မဟောသဓဇာတ်တော်ကြီး/အခန်း-၄၀

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄၀။ မိထိလာပြည်ကို တိုက်ခိုက်ခန်း

ထိုအမတ်တို့၏ စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ပြင်းစွာ အမျက်ထွက်သည်ဖြစ်၍ ဗိုလ်မှူး,တပ်မှူး, အကြီး, အကြပ်တို့ကိုခေါ်ပြီးလျှင် “အချင်းတို့။ လှည်းဘီးစက်ဖြင့် သခွားသီးနုဆတ်ဆတ်ကို လတ်တလောချင်း နင်းဘိသကဲ့သို့ ယခုပင် မိထိလာမြို့ကို ကျုံး၊ မြောင်း, ပစ္စင်, ရင်တား, ပြ, တန်ဆောင်းနှင့်တကွ တွန်းလှဲနင်းနယ်ဖြိုဖျက်၍ မြို့သူမြို့သားတို့၏ဦးခေါင်းတို့ကို တစ်လုံးစီ ဖြတ်ယူဆောင်ချေ”ဟု မင်းအာဏာပေးလျက် မိန့်ဆို၏။

သူရဲသူခက်အပေါင်းတို့သည်လည်း မင်းကြီးအာဏာဖြင့် မိမိတို့ဆိုင်ရာ အသီးအသီး လက်နက်စွဲကိုင်လျက် တိုက်ဖျက်အံ့သောငှာ မြို့ရင်းသို့ကပ်လာကြကုန်၏။ မဟောသဓ၏ စစ်သည်ဗိုလ်ပါတို့သည်လည်း မြို့ထက်ဝန်းကျင် ပစ္စင်, ရင်တား, ပြ, တန်ဆောင်းပေါ်၌ အသီးအသီး ဆီးဆို့စောင့်ရှောက်ကုန်လျက် တံခါးရင်းသို့ ချဉ်းလာကုန်သော စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တို့ကို ညွန်နစ်ရေဖြင့် သွန်းခြင်း, ကျောက်လုံးဖြင့်ချခြင်း, သစ်တုံးဖြင့်ချခြင်း စသည်တို့ကို နှိပ်စက်ကုန်သည်ဖြစ်၍ မချဉ်းကပ်ဝံ့ဘဲ ခွာထွက်ပြေးစေကုန်၏။

မြို့ကိုတူးဖောက်အံ့သောငှာ ကျုံးသို့ဆင်းလျက်လာကုန်သော စူဠနီဗြဟ္မဒတ်မင်း၏ သူရဲသူခက်တို့သည်လည်း မြားဖြင့်ပစ်လွှတ်ခြင်း၊ လှံမ,ချွန်းတောင်းဖြင့် ထိုးပစ်ခြင်းစသည်တို့ဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ များစွာသောပျက်စီးခြင်းသို့ ရောက်စေကုန်၏။

မဟောသဓသုခမိန်၏ သူရဲသူခက်တို့သည် လက်ဆုပ်ပြခြင်း, တံတောင်ပြခြင်း စသည်တို့ကိုပြု၏။ စူဠဗြဟ္မဒတ်မင်း၏ သူရဲသူခက်တို့ကို ရေရွတ် ဆဲဆိုကြကုန်လျက် “ဟယ်။ ပဉ္စာလရာဇ်မင်း စစ်သည်အပေါင်းတို့။ သင်တို့ အစားအသောက်ငတ်မွတ်လျှင် ဤသို့ လာလှည့်ကုန်။ ငါး, အမဲ, သေအရက်တို့ကို ငါတို့အတန်ငယ် ပေးအံ့”ဟုဆို၍ မြို့ကြီးပြင်အထောင့်အယွန်း စီရင်အပ်သော မြို့ငယ်ပေါ်၌ ငါးတစို့, အမဲတစို့တို့ကို အုပ်, ကလပ်, တောင်းပေါင် စသည်တို့ဖြင့် ကျင်းပကုန်လျက် သေအိုး,အရက်အိုးတို့ကိုပြ၍ ထိုမှဤမှ သွားလာကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်း စစ်သည်တို့သည် မြို့ကို ဖြိုဖျက်ထွင်းဖောက်ခြင်းငှာ မတတ်နိုင်ကြလေသော် စူဠနီဗြဟ္မဒတ်မင်းကြီးထံသွား၍ “အရှင်မင်းကြီး။ ဤမိထိလာပြည်ကို ဘုန်းတန်ခိုးကြီးမားသော သိကြားနတ်တို့ပင် တိုက်ဖျက်ငြားသော်လည်း ပျက်စီးဖွယ် မထင်ပါ”ဟု လျှောက်ထားကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းကြီးသည်လည်း ၁၈-ခေါဘဏီခန့်ရှိသော စစ်သည်ဗိုလ်ပါများစွာနှင့် မြို့ကိုဝန်းရံ၍ ၄-ရက်မှ ၅-ရက်ပတ်လုံး တိုက်ဖျက်လျက် ပျက်စီးအံ့သောအကြောင်းကို မမြင်လတ်သော် ကေဝဋ်အမတ်ကြီးအား “ဆရာပုရောဟိတ်။ များစွာလက်နက်ဖြင့် ဤမြို့ကိုတိုက်ဖျက် သိမ်းယူသည်မှာ ၄-၅-ရက်ရှိပြီ။ မရနိုင်။ ယခုမြို့ရင်းကို ချဉ်းကပ်ဝံ့မည့်သူ မရှိ ဖြစ်ခဲ့၏။ အသို့ကြံရသော် ကောင်းမည်နည်း”ဟု တိုင်ပင်မေးမြန်း၏။

မင်းကြီးမိန့်တော်မူသော စကားကိုကြားလျှင် ကေဝဋ်အမတ်ကြီးသည် “အရှင်မင်းကြီး၊ များစွာသော သူရဲသူခက် လက်နက်တို့ဖြင့် မြို့ကိုတူးဖြိုဖောက်ထွင်းခြင်းငှာမတတ်နိုင်သော် မြို့မည်သည်ကား ပြင်၌သာ ရေရှိ၏။ မြို့တွင်း၌ သုံးဆောင်လောက်အောင် ရေမရှိရာ။ ထို့ကြောင့် မြို့ပြင်ကရေကို မခပ်မယူရအောင် ပိတ်ဆို့ဝန်းရံရပါလျှင် မိမိတို့ ရေငတ်ခံနိုင်မည် မဟုတ်။ ရေငတ်၍ ဆင်းရဲပင်ပန်းကြသောအခါ အလိုအလျောက် အရှင့်ခြေတော်ရင်းသို့ ပျပ်ဝပ်လာကြသဖြင့် အလွယ်တကူ သိမ်းယူတော်မူမည်ဖြစ်ပါသည်”ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်အမတ်ကြီးစကားကို ကြားလျှင် “ကောင်းပြီ”ဟု ဝန်ခံ၍၊ မြို့ပြင်ကရေကို မြို့တွင်းသို့ မယူမသွင်းစေခြင်းငှာ ပိတ်ဆို့ဝန်းရံစေ၏။ မဟောသဓသုခမိန်က သူလျှိုထားသောအမတ်တို့သည် ထိုသို့ ရေမခပ်ရအောင်ပိတ်ဆို့ကြောင်းကို ကမ္ပည်းအက္ခရာရေးပြီးလျှင် မြားဖျား၌စာကိုဆွဲ၍ မြို့ပေါ်သို့ ပစ်လွှတ်လိုက်၏။ မဟောသဓသုခမိန်သည် ရှေးဦးကပင် မြားဖျားတွင်စာပါလျှင် “ငါ့ထံသို့ ယူခဲ့”ဟု စစ်သည်တို့အား အမှာအထားရှိသောကြောင့် စစ်သည်သူရဲတစ်ယောက်သည် ထိုမြားကိုကောက်ယူ၍ စာကိုမြင်လျှင် မဟောသဓသုခမိန်ထံသို့ ပို့ဆက်၏။

မဟောသဓသုခမိန်သည် စာကိုမြင်၍ ထိုအကြောင်းကို သိပြီးသော် “ပဉ္စာလရာဇ်မင်းကား မဟောသဓ ပညာရှိကြောင်းကို မသိလေ”ဟုကြံပြီးလျှင် အတောင် ၆၀-ခန့် အမြင့်ရှိသော ဝါးလုံးဖျားကို ထက်ခြမ်းခွဲစေ၍ အဆစ်အဖုတို့ကို ထုတ်နုတ်သုတ်သင်စေပြီးမှ ပြကတေ့အတိုင်း တစ်စပ်တည်းဟပ်လျက် အထက်အောက် စည်းနှောင်ပြီးသော် ရွှံ့စေးနွံနှစ်တို့ဖြင့် အပေါ်၌လိမ်းကျံ၍ အထက်က ဈာန်အဘိညာဉ်နှင့်ပြည့်စုံသော ဆရာရှင်ရသေ့တို့ ဟိမဝန္တာမှဆောင်ယူခဲ့သော ကုမုဒြာကြာစေ့တို့ကို ရွံ့ညွန်ထဲ၌စိုက်ချစေသဖြင့် ထိုကြာစေ့ပေါ်တို့၌ ထိုဝါးလုံးများကို တစ်ခုစီစိုက်ထောင်စေပြီးလျှင် ဝါးလုံးအဖျားတိုင်အောင် ရေဖြင့်ပြည့်စေ၏။ ထိုကြာစေ့တို့သည် တစ်ညဉ့်တည်းဖြင့်ပင်လျှင် ဘုရားလောင်း၏ဘုန်းတော်ကြောင့် အပင်ပေါက်သဖြင့် ကြီးလတ်၍ ထိုအတောင် ၆၀-ခန့်မြင့်သော ဝါးလုံး၏အဖျားတိုင်အောင် တက်ပြီးလျှင် အထက်သို့ တစ်တောင်လောက်ခန့်မြင့်၍ ပွင့်၏။ ထိုအခါ ကြာပင်များကိုနုတ်စေပြီးလျှင် “အချင်းတို့ ဤကြာပင်များကို စူဠနီဗြဟ္မဒတ်မင်းအား ပြလော့”ဟု မင်းချင်းတို့အား ပေးလိုက်၏။ မင်းချင်းတို့လည်း ထိုကြာရိုးတို့ကို ခွေစည်းပြီးလျှင် မြို့တံတိုင်းငယ်ပေါ်၌နေလျက် “ပဉ္စာလရာဇ်မင်း၏အထံ စွဲမြဲသောအမတ်တို့။ သင်တို့သည် ငါတို့၏မြို့တော်အနီးအပါး၌ အစာငတ်မွတ်၍ မသေသင့်။ ဤကြာပွင့်ကြာရိုးများကိုယူ၍ ဝအောင်စားကြလေ။ ကြာပွင့်ကိုလည်း နား၌ ပန်ဆင်ကြလေကုန်”ဟု ဆိုလျက် ပဉ္စာရာဇ်မင်း၏ စစ်သည်သူရဲတို့အထံသို့ ကြာရိုးကြာခွေတို့ကို ပစ်လွှင့်လိုက်ကြကုန်၏။

ထိုကြာခွေတို့ကို မဟောသဓသုခမိန်က သူလျှိုထားသောအမတ်တို့၏ အစေအပါးလုလင်တို့သည် ကောက်ယူ၍ မိမိတို့အရှင်အား ပေးကြကုန်၏။ သူလျှိုအမတ်တို့လည်း ထိုကြာခွေကို စုဠနီဗြဟ္မဒတ်မင်းထံသို့ ယူဆောင်သွား၍ “အရှင်မင်းကြီး။ အကျွန်ုပ်တို့သည် ဤကြာရိုးကဲ့သို့ရှည်သော ကြာရိုးကို မမြင်စဖူးကုန်။ ရှုစားတော်မူပါ”ဟု လျှောက်ထားဆက်သကြကုန်၏။ စူဠနီဗြဟ္မဒတ်မင်းကြီးသည်လည်း “အချင်း။ ဤကြာရိုးသည် အရှည် အဘယ်မျှ ရှိမည်နည်း။ တောင်ကြစမ်း” ဟုဆို၍ တောင်စေ၏။

ထိုသူလျှိုအမတ်တို့သည် အတောင် ၆၀-မျှရှိသောကြာရိုးကို အတောင် ၈၀-ရှိအောင်ပြု၍ တောင်ပြီးလျှင် “အရှင်မင်းကြီး။ ဤကြာရိုး၏အရှည် အတောင်၈၀-ရှိပါသည်”ဟု လျှောက်ထားကြကုန်၏။ စူဠနီဗြဟ္မဒတ်မင်းသည် “အချင်းတို့ ထိုသူတို့မှာ ဤကြာရိုးကို အဘယ်အရပ်၌ ရလေသည်မသိ”ဟု မေးတော်မူသော် မဟောသဓက သူလျှိုထားသော အမတ်တစ်ယောက်သည် မဟုတ်မမှန်သောစကားဖြင့် ဤသို့လျှောက်ထား၏။

“အရှင်မင်းကြီး။ အကျွန်ုပ်သည် တစ်နေ့သ၌ သေအရက်ကိုသောက်လို၍ တံခါးငယ်ဖြင့် မြို့တွင်းသို့ဝင်စဉ် ရေကစားအံ့သောငှာသွားကြကုန်သော ပြည်သူပြည်သားတို့ကိုမြင်သောကြောင့် ထိုသူတို့မြို့တွင်း၌ ကစားရွှင်မြူးလောက်အောင် ရေကန် ရှိသည်,မရှိသည်ကိုမသိပါ၍ ထိုသူတို့နှင့် အမှတ်မဲ့ လိုက်သွားသဖြင့်ကြည့်ရှုရာ ရေကန်ကြီးတစ်ခုကို အကျွန်ုပ် တွေ့မြင်ခဲ့ရပါသည်။

ထိုရေကန်ထဲ၌ ကြာပွင့်တို့ကို လူအပေါင်းတို့သည် လှေဖြင့်စီး၍ ဆွတ်ယူနုတ်ငင်ကြကုန်သဖြင့် ရေတိမ်ရာ အရပ်၌ရောက်သော ကြာရိုးကို အကျွန်ုပ် တောင်၍စမ်းလျှင် အတောင် ၆၀, ၇၀, ၈၀ ရှိကုန်၏။ ရေနက်ရာ၌ ရောက်သော ကြာရိုးကား အတောင် ၁၀၀-ပင်ရှိသည်ဟု ပြည်သူပြည်သားတို့ပြောဆိုကြသည်ကို အကျွန်ုပ်ကြားခဲ့ ရပါသည်”ဟု လျှောက်၏။

ထိုစကားကို စူဠဗြဟ္မဒတ်မင်းကြားလျှင် ကေဝဋ်အမတ်ကို ခေါ်တော်မူ၍ “ဆရာပုရောဟိတ်။ ဤမြို့ကို ရေငတ်စေခြင်းငှာ ပိတ်ဆို့သော်လည်း မြို့တွင်း၌ အတောင် ၈၀, အတောင် ၁၀၀-ရှိသော ရေကန်ကြီးရှိခြင်းကြောင့် ရေကုန်နိုင်ဖွယ် မရှိ။ ဤအကြောင်းနှင့် မဖြစ်သာချေ။ တစ်ခုသောအကြောင်းကို ကြံဦးလော့”ဟု မိန့်တော်မူ၏။ ကေဝဋ်အမတ်ကြီးသည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး၊ ထိုသို့တပြီးကား မြို့မည်သည်ကား ပြင်ပမှာသာလျှင် ဆန်စပါးရှိ၏။ ထို့ကြောင့် မြို့ပြင်ကဆန်စပါးကို မြို့တွင်းသို့မသွင်းရအောင် ဆီးဆိုသဖြင့် အစာငတ်ထားရလျှင် အလွယ်တကူနှင့် သိမ်းယူတော်မူရအံ့”ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်အမတ်စကားကိုကြားလျှင် “ကောင်းပြီ”ဝန်ခံ၍ မြို့တွင်းသို့ စပါးဆန်မသွင်းရအောင် ပိတ်ဆို့စေပြန်၏။

သူလျှိုထားသောအမတ်တို့သည် ရှေးနည်းအတူ မြားတွင်စာဆွဲ၍ ပစ်လိုက်သဖြင့် ထိုအကြောင်းကို မဟောသဓသုခမိန်သိလျှင် “ကေဝဋ်အမတ်ကား ငါ မဟောသဓသုခမိန်၏ ပညာရှိကြောင်းကို မသိလေ”ဟု ကြံလျက်၊ အထောင့်အယွန်းစီရင်အပ်သော မြို့ပြင်တံတိုင်းငယ်ပေါ်၌ ရွှံ့ညွန်ဖို့စေပြီးသော် မြို့ထက်ဝန်းကျင်၌ စပါးစိုက်ကြဲစေ၏။

ထိုစပါးတို့သည် ဘုရားလောင်း၏ အဆက်ဆက်သော ပါရမီတော် ဘုန်းတော်ကြောင့် တစ်ညဉ့်တည်းဖြင့်ပင်လျှင် အပင်ပေါက်၍ကြီးလတ်သဖြင့် လေထိတိုင်းယိမ်းအိလျက် စိမ်းစိမ်းညို့ညို့ ထင်ကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် မြို့ပေါ်၌ စပါးပင်ကိုမြင်လေသော် အမတ်တို့အား “အချင်းတို့။ မြို့တံတိုင်းပေါ်၌ စိမ်းစိမ်းမို့မို့အရောင်ကား အဘယ်နည်း”ဟုမေးတော်မူ၏။ မင်းကြီးစကားကိုကြားလျှင် မဟောသဓက သူလျှိုထားသောအမတ်တို့သည် မင်းကြီးနှုတ်မဆိတ်မီပင်လျှင် မဟုတ်မမှန်သောစကားဖြင့် ဤသို့လျှောက်ထားကြကုန်၏။

“အရှင်မင်းကြီး။ ယခု မြင်တော်မူသော စိမ်းစိမ်းညို့ညို့ ထိုအရောင်သည် တစ်ပါးမဟုတ်။ သူကြွယ်သား မဟောသဓသုခမိန်သည် လာလတ္တံ့သောဘေးကိုမြင်၍ နိဂုံးဇနပုဒ် တိုင်းနိုင်ငံမှစပါးတို့ကို အသီးအသီးဆောင်ယူစေပြီးလျှင် မြို့တွင်း၌ အစုစုအရပ်ရပ် ရှိသောကျီတို့၌ အပြည့်အနှက် သွင်းထားပြီးမှ ကြွင်းကျန်သောစပါးတို့ကို မြို့တံတိုင်း ထက်ဝန်းကျင်တို့၌ကြဲစေသဖြင့် ပေါက်ရောက်သော စပါးပင် ဖြစ်မည်ထင်ပါသည်။

ထိုစပါးပင်သည် နေပူသောကာလ၌ ခြောက်သွေ့၍နေသောကြောင့် နေ့တိုင်း ကျွန်ုပ်တို့မမြင်။ ယနေ့မူကား မြို့တံတိုင်းပေါ်၌ မိုးဖျန်းဆွတ်သည်ဖြစ်ပါ၍ စပါးပင် ထပြန်သဖြင့် စိမ်းစိမ်းဖန့်ဖန့်ရှိသည် ဖြစ်ရာပါမည်။ အကျွန်ုပ်သည် တစ်နေ့သ၌ အကြောင်းတစ်စုံတစ်ခုရှိ၍ တံခါးငယ်ဖြင့် မြို့တွင်းသို့ဝင်၍နေစဉ် မြို့တံတိုင်းအနား မြေအပြင်ဝယ် စပါးအစုစုပုံ၍ထားသည်ကို မြင်သောကြောင့် မြို့သူမြို့သားတို့၏ အလိုကိုသိချင်၍ အကျွန်ုပ်သည် စပါးကို လက်ခုပ်ဖြင့်ကျုံးလျက် လမ်း၌ပစ်၏။

ထိုသို့ အကျွန်ုပ်ပြုသည်ကို မြို့သူမြို့သားတို့မြင်လျှင် ဆဲဆိုရေရွတ်ကြလျက် “ဟယ်၊ ယောက်ျား။ သင်သည် ပဉ္စာလရာဇ်မင်း၏စစ်သည်လော။ အဘယ့်ကြောင့် ဤသို့ ပြုရသနည်း။ ထမင်းငတ်လျှင် လာလှည့်”ဟုဆို၍ အကျွန်ုပ်၏ပုဆိုးမြိတ်၌ စပါးအပြည့် ထည့်သွင်းထုပ်စည်းပြီးလျှင် “သင်၏အိမ်သို့ ဆောင်ယူသွား၍ ဤစပါးကို အလိုရှိတိုင်း စားလေ။ စပါးကုန်လျှင်ယူလှည့်”ဟုဆိုလျက် အကျွန်ုပ်ကို လွှတ်လိုက်၏။ ထို့ကြောင့် မြို့တွင်း၌ စပါးများစွာရှိကြောင်းကို အကျွန်ုပ်သိခဲ့ပါသည်”ဟု အသီးအသီးလျှောက်ထားကြကုန်၏။

ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်အမတ်ကြီးကိုခေါ်၍ “ဆရာပုရောဟိတ်။ ဤမြို့တွင်း၌ စပါးကုန်နိုင်မည် မထင်။ ဤမြို့ကို အစာငတ်ထား၍ ရနိုင်ဖွယ်မရှိ။ ထို့ကြောင့် အကြောင်းတစ်ခု ကြံဦးလော့”ဟု ဆိုတော်မူလျှင် ကေဝဋ်အမတ်ကြီးသည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ ထမင်းငတ်နိုင်ဖွယ်မရှိ ထင်တော်မူသော် မြို့မည်သည်ကား ပြင်၌သာ ထင်းရှိ၏။ မြို့ပြင်က သစ်ထင်းကို မြို့တွင်းသို့ မသွင်းရအောင် ပိတ်ဆို့လျှင် ဆန်ရေစပါး ရှိငြားသော်လည်း မီးမွှေးရန် ထင်းမရှိက မဖြစ်နိုင်ရာ”ဟု လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်အမတ်ကြီးစကားကိုကြားလျှင် “ကောင်းပြီ”ဝန်ခံ၍ ထင်းသစ်ကို မသွင်းရအောင် ပိတ်ဆို့စေပြန်၏။

မဟောသဓက သူလျှိုထားသော အမတ်တို့သည်လည်း ထိုအကြောင်းကို ရှေးနည်းအတူ မြားဖျားတွင်စာဆွဲ၍ လွှတ်လိုက်သဖြင့် မဟောသဓသုခမိန်သိလေသော် မြို့နားအတွင်း ထက်ဝန်းကျင်၌ သစ်, ထင်းတို့ကို မြို့တံတိုင်းထက် မိုမောက်အောင် အထပ်ထပ်အဆင့်ဆင့် စုပုံထားစေပြီးမှ မြို့စီး, မြို့စောင့်, သူရဲ သူခက်တို့ကို ပြက်ရယ်မှုပြုစေ၏။ ထိုမြို့စီး, မြို့စောင့်, သူရဲ သူခက်တို့သည်လည်း မဟောသဓစီရင်တိုင်း ပဉ္စာလရာဇ်မင်း၏ စစ်သည်တို့ကို “အချင်းတို့။ သင်တို့၌ ထမင်းယာဂု ချက်ပြုတ်ရန် ထင်းမရှိလျှင် ဤထင်းဖြင့် မီးမွှေး၍ ထမင်းယာဂု ချက်ပြုတ်စားသောက်ကြကုန်”ဟု ပြက်ရယ်မှုပြုကြလျက် ကြီးစွာသောထင်းတုံးတို့ကို ပစ်ချလိုက်ကုန်၏။ စူဠနီဗြဟ္မဒတ် မင်းသည်လည်း မြို့တံတိုင်းထက် မို့မောက်စွာသောထင်းပုံကို မြင်လေသော် အမတ်တို့အား “အချင်းတို့။ မြို့တွင်း၌ မြို့တံတိုင်းထက် မို့မောက်၍နေသော အစုအပုံကား အဘယ်နည်း”ဟု မေးတော်မူရာ သူလျှိုအမတ်တို့က နှုတ်ထောက် မြန်သည်ဖြစ်၍ သူတစ်ပါးမလျှောက်မထားမီပင်လျှင်-

“အရှင်မင်းကြီး။ ယခုမြင်တော်မူသော အစုအပုံကား တစ်ပါးမဟုတ်။ သူကြွယ်သား မဟောသဓသည် လာလတ္တံ့သောဘေးကိုမြင်လှ၍ မြို့သူမြို့သားတို့အား တစ်အိမ်လျှင်တစ်ပုံစီ တောအရပ်မှ ဆောင်ယူစုပုံထားစေသဖြင့် အိမ်နောက်အိမ်နောက်တိုင်း ထင်းတစ်ပုံစီ စုပုံထားကြ၏။ ဤကမြင်သော ထင်းပုံကား မြို့တံတိုင်းကိုမှီ၍ စုပုံထားသော ထင်းစု, ထင်းပုံ ဖြစ်ပါသည်။ အကျွန်ုပ်တို့ အကြောင်းတစ်ခုရှိ၍ တစ်နေ့သ၌ မြို့တွင်းသို့ဝင်ရောက်ရာတွင် မြင်သောကြောင့် မြို့သူမြို့သားတို့ကိုမေးမြန်းသဖြင့် ထိုအကြောင်းကို သိခဲ့ရပါသည်”ဟု လျှောက်ထားကြကုန်၏။

ထိုသို့တင်သောစကားကို စူဠနီဗြဟ္မဒတ်မင်း ကြားတော်မူလျှင် ကေဝဋ်အမတ်ကြီးကိုခေါ်၍ “ဆရာပုရောဟိတ်။ မြို့ပြင်က သစ်, ထင်းကို မသွင်းမဆောင်ရသော်လည်း မြို့တွင်း၌ရှိသော ထင်းမျှ ကုန်နိုင်မည်မထင်။ ထင်းကိုပိတ်ဆို့၍ မြို့ကိုရနိုင်ဖွယ် မရှိ။ အကြောင်းတစ်ခု ကြံဦးလော့”ဟုဆို၏။ ကေဝဋ်အမတ်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အထူးသဖြင့်ကြံစည်၍ စိုးရိမ်တော်မမူလင့်။ တစ်ခုသောဥပါယ်တံမျဉ်ကို အကျွန်ုပ်ကြံမိ၏”ဟု လျှောက်တင်၏။

ကေဝဋ်အမတ်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ သင်ကြံမိသော ဥပါယ်တံမျဉ်ကို ငါ့အား လျှောက်ထားလော့။ သင်ကြံမိသမျှသည် ရှေးဦး၌ ကောင်း၏။ နောက်နှောင်းသောအခါ ဖျင်းသိမ်ခြင်းသို့ ရောက်တတ်လှသည်။ ထို့ကြောင့် ငါမူကား ဝိဒေဟရာဇ်ပြည်ကို မရသော်လည်း ရှိစေတော့။ စစ်သည်ဗိုလ်ပါ သူရဲတို့၏ပင်ပန်းခြင်းကိုလည်း အလိုမရှိပြီ။ ငါ နေပြည်တော်သို့ ပြန်လည်တော့မည်အကြံရှိ၏”ဟု မိန့်တော်မူ၏။

မင်းကြီးစကားကိုကြားလျှင် ကေဝဋ်အမတ်ကြီးသည် “အရှင်မင်းကြီး။ အဘယ့်ကြောင့် ဤစကားကို အမိန့်ရှိတော်မူသနည်း။ စူဠနီဗြဟ္မဒတ်အမည်ရှိသော ဧကရာဇ်မင်းကြီးသည် ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့ဖြင့် ခြံရံလျက် မိထိလာပြည်ကိုသိမ်းယူအံ့သောငှာ ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ပါများစွာနှင့် ဝန်းရံငြားသော်လည်း မဟောသဓ၏ပညာစွမ်းကြောင့် မခံနိုင်၍ မိထိလာပြည်မှ ပြန်လည်ထွက်ပြေးရလေသည်”ဟု အကျွန်ုပ်တို့အား ကြီးစွာသောရှက်ဖွယ်သည် ဖြစ်ရာ၏။ ထို့ကြောင့် စိုးရိမ်တော် မမူလင့်၊ မဟောသဓသာ ပညာရှိသည် မဟုတ်။ အကျွန်ုပ်လည်း ပညာရှိ မဟုတ်ပါလော။ တစ်ခုသောအမြွက်ကိုပြ၍ မိထိလာပြည်ကိုယူအံ့”ဟု လျှောက်၏။

ကေဝဋ်အမတ်ကြီးတင်သောစကားကို စူဠနီဗြဟ္မဒတ်မင်းကြားတော်မူလျှင် “ဆရာပုရောဟိတ်။ တစ်ခုသော အမြွက်ဆိုသည်ကား အဘယ်နည်း”ဟု မေးတော်မူ၏။

ကေဝဋ်အမတ်လည်း “အရှင်မင်းကြီး။ တရားစစ်ထိုးခြင်းကို ပြုအံ့”ဟုလျှောက်၏။ စူဠနီဗြဟ္မဒတ်မင်းကလည်း “ဆရာပုရောဟိတ်။ တရားစစ်ထိုးခြင်းဟူသည်ကား အဘယ်သို့နည်း”ဟု မေးတော်မူပြန်၏။ ကေဝဋ်အမတ်သည် “အရှင်မင်းကြီး။ တရားစစ်ထိုးခြင်းဟူသည်ကား စစ်သည်ဗိုလ်ပါ သူရဲသူခက်တို့ကို မတိုက်စေဘဲ ၂-ဦးသောမင်းတို့က ပညာရှိတစ်ယောက်စီထုတ်၍ ထို၂-ယောက်သောပညာရှိတို့သည် တစ်နေရာတည်း၌ ပြိုင်ဆိုင်နေကြသောအခါ တစ်ဦးသောမင်း၏ပညာရှိသည် တစ်ဦးသောမင်း၏ပညာရှိကို အကယ်၍ ရှိခိုးသည်ဖြစ်အံ့။ ထိုသို့ ရှိခိုးခြင်းသည်လျှင် တရားစစ်ရှုံးခြင်းသို့ ရောက်သည်မည်၏။”

“ဤသို့သော အကျွန်ုပ်တို့၏အတိုင်အပင်အကြံအစည်ကို မဟောသဓ မသိရာ။ အကျွန်ုပ်သည် မဟောသဓထက် အရွယ်အားဖြင့် ကြီး၏။ မဟောသဓသည်ကား အကျွန်ုပ်အောက် ငယ်၏။ ထို့ကြောင့် တရားစစ်ထိုးကြသောအခါ အကျွန်ုပ်ကိုမြင်လျှင် မဟောသဓသည် ရှိခိုးလတ္တံ့။ ထိုသို့ရှိခိုးလျှင် ဝိဒေဟရာဇ်မင်း၏ စစ်ရှုံးခြင်းသည် ထင်ရှားစွာ ဖြစ်လတ္တံ့။ ထိုတရားစစ်ရှုံးသောအခါမှ နေပြည်တော်သို့ ပြန်လည်တော်မူရပါလျှင် အရေးတော်လှသည်ဖြစ်၍ ရှက်ဖွယ်မရှိ။ ကောင်းသောပြန်လည်ခြင်း ဖြစ်ပါမည်”ဟု လျှောက်၏။