်းပျူငှာ သာယာသောစကားဖြင့် ဤသို့ပြောဆို၏။

“စစ်သူကြီးသုခမိန်။ သင်သည် ဝိဒေဟရာဇ်မင်းကြီး၌ ၂-ယောက်မရှိသော စစ်သူကြီးသုခမိန်တည်း။ ငါသည်လည်း စူဠနီဗြဟ္မဒတ်မင်းကြီး၌ ၂-ယောက်မရှိသော ပုရောဟိတ်သုခမိန်တည်း။ ဝိဒေဟရာဇ်တိုင်း၌ မဟောသဓသုခမိန်သည် မိမိတို့ပြည်သို့ ရောက်လာကုန်သော မင်းအမတ်ပရိသတ်တို့အား ထိုက်ရာပဏ္ဏာလက်ဆောင်နှင့် ဧည့်သည်တို့ဝတ်ကို ပြုတတ်သောအလေ့ရှိ၏ဟု ကျော်စောခြင်းဖြစ်သည်နှင့်အညီ ငါတို့အားလည်း ဧည့်သည်တို့ဝတ်ကို ပြလိမ့်မည်ဟု ရည်မှတ်လျက် သင်သုခမိန်ကိုအမှီပြု၍ ဤပြည်သို့ ယခုငါတို့ရောက်လာပါသည်။ ယခု ၄-၅-၆ ရက်ရှိပြီ။ သင်၏လက်ဆောင် တစ်စုံတစ်ခုကိုမျှ ငါတို့မရပါ။ အဘယ့်ကြောင့် ဤသို့ ပြုရာသနည်း။ ငါတို့ပြည်သို့ သင်တို့ ရောက်လာပါတပြီးကား သုခမိန်ချင်းဖြစ်သည်နှင့်အညီ နှစ်သက်အပ်သော ပဏ္ဏာလက်ဆောင်နှင့် ဧည့်သည်တို့ဝတ်ကို ပြုလေ၏”ဟုဆို၏။

ကေဝဋ်အမတ်စကားကိုကြားလျှင် “မဟောသဓသုခမိန်သည် ပဉ္စလရာဇ်မင်းကြီး၏ ပုရောဟိတ်ဖြစ်သော သုခမိန်အမတ်ကြီး။ အကျွန်ုပ်သည် သုခမိန်အမတ်ကြီးနှင့် ထိုက်တန်သောပဏ္ဏာလက်ဆောင်ကို ရှာကြံကြည့်ရှုသော် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ အတုမရှိသော ဤပတ္တမြားကိုရသဖြင့် ယခု တရားစစ်ထိုးရာသဘင်၌ သုခမိန်အလိုရှိပါလျှင် ဤပတ္တမြားကို သုခမိန်အား လက်ဆောင်ပေးရတော့မည်ဟု အောက်မေ့၍ အကျွန်ုပ် ဆောင်ယူခဲ့သည်”ဟု ဆို၏။

မဟောသဓသုခမိန်စကားကို ကြားလျှင် ကေဝဋ်အမတ်သည် “မဟောသဓကား ဤပတ္တမြားကို ငါ့အားပေးမည်ပင် စင်စစ်အကြံရှိ၏”ဟု ထင်မှတ်၍၊ “စစ်သူကြီးသုခမိန်။ ဤပတ္တမြားရတနာကို အဘယ့်ကြောင့် ငါ မနှစ်သက်ဘဲရှိပါအံ့နည်း။ သင်ပေးလိုပါလျှင် ငါ့အား ပေးပါလော့”ဟု ဆိုလျက် လက်ကိုဖြန့်၍ခံလင့်၏။

ထိုအခါ မဟောသဓသုခမိန်သည် “ပုရောဟိတ်သုခမိန်။ သင်အလိုရှိလျှင် ခံလော့”ဟုဆို၍ ကေဝဋ်အမတ်၏ ဖြန့်သောလက်ဝါး လက်ချောင်းကြားသို့ကျအောင် ပစ်ချလိုက်၏။ ကေဝဋ်အမတ်သည် ထိုပတ္တမြားကို လက်ချောင်းဖြင့်ဖမ်းယူခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ လက်ချောင်းကြားမှပတ္တမြားသည် လျှောကျသဖြင့် မြေ၌လိမ့်လျှော၍ မဟောသဓသုခမိန်၏ခြေရင်း၌ တည်လေ၏။ ကေဝဋ်အမတ်သည် တပ်မက်မောခြင်းလောဘဇော နှိပ်စက်သဖြင့် မဟောသဓသုခမိန်၏ ခြေရင်း၌တည်သော ပတ္တမြားကို ခါးညွတ်ပျောင်းလျက် ဦးခေါင်းဦးစောက်ပြု၍ ကောက်ယူလေ၏။

ထိုအခါ မဟောသဓသုခမိန်သည် ကေဝဋ်အမတ်၏ကျောက်ကုန်းကို လက်တစ်ဖက်ဖြင့် မထနိုင်အောင်နှိပ်ပြီးလျှင် လက်တစ်ဖက်ဖြင့် လည်ကုပ်ဦးဆက်ကိုကိုင်နှိပ်၍ “ဆရာပုရောဟိတ်။ ထလော့။ အကျွန်ုပ်ကား ဆရာ၏ မြေးလောက်မျှသာတည်း။ ဆရာကား အကျွန်ုပ် ဘိုးလောက်ပေတည်း။ အကျွန်ုပ်ကို ရှိမခိုးပါနှင့်”ဟု ပရိသတ်အပေါင်း ကြားအောင်ကြွေးကြော်လျက် ကျောက်ပျဉ်ပေါ်၌ ဆေးမြစ်ကိုသွေးသကဲ့သို့ ကေဝဋ်အမတ်၏နဖူးကို မြေတလင်းတွင် ထိုမှဤမှပွတ်၍ နဖူးကွဲစုတ်သဖြင့် သွေးထွက်စေပြီးသော်- “ဟယ်၊ ပုဏ္ဏားမိုက်။ အသက်အရွယ်ကြီးသူဖြစ်လျက် “ငါ့အား ရှိမခိုးပါနှင့်”ဟု တောင်းပန်သည်ကိုလျက် နားမထောင်ဘဲ အဘယ့်ကြောင့် ရှိခိုးချင်ပါသနည်းဟု” ငေါက်ငမ်းလျက် လည်ကုပ်ကိုကိုင်ညှစ်၍ တွန်းပစ်လိုက်သဖြင့် တစ်ဥသဘခန့်လောက်အရပ်၌ ကျလေ၏။

ကေဝဋ်အမတ်သည် ထိုကျရာအရပ်မှ လျင်စွာထ၍ ကြောက်အားနှင့် ပြေးလေ၏။ ပတ္တမြားရတနာကိုကား မဟောသဓသုခမိန်၏အခြံအရံဖွားဖက်တို့ ကောက်ယူသိမ်းထားကြကုန်၏။ “ငါ့ကို ရှိမခိုးပါနှင့် ထလော့”ဟု ကြွေးကြော်သော ဘုရားလောင်း၏အသံသည် အလုံးစုံသော ဗိုလ်ခြေပရိသတ်တို့ကို လွှမ်းလျက်တည်လေ၏။ မဟောသဓသုခမိန်၏ အခြံအရံပရိသတ်တို့သည် “ကေဝဋ်ပုဏ္ဏားသည် ငါတို့အရှင်ခြေရင်း၌ ရှိခိုးဦးချခြင်းကို ပြု၏”ဟု တစ်ပြိုင်နက်ကြွေးကြော်ကြသဖြင့် ပဲ့တင်ထပ်မျှသော အသံတို့ကို ဖြစ်စေကုန်၏။

စူဠနီဗြဟ္မဒတ်မင်းမှစ၍ ခပ်သိမ်းကုန်သော ပဉ္စာလရာဇ်မင်း, အမတ်, ပရိသတ် ဗိုလ်ခြေအပေါင်းတို့သည် မဟောသဓခြေရင်း၌ ဦးခေါင်းညွတ်လျက်နေသော ကေဝဋ်အမတ်ကို မြင်ကြလျှင် “ငါတို့ပညာရှိသည် မဟောသဓကိုရှိခိုးသဖြင့် ရှုံးခြင်းသို့ရောက်ခဲ့ပြီ။ ငါတို့ပြေးနိုင်မှ အသက်ချမ်းသာရာရအံ့”ဟူ၍ မိမိတို့စီးနင်းသောမြင်းတို့ကို အသီးအသီးတက်စီးကြလျက် ပဉ္စာလရာဇ်ပြည်သို့ရှေးရှု ကြောက်လန့်သောနှလုံးနှင့် ရုန်းရင်းခတ်မျှ ပြေးကြကုန်၏။

မဟောသဓသုခမိန်၏ အခြွေအရံပရိသတ်တို့သည် စူဠနီဗြဟ္မဒတ်မင်းမှစ၍ ပဉ္စာလရာဇ်ဗိုလ်ခြေအပေါင်းတို့ ပြေးကြသည်ကို မြင်လေသော် “စူဠနီဗြဟ္မဒတ်မင်းသည် ၁၀၀-သော ထီးဆောင်းမင်းအပေါင်းနှင့်တကွ စစ်ရှုံး၍ ပြေးလေပြီ။ လိုက်ကြကုန်, ဖမ်းဆီးကြကုန်”ဟု တစ်ပြိုင်နက်တည်း ကြွေးကြော်ကြကုန်၏။

ထိုကြွေးကြော်သောအသံကို ကြားပြန်သဖြင့် ပဉ္စာလရာဇ်မင်းမှစ၍ မှူးမတ်ဗိုလ်ခြေ အပေါင်းတို့သည် မဟောသဓသုခမိန်၏ သူရဲသူခက်တို့ နောက်ကထက်ကြပ်လိုက်လာဘိသကဲ့သို့ ပြင်းစွာကြောက်လန့်ခြင်းဖြင့် မသိမ်းမအုပ်နိုင်အောင်ဗိုလ်ထုကွဲ၍ ဖရိုဖရဲ ကိုယ်လွတ်သာလျှင် ပြေးကြကုန်၏။

မဟောသဓသုခမိန်၏ စစ်သည်ဗိုလ်ခြေ အခြွေအရံသူရဲသူခက်တို့သည် အုတ်အုတ်ကျက်ကျက် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြလျက် မြူးထူးရွှင်ပျကုန်၏။ မဟောသဓသုခမိန်သည်လည်း များစွာသောအခြံအရံနှင့်တကွ မြို့တွင်းသို့ဝင်လေ၏။

စူဠနီဗြဟ္မဒတ်မင်း၏စစ်သည် သူရဲသူခက်တို့သည် ဖရိုဖရဲကွဲ၍ ၃-ယူဇနာခန့်လောက်ရောက်အောင် ပြေးကြလေကုန်၏။ ကေဝဋ်အမတ်သည်လည်း မဟောသဓသုခမိန်ပစ်လွှင့်လိုက်၍ ကျရာအရပ်မှထပြေးပြီးလျှင် မိမိမြင်းကိုတက်စီး၍ နဖူး၌ မြေတွင်ပွတ်ဆောင့်မိသောအနာမှ ယိုသောသွေးကိုသုတ်လျက် “အချင်းတို့။ မပြေးကြနှင့်။ သူကြွယ်သားကို ငါ ရှိခိုးသည်မဟုတ်။ ရပ်ကြကုန်၊ ရပ်ကြကုန်”ဟုဆို၍ စစ်သည်တို့ပြေးရာနောက်က အစဉ်တစိုက်လိုက်၏။

စစ်သည်အပေါင်းတို့သည်လည်း ကေဝဋ်အမတ်၏ စကားကို နားမထောင်မူ၍သာလျှင် “ဟယ်။ ပုဏ္ဏားမိုက်။ ပညာချင်းမတူဘဲလျက် တရားစစ်ထိုးအံ့ဟု သူ့ကို စတင်ဆိုပြီးလျှင် သင်၏မြေးလောက်မျှသာရှိသာ မဟောသဓကို ရှိခိုးဘိ၏။ သင့်စကားကို အသူနားထောင်အံ့နည်း”ဟု ဆဲဆိုရေရွတ်ကြလျက် ပြေးကြကုန်၏။

ကေဝဋ်အမတ်သည်လည်း မင်း, မှူးမတ်, ဗိုလ်ခြေစစ်သည်တို့ကို လျင်စွာအပြင်းလိုက်၍၊ မီလေသော်- “အချင်းတို့။ အဘယ့်ကြောင့် ပြေးကြသနည်း။ သူကြွယ်သားကို ငါ ရှိမခိုး။ သူကြွယ်သားသာ ငါ့ကို ပတ္တမြားဖြင့်လှည့်စား၍ မတရားသောအမှုကိုပြု၏။ မကြောက်ကြကုန်လင့်”ဟု စစ်သည်သူရဲအပေါင်းတို့ကို နှစ်သိမ့်စေပြီးလျှင် စူဠနီဗြဟ္မဒတ်မင်းမှစ၍ ၁၀၀-သော ထီးဆောင်းမင်းတို့အားလည်း- “အရှင်မင်းကြီးတို့။ ကျွန်ုပ်သည် သူကြွယ်သားကို ရှိမခိုးဘဲလျက် သူကြွယ်သား၏ လှည့်စားသောအမူအရာကို ယုံမှားတော်မူကြသဖြင့် အရေးအခွင့်လစ်ဟင်း၍ ယခုရှိချေပြီ။ လုံ့လကိုလျှော့တော်မမူကြသင့်။ ယခုစစ်သည်သူရဲအပေါင်းတို့ကို သိမ်းရုံးတော်မူကြပါ”ဟု လျှောက်ထားပြောဆိုသည်တွင် စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်အမတ်၏စကားကို နာယူသဖြင့် ဖရိုဖရဲကွဲလေပြီးသော စစ်သည် အပေါင်းတို့ကို တစ်ဖန်သိမ်းဆည်းရုံး စုစေပြီးသော် မိမိနေရာ သစ်တပ်တဲနန်းသို့ ပြန်လည်၍ဝင်ပြန်လေ၏။

ထို၁၈-ခေါဘဏီ အရေအတွက်ရှိသော ပဉ္စာလရာဇ်မင်း၏ စစ်သည်သူရဲအပေါင်းတို့သည် စစ်သည်တစ်ယောက်လျှင် ကျောက်ခဲတစ်ခုစီကိုင်၍ပင် ပစ်သော်လည်း မိထိလာပြည်အလုံး၌ စပါးကို ဇလားနှင့်ခြင်သကဲ့သို့ မြို့တံတိုင်းနှင့်အမျှ ကျောက်ခဲဖြင့် ပြည့်ရာ၏။ ထိုသို့ဖြစ်သော်လည်း တစ်ခုသော ကေသရရာဇာခြင်္သေ့မင်းကို အရာအထောင်သောမြွေခွေးတို့သည် ဘုန်းအာနုဘော်မတူခြင်းကြောင့် နိုင်အံ့သောအခွင့်ကို ရှာကြံ၍မရနိုင်သကဲ့သို့ ဘုရားလောင်း၏ ဘုန်းပညာအာနုဘော်သည် ပဉ္စာလရာဇ်မင်းစစ်သည်အပေါင်းကို အုပ်မိုးဖုံးလွှမ်းလျက်နေသောကြောင့် တစ်ယောက်သောသူမျှ ကျောက်ခဲဖြင့် ပစ်အံ့ဟူသောအကြံကို မကြံနိုင်ဖြစ်ကြလေကုန်၏။

ဤကား ဘုရားလောင်း မဟောသဓသုခမိန်၏ဘုန်းပညာအစွမ်းဖြင့် ပဉ္စာလရာဇ်မင်းကို ရှေးဦးစွာ စစ်အောင်ခြင်းတည်း။