မဟောသဓဇာတ်တော်ကြီး/အခန်း-၄၂

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄၂။ ၂-ကြိမ်မြောက် စစ်အောင်ခန်း

စူဠနီဗြဟ္မဒတ်မင်းသည် ၁၈-ခေါဘဏီ အရေအတွက်ရှိသော စစ်သည်ဗိုလ်ခြေတို့ကို သိမ်းဆည်းရုံးစု၍ မိမိတို့၏ သစ်တပ်တဲနန်းသို့ ပြန်၍ဝင်ပြီးသော် ကေဝဋ်အမတ်ကြီးကိုခေါ်တော်မူ၍ “ဆရာ ပုရောဟိတ်။ ယခု အသို့ကြံရသော် ကောင်းမည်နည်း”ဟု တိုင်ပင်မေးမြန်းပြန်၏။

မင်းကြီးမိန့်တော်မူသော စကားကိုကြားလျှင် ကေဝဋ်အမတ်ကြီးသည် “အရှင်မင်းကြီး။ ယခု ကြံခဲ့သမျှသောအမှုမှာ ဝိဒေဟရာဇ်မင်းတစ်ယောက်ကိုမှီ၍ ပြည်သူပြည်သားတို့ ဆင်းရဲပင်ပန်းခြင်းဖြစ်လိမ့်မည်ကို ထောက်ထား၍ သနားညှာတာသဖြင့် အသာတကြည် ဝင်လိုလည်း ဝင်ပါစေဟု ခြိမ်းခြောက်ရုံမျှ ဖြစ်သည်။ ဤသို့ ခြိမ်းခြောက်ကာမျှနှင့် မဝင်လိုလျှင် မြို့ပြင်သို့ တစ်ယောက်သောသူမျှ မထွက်စေဘဲ၊ တံခါးမ, တံခါးငယ်တို့ကိုပိတ်ဆို့၍ များစွာ ဗိုလ်ခြေနှင့် ကြပ်ကြပ်တည်းတည်း ဖိစီးတိုက်ဖျက်ရလျှင် ခံရပ်နိုင်မည်မဟုတ်ပါ။ ကြာလိုသမျှ ကြာစေ။ ဝိဒေဟရာဇ်မင်းကိုမရဘဲ နေပြည်တော်သို့ ပြန်လည်တော်မမူလင့်”ဟု လျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း “ဆရာပုရောဟိတ်။ ထိုသို့တပြီးကား ကောင်းပြီ”ဟု ဝန်ခံ၏။ ယင်းသို့သောအခါ မဟောသဓသုခမိန်က သူလျှိုထားသောအမတ်တို့သည် ထိုသို့ မင်း,အမတ်တို့ အကြံရှိကြောင်းကို ရှေးနည်းအတူ မြားဖျားတွင်စာဆွဲ၍ ပစ်လွှတ်လိုက်သဖြင့် မဟောသဓသုခမိန်သိလေသော် ဤသို့အကြံဖြစ်၏။

“ငါတို့ ဝိဒေဟရာဇ်စစ်သည် ဗိုလ်ခြေနှင့် ပဉ္စာလရာဇ် စစ်သည်ဗိုလ်ခြေကို နှိုင်းယှဉ်သည်ရှိသော် မြစ်ငယ်, ချောင်းငယ်ရေနှင့် မဟာသမုဒ္ဒရာရေကို နှိုင်းယှဉ်သကဲ့သို့ ငါတို့စစ်သည်ကား အနည်းငယ်မျှသာ ဖြစ်ချေသည်။ ထိုပဉ္စာလရာဇ်စစ်သည်တို့သည် ငါတို့ပြည်ကို အရှည်အကြာ ဝန်းရံ၍နေသဖြင့် ပြည်သူပြည်သားအပေါင်း ဆင်းရဲကျဉ်းမြောင်းစွာ ချမ်းသာမရ ဖြစ်ရာ၏။ ထို့ကြောင့် တစ်ခုသောဥပါယ်တံမျဉ်ဖြင့် ထိုပဉ္စာလရာဇ်စစ်သည် အပေါင်းတို့ကို လျင်စွာပြေးစေအံ့”ဟု ကြံပြီးလျှင်၊ အတိုင်အပင် အပြောအဆိုပညာ၌ လိမ္မာရဲရင့်သောသူကို စုံစမ်းဆင်ခြင်လတ်သော် “ငါတို့အရှင်ဝိဒေဟရာဇ်မင်း၏ ပုရောဟိတ်ဖြစ်သော အနုကေဝဋ်အမည်ရှိသော ပုဏ္ဏားသည် အတိုင်အပင် အပြောအဆိုပညာ၌ လိမ္မာရဲရင့်၏”ဟုဆင်ခြင်မိသဖြင့် အနုကေဝဋ်ကို ခေါ်စေပြီးလျှင်- “ဆရာပုရောဟိတ်။ အကျွန်ုပ်သည် ဆရာနှင့်တိုင်ပင်၍ ပဉ္စာလရာဇ်စစ်သည်တို့ကို နှင်ဖြိုရလျှင် ထိုသူတို့ မရပ်မခံနိုင်ရာဟု တစ်ခုသောအကြောင်းကို ကျွန်ုပ် ကြံမိ၏။ ထိုသို့အကြံရှိတိုင်း ဆရာလည်း ပြည်သူပြည်သားအပေါင်း ချမ်းသာကြောင်း ကောင်းမြတ်သော သတိ,ပညာ အဆင်အခြင်ဖြင့် အရှင့်အရေးတော်လှအောင် ဆောင်ရွက်ရမည်”ဟုဆို၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် အနုကေဝဋ် အမတ်ပုဏ္ဏားသည် “အရှင် မဟောသဓသုခမိန်။ အဘယ်အမှုကို အကျွန်ုပ် ဆောင်ရွက်ရမည်နည်း။ ဆောင်ရွက်ရန်အမှုကိုသာ အမိန့်ရှိတော်မူလော့”ဟု ဆို၏။

မဟောသဓသုခမိန်သည် “ဆရာပုရောဟိတ်။ ဆောင်ရွက်ရမည့်အမှုအခွင့်မှာ မြို့တံတိုင်းငယ်ပေါ်ကနေပြီးလျှင် အကျွန်ုပ်တို့စစ်သည်များကို မမြင်စေလိုယောင် မျက်နှာစောင်းလှည့်ကြည့်ဟန်ပြု၍ မုန့်, ငါး, အမဲ, ခဲဖွယ်စားဖွယ်များကို ပဉ္စလရာဇ်စစ်သည်တို့အား ပေးချလျက် ဤသို့ဆိုရမည်။

“တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော ဧကရာဇ်မင်းကြီး၏ စစ်သည်တော်အပေါင်းတို့။ အကျွန်ုပ်သည် လက်ဆောင်အလို့ငှာ ပေးချလိုက်သော ဤခဲဖွယ်စားဖွယ် မုန့်, ငါး, အမဲအပေါင်းတို့ကို သုံးဆောင်တော်မူကြပါ။ အမှုအခွင့်ဆိုသည်မှာ သင်တို့၌ စိုးရိမ်ရန်မရှိပြီ။ ယနေ့မှ ၂-ရက် ၃-ရက်နေလျှင် ဤမိထိလာပြည်ကို အလွယ်တကူသိမ်းယူရပါလိမ့်မည်။”

“ယခု မိထိလာပြည်သူပြည်သားအပေါင်းတို့သည် ဆောင်းလှောင်ကြက်ကဲ့သို့ ထွက်ပြေးရာမမြင်။ ပူပင်ညှိုးငယ် ကိုးကွယ်ရာမရ ဒုက္ခနင်းနှိပ်၍ ကိုယ်,စိတ်ကျဉ်းမြောင်းကြလှပြီ။ ၂-ရက်, ၃-ရက်တိုင်ရုံမျှ ကြပ်ကြပ်တည်းတည်းပိတ်ဆို့ ဝန်းရံလျက် တိုက်ဖျက်ခြင်းလုံ့လကို ပြုတော်မူကြလျှင် မြို့တွင်း၌ အချင်းချင်း ရန်မီးထသဖြင့် တံခါးကို ဖွင့်၍ပေးလတ္တံ့။ မကြာမမြင့်မီလျှင် ဝိဒေဟရာဇ်မင်းနှင့် ယုတ်မာဆိုးညစ်လှစွာသော သူကြွယ်သားကို ဖမ်းယူရမည်ကား မချွတ်ရာ”ဟု ဆိုလော့။”

“ထိုသို့ သင်ဆိုသောစကားကို ငါတို့စစ်သည်များကြားလျှင် သင့်ကို ဆဲဆိုခြိမ်းခြောက်၍ ပဉ္စာလရာဇ်စစ်သည်တို့ မြင်စဉ်ပင်လျှင် ချည်နှောင်ပုတ်ခတ်လျက် ဆံပင်ကို ၅-စိတ်ခွဲ၍ထုံးပြီးလျှင် အုတ်မှုန့်ဖြင့်ကြဲဖြူးခြင်း, နား ၂-ဖက်၌ ပန်းစိမ်းပန်စေခြင်း, ဝါးခြမ်းစိတ်ဖြင့် လက်ရုံးလက်ပြင် ကျောပြင်တို့၌ အပိန့်ထအောင်ရိုက်နှက်ခြင်း၊ ကျော၌ ထုံးရည်တို့ဖြင့်အရေးသားခြင်း ရာဇဒဏ်ကိုပြုပြီးမှ မြို့ကြီးတံတိုင်းပေါ်၍သို့တင်၍ သင့်ကိုဆိုင်း၌ ကြိုးခတ်ပြီးလျှင် “အကြံအစည်ကိုဖျက်တတ်သော ဟယ်၊ ပုဏ္ဏားယုတ်။ နင်သည် ငါတို့မြို့နှင့် မတန်။ သွားလေ”ဟု ဆဲဆိုခြိမ်းခြောက်လျက် ပဉ္စာလရာဇ်စစ်သည်ဘောင်သို့ ချလိုက်စေအံ့။ ထိုအခါ ပဉ္စာလရာဇ်စစ်သည်တို့သည် သင့်ကိုဆောင်ယူ၍ ပဉ္စလရာဇ်မင်းအား ဆက်လတ္တံ့။ သင့်ကို ပဉ္စာလရာဇ်မင်းမြင်လျှင် သင်၌ အဘယ်အပြစ်ရှိ၍ ဤသို့သောရာဇဒဏ်ကို ခံရသနည်းဟု မေးလတ္တံ့။ ထိုသို့ မင်းကြီးမေးလျှင် ဤသို့သင်လျှောက်လေ။”

“အရှင်မင်းကြီး အကျွန်ုပ်သည် အဘိုးအဖမှဆင်းသက်၍ ထီးနန်းအဆက်ဆက် မပျက်သော ပုရောဟိတ်အမတ်မျိုး ဖြစ်သည်နှင့်အညီ ဤဝိဒေဟရာဇ်မင်းလက်ထက်တိုင် သူကြွယ်သားကို သူကောင်းမပြုမီ ရှေးအထက်က ကျွန်ုပ်၌ များစွာသောစည်းစိမ်ချမ်းသာ အခြံအရံရှိ၏။ သူကြွယ်သားကို သူကောင်းပြု၍ စစ်သူကြီးအရာ၌ ထားရာတွင်မှသာ သူကြွယ်သားသည် အကျွန်ုပ်ကို “ငါ့အား မခညွတ် နေကောင်းအံ့လော”ဟု အမျက်ရန်ငြိုးထား၍ မင်းကြီးအားကုန်းချောစားလျှင် မင်းကြီးအမျက်ဝင်၍ အကျွန်ုပ်စည်းစိမ်ကို ဖျက်ဆီးစေသဖြင့် သူကြွယ်သားကြောင့် အကျွန်ုပ် ဆင်းရဲငြိုငြင်စွာ အသက်မွေး၍နေရပါသည်။”

“ဤကဲ့သို့ သူကြွယ်သားဖျက်ဆီးရာ ခံနေရသောအမှုကို အကျွန်ုပ် စိတ်စွဲမပြေနိုင်သဖြင့် “အဘယ်အခါမှ အခွင့်ရ၍ သူကြွယ်သား၏ဦးလည်ကို သန်လျက်စာ ကျွေးရပါအံ့နည်း”ဟု တောင့်တလျက်နေစဉ် ထီးဆောင်းမင်းအပေါင်းတို့သခင် ဖြစ်တော်မူသော အရှင်မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ တိုင်းကြီးပြည်ကြီးအပေါင်းကို လှည့်လည်သိမ်းယူတော်မူ၍ ယခုမိထိလာပြည်သို့ ၁၈-ခေါဘိဏီ ဗိုလ်ထုနှင့် ဖြန့်ချီတော်မူလာပြီ”ဟု ကြားရလျှင် စိတ်ထဲဝမ်းသာခြင်းနှင့် တောင့်တမျှော်တမ်းလျက်ရှိပါသည်။”

“အရှင်မင်းကြီး၊ ဤပြည်သို့ရောက်၍ ဝန်းရံတော်မူစဉ်ကပင်လည်း ရွှေဖဝါးတော်အောက် ဝင်ရောက်ချင်လျက်နှင့် သူ့လက်ခုပ်ရေဖြစ်ချေသောကြောင့် မလှုပ်မရှားသာဖြစ်၍ အခွင့်ကိုသာ မြော်ချင့်ကြည့်ရှုလျက်နေသည်နှင့် ယနေ့မှ အခွင့်ရပြီထင်သဖြင့် တံတိုင်းငယ်ပေါ်ကနေလျက် စစ်သည်တော်တို့အား ငါး, အမဲ, ခဲဖွယ်, ဘောဇဉ်တို့ကိုပေး၍ မိထိလာပြည်သူပြည်သားတို့ ဆောင်းလှောင်ကြက်ကဲ့သို့ ထွက်ပြေးရာမမြင်။ ပင်ပန်းစွာရှိကြောင်းကို ပြောဆိုမိရာတွင် အကျွန်ုပ်ကို အရှင်မင်းကြီး၏ အပင်းအသင်းထင်မှတ်၍ ဤသို့သော ရာဇဒဏ်နှင့် ဆိုင်း၌ထည့်၍ ကြိုးခတ်လျက် မြို့ရိုးပေါ်မှ နှင်ချလိုက်ပါသည်။ ထိုအကြောင်းကို စစ်သည်တော်တို့ အမြင်အကြား အသိပင်ဖြစ်၍ မေးတော်မူလျှင် သိရပါလိမ့်မည်”ဟု အထူးထူးအပြားပြားသော အခြင်းအရာဖြင့် ယုံကြည်လောက်အောင် ပြောဆိုလျှောက်ထား၍၊ သင့်အား မင်းကြီးယုံမှတ်သဖြင့် အကျွမ်းဝင်သောအခါ လျှောက်ထားရမည်မှာ-

“အရှင်မင်းကြီး။ ယခုမှာ အကျွန်ုပ်ရောက်ရှိပြီး မည်သည်ကိုမျှ စိုးရိမ်တော်မမူလင့်။ ဝိဒေဟရာဇ်မင်းနှင့် သူကြွယ်သားတို့၏ အသက်ကို ရှင်စေရမည်မဟုတ်။ အကျွန်ုပ်သည် ဤမြို့၌ ခိုင်လုံရာအရပ်, မခိုင်လုံရာအရပ်ကိုလည်း သိ၏။ ဤရေကျုံး၌ မိကျောင်းရှိရာအရပ်, မရှိရာအရပ်ကိုလည်း သိ၏။ ထို့ကြောင့် မကြာမမြင့်မီပင်လျှင် ဤမြို့ကိုသိမ်းယူ၍ ရွှေလက်တော်ရောက် ဆက်သပါမည်”ဟု လျှောက်ထားလေ။”

“ထိုသို့ လျှောက်ထားလျှင် ပဉ္စာလရာဇ်မင်းသည် သင့်အားယုံမှတ်သဖြင့် များစွာသော အချီးအမြှောက်ကိုပေး၍ စစ်သည်ဗိုလ်ပါကိုလည်း အပ်နှင်းလတ္တံ့။ ထိုသို့ချီးမြှောက်သောအခါ မင်း,အမတ်, စစ်မှူး, စစ်ကြပ်တို့ကို “နောင်မိထိလာပြည်ပျက်စီးလျှင် သူ့လူငါ့လူသိသာအောင် အမှတ်အသားဖြစ်စေရမည်”ဟု ထိုသူတို့ အဝတ်တန်ဆာ၌ ငါ၏တံဆိပ်အမှတ် ထိုးခတ်ပြီးမှ စစ်သည်အပေါင်းတို့ကို မိကျောင်းရှိရာကျုံးသို့ ဆင်းသက်စေလော့။ ထိုစစ်သည်ဗိုလ်ပါတို့သည် မိကျောင်းဘေးကြောင့် ကျုံးကို မဆင်းမသက်ဝံ့ကြသောအခါ မင်းကြီးအား ဤသို့လျှောက်လေ။”

“အရှင်မင်းကြီး။ အကျွန်ုပ်ပင် စီးပွားတော်ကိုအလိုရှိ၍ အားထုတ်သော်လည်း အများမညီလျှင် မဖြစ်နိုင်ရာ။ ယခု အကျွန်ုပ် ဤမြို့ကျုံး၌ ဖောက်ထွင်းနိုင်ရာလွယ်ရာကို ညွှန်ပြနှိုးဆော်ပါသော်လည်း အရှင့်စစ်သည်တော်တို့သည် မနာမယူ ဆုတ်နစ်ကြသောကြောင့် အကြောင်းကိုသိရအောင် ရှုကြည့်ဆင်ခြင်လျှင် ၉-ကျိပ်၉-ယောက်သော ထီးဆောင်းမင်းနှင့်တကွ ကေဝဋ်အမတ်ကြီးတို့မှစ၍ စစ်ကဲ, စစ်ကြီး, အမှူးအကြီးဟူသမျှတို့ကို သူကြွယ်သားက တံစိုးပေး၍ ဖြားယောင်းသဖြင့် သူကြွယ်သား၏ အဝင်အပါချည်းဖြစ်ကြောင်းကို သိရပါသည်။”

“အကြီးအကဲ အမှူးအမတ်ဟူသမျှတို့၌ သူကြွယ်သား၏တံစိုးကို မစားသောသူမည်သည် မရှိပါ။ ယခု ထိုသူတို့သည် ကိုယ်သာအရှင့်ထံရင်းမကင်း အတွင်းသားကဲ့သို့ပြု၏။ စိတ်မူကား သူကြွယ်သား၏ အချင်းအပင်း အသင်းချည်းဖြစ်၍ ကုန်ချေပြီ။ အကျွန်ုပ်တစ်ယောက်သာလျှင် ကိုယ်စိတ်အခြားမရှိသော အရှင့်ကျွန်တော်ရင်း ဖြစ်တော့သည်။ ယခု အကျွန်ုပ် လျှောက်ထားသမျှစကားကို ယုံကြည်တော်မမူလျှင် ထို မင်း, အမတ်, စစ်ကဲ, စစ်ကြပ်တို့ကို စစ်ဝတ်တန်ဆာဆင်လျက် လာခဲ့ကြဟု အမိန့်တော်နှင့်ခေါ်တော်မူ၍ ရောက်ကြသောအခါ ထိုသူတို့ဆင်ဝတ်သော အဝတ်တန်ဆာတို့၌ သူကြွယ်သားက နှိပ်ခတ်လိုက်သော တံဆိပ်ကို အမှတ်မထင် ရှုကြည့်တော်မူလျှင် မြင်တော်မူပါလိမ့်မည်။ ထိုအခါမှ အကျွန်ုပ်စကားကို ယုံကြည်တော်မူပါ”ဟု လျှောက်လေ။”

“ထိုသို့လျှောက်ထားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် သင်၏စကားကို လိုက်နာလျက် ထိုမင်း, အမတ်, အကြီး, အကြပ်တို့ကို သင်ဆိုတိုင်းခေါ်စေ၍ ကြည့်လတ်သော် တံဆိပ်ကိုမြင်သဖြင့် ကြောက်လန့်ခြင်းပြင်းစွာဖြစ်၍ ထိုသူတို့နေရာသို့ ပြန်သွားစေပြီးလျှင် သင့်ကို “ဆရာအနုကေဝဋ်။ အသို့ပြုရသော် ကောင်းအံ့နည်း”ဟု တိုင်ပင်လတ္တံ့။ ထိုသို့တိုင်ပင်သောအခါ ဤသို့လျှောက်လေ။”

“အရှင်မင်းကြီး။ သူကြွယ်သားသည် လှည့်ဖြားတတ်သောအကြံအစည် ရှိ၏။ အရှင့်စစ်သည်တော် အပေါင်းတို့သည်လည်း သူ့စစ်သည်ဖြစ်၍ ကုန်ချေပြီ။ ထိုကေဝဋ်အမတ် အစရှိသော အရှင့်စစ်သည်တော်တို့ပင် အရှင်မင်းကြီးကိုဖမ်းယူ၍ သူကြွယ်သားအား မျက်နှာပြုမည်ကိုလည်း မသိနိုင်ဖြစ်သောကြောင့် တစ်စုံတစ်ယောက်မျှ မသိစေရဘဲ ယနေ့ညဉ့်ပင် သန်းခေါင်ကျော်အချိန်ရောက်လျှင် အရှင်မင်းကြီးနှင့် အကျွန်ုပ်တို့ ၂-ယောက်တည်းသာ မြင်းစီး၍ထွက်ပြေးရသော် ကောင်းမည်ထင်ပါသည်။ ဤတပ်တော်ထဲ၌ တစ်နေ့မျှ နွှဲဖင့်၍နေသဖြင့် အကျွန်ုပ်တို့သည် အကျိုးမဲ့ ရန်သူလက်တွင် အသက်ကုန်ရတော့မည်”ဟု လျှောက်တင်လေ။”

“ထိုသို့လျှောက်တင်တိုင်း ပဉ္စာလရာဇ်မင်းသည် ကြောက်လန့်လျက် ထွက်ပြေးလတ္တံ့။ ထိုပဉ္စာလရာဇ်မင်း ထွက်ပြေးသောအခါ သင်သည် “အတန်ငယ်လိုက်ပြီးမှ ပြန်ခဲ့သဖြင့် ငါ၏စစ်သည်များကို “အကြောင်းစကား ကြားသိစေလော့”ဟု အစမှသည် အဆုံးတိုင်အောင် လာလတ္တံ့သော အရေးကိုမြင်သဖြင့် အလုံးစုံသောအခွင့်ကို အနုကေဝဋ်ပုဏ္ဏားအား သွန်သင်မှာထား၏။

အနုကေဝဋ်ပုဏ္ဏားသည် “အရှင်သုခမိန်။ စိုးရိမ်တော်မမူလင့်။ အရှင်သုခမိန်ဆိုတိုင်း အကျွန်ုပ် ဆောင်ရွက်အံ့”ဟု ဝန်ခံ၏။ မဟောသဓသုခမိန်သည် “ဆရာပုဏ္ဏား။ အကျွန်ုပ် မှာထားတိုင်း ပြောဆိုဆောင်ရွက်နိုင်၏ဟူ၍ကား ဝန်ခံပြီ။ အချည်အနှောင် အရိုက်အနှက်ကိုကား ဆရာပုဏ္ဏား ခံနိုင်ပါမည်လော”ဟု မေး၏။ “အရှင်သုခမိန်။ စိုးရိမ်တော်မမူနှင့် မျက်စိ, ခြေ, လက် မကျိုးမပျက် အသက်မသေရုံမျှသာ ရှိပါစေ။ ထိုမှတစ်ပါး အလိုရှိတိုင်း ပြုတော်မူလော့။ အကျွန်ုပ် ခံပါမည်”ဟု ဆို၏။

ထိုအခါ မဟောသဓသုခိန်သည် အနုကေဝဋ်ပုဏ္ဏား၏အိမ်၌ သား, မယား, အခြံအရံတို့အား များစွာအချီးအမြှောက်တို့ဖြင့် ချီးမြှောက်ပြီးလျှင် အနုကေဝဋ်ပုဏ္ဏားကို ဆိုအပ်ပြီးသောနည်းဖြင့် မြို့တံတိုင်းငယ်ပေါ်ကနေစေလျက် ပဉ္စာလရာဇ်စစ်သည်တို့အား ပေးကမ်းချီးမြှောက် ပြောဆိုစေသဖြင့် အပြစ်ပြု၍ ရာဇဒဏ်ကြီးစွာနှင့် ဆိုင်း၌ကြိုးခတ်ပြီးသော် မြို့ကြီးတံတိုင်းပေါ်က ဆွဲချနှင်ထုတ်လိုက်စေ၏။

ပဉ္စာလရာဇ်မင်းစစ်သည်တို့သည်လည်း အနုကေဝဋ်ကိုယူဆောင်၍ ပဉ္စာလရာဇ်မင်းအား ဆက်ကြကုန်၏။ ပဉ္စာလရာဇ်မင်းသည် အနုကေဝဋ်အမတ်ကို စစ်မေးလျှင် ဆိုအပ်ပြီးသောနည်းဖြင့် မဟောသဓသုခမိန်အား အပြစ်ဖို့၍ ယုံကြည်လောက်အောင်လျှောက်ထားသဖြင့် ပဉ္စာလရာဇ်မင်းသည် အနုကေဝဋ်အမတ်အား ယုံကြည်သည်ဖြစ်၍ ကြီးစွာသော အချီးအမြှောက်ကိုပေးလျက် စစ်သည်အပေါင်းကို အပ်နှင်း၏။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားသည် စစ်ကွပ်စစ်ကြပ်ပြု၍ အမှူးအမတ်ကြီးတို့အား အမှတ်အသား ဖြစ်စေရမည်ဟု တန်ဆာအဝတ်တို့၌ တံဆိပ်ခတ်ပြီးလျှင် ပဉ္စာလရာဇ်မင်းစစ်သည်အပေါင်းတို့ကို “အချင်းတို့။ ဤအရပ်က ဆင်းကြကုန်။ ယခုပင် မိထိလာပြည်ကို ယူအံ့”ဟုဆိုလျက် မိကျောင်းရှိရာရေသို့ ဆင်းသက်စေ၏။ ထိုသို့ စစ်သည်အပေါင်းတို့ ရေကျုံးကို ကူးသန်းကြလတ်သော် ကျုံးထဲ၌ကျက်စားသော မိကျောင်းတို့သည်လည်း ဖမ်းယူကိုက်ခဲကြကုန်၏။

မြို့ထိပ်, ပစ္စင်, ရင်တား, သူရဲပြေးတို့၌ စီးနင်း၍နေကုန်သော သူရဲသူခက်တို့သည်လည်း မြား, လှံ,စသော လက်နက်တို့ဖြင့် ပစ်ခတ်ကုန်၏။ ထိုသို့ မိကျောင်းဘေး, လက်နက်ဘေးကြောင့် ပဉ္စာလရာဇ်မင်းစစ်သည်တို့အား များစွာ အသက်အန္တရာယ် ရောက်လေကုန်၏။ ထိုပဉ္စာလရာဇ်စစ်သည်အပေါင်းတို့သည် အပျက်အစီး အထိအပါးများခြင်းကြောင့် စစ်မှူး, စစ်ကြပ်တို့က ကွပ်ညှပ်နှိုးဆော်သော်လည်း တစ်စုံတစ်ယောက်မျှ ကျုံးထဲသို့ မဆင်းမသက်ဝံ့ကြကုန်။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားသည် ပဉ္စာလရာဇ်မင်းကြီးထံ သွား၍ “အရှင်မင်းကြီး။ အကျွန်ုပ်သည် မိထိလာပြည်ကို အလွယ်တကူသိမ်းယူလိုသဖြင့် ကျုံး၌ ရေတိမ်ရာ, မိကျောင်းမရှိရာ အရပ်ကိုညွှန်ပြ၍ “ဆင်းသက်ကြကုန်”ဟု နှိုးဆော်ကွပ်ညှပ်ပါသော်လည်း မဆင်းမသက် မထီမဲ့မြင်သာ နေကြကုန်၏။ ကျုံးတစ်ဘက်ကိုကူးမိသော သူတို့ကိုလည်း မြို့စီးမြို့နင်း ပါးရာ, မခိုင်မလုံရာကို ညွှန်ပြ၍ “မြို့ရင်းသို့ ကပ်ကြကုန်”ဟု နှိုးဆော် ကွပ်ညှပ်ပါသော်လည်း ချဉ်းယောင်ကပ်ယောင် ရှောင်ကာရှားကာ မထီမဲ့မြင်သာ ပြုကြကုန်၏။

“ထိုသို့ပြုကြကုန်ခြင်းကြောင့် အကြောင်းကိုသိ၍ ကျွန်ုပ်ရှုကြည့်ဆင်ခြင် စုံစမ်းလျှင် ၉-ကျိပ်၉-ယောက်သော ထီးဆောင်းမင်းတို့နှင့်တကွ ကေဝဋ်အမတ်ကြီးတို့မှစ၍ အလုံးစုံသော စစ်မှူး, စစ်ကြပ်တို့အား သူကြွယ်သားက တံစိုးလက်ဆောင်ပေးသဖြင့် အရှင့်ကျေးဇူးသစ္စာတော်ကို ထုတ်အန်၍၊ သူကြွယ်သား၏ သစ္စာဝင်ကြကြောင်းကို သိရပါသည်။ အကျွန်ုပ်လျှောက်ချက်အတိုင်း ယုံတော်မမူလျှင် ထိုစစ်မှူး,စစ်ကြပ်, မင်းမှူးမတ်, ဗိုလ်ပါအပေါင်းတို့ကို အသီးသီးခေါ်၍ အမှတ်မထင် ရှုကြည့်တော်မူပါ။ ထိုသူတို့ဝတ်ဆင်သည့် အဝတ်တန်ဆာတွင် သူကြွယ်သားက နှိပ်ခတ်လိုက်သောတံဆိပ်ကို မြင်တော်မူပါလိမ့်မည်။ ဤသို့မြင်ရမှ အကျွန်ုပ်စကားကို ယုံကြည်တော်မူပါတော့”ဟု လျှောက်၏။

စူဠနီဗြဟ္မတ်မင်းသည် အနုကေဝဋ်စကားကိုကြားလျှင် “ကောင်းလှပြီ။ စုံစမ်းဆင်ခြင်အံ့”ဟုဆိုလျက် ၉-ကျိပ် ၉-ယောက်သော ထီးဆောင်းမင်းတို့နှင့်တကွ ကေဝဋ်အမတ်မှစ၍ အလုံးစုံသော စစ်မှူး, စစ်ကြပ်တို့ကို “ယခုဝတ်ဆင်သည့် စစ်ဝတ်စစ်တန်ဆာနှင့် လာခဲ့ရမည်”ဟု အသီးအသီး ခေါ်စေပြီးလျှင်၊ ထိုသူတို့ဝတ်ဆင်သော အဝတ်တန်ဆာတို့ကို အမှတ်မဲ့ကြည့်သဖြင့် တံဆိပ်အက္ခရာတို့ကိုမြင်လေသော် “ဤသူတို့ကား မဟောသဓ၏တံစိုးကို စားရိုးမှန်ချေပြီ”ဟု နှလုံးသန္နိဋ္ဌာန်စွဲမှတ်လျက် ထိုသူတို့အား စိတ်ထားတစ်သွယ်ခံ၍၊ တစ်နိုင်ငံစီ လူမျိုးကွဲပြားခြင်းကြောင့် အတင်းအကြပ် မမေးမစစ်ဝံ့သဖြင့် လျောက်ပြတ်ရုံသောစကားမျှကိုသာ မေးမြန်းပြောဆိုပြီးလျှင် မိမိတို့နေရာသို့ ပြန်သွားစေ၏။

ထိုစစ်မှူး, စစ်ကြပ်တို့ကို ရှုကြည့်စုံစမ်းပြီးသောနောက်မှ စူဠနီဗြဟ္မဒတ်မင်းသည် အနုကေဝဋ်ပုဏ္ဏားကို ခေါ်တော်မူ၍ “ဆရာပုရောဟိတ်။ သင်လျှောက်တိုင်း ထိုသူတို့၌ အမှုမှန်၍ ရှိချေပြီ။ ယခု အသို့ကြံရသော် ကောင်းမည်နည်း”ဟု မေး၏။ စူဠနီဗြဟ္မဒတ်မင်းကြီး မိန့်တော်မူသောစကားကို ကြားလျှင်- အနုကေဝဋ်ပုဏ္ဏားသည် “အရှင်မင်းကြီး။ အပရန်မီးကို အနီးမရောက်အောင် ကာဆီးကာလွယ်၏။ အတွင်းရန်ကို ပယ်လှယ်ပစ်ခြင်းငှာ အလွန်ခဲ၏။ ထို့ကြောင့် အထူးကြံဖွယ် မရှိပြီ။ ဤအရပ်တွင် မြင့်ရှည်စွာနေသဖြင့် သူကြွယ်သား ဖမ်းငင်သိမ်းယူ ကလူစားခြင်းကိုသာ ခံရတော့မည်။ အကျွန်ုပ်သည် ထိုသူတို့အမူအရာထူးသောကြောင့် အကြောင်းကိုစုံစမ်း၍ သိဦးကပင် လျှောက်ထားချင်လျက် အကျွန်ုပ်အား အရှင့်စိတ်တော်မနူးမနပ်၍ ဥပဒ်ဖြစ်ပြန်မည်များကို စဉ်းစားထောက်ချင့်လျက် နေရပါသည်။

“ယခုမူကား ကိုယ်တော်ပင် အတပ်အကြပ်မြင်သိ၍ ရှိပြီးဖြစ်သောကြောင့် ကြားသိတိုင်း အကုန်အစင် လျှောက်ရပါတော့မည်။ အရှင်မင်းကြီး ယုံမှတ်တော်မူသည်နှင့်အညီ နား, မျက်စိပြု၍ အမှုတော်ကို လွှဲဖယ်အပ်နှင်းလျက် အမတ်ပုရောဟိတ်အရာ၌ထားသော ကေဝဋ်အမတ်ကြီးသည် ယမန် သူကြွယ်သားနှင့် တရားစစ်ထိုးကြသည်တွင် သူကြွယ်သားက ပတ္တမြားမျက်တစ်လုံးကို တံစိုးထိုးသဖြင့် ထိုပတ္တမြားမျက်မြတ်ကို ယူပြီးလျှင် မိမိပရိယာယ်မာယာဖြင့် သူကြွယ်သား၏ခြေကို ရှိခိုးဦးချပြု၍ တရားစစ်ရှုံးယောင်ဟန်နှင့် အရှင်မင်းကြီးကို ပြေးစေပြီးမှ သူကြွယ်သားတွန်းပစ်၍ နဖူးကွဲဟန် အရှင်မင်းကြီးတို့ ယုံကြည်လောက်အောင် မိမိနဖူးကို မိမိပင်ရိုက်နှက်လျက် ပျက်မှုစကားနှင့် ဖြားယောင်းလှည့်ပတ်၍ တပ်တော်သို့ ပြန်လည်စေပြီးလျှင် ယခု အရှင်မင်းကြီးကို အမှတ်မဲ့ဖမ်းယူ၍ သူကြွယ်သားထံသို့ ပို့ဆက်မည့်အကြံ ရှိပါသည်။

“ကိုယ်စိတ်ကဲ့သို့ ယုံမှတ်တော်မူအပ်သော ကေဝဋ်အမတ်စဉ်လျက် ပတ္တမြား၌ တပ်မက်မောခြင်းကြောင့် သူကြွယ်သား၏ သစ္စာဝင်ချေလျှင် တစ်ပါးသောသူတို့မှာ ဆိုဖွယ်မရှိ ဖြစ်ပါတော့သည်။ ထို့ကြောင့် အကျွန်ုပ်အလိုမှာ တစ်နေ့မျှ မနေစေချင်ပြီ။ ယနေ့ညဉ့်ပင် သန်းခေါင်ကျော်အချိန်ကို တစ်စုံတစ်ယောက်မျှ မသိစေဘဲ စီးတော်မြင်းနှင့် အလျင်တဆောထွက်သွားရသော် သင့်မည်ထင်ပါသည်”ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည် အနုကေဝဋ်ပုဏ္ဏားစကားကို ကြားလျှင် “ဆရာပုဏ္ဏား။ ထိုသို့တပြီးကား ကောင်းပြီ။ အချိန်ရောက်လျှင် ဆရာပင် ငါ၏မြင်းကို ကြိုးကတန်ဆာနှင့် စီရင်၍ ငါ့အား ကြားလော့”ဟုဆို၏။ အနုကေဝဋ်ပုဏ္ဏားသည်လည်း “အရှင်မင်းကြီး။ ကောင်းပြီ, ဤအကြံတော်ကို အကျွန်ုပ် တစ်ယောက်သာ သိထိုက်၏။ အကျွန်ုပ်မှတစ်ပါး ဤတပ်တော်၌ အရှင်မင်းကြီး ယုံကြည်အပ်သောသူမည်သည် မရှိ။ ထိုအချိန်ရောက်လျှင် အကျွန်ုပ် လျှောက်ကြားပါမည်။ စိုးရိမ်တော်မမူလင့်”ဟု နှစ်သိမ့်စေပြီးလျှင် မင်းကြီးထံမှထ၍၊ မဟောသဓသုခမိန်က သူလျှိုထားသော အမတ်တို့ထံသို့သွားပြီးလျှင်-

“အချင်းတို့။ ယနေ့ညဉ့် သန်းခေါင်ကျော်အချိန်သို့ရောက်လျှင် ပဉ္စာလရာဇ်မင်းကြီး ထွက်ပြေးလတ္တံ့။ သင်တို့ မအိပ်ကြနှင့်”ဟု မှာထားပြောဆို၍၊ ထိုညဉ့် သန်းခေါင်ကျော်အချိန်ရောက်သော် အနုကေဝဋ်ပုဏ္ဏားသည် “ဤမင်းကြီးကို မစိုးမနှောင့် ဖြောင့်ဖြောင့်ထွက်ပြေးစေအံ့”ဟုကြံလျက် ပဉ္စာလရာဇ်မင်းကြီး၏ စီးတော်မြင်းကို သူတစ်ပါးမသိစေဘဲ ကြိုးကတန်ဆာဆင်ပြီးလျှင် “အရှင်မင်းကြီး။ ယခု ထွက်သွားအံ့သော အချိန်ရောက်သဖြင့် စီးတော်မြင်းကို ကြိုးကတန်ဆာ ဆင်၍ပြီးပြီ။ ကြွတော်မူပါလော့”ဟု လျှောက်၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း “ဆရာပုဏ္ဏား။ ကောင်းပြီး ထွက်သွားကြအံ့”ဟုဆို၍ မြင်းကိုတက်စီးပြီးလျှင် ပဉ္စာလရာဇ်ပြည်သို့ ရှေးရှုထွက်ပြေးလေ၏။

အနုကေဝဋ်ပုဏ္ဏားသည်လည်း မိမိမြင်းထက် တက်စီးပြီးသော် မင်းနှင့် အတန်ငယ်လိုက်ဟန်ပြု၍ ပြန်ခဲ့သဖြင့် တပ်ထဲသို့ဝင်လျက် “ပဉ္စာလရာဇ်မင်း ထွက်ပြေးခဲ့ပြီ။ ထွက်ပြေးခဲ့ပြီ”ဟု ပြင်းစွာသောအသံဖြင့် ဟစ်ကြွေးကြော်၍ မဟောသဓသုခမိန်က သူလျှိုထားသော အမတ်ပေါင်း ၁၀၀-တို့သည်လည်း မိမိတို့အခြံအရံ လုလင်နှင့်တကွ ရှေးနည်းအတူပင်လျှင် ပြင်းစွာသောအသံဖြင့် ကြွေးကြော်ကြကုန်၏။

၉-ကျပ် ၉-ယောက်သာ ထီးဆောင်းမင်း, အနုကေဝဋ်အမတ် အစရှိကုန်သော ပဉ္စာလရာဇ်မင်းစစ်သည် ဗိုလ်ခြေအပေါင်းတို့သည် ထိုအသံဖြင့် အလန့်တကြားနိုးလတ်ကုန်၍ “မဟောသဓသုခမိန်သည် မြို့တံခါးကိုဖွင့်ထွက်လျက် ညဉ့်အခါ စစ်နင်းယောင်တကား, ငါတို့ အသက်ဦးလည်ကို အဘယ်အရပ်မှာ စွန့်ပစ်ရမည်မသိ”ဟု ပြင်းစွာကြောက်လန့်ခြင်းဖြင့် အတွင်းအပ အသုံးအဆောင်ဟူသမျှကို မအောက်မေ့မိနိုင်ဘဲ အိပ်ရာမှထ၍သာလျှင် ကိုယ်တွင်ဝတ်သော ပုဆိုးအဝတ်ကိုမျှ ကျွတ်မှန်းစုတ်မှန်းမသိ မျက်စိစိုက်မိရာသို့သာ ပရမ်းပတာ ပြေးကြကုန်၏။

ထိုသို့ ပဉ္စာလရာဇ်စစ်သည်တို့ တပ်ခြေမငြိမ် အုတ်အုတ်ကျက်ကျက်သောအသံကို မိထိလာမြို့ပေါ် ပစ္စင်, သူရဲပြေးတို့၌ စောင့်နေကုန်သော မဟောသဓသုခမိန်၏ သူရဲသူခက်တို့ကြားလျှင် ပဟိုရ်, တိုက်စည်,တိုက်မောင်းတို့ကို ဆော်တီးလျက် ပဲ့တင်ထပ်မျှ ကြွေးကြော်ကြကုန်၏။ ထိုပဉ္စာလရာဇ် စစ်သည်အပေါင်းတို့ ထွက်ပြေးကြသောအခါ ဤမဟာပထဝီမြေကြီးသည် ဖရိုဖရဲကွဲအံ့သကဲ့သို့ မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးသံ, ဗလဝါမုခဝဲသံနှင့်အတူ အူအူသောင်းသောင်း ရိုက်ကြောင်းပဲ့တင် မြေပြင်အနှံ့ ချောက်ချားကုန်၏။

“ပဉ္စာလရာဇ်စစ်သည်သူရဲတို့သည် ၁၀၀-သောမင်းနှင့် ကေဝဋ်အမတ်ကို မဟောသဓစစ်ဘုရင်က ဖမ်းမိချေပြီ”ဟု အမှတ်ရှိ၍ ပြင်းစွာထိတ်လန့်ကြသဖြင့် အချို့သော စစ်သည်တို့သည် မိမိတို့ ခါးဝတ်ပုဆိုးကိုမျှလည်း လေးအံ့, ရှုပ်အံ့ထင်လျက် ချွတ်၍၊ ကိုယ်လွတ်သာလျှင် ပြေးကြလေကုန်၏။

ဤသို့ပြေးကြသောအခါ ပဉ္စာလရာဇ်မင်း၏နေရာ သစ်တပ်၌ အဝတ်တန်ဆာ, ဆင်မြင်း, ရထား, ဓား, လှံ လက်နက်မျှသာကျန်ရစ်သဖြင့် တိတ်ဆိတ်ခြင်းသို့ ရောက်လေ၏။ ပဉ္စာလရာဇ်မင်းသည်လည်း ခရီးထောက်တော်ရာရောက်မှ ရပ်တန့်ငံ့နေလျက် ထီးဆောင်းမင်းအပေါင်းတို့နှင့်တကွ မှူးမတ်ဗိုလ်ခြေတို့ကိုသိမ်းယူ၍ မိမိနေရာ ပဉ္စာလရာဇ်ပြည်သို့ ပြန်သွားလေ၏။

ထိုသို့ ပဉ္စာလရာဇ်စစ်သည်တို့ပြေး၍ ညဉ့်မိုးသောက်ရောက်လတ်သော် မဟောသဓသုခမိန်၏ စစ်သည်သူရဲတို့သည် မြို့တံခါးကိုဖွင့်၍ ထွက်သွားကြည့်ရှုသဖြင့် ပဉ္စာလရာဇ်စစ်သည်တို့၏ ကြီးစွာသော ပျက်စီးခြင်းကိုမြင်လျှင် မဟောသဓသုခမိန်အား ထိုအကြောင်းကို ပြန်ကြားလျှောက်ထားကြကုန်၏။ မဟောသဓသုခမိန်သည် စစ်သည်တို့စကားကိုကြားလျှင် “အချင်းတို့။ ထိုသို့တပြီးကား စွန့်ပစ်လေပြီးသောဘဏ္ဍာတို့ကို ငါတို့အပြင် အဘယ်သူ ရထိုက်အံ့နည်း။ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့၏ အသုံးအဆောင် ဘဏ္ဍာဟူသမျှကို သိမ်းယူ၍ ငါတို့အရှင်မင်းကြီးအား ဆက်။ သူဌေးသူကြွယ်တို့၏ဥစ္စာ, ကေဝဋ်ပုဏ္ဏား၏ ဥစ္စာဟူသမျှကို သိမ်းယူ၍ ငါ့အား ဆက်။ ဗိုလ်မှူး, သူရဲ, စစ်ကဲ, စစ်ကြပ်တို့၏ဥစ္စာကိုလည်း ငါ၏ဗိုလ်မှူး, သူရဲ, စစ်ကဲ, စစ်ကြပ်တို့က ထိုက်ရာသိမ်းယူ၍ အညီအမျှ ယူကြစေ။ ကြွင်းသော ရဲမက်တို့၏ ဥစ္စာရပ်များမှာ ငါ၏စစ်သည်ရဲမက်မှစ၍ မြို့သူမြို့သားအပေါင်းတို့ အလိုရှိတိုင်း သိမ်းယူကြစေ”ဟု ဆို၏။

မဟောသဓသုခမိန် ဆိုသည့်အတိုင်း မင်းချင်းတို့သည် မင်းအမတ် ပုရောဟိတ်တို့၏ ဘဏ္ဍာဥစ္စာ အဖိုးထိုက်သမျှကိုသိမ်းယူ၍ ဝိဒေဟရာဇ်မင်းကြီး, မဟောသဓသုခမိန်တို့အား ထိုက်ရာဆက်ပြီးလျှင် အသီးအသီး မိမိတို့ထိုက်ရာဥစ္စာတို့ကို သိမ်းယူလေကုန်၏။ ဤသို့ မိထိလာပြည်သူပြည်သားအပေါင်းတို့သည် ဆင်, မြင်း, ရထား, ရွှေ, ငွေ၊ အဖိုးများစွာ ထိုက်သောအဝတ်တန်ဆာတို့ကိုပင်လျှင် ၁၄-၁၅-ရက်ပတ်လုံး ဆိုင်ရာဆိုင်ရာ အသီးအသီးမျှယူ၍ လက်စမသတ်နိုင် ဖြစ်ကုန်၏။

အဖိုးများစွာထိုက်သော အသုံးအဆောင်တို့ကိုမူကား ၄-လပတ်လုံး သိမ်းယူကြကုန်၏။ ဤသို့လျှင် ရန်စစ်ငြိမ်းပြီးသော် မဟောသဓသုခမိန်သည် အနုကေဝဋ်ပုဏ္ဏားအား များစွာသော စည်းစိမ်အခြအရံနှင့် ပူဇော်ချီးမြှောက်၏။ ပဉ္စာလရာဇ်စစ်သည်တို့သည် ထွက်ပြေးလေသည်မှစ၍ မိထိလာပြည်သူပြည်သားအပေါင်းတို့အား ရွှေ,ငွေ အသုံးအဆောင် များမြတ်ပြန့်ပြောခြင်းသို့ ရောက်လေကုန်၏။

ဤကား ဘုရားလောင်းမဟောသဓသုခမိန်၏ ဘုန်းပညာအစွမ်းဖြင့် ပဉ္စာလရာဇ်မင်းကို ၂-ကြိမ်မြောက် စစ်အောင်ခြင်းတည်း။