မဟောသဓဇာတ်တော်ကြီး/အခန်း-၃၉

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၉။ စလာကဒေဝီ၏ ပညာခန်း

“ထိုမင်း၏အမိ စလာကဒေဝီ၏ ပညာရှိသောအဖြစ်ကို ငါကြားဖူးသည်ကား ထိုပဉ္စာလရာဇ်ပြည်၌ ယောက်ျားတစ်ယောက်သည် ထမင်းထုပ်, ဆန်ထုပ်, အသပြာ ၁၀၀၀-ထုပ်၊ ဤ ၃-ခုသော အထုပ်ကိုယူ၍ ပြင်းသောရေအလျဉ်ရှိသော မြစ်ငယ်တစ်ခုကိုကူးလေသည်ရှိသော် မြစ်လယ်သို့ရောက်သောအခါ ပြင်းစွာပင်ပန်းသဖြင့် မကူးနိုင်ခြင်းကြောင့် မြစ်နား၌ရှိသော ယောက်ျားတစ်ယောက်ကိုခေါ်၍- “အဆွေး၊ ထိုမှာဘက်ကမ်းသို့ ငါ့ကို ပို့ပါလော့၊ ထိုမှာဘက်ကမ်းသို့ရောက်လျှင် သင့်အား ဤ၃-ခုသောအထုပ်တို့တွင် ငါနှစ်သက်ရာအထုပ်ကို ပေးအံ့”ဟုဆို၏။”

“ထိုကမ်းနား၌ရပ်နေသော ယောက်ျားသည်လည်း ခွန်အားနှင့်ပြည့်စုံသည်ဖြစ်၍ “ကောင်းပြီ။ နှစ်သက်ရာအထုပ်ကို ပေးလျှင် သင့်အား ငါပို့ဆောင်အံ့”ဟုဆိုလျက် ရေထဲသို့ဆင်းပြီးလျှင် ထိုဥစ္စာထုပ်ရှင် ယောက်ျား၏လက်ကို ဆွဲယူခဲ့၍ ကမ်းတစ်ဘက်သို့ ပို့တင်လေ၏။”

“ကမ်းတစ်ဘက်သို့ရောက်သောအခါ ကယ်ပို့သောယောက်ျားသည် “ငါ့အား နှစ်သက်ရာဥစ္စာထုပ်ကို ပေးလော့”ဟု တောင်း၏။ မြစ်သို့ကူးသောယောက်ျားသည်လည်း “ကောင်းပြီ။ ပေးအံ့”ဟုဆို၍၊ “ဤ ၃-ခုသောအထုပ်တို့တွင် ဤအထုပ်ကို ယခု ငါနှစ်သက်၏။ ထိုငါနှစ်သက်သော အထုပ်ကို ယူလော့”ဟုဆို၍ ထမင်းထုပ်ကိုပေး၏။ ကယ်ပို့သော ယောက်ျားသည်လည်း “ငါကား ဥစ္စာကိုလိုသောကြောင့် အသက်ကိုစွန့်၍ ကယ်ပို့ရသည်ဖြစ်လျက် အဘယ့်ကြောင့် ထမင်းထုပ်ကို ယူအံ့နည်း။ ငါနှစ်သက်ရာ အသပြာထုပ်ကို သင်ပေးလော့”ဟု တောင်း၏။”

“ထိုသူ၂-ယောက်တို့၏ အကြား၌ရှိကုန်သော သူတို့သည်လည်း စကားအလုံးစုံကိုမေး၍၊ သိပြီးသော် ကယ်ပို့သောယောက်ျားကို “အချင်းယောက်ျား။ အထက်မပို့မီက ဥစ္စာရှင်က ငါနှစ်သက်ရာအထုပ်ကို ပေးမည်။ ကမ်းတစ်ဘက်သို့ ပို့လော့”ဟုဆိုလျှင် သင်သည် သဘောတူပို့ချေသောကြောင့် ထိုသူနှစ်သက်ရာ ထမင်းထုပ်ကို ယခုပေးသည်မှာ ပေးထိုက်ပေ၏။ သင် မငြင်းမဖယ်သာဟု”ဆိုကြကုန်၏။”

“ကယ်ပို့သောယောက်ျားသည်လည်း ထိုအကြား၌ ဆုံးဖြတ်သောသူတို့၏ စကားကိုမယူမူ၍ ထိုဥစ္စာရှင်ယောက်ျားကိုခေါ်လျက် တရားစီရင်ရာ လွှတ်သဘင်သို့သွားပြီးလျှင် တရားသူကြီးအမတ်တို့အား တရားအစီအရင်ခံ လျှောက်ထားလေ၏။ တရားသူကြီးအမတ်တို့လည်း ထိုသူ၂-ယောက်တို့ကို စစ်မေး၍ စကားအလုံးစုံကိုသိပြီးသော် အထက်ကြားလူများ ဆုံးဖြတ်လိုက်သည့်နည်းတူပင်လျှင် “နှစ်သက်ရာပေးမည်ဆိုသည်နှင့်အညီ နှစ်သက်ရာ ထမင်းထုပ်ကိုပင် ပေးစေ”ဟု ဆုံးဖြတ်ကုန်၏။”

“ထိုကယ်ပို့သောယောက်ျားသည်လည်း တရားသူကြီးတို့အဆုံးအဖြတ်ကို မနှစ်သက်ပြန်သဖြင့် စူဠနီဗြဟ္မဒတ်မင်းကြီးအား လျှောက်ထားလေ၏။ မင်းကြီးလည်း တရားသူကြီးအမတ်တို့ကို ခေါ်စေ၍ “သင်တို့ အဘယ်သို့ ဆုံးဖြတ်သနည်း”ဟု မေး၏။ “ဤသို့ဆုံးဖြတ်ပေသည်”ဟု တရားသူကြီးအမတ်တို့က လျှောက်ထားလျှင် မင်းကြီးလည်း “ဤယောက်ျားသည် ဥစ္စာကိုလိုသောကြောင့် အသက်ကိုစွန့်၍ ကယ်ပို့ပေသည်။ ဤယောကျာ်းကလည်း နှစ်သက်ရာပေးမည် ဆိုချေသည်”ဟု စကား ၂-ရပ်ကိုသာ တွေးဆလီဆယ်ပြောဆိုလျက် မဆုံးမဖြတ်နိုင် ရှိ၏။”

“ထိုအခါ မင်းကြီး၏မယ်တော် စလာကဒေဝီမိဖုရားသည် မနီးမဝေး၌ရှိသည်ဖြစ်၍ စူဠနီဗြဟ္မဒတ်မင်းကြီးတို့ မဆုံးမဖြတ်နိုင်ကြောင်းကိုကြားလေသော် စူဠနီဗြဟ္မဒတ်မင်းအား “ချစ်သား။ ဤမျှလောက်သောတရားကိုမျှ အမှန်ကျအောင် မဆုံးဖြတ်နိုင်သလော”ဟုဆို၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း “မယ်တော်။ အကျွန်ုပ်သည် ဤယခု အမတ်တို့ဆုံးဖြတ်သည်ထက် သာ၍မဆုံးဖြတ်နိုင်ပြီ။ မယ်တော် သာ၍ဆုံးဖြတ်နိုင်လျှင် ဆုံးဖြတ်တော်မူလော့”ဟုဆို၏။”

“စူဠနီဗြဟ္မဒတ်မင်းစကားကို ကြားလျှင် စလာကဒေဝီမိဖုရားသည် “ချစ်သား။ ကောင်းပြီ၊ ငါဆုံးဖြတ်အံ့”ဟု ဆို၍ ဥစ္စာထုပ်ရှင် ယောက်ျားကိုခေါ်၍ “အချင်းယောက်ျား။ သင်၏ဥစ္စာထုပ် ၃-ခုကို မြေ၌စဉ်လျက် ထားလော့”ဟု ဆို၍၊ မြေ၌ထားစေပြီးသော် “အချင်းယောက်ျား။ သင်သည် ပြင်းစွာသောရေအလျဉ်၌ မျောလေသောအခါ ဤယောက်ျားကို သင်သည် အဘယ်သို့ဆို၍ ကယ်ပို့စေသနည်း”ဟု မေး၏။ ထိုဥစ္စာထုပ်ရှင် ယောက်ျားလည်း “အရှင်မိဖုရား။ အကျွန်ုပ် မြစ်ကိုမကူးနိုင်သောအခါ ငါ့ကို ကမ်းတစ်ဘက်သို့ပို့ပါလျှင် ဤဥစ္စာထုပ် ၃-ခုတွင် ငါ နှစ်သက်ရာဥစ္စာထုပ်ကို သင့်အားပေးအံ့”ဟုဆို၍ ထိုသူစိတ်သဘောတူမျှသဖြင့် အကျွန်ုပ်ကို ကမ်းတစ်ဘက်သို့ ပို့ပါသည်”ဟု လျှောက်၏။”

“စလာကဒေဝီမိဖုရားသည် ဥစ္စာရှင်၏စကားကိုကြားလျှင် “အချင်းယောက်ျား။ ထိုသို့တပြီးကား။ ဤဥစ္စာထုပ် ၃-ခုတွင် သင်နှစ်သက်ရာ ဥစ္စာထုပ်ကို ကောက်ယူလော့”ဟုဆို၍ ဥစ္စာရှင်ကို ကောက်ယူစေ၏။ ဥစ္စာထုပ်ရှင်သည်လည်း မိဖုရား မိန့်တော်မူသောစကားကိုကြားလျှင် အသပြာ ၁၀၀၀-ထုပ်ကို ကောက်ယူလေ၏။ စလာကဒေဝီ မိဖုရားသည်လည်း ပရိယာယ်စကားဖြင့် “သင်တို့ သွားကြလေတော့”ဆို၍ အတန်ငယ်သွားစေပြီးသော် ထိုဥစ္စာထုပ်ရှင်ယောက်ျားကိုခေါ်၍ “အချင်းယောက်ျား။ ဤအသပြာ ၁၀၀၀-ထုပ်ကို သင် နှစ်သက်သည် မှန်၏လော”ဟုမေး၏။”

“ဥစ္စာထုပ်ရှင်သည်လည်း “အရှင်မိဖုရား။ နှစ်သက်သည် မှန်ပါ၏”ဟု လျှောက်လျှင် စလာကဒေဝီမိဖုရားက “အချင်းယောက်ျား။ ထိုသူ သင့်ကို မြစ်ထဲမှ ကယ်တင်သောအခါ ဤဥစ္စာထုပ် ၃-ခုတွင် ငါနှစ်သက်ရာ ဥစ္စာထုပ်ကိုပေးမည်ဟု သင်ဆိုမိသလော, မဆိုမိသလော”ဟု မေးတော်မူရာ၊ ဥစ္စာထုပ်ရှင်သည်လည်း “အရှင်မိဖုရား။ ဆိုပေသည်”ဟု လျှောက်၏။”

“စလာကဒေဝီမိဖုရားသည်လည်း “အချင်းယောက်ျား။ ထိုသို့ ငါနှစ်သက်ရာ ပေးမည်ဟု သင်ဆိုမိသည်မှန်ချေလျှင် ယခု သင် အသပြာ ၁၀၀၀-ထုပ်ကို နှစ်သက်သည်ဖြစ်သောကြောင့် ထိုကယ်ပို့ယောက်ျားအား အသပြာ ၁၀၀၀-ထုပ်ကို ပေးစေ”ဟု ဆုံးဖြတ်စီရင်၏။ ဥစ္စာထုပ်ရှင်သည်လည်း စိုးရိမ်ငိုကြွေးလျက်ပင် ရေထဲမှ ကယ်တင်သောယောက်ျားအား အသပြာ ၁၀၀၀-ထုပ်ကို ပေးရလေ၏။”

“ထိုအခါ စူဠနီဗြဟ္မဒတ်မင်းမှစ၍ အမှူးအမတ် ပရိသတ်အပေါင်းတို့သည် စလာကဒေဝီမိဖုရားကြီးအား ကောင်းချီးပေးကြကုန်၏။ ထိုတရားဆုံးဖြတ်သောအခါမှ စ၍ စလာကဒေဝီမိဖုရားကြီး၏ ပညာရှိသောအဖြစ်သည် အရပ်ထက်ဝန်းကျင်၌ ကျော်စောခြင်း ဖြစ်သတည်း။ ထို့ကြောင့် စူဠနီဗြဟ္မဒတ်မင်း၏မယ်တော် စလာကဒေဝီမိဖုရားကြီးနှင့်သော် ပညာရှိ တစ်ကျိပ်တစ်ယောက် ရှိ၏ဟု ငါကြားဖူး၏။ ထိုသို့ ပညာရှိသူရဲကောင်းအားနှင့် ပြည့်စုံသည်ဖြစ်၍ ၁၀၀-ကုန်သော ထီးဆောင်းမင်းအပေါင်းတို့သည် ထောင်ထားခြင်းငှာ မဝံ့ကုန်သောကြောင့် ထိုပဉ္စာလရာဇ်မင်း၏ အလိုသို့သာလျှင် လိုက်ရကုန်၏။ မိမိတို့ အလိုမရှိကုန်ဘဲလျက် ပဉ္စာလရာဇ်မင်းအား ချစ်ဖွယ်သောစကားကိုဆို၍ အလိုရှိအောင်သာလျှင် ပြုကြကုန်လျက် ပဉ္စာလရာဇ်မင်းချီသွားရာ အစဉ်မပြတ် လိုက်ရကုန်၏။”

“ဤသို့ စစ်သည်ဗိုလ်ပါများစွာနှင့် ပဉ္စာလရာဇ်မင်းသည် ယခု ငါတို့၏ မိထိလာပြည်ကို ဆင်တစ်ထပ်, မြင်းတစ်ထပ်, ရထားတစ်ထပ်, ခြေသည်တစ်ထပ်အားဖြင့် ၄-ထပ်ကုန်သော စစ်အင်္ဂါဗိုလ်ပါသူရဲအပေါင်းတို့သည် ထက်ဝန်းကျင်ရံကုန်၍ မိထိလာပြည်ကို တူးဖြိုအံ့သောငှာ အားထုတ်ကုန်လျက် ကောင်းကင်ပြင်၌ ကြယ်အပေါင်းကဲ့သို့ သောင်းသောင်းရုတ်ရုတ် အုတ်အုတ်သဲသဲ ဖောက်ခွဲနင်းဖြိုခြင်းငှာ မတတ်နိုင်အောင် ဖြစ်ကုန်၏။ အဝီစိငရဲမှသည် အထက်ဘဝဂ်တိုင်အောင် ငါ့သားသုခမိန်နှင့်တူသော ပညာရှိမည်သည် မရှိ။ ဤယခုအရေးသည်လည်း ငါ့သား၏ အရေးသာတည်း။ ငါ့သားသုခမိန်သာလျှင် ထိုအကြောင်းကို ကောင်းစွာဆင်ခြင် စီရင်ဝေဖန်၍ ပြည်နိုင်ငံမတိမ်းအောင် စောင့်ထိန်းသဖြင့် ဤဆင်းရဲမှ အဘယ်သို့လွတ်မြောက်အောင် ကြံပါအံ့နည်း”ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းမဟောသဓသုခမိန်သည် “ယခု ဤမင်းကြီးကား သေအံ့သောဘေးမှ အလွန်လျှင် ကြောက်လန့်ခြင်းဖြစ်၏။ သူနာအား ဆေးသမားသည် ကိုးကွယ်ရာ ဖြစ်သကဲ့သို့လည်းကောင်း, အစာငတ်မွတ်သောသူအား အစာသည် ကိုးကွယ်ရာ ဖြစ်သကဲ့သို့လည်းကောင်း, ရေငတ်သောသူအား ရေသည် ကိုးကွယ်ရာ ဖြစ်သကဲ့သို့လည်းကောင်း ဤမင်းကြီးအား ငါမှတစ်ပါး ကိုးကွယ်ရာ မရှိပြီ။ ငါသည် မင်းကြီးကို နှစ်သိမ့်စေအံ့”ဟုကြံပြီးလျှင်၊ ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ ရဲရင့်စွာထိုင်၍ဟောက်သော ကေသရရာဇာ ခြင်္သေ့မင်း၏အသံကဲ့သို့ ရွံရှာခြင်းကင်းလျက် “ပါဒေ ဒေဝ ပသာရေဟိ” အစရှိသောဂါထာဖြင့် နှစ်သိမ့်စကား လျှောက်ထား၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ မည်သို့ အထူးအထွေကြံစည်၍ စိုးရိမ်ကြောင့်ကြတော် မမူလင့်။ ရွှေနန်းစည်းစိမ်တော်၌သာ ခြေဆန့်၍ အလိုရှိတိုင်း လှည့်လည်စံပယ်လျက် နှစ်သက်ရွှင်လန်း ချမ်းသာစွာ စံနေတော်မူပါ။ စစ်အင်္ဂါမှုဆိုသည်မှာ အကျွန်ုပ်ရှိပါပြီ။ ကျီးအပေါင်းကို အုတ်ခဲ, လှံတံဖြင့် လှန့်လိုက်ဘိသကဲ့သို့လည်းကောင်း, တောအရပ်၌ မျောက်အပေါင်းကို လေးမြားရွယ်ကာဖြင့် လှန့်လိုက်ဘိသကဲ့သို့လည်းကောင်း၊ ၁၈-ခေါဘဏီ အရေအတွက်ရှိသော ပဉ္စာလရာဇ်မင်း၏စစ်သည်အပေါင်းတို့ကို မကြာမြင့်မီပင်လျှင် အကျွန်ုပ်၏ပညာအစွမ်းဖြင့် မိမိတို့၏ကိုယ်၌ဝတ်သော ပုဆိုးကိုမျှ အစိုးမရစေဘဲလျှင် ပျက်ပြားစေအံ့”ဟု

မင်းကြီးအား နှစ်သိမ့်စေပြီးလျှင် မဟောသဓသုခမိန်သည် နန်းတော်မှထွက်ခဲ့၍ မိထိလာပြည်သူပြည်သားတို့အား မထိတ်မလန့်စေခြင်းငှာ ဤသို့ စည်လည်စေ၏။

“ဤမြို့တော်၌ရှိကုန်သော ပြည်သူပြည်သားအပေါင်းတို့။ သင်တို့သည် မည်သို့သောအကြောင်းကိုမျှ ကြံဆ၍ စိုးရိမ်ထိတ်လန့်ခြင်း မရှိကြနှင့်။ ယနေ့မှသည် ၇-ရက်ပတ်လုံး အမွှေး အထုံ, ပန်းနံ့သာ, အဝတ်တန်ဆာတို့ကို လိမ်းသပ်ဝတ်ဆင်လျက် အထူးထူးသော တီးမှုတ်မျိုးတို့ဖြင့် တီးမှုတ်ကခုန် မြူးထူးပျော်ရွှင်ကြကုန်သဖြင့် ဆိုင်ရာအသီးအသီး ပွဲသဘင်ခံ၍ ပျော်ရွှင်မှုနှင့်သာ ငြိမ်ဝပ်ချမ်းသာစွာ နေကြကုန်။ မျိုးရိက္ခာဆိုသည်မှာ ငါ၏ဝန် ဖြစ်စေ။ မဟောသဓအမည်ရှိသော ငါ၏ပညာအစွမ်းကို ဤစစ်ပွဲတွင် ထင်ရှားစွာပြအံ့။ သင်တို့ ရှုကြည့်ကြကုန်လော့”ဟု ဆို၍ နှစ်သက်ရွှင်လန်းကြောင်း ကောင်းမြတ်သောစကားဖြင့် စည်လည်စေ၏။

ပြည်သူပြည်သားအပေါင်းတို့သည်လည်း မဟောသဓသုခမိန် အမိန့်ရှိသည့်အတိုင်း ပွဲသဘင်ခံ၍ အသီးအသီး ရွှင်ပျော်မြူးထူးကြကုန်၏။ ထိုသို့ မြို့တွင်း၌ ပွဲသဘင်ခံကြသောအသံကို မြို့ပြင်၌နေကြကုန်သော စစ်သည်သူရဲတို့ ကြားလေသည်ရှိသော် ပွဲကြည့်အံ့သောငှာ တံခါးငယ်ဖြင့် ဝင်လာကုန်၏။ မြို့၌ကား တံခါးမကိုသာပိတ်၍ တံခါးငယ်တို့ကိုကား ဖွင့်လျက်ပင်ထား၏။ မြို့တွင်းသို့ဝင်လာသော်လည်း ရန်မူသောသူကိုသာ ဖမ်းဆီး၏။ ရန်မမူသောသူဖြစ်လျှင် ထွက်ဝင်သွားလာရ၏။ ထို့ကြောင့် တံခါးငယ်ဖြင့် ထွက်ဝင်သွားလာခြင်း မပြတ်သည်ဖြစ်၍ စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တို့သည် မိထိလာပြည်သူပြည်သားတို့ ပွဲသဘင်ခံလျက် ပျော်ရွှင်မြူးထူးကြသည်ကို မြင်ကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း မိထိလာမြို့တွင်း၌ အုတ်အုတ်ကျက်ကျက်သော အသံရှိသည်ကို ကြားလေသော် အမတ်တို့ကိုခေါ်၍ ဤသို့မေး၏။ “အချင်းတို့။ ယခု ငါသို့သော ဧကရာဇ်မင်းသည် ၁၈-ခေါဘဏီ အရေအတွက်ရှိသော စစ်သည်ဗိုလ်ပါများစွာနှင့် ဝန်းရံ၍နေသည်ကိုလျက် ထိုမိထိလာပြည်သူပြည်သားတို့သည် ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိ။ နှစ်သက် ဝမ်းမြောက်သောအသံဖြင့် တီးမှုတ် ကခုန်လျက် ကျူးဟစ်ကြွေးကြော် ပျော်ရွှင်ခြင်းကို ပြုကြကုန်၏။ ထိုသို့ ပျော်ရွှင်မြူးထူးခြင်း၌ အကြောင်း အသို့ထင်ကြကုန်သနည်း”ဟု မေး၏။

ထိုအခါ မဟောသဓက သူလျှိုထားသော အမတ်တို့သည် စူဠနီဗြဟ္မဒတ်မင်းကြီးစကားကိုကြားလျှင် မုသာဝါဒဖြင့် ဤသို့လျှောက်ထားကြကုန်၏။

“အရှင်မင်းကြီး။ အကျွန်ုပ်တို့သည် အကြောင်းတစ်ခုရှိ၍ တံခါးငယ်ဖြင့် မြို့တွင်းသို့ဝင်လေသော် ပွဲသဘင်ခံလျက် ပျော်ရွှင်မြူးထူးကြကုန်သော မြို့သူမြို့သားတို့ကိုမြင်၍ “လူများအပေါင်းတို့။ ယခု ဧကရာဇ်မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ နေကုန်သော ထီးဆောင်းမင်းအပေါင်းတို့ကို လက်နက်နိုင်ငံပြု၍ ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ပါများစွာနှင့် သင်တို့ပြည်ကို အထပ်ထပ်ဝန်းရံ၍နေသည်ကိုလျက် အဘယ့်ကြောင့် သင်တို့သည် ပွဲသဘင်၌သာ မြူးထူး၍ မေ့မေ့လျော့လျော့ နေကြကုန်သနည်း”ဟု အကျွန်ုပ်တို့ကဆိုလျှင်၊ ထိုမိထိလာ ပြည်သူပြည်သားတို့က အကျွန်ုပ်တို့အား ဤသို့ဆိုကုန်၏။ “အချင်းတို့။ ငါတို့အရှင် ဝိဒေဟရာဇ်မင်းကြီးသည် ရွှေထီးရွှေနန်း မသိမ်းမြန်းမီ မင်းသားငယ်လက်ထက်ကပင် ဇမ္ဗူဒိပ်ကျွန်းအပြင်၌နေကုန်သော ထီးဆောင်းမင်းအပေါင်းတို့သည် ဤမိထိလာအမည်ရှိသော ရာဇဌာနီမင်းနေပြည်ကြီးကို ထက်ဝန်းကျင်ဝန်းရံလျက်နေစဉ် ကြီးစွာသော ပွဲသဘင်ခံလျက် စိုးစံတော်မူလိုသော နှလုံးတော်ရှိ၏။

“ထိုမင်းကြီး၏ နှလုံးအလိုတော်သည် ယခုမှပြည့်သည်ဖြစ်၍ “အလိုရှိတိုင်း ပွဲသဘင်ခံလျက် ပျော်ရွှင်မြူးထူးကြစေ”ဟု နေပြည်တော်ပတ်လည်၌ စည်လည်စေပြီးလျှင် ငါတို့ အရှင်မင်းကြီးသည် ရွှေနန်းဥကင်တော်၌ မှူးတော် မတ်တော်အပေါင်းခြံရံလျက် ထူးမြတ်လှစွာသော အောင်သေကို သောက်တော်မူ၏။

“ငါတို့ ပြည်သူပြည်သားအပေါင်းတို့သည်လည်း အရှင်မင်းကြီး၏ အလိုတော်ပြည့်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာ ပွဲသဘင်ခံလျက် မြူးထူးကြကုန်၏”ဟု အကျွန်ုပ်တို့အား ပြည်သူပြည်သားတို့ ပြောဆိုကြပါသည်”ဟု လျှောက်ကြကုန်၏။