မဟောသဓဇာတ်တော်ကြီး/အခန်း-၃၃

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၃။ ပဉ္စပဏ္ဍိတ ပဉှာခန်း

ဘုရားလောင်းသည် သေနာပတိအရာကိုရပြီးသော် မင်းကြီးစည်းစိမ်မှတစ်ပါး အတုမရှိသော စည်းစိမ်အခြံအရံ ဘုန်းကျက်သရေ တိုးတက်ပြန့်ပွားသည်ဖြစ်၍ အမတ်သုခမိန် ၄-ယောက်တို့သည် ဤသို့တစ်ဖန် တိုင်ပင်ပြန်၏။ “ဆရာ သုခမိန်တို့၊ ယခု သူကြွယ်သားသည် သေနာပတိအရာကို ရ၍ရှိချေပြီ။ ထိုစည်းစိမ်မှ ပျက်စေခြင်းငှာ အသို့ကြံ၍ ဖြစ်နိုင်အံ့နည်း”ဟု တိုင်ပင်ကြကုန်၏။

ထိုအခါ သေနကသုခမိန်အမတ်သည် “သင်တို့သူကြွယ်သား၌ ထိုသို့ စည်းစိမ်ကြီးသည်ပင် ဖြစ်စေကာမူ ငါတို့ကား ပညာရှိပင် မဟုတ်ပါလော။ တစ်ခုသောဥပါယ်တံမျဉ်ကို ငါ ကြံမိ၏။ ငါတို့ သုခမိန် ၄-ယောက်တို့သည် သူကြွယ်သားအိမ်သို့သွားပြီးသော် “လျှို့ဝှက်အပ်သောစကားကို အဘယ်သူအား ပြောအပ်သနည်း”ဟု မေးကြကုန်အံ့။ ထိုသို့မေးလျှင် သူကြွယ်သားသည် “လျှို့ဝှက်အပ်သောစကားကို အဘယ်သူအားမျှ မပြောအပ်”ဟု ဆိုလတ္တံ့။ ဤသို့ဆိုသောအခါ ငါတို့သည် မင်းကြီးထံသို့သွား၍ ကုန်းတိုက်ချောစား လျှောက်ထားရလျှင် သူကြွယ်သားသည် ဤစည်းစိမ်၌ တည်ရပ်နိုင်မည် မဟုတ်”ဟုဆို၍၊ အမတ် ၄-ယောက်တို့သည် သဘောညီမျှ တိုင်ပင်ကြပြီးသော် မဟောသဓသုခမိန်အိမ်သို့သွား၍ နှုတ်ဆက်မေးမြန်းပြီးလျှင် ၃-ယောက်သောသုခမိန်တို့က သေနကအမတ်ကို “ဆရာသုခမိန်။ ရှေးဦးစွာ မေးတော်မူလော့”ဟု တိုက်တွန်းကြသဖြင့်၊ သေနကသုခမိန်သည် ဘုရားလောင်းအား “အရှင့်သားတော် သုခမိန်။ ယောကျာ်းတို့မည်သည် အဘယ်တရား၌ တည်အပ်သနည်း”ဟု မေး၏။

သေနကအမတ် စကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ဆရာသေနက။ ယောက်ျားတို့မည်သည်ကား သစ္စာ၌သာ တည်အပ်၏”ဟု ဆိုလတ်သော်၊ သေနကအမတ်သည် “အရှင့်သားတော် သုခမိန်။ သစ္စာ၌တည်သောသူသည် အဘယ်ကိုပြုအပ်သနည်း”ဟု မေးပြန်၏။

ဘုရားလောင်းသုခမိန်သည် “သေနကဆရာအမတ်။ သစ္စာ၌တည်သောသူသည် ဥစ္စာစည်းစိမ်ကို ဖြစ်စေအပ်၏” ဟုဆိုပြန်လျှင်၊ သေနကအမတ်သည် “အရှင့်သားတော် သုခမိန်။ ဥစ္စာစည်းစိမ်ကို ဖြစ်စေအပ်ပြီးသောသူသည် အဘယ်ကို ပြုအပ်သနည်း”ဟု မေးပြန်၏။ ဘုရားလောင်းသုခမိန်သည် “ဆရာအမတ်။ ဥစ္စာစည်းစိမ် ဖြစ်ပြီးသောသူသည် မိမိလျှို့ဝှက်သောစကားကို သူတစ်ပါးတို့အား မပြောအပ်”ဟု ဆိုလတ်သော်၊ သေနကအမတ်က “မဟောသဓသုခမိန်။ သင်၏စကားသည် ကောင်းပေစွ”ဟုဆို၍၊ သုခမိန် ၄-ယောက်တို့သည် မဟောသဓသုခမိန်အိမ်မှ ဖယ်ခဲ့ပြီးသော် ဝမ်းမြောက်ဝမ်းသာ “သူကြွယ်သား၏ပျက်စီးခြင်းကို ငါတို့ မြင်ရအံ့”ဟု ပြောဆို၍လာကြပြီးလျှင်၊ နန်းတော်သို့ဝင်၍ မင်းကြီးအား ဤသို့လျှောက်ထားကြကုန်၏။

“အရှင်မင်းကြီး၊ သူကြွယ်သား မဟောသဓသည် နှုတ်ဖြင့်သာ အရှင့်စီးပွားတော်ကိုလိုဟန် ပညာရှိလက္ခဏာနှင့်ပြောဆို၍ စိတ်ထဲမဖြောင့်မမှန် အကောက်ကြံသူဖြစ်ပါသည်”ဟု လျှောက်ထားကြကုန်၏။

အမတ်တို့စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “သုခမိန်အမတ်တို့။ ငါ၏စီးပွားတော် ယုတ်လျော့ကြောင်း မကောင်းသောအတိုင်အပင်နှင့် သင်တို့အကြိမ်ကြိမ် ငါ့သားအား ပျက်စီးစေမှု မဟုတ်မမှန်သောအခွင့်ကိုရှာ၍ ငါသို့သောမင်းကိုလျက် လှည့်စားလျှောက်ထားကြသည်လည်း များလှပြီ။ ယခု သင်တို့ လျှောက်ထားသော်လည်း ငါမယုံ။ ငါ့သားသည် ငါ့အား အကောက်ကြံ၍ ဖောက်ပြန်မည့်သူ မဟုတ်”ဟု မိန့်တော်မူ၏။

မင်းကြီးစကားကိုကြားလျှင် အမတ် ၄-ယောက်တို့သည် “အရှင်မင်းကြီး။ အကျွန်ုပ်တို့လည်း အရှင့်ကျေးဇူးတော်ကိုခံစားသူ အမတ်သုခမိန်ဖြစ်သည်နှင့်အညီ သူတစ်ပါးတို့ မကောင်းကြံသည်များကို အရှင့်နားမျက်စိပြု၍ ရှကြည့်နားထောင် ရပါသည်။ အပေါ်စကားနှင့် သူကြွယ်သားလျှောက်ထားသည်ကို ယုံကြည်တော်မူသဖြင့် နောင်အရေးတော် မလှရှိခဲ့သော် အကျွန်ုပ်တို့လည်း ဝန်မလွတ်ကြချေ ဖြစ်သောကြောင့် ကြားသိလျှင်ကြားသိတိုင်း သူတစ်ပါးမျက်နှာကို မထောက်၊ အရှင့်ဝတ်ပျက်မည်ကိုသာ ကြောက်ရွံ့ခြင်းဖြင့် ယခုလျှောက်ထားရပါသည်။ အကျွန်ုပ်တို့စကားကို ယုံတော်မမူလျှင် သူကြွယ်သားကို ခေါ်တော်မူ၍ ရာဇမာယာဖြင့် ထိုသူမသိသာအောင် “လျှို့ဝှက်အပ်သောစကားကို အဘယ်သူအား ပြောအပ်မည်နည်း”ဟု မေးတော်မူပါ။ စင်စစ် ထိုသူ အကောက်ကြံမည်မှန်လျှင် “လျှို့ဝှက်အပ်သောစကားကို အဘယ်သူအားမျှ ထိုကြံသောအမှုမပြီးမီ မပြောအပ်။ နှလုံးအလိုပြည့်မူကား ပြောလိုလည်း ပြောအပ်ပါ၏”ဟု ဆိုလတ္တံ့။ ထိုသို့ဆိုသောစကားကို ကြားတော်မူရမှ အရှင်မင်းကြီးသည် ယခု အကျွန်ုပ်တို့ လျှောက်ထားသောစကားကို ယုံကြည်တော်မူမည် ဖြစ်ပါသည်”ဟု လျှောက်ထားကြကုန်၏။

အမတ်တို့စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည်လည်း “ကောင်းပြီ။ မေးအံ့”ဟုဆို၍ အမတ်တို့စကားနှင့် ယုံမှားရှိပြန်လေ၏။

ထိုအခါ တစ်နေ့သ၌ သုခမိန်၅-ယောက်တို့သည် မင်းကြီးအား ခစားလျက်နေကြလတ်သော် ဝိဒေဟရာဇ်မင်းကြီးသည် အမတ်တို့လျှောက်ထားသောစကားကို မေးလို၍ ဝီသတိနိပါတ်ကျမ်း၌ လာသော“ပဉ္စပဏ္ဍိတပဉှာခန်း၌ ရှေးဦးစွာ “ပဉ္စပဏ္ဍိတ သမာဂတာတ္ထ” အစရှိသော ဂါထာဖြင့် သုခမိန် ၅-ယောက်တို့အား မေးတော်မူ၏။

အဓိပ္ပာယ်ကား-

“သုခမိန် ၅-ယောက်တို့။ ယခု သင်တို့ ၅-ယောက် အညီအညွတ် စည်းဝေးမိခိုက်တွင် ငါ့အား တစ်ခုသောပြဿနာ ထင်လာ၏။ ထိုပြဿနာကို ငါ မေးတော်မူအံ့။ သတိစွဲ၍ နာကြကုန်။ ကဲ့ရဲ့အပ်သည်ဖြစ်စေ, ချီးမွမ်းအပ်သည်ဖြစ်စေ လျှို့ဝှက်အပ်သောစကားကို အဘယ်သူအား ပြောအပ်မည်နည်း”ဟု မေး၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်သည် ဤသို့ကြံ၏။ “ငါတို့သည် မင်းကြီးကိုပြင်ထား၍ သူကြွယ်သားနှင့်သာ ချေလဲပြောဆိုရချေသော် ငါတို့ မတတ်နိုင်ရာ။ ထိုသို့ဖြစ်၍ မင်းကြီးကို ငါတို့အသင်းအပင်း အလိုတူအလိုပါဖြစ်အောင် အတွင်းသွင်းပြီးမှ လျှောက်ထားရလျှင် သူကြွယ်သားကား မခံနိုင်ရာ”ဟု ကြံပြီးသော် “တွံ အာဝိကရောဟိ ဘူမိပါလ” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“မြေအပြင်၌နေကုန်သော သူခပ်သိမ်းတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး။ ယခုအမေးတော်ရှိသည်မှာ အကျွန်ုပ်တို့၅-ယောက် လျှောက်ထားရပါတော့မည်။ ထိုသို့ဖြစ်သော်လည်း အရှင့်အလိုတော်ကိုသိရမှ ဆန္ဒတော်နှင့်လည်းလျော်အောင်, အမေးတော်လည်းပြေအောင် ဆင်ခြင်စဉ်းစား၍ လျှောက်ပါမည်။ အရှင်မင်းကြီးသည်လည်း ပြည်ကြီးဝန်ကို ရွက်ဆောင်တော်မူရသည့်အရှင်ဖြစ်၍ “လျှို့ဝှက်အပ်သောစကားကို မည်သည့်သူအားသာ ပြောအပ်၏။ မည်သည်သူအား မပြောအပ်”ဟု မပြတ်ပင်ဆင်ခြင် သတိရှိတော်မူသည်နှင့်အညီ ရှေးဦးစွာ အရှင်မင်းကြီး၏အလိုတော်ကို ဆိုတော်မူစေချင်ပါသေးသည်”ဟု လျှောက်၏။

သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ကာမဂုဏ်ကြူးသောမင်းဖြစ်၍ မိမိအလိုနှင့်လျော်စွာ “ယာ သီလဝတီ အနညထေယျာ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန် ၅-ယောက်တို့။ ငါ၏အလိုကို သင်တို့သိလိုလျှင် ငါဖြေဆိုအံ့၊ အကြင်မယားသည် မိမိလင်မှတစ်ပါး ယောက်ျားတစ်ဦးကိုကူးသန်း၍ မငြိတွယ်သောစိတ်ဖြင့် မဖိတ်မယို ကိုယ်ကိုဖြူစင်ကြောင်း ကောင်းမြတ်သောအကျင့်သီလနှင့် ပြည့်စုံခြင်း၊ မယားအပြား ၇-ပါးတို့တွင် သိကြားမင်း,နတ်,ဗြဟ္မာတို့ပင်လည်း ချီးမွမ်းကောင်းချီးပေးခြင်းငှာထိုက်လျက် အမြတ်ဆုံးသော ကျွန်ကောင်း၏အသွင် လင်၏အလိုသို့လိုက်သဖြင့် အလွန်ချစ်ကြင်နာဖွယ်ရှိခြင်း၊ ဤသို့သောအကျင့်မြတ်နှင့် ပြည့်စုံသော မယားကောင်းအား မိမိ၌ သူတစ်ပါး ကဲ့ရဲ့အပ်သည်ဖြစ်စေ, ချီးမွမ်းအပ်သည်ဖြစ်စေ လျှို့ဝှက်အပ်သောစကားကို ကြားသိစေအပ်၏။ ဤကား ငါ၏အလို ဖြစ်တော့သည်”ဟု ဆို၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်သည် “ငါ၏အကြံအတိုင်း ယခုမင်းကြီးသည်လည်း ငါတို့၏အပင်းအသင်း အဝင်အပါဖြစ်ပြီ”ဟု နှစ်သက်ရွှင်လန်းလျက် မိမိပြုအပ်သောအမှုကို အမြိုက်ဆောင်၍ “ယော ကိစ္ဆဂတဿ အာတုရဿ” အစရှိသောဂါထာဖြင့် ကြားလျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ တစ်စုံတစ်ခု ဥပဒ်အန္တရာယ်အသွယ်သွယ်သော ဘေးရန်တို့ကြောင့် နှောင့်ယှက်ဖောက်လဲ ဆင်းရဲငြိုငြင် နာကျင်ခြင်းရှိသောအခါ ချမ်းသာလွတ်ငြိမ်းကြောင်း ကောင်းမြတ်ချစ်ခင်ကြင်နာလျက် ညီညာမှိုင်းမ ဆောင်ရွက်ခြင်းစသည်ဖြင့် ကိုးကွယ်ခိုဝင် လဲလျောင်းရာကိုပြသည်ဖြစ်၍ ချစ်မြတ်နိုးအပ်သော အဆွေခင်ပွန်းကောင်းအား လျှို့ဝှက်အပ်သောစကားကို ဆိုးသည်ဖြစ်စေ, ကောင်းသည်ဖြစ်စေ သိကြားစေအပ်၏။ ဤသည်လျှင် အကျွန်ုပ်၏အလို ဖြစ်ပါတော့သည်”ဟု လျှောက်၏။

သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “သေနကဆရာ့စကားကို ကြားသိရပြီ။ ပက္ကုသဆရာကား လျှို့ဝှက်အပ်သောစကားကို အဘယ်သူအား ပြောဆိုအပ်မည် ထင်သနည်း”ဟု မေးတော်မူ၏။ ပက္ကုသအမတ်သည်လည်း မိမိ၌ရှိသော အမှုကိုအစွဲပြု၍ “ဇေဋ္ဌော အထ မဇ္ဈိမော ကနိဋ္ဌော” အစရှိသောဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ တစ်မိတစ်ဖတည်း သားချင်းပေါက်ဖော်ဖြစ်သောသူ အစ်ကိုမူလည်း ဖြစ်စေ, ညီမူလည်းဖြစ်စေ၊ အကြီး, အငယ် အလတ် ၃-ပါးတို့တွင် မည်သူမဆို ပေါက်ဖော်ရင်းဖြစ်သောသူသည် အကျင့်သီလရှိခြင်း, ဖြောင့်မတ်တည်ကြည်သော သမာဓိရှိခြင်း, အမျက်မာန်ရန်ငြိုးမသို ကြည်ညိုချစ်ခင်ခြင်းနှင့် ပြည်စုံသည်ဖြစ်အံ့။ ထိုပေါက်ဖော်အား လျှို့ဝှက်အပ်သောကြောင်း အကောင်းအဆိုး စကားမျိုးကိုပင် ကြားသိစေအပ်၏။ ဤသည်လျှင် အကျွန်ုပ်၏အလို ဖြစ်ပါတော့သည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ပက္ကုသအမတ် တင်သောစကားကိုကြားလျှင် “သုခမိန် ၂-ဦးတို့စကားကိုကြားရပြီ၊ ကာမိန္ဒအမတ်ကား အသို့ထင်သနည်း”ဟု မေးပြန်၏။ ကာမိန္ဒိအမတ်သည်လည်း မိမိ၌ရှိသောအမှုကို အစွဲပြု၍ “ယော ဝေ ပိတုဟဒယဿ ပဒ္ဓဂူ” အစရှိသောဂါထာဖြင့် လျှောက်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ အတိဇာတ, အနုဇာတ, အဝဇာတအားဖြင့် သားအပြား ၃-ပါးတို့တွင် မယုတ်မလျော့သောပညာ,သတိ,ဝီရိယဖြင့် အဖနှင့်အကျင့်သဘောတူ အဖ၏အလိုသို့သာလိုက်၍ အဖနှစ်ခြိုက်ရာ ပြုတတ်သော အနုဇာတသားအား အဆိုးအကောင်းမဆို လျှို့ဝှက်အပ်သည့် အမှုဟူသမျှကိုပင် ပြောဆိုသိကြားစေအပ်၏။ ဤသည်လျှင် အကျွန်ုပ်၏အလို ဖြစ်ပါတော့သည်”ဟု လျှောက်၏။

(ဤစကား၌ သားအပြား ၃-ပါးတွင် အတိဇာတသားဟူသည်ကား “အနုပ္ပန္နံ ယသံ ဥပ္ပါဒေန္တော အတိဇာတော” ဟူသော အဌကထာနှင့်အညီ အဖသည် မစွမ်းဆောင်နိုင်၍ မဖြစ်စေအပ်သေးသော စည်းစိမ်ချမ်းသာ အခြံအရံကိုဖြစ်စေသဖြင့် အဖထက်လွန်စွာ သတိ,ဝီရိယ,ပညာဘုန်းကံ ပါရမီရှိသောသားသည် “အတိဇာတသား”မည်၏။ “ကုလပ္ပဝေဏီ ရက္ခကော ပန အနုဇာတော” ဟူသော အဋ္ဌကထာနှင့်အညီ အမိအဖတို့ အမျိုးအနွယ် ကျင့်ထုံးကျင့်စဉ် မပျက်ရအောင် စောင့်ရှောက်ခြင်းဖြင့် အမိအဖနှင့်ထပ်တူ သတိ,ဝီရိယ,ပညာ, ဘုန်းကံရှိသောသားသည် “အနုဇာတသား”မည်၏။ “ကုလင်္ကုရော အဝဇာတော”ဟူသော အဋ္ဌကထာနှင့်အညီ သားရှိ၏ပြောရရုံ မိဘအမွေခံ အမျိုး၏အညွန့်အဖြစ်မျှသာရှိ၍ မိဘအောက် သတိ,ဝီရိယ,ပညာ ဘုန်းကံနည်းသောသားသည် “အဝဇာတသား” မည်၏။ ထို၃-ပါးတို့တွင် အတိဇာတသားဖြစ်အံ့။ အဖသည် ကောင်းသောစကားကို ပြောကြားလျှင် နှစ်သက်၏။ မကောင်းသောစကားကိုပြောကြားလျှင် အဖအလိုသို့မလိုက်သဖြင့် ပစ်ပယ်တတ်သည်။ အနုဇာတသားဖြစ်အံ့။ အဖနှင့်တူမျှသော သဘောရှိသောကြောင့် ကောင်းသောစကားဖြစ်စေ၊ မကောင်းသောစကားဖြစ်စေ အဖအလိုသို့လိုက်၍ ပြောဆိုတတ်၏။ အဝဇာတသားဖြစ်အံ့။ အဖသည် ကြားသိစေအပ်သောစကားကို သူတစ်ပါးကြားတန်သည်, မကြားတန်သည်ဟု အမှတ်မရှိသဖြင့် ပြောဆိုတတ်၏။ ထို့ကြောင့် ကာမိန္ဒအမတ်သည် “မိမိလျှို့ဝှက်သောအပ်စကားကို အနုဇာတသားအား ပြောဆိုကြားသိစေအပ်၏”ဟု ဆိုသတည်း။)

ကာမိန္ဒအမတ် တင်သောစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “သုခမိန် ၃-ယောက်တို့စကားကို ကြားရပြီ။ ဒေဝိန္ဒသုခမိန်ကား အသို့ထင်သနည်း”ဟု မေးတော်မူ၏။ ဒေဝိန္ဒအမတ်သည် မင်းကြီးစကားကိုကြားလျှင် မိမိ၌ရှိသောအမှုကို အစွဲပြု၍ “မာတာ ဒွိပဒါ ဇနိန္ဒသေဋ္ဌ ယာနံ” အစရှိသောဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး၊ အကြင်အမိသည် သားကို မိမိအလိုနှင့် တူသောအားဖြင့်လည်းကောင်း၊ အလွန်ချစ်ခင် ကြင်နာမြတ်နိုးခြင်းဖြင့်လည်းကောင်း ကောင်းစွာကျွေးမွေး သုတ်သင်သည် ဖြစ်အံ့။ ထိုချစ်ခင်ကြင်နာသဖြင့် ကျွေးမွေးပေသောအမိအား လျှို့ဝှက်အပ်သောအကြောင်း အကောင်းအဆိုးစကားမျိုးကိုပင် ကြားသိစေအပ်၏။ ဤသည်လျှင် အကျွန်ုပ်အလို ဖြစ်ပါတော့သည်”ဟု လျှောက်၏။

အမတ် ၄-ယောက်တို့ကိုမေးပြီးလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန် အမတ် ၄-ယောက်တို့စကားကို ကြားသိရပြီ။ “ငါ့သား မဟောသဓသုခမိန်ကား အသို့ထင်သနည်း”ဟု မေးတော်မူ၏။ မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းသုခမိန်သည် မျက်မှောက်သောကိုယ်အဖြစ်၌ ရောက်အံ့သောအပြစ်ကို မရေတွက် မငဲ့ကွက်မူ၍သာလျှင် ပညာရှိလက္ခဏာနှင့်ညီစွာ သဘောဟုတ်မှန်တိုင်းကို ဆိုလို၍ “ဂုဿ ဂုယှမေဝ သာဓု” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ လျှို့ဝှက်အပ်သောအမှုကို လျှို့ဝှက်မှသာလျှင် ကောင်း၏။ လျှို့ဝှက်အပ်သောအမှုကို မလျှို့ဝှက်မူ၍ သူတစ်ပါးအား ပြောမှားချေသော် နောင် မကောင်းဖြစ်တတ်၏။ အရှင်မင်းကြီး။ အကြင်ပညာရှိသည် မိမိလိုအပ်သော အကျိုးမပြည့်စုံသေးသမျှ ကာလပတ်လုံး လျှို့ဝှက်အပ်သောအမှုကို အဘယ်သူအားမျှ မသိစေအပ်သဖြင့် မပြောမဆို နှုတ်စောင့်စည်း၍ ချုပ်တည်းသည်းခံရာ၏။ မိမိအလို ပြည့်သောအခါ၌ကား ပြောလိုမူ ပြောဆိုရာ၏။ ဤသည်လျှင် ပညာရှိတို့ သဘောအလေ့ ဖြစ်ပါတော့သည်”ဟု လျှောက်၏။

ဘုရားလောင်းစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ် နားသွင်းထားသော အထက်စကားနှင့်ညီသည်ဖြစ်၍ ယုံမှားသဖြင့် နှလုံးမသာ မျက်နှာမရွှင် ဖြစ်လေ၏။ ထိုသို့ မင်းကြီး နှလုံးမသာဖြစ်သည်ကိုသိ၍ သေနကအမတ်သည် ရွှင်လန်းသောမျက်နှာဖြင့် မင်းကြီးကို ကြည့်၏။ ထိုသို့ မင်းအမတ်တို့၏အမူအရာ မျက်နှာရိပ် မျက်နှာထားကို ဘုရားလောင်းသုခမိန်မြင်လျှင် “ဤသူ ၄-ယောက်တို့သည် ဤပြဿနာကို မမေးမီကပင် ငါ့အားပျက်စီးစေကြောင်း မကောင်းသောအကြံဖြင့် မင်းကြီးထံ တိုင်ပင်ပြောဆို လျှောက်ထား၍ ၅-ဦးလုံးသဘောတူပြုလျက် ယခု ငါ့ကို အလိုစမ်းလိုသောကြောင့်သာ ဤပြဿနာကို မေးချေသည်”ဟု သိလေ၏။

သုခမိန် ၅-ယောက်တို့ ပြဿနာကိုဖြေစဉ်ပင်လျှင် ထိုနေ့ နေဝင်ခြင်းသို့ရောက်သဖြင့် ဆီမီးညှိထွန်းကြ၏။ ဘုရားလောင်းသုခမိန်သည် “ယခုကား ညဉ့်အချိန်သို့ရောက်ပြီ။ မင်းရေးမင်းရာဟူသည်ကား အလွန်သိနိုင်ခဲ၏။ မည်သို့မဆိုနိုင်ချေ”ဟုကြံလျက် မင်းကြီးအားရှိခိုး၍ နန်းတော်မှထွက်ခဲ့ပြီးလျှင် ဤသို့ကြံ၏။ “ဤအမတ် ၄-ယောက်တို့တွင် တစ်ယောက်ကား “အဆွေခင်ပွန်းအား လျှို့ဝှက်အပ်သောစကားကို ပြောဆိုအပ်၏”ဟုဆို၏။ တစ်ယောက်ကား “ညီအစ်ကိုဖြစ်သောပေါက်ဖော်ကို၊ တစ်ယောက်ကား သားကို၊ တစ်ယောက်ကား အမိကို ကြားသိစေအပ်၏”ဟု ဆိုကြကုန်၏။ ဤသူတို့စကားသည် ပညာရှိတို့စကားလည်း မဟုတ်။ လုပ်ကြံ၍လည်း မဆိုရာ။ မိမိတို့၌ မိမိတို့ဆိုတိုင်း အမှုတစ်ခုစီ ရှိသည်ဖြစ်ရာမည်။ ထိုသို့ဆိုတိုင်း ထိုသူတို့တွင် အမှုရှိသည်မှန်လျှင် ယနေ့ပင် ငါ သိအောင်ပြုမည်”ဟုကြံ၍၊ နန်းတော်တံခါးဝ၌ တောင်း, တင်း, ဇလား, သေတ္တာများကို မှောက်၍ထားသကဲ့သို့ အဖုံးနှင့်နံကာ ၄-မျက်နှာမြေထိ လူအများနေလောက်အောင် အပြင်ကျယ်သော ခဲဖွယ်ဘောဇဉ် စားသောက်ရာ ထမင်းပွဲခုံသည် ရှိ၏။

အမတ် ၄-ယောက်တို့သည် နန်းတော်မှထွက်လျှင် နေ့တိုင်းမပြတ် ထိုထမင်းပွဲခုံ၏အပေါ်၌နေ၍ အခွင့်အမှုကို တိုင်ပင်ပြောဆိုကြပြီးမှ အိမ်သို့ သွားကြမြဲတည်း။ ထို့ကြောင့် မဟောသဓသုခမိန်သည် “ထိုသူတို့အမှုကို ယနေ့ပင် ငါသိအောင်ပြုအံ့”ဟု ကြံပြီးသော်၊ ထိုထမင်းပွဲခုံကို မိမိအခြံအရံတို့အား မြှောက်ချီစေပြီးလျှင် ထိုထမင်းပွဲခုံ၏အတွင်း၌ နေရာကိုခင်းစေပြီးမှ မိမိအခြွေအရံများကိုလည်း “သင်တို့သည် အမတ်၄-ယောက်တို့ ဤထမင်းပွဲခုံပေါ်၌နေ၍ မိမိတို့အိမ်သို့ သွားကြလေသောအခါ ငါ့ကိုယူလှည့်ကြ”ဟု မှာထားပြီး ထိုထမင်းပွဲခုံအောက်၌ဝင်၍ နေနှင့်လေ၏။ အခြွေအရံများလည်း တစ်ပါးသို့ ခွာကြလေကုန်၏။

သေနကသုခမိန်သည်လည်း မင်းကြီးအား ဤသို့လျှောက်၏။ “အရှင်မင်းကြီး။ အကျွန်ုပ်တို့သည် စီးပွားတော်ကိုလို၍ လျှောက်ထားပါသည်ကိုလျက် ယုံကြည်တော်မမူ။ ထိုသူ၏အကြံကို ယခုမျက်မှောက်အတပ် ကြားသိတော်မူရပြီ။ အရှင်မင်းကြီး။ အသို့ ကြံတော်မူသနည်း”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဘုရားလောင်း လျှောက်ထားသောစကားကိုကား ထောက်ထားဆင်ခြင်ခြင်း မရှိ။ သုခမိန် ၄-ယောက်တို့ လျှောက်ထားသည့်စကားကိုသာ နားဝင်သဖြင့် ယခုပင် မဟောသဓသုခမိန်သည် မိမိကိုလုပ်ကြံမည်လောက် ကြောက်လန့်ခြင် ပြင်းစွာရှိ၍ “သေနကသုခမိန်။ ယခု အသို့ပြုရသော် ကောင်းပါမည်နည်း”ဟု တိုင်ပင်မေးမြန်း၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်သည် “အရှင်မင်းကြီး။ သူကြွယ်သားကား အကြံအစည်လည်း ဆန်းပြား၏။ သူတစ်ပါးကို ဖြားယောင်း၍ မိမိအလိုသို့လိုက်စေခြင်းငှာလည်း စွမ်းနိုင်၏။ ထို့ကြောင့် သူကြွယ်သားကို ကြာမြင့်စွာ မထားသင့်။ ယခုပင် သူတစ်ပါးတို့ မသိမမြင်စေဘဲ လုပ်ကြံဖျောက်ဖျက်ရသော် ကောင်းပါမည်”ဟု လျှောက်၏။

သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ဆရာသေနက သုခမိန်။ သင့်ထက်သာ၍ ငါ၏အကျိုးစီးပွားတော်ကို အလိုရှိသူ မရှိ။ သင်သည်သာလျှင် ငါ၏ အကျိုးစီးပွားတော်ကို အလိုရှိပေ၏။ အလိုရှိသည်နှင့်အညီလည်း ဆောင်ရွက်ပေ၏။ ထိုသို့ ငါယုံမှတ်သည်နှင့်လျော်စွာ သင် သုခမိန်အမတ်သာလျှင် သူတစ်ပါးမသိစေရအောင် နှလုံးအကျွမ်းဝင်သူ တစ်စုံတစ်ရာကိုခေါ်၍ နန်းတော်တံခါးဝ တံခါးတိုင်ကြား၌ နံနက်စောစောကစောင့်နေလျက် မဟောသဓ နက်ဖြန် နန်းတော်သို့ ဝင်သောအခါ ဤသန်လျက်ဖြင့် လုပ်ကြံလေ” ဟုဆို၍ သေနကအမတ်အား လက်စွဲသန်လျက်ကို အပ်လိုက်၏။

အမတ် ၄-ယောက်တို့လည်း မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ သူကြွယ်သား နှောင့်ယှက်မည့်အမှုကြောင့်ဖြစ်လျှင် အကျွန်ုပ်တို့ရှိပါပြီ။ မည်သည်ကိုမျှ ကြောက်လန့်စိုးရိမ်ခြင်း ရှိတော်မမူပါလင့်”ဟု လျှောက်ထားဝန်ခံကြပြီးနောက် နန်းတော်မှ ဆင်းသက်ခဲ့ကြသဖြင့် ဝမ်းမြောက်ဝမ်းသာ “ငါတို့ရန်သူဖြစ်သော သူကြွယ်သား၏ စည်းစိမ်,အသက် ပျက်စီးခြင်းကို မြင်ရတော့မည်”ဟု အချင်းချင်းပြောဆိုလျက်လာလတ်၍ ထိုထမင်းပွဲခုံပေါ်၌ အညီအညွတ်ထိုင်နေကြကုန်၏။

ထိုသို့နေကြသောအခါ သေနကအမတ်သည် ၃-ယောက်သောအမတ်တို့အား “အချင်းတို့။ ယခုငါတို့ကို ယုံမှတ်တော်မူသည်နှင့်အညီ မင်းကြီးက လက်စွဲတော်သန်လျက်ကိုပင် အပ်ပေးတော်မူလိုက်သဖြင့် ငါတို့လည်း ဝန်ခံခဲ့ကြချေပြီ။ သူကြွယ်သားကို အဘယ်သူလုပ်ကြံမည်နည်း”ဟုဆို၏။

သေနကအမတ် စကားကိုကြားလျှင် အမတ် ၃-ယောက်တို့လည်း “ဆရာ။ ဤသူကြွယ်သားကို လုပ်ကြံခြင်းအမှုသည် ကြီးမားသောအမှုဖြစ်၍ ဆရာ့ကိုသာ အရှင်ကလည်း အမိန့်တော်ရှိချေသည်နှင့်အညီ ဆရာပင် လုပ်ကြံတော်မူသင့်လှပါသည်”ဟု သေနကအမတ်အားသာလျှင် အမှုဝန်ကို လွှဲကြကုန်၏။

ဤသို့ အချင်းချင်းပြောဆိုကြပြီးလျှင် သေနကအမတ်သည် သုခမိန် ၃-ယောက်တို့အား “အချင်းတို့။ သင်တို့သည် မင်းကြီးထံ၌ လျှို့ဝှက်အပ်သောစကားကို ဤမည်သောသူအား ပြောဆိုအပ်၏ဟူ၍ အသီးသီးလျှောက်ထား ဖြေဆိုသည်။ သင်တို့ဖြေဆိုသော စကားအတိုင်း သင်တို့၌ ဤသို့သောအမှု ရှိ၍တည်း လျှောက်ကြသလော။ ယင်းသို့မဟုတ်မူ အကြောင်းမရှိဘဲပင် ဉာဏ်သက်ရာသာ လျှောက်ထားကြသလော။ ယင်းသို့မဟုတ်မူ သင်တို့ မြင်ဖူးကြားဖူးသော အရာရှိ၍တည်း လျှောက်ထားကြသလော”ဟုမေး၏။

သေနက အမတ်စကားကိုကြားလျှင် သုခမိန် ၃-ယောက်တို့သည် “သေနကဆရာ။ မင်းကြီးထံ၌ လျှို့ဝှက်အပ်သောစကားကို ဤမည်သောသူအား ပြောအပ်၏ဟု ကျွန်ုပ်တို့ လျှောက်ထားခဲ့သည်မှာ ဉာဏ်သက်၍လည်း မဟုတ်၊ သူတစ်ပါး မှာကြားမြင်ရ၍လည်းမဟုတ်၊ မျက်မှောက်ကိုယ်တွေ့ပင်ဖြစ်၍ အတပ်လျှောက်ထားဝံ့ပါသည်”ဟုဆိုပြီးလျှင်၊ တစ်ဖန် သေနကအမတ်အား “ဆရာလည်း “လျှို့ဝှက်အပ်သောအမှုကို အဆွေခင်ပွန်းအား ပြောအပ်၏”ဟု မင်းကြီးထံလျှောက်ထားသည်ကား အကြောင်းမဲ့ပင် လျှောက်တင်သလော။ အကျွန်ုပ်တို့ကဲ့သို့ မျက်မှောက်ကိုယ်တွေ့ဖြစ်၍ပင် လျှောက်သလော”ဟု မေးကြကုန်၏။

အမတ် ၃-ယောက်တို့စကားကိုကြားလျှင် သေနကအမတ်သည် “အချင်းတို့။ မင်းကြီးထံ ငါလျှောက်ခဲ့သောစကားကို ကြားရ၍ သင်တို့အား အဘယ်အကျိုး ရှိမည်နည်း” ဟုဆို၏။ “ဆရာ။ အကျိုး ရှိသည်ဖြစ်စေ, အကျိုး မရှိသည်ဖြစ်စေ အကျွန်ုပ်တို့ သိလိုပါသည်”ဟု ဆိုလျက်၊ “ဆရာ၏အမှုကို အကျွန်ုပ်တို့အား မပြောကောင်းပါသလော။ ပြောတော်မူပါလော့”ဟု ဆိုကြကုန်၏။

သေနကအမတ်လည်း “အချင်းတို့။ ငါ၌လျှို့ဝှက်သောအမှုကို သင်တို့အား မကြားမသိစေလိုသည်မဟုတ်။ ထိုသို့ဖြစ်သော်လည်း ငါ၏အမှုကို မင်းကြီးကြားတော်မူလျှင် ငါ အသက်ရှင်နိုင်တော့မည် မဟုတ်ပြီ။ ထို့ကြောင့် သင်တို့အား မပြောပါရစေနှင့်”ဟုဆို၏။ အမတ် ၃-ယောက်တို့ကလည်း “ဆရာ။ စင်စစ် ဆရာ၌ ရာဇဝတ်တော် မလွတ်သည့်အမှု ဖြစ်စေကာမူကာ ယခု ဤအရပ်၌ ကျွန်ုပ်တို့အပြင် မည်သူမျှ မရှိ။ သူကြွယ်သားသည်လည်း ဤထမင်းပွဲခုံအောက်သို့ဝင်၍ နားမထောင်ရာ။ ကျွန်ုပ်တို့ချည်းသာဖြစ်လျက် အဘယ်မင်းပြစ် သင့်နိုင်အံ့နည်း။ ပြောတော်မူလော့”ဟု ဆိုကြလတ်သော် သေနကအမတ်သည် မိမိ၏လျှို့ဝှက်အပ်သောအမှုကို သုခမိန်အမတ် ၃-ယောက်တို့အား ပြောလိုသည်ဖြစ်၍ ဤသို့ဆို၏။

“အချင်းတို့။ ဤမြို့တော်၌ ဤမည်သော ပြည့်တန်ဆာမကို သင်တို့သိ၏လော”ဟုမေး၏။ သုခမိန်၃-ယောက်တို့လည်း “ဆရာ။ သိပါ၏”ဟု ဆိုကြလေလျှင် “ထိုပြည့်တန်ဆာမကို ယခု သင်တို့ မြင်သေး၏လော”ဟုမေး၏။ သုခမိန် ၃-ယောက်တို့ကလည်း “ဆရာ၊ ယခု ထိုပြည့်တန်ဆာမကို ကျွန်ုပ်တို့ မမြင်ပြီ”ဟုဆိုကြသော်၊ သေနကအမတ်သည် “အချင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ ငါသည် ထိုပြည့်တန်ဆာမနှင့် ယောက်ျားတို့ကိစ္စကို ဆောင်ရွက်ပြီးလျှင် ပြည့်တန်ဆာမ၌ဆင်ဝတ်သော အဝတ်တန်ဆာတို့ကို လိုချင်ပြန်သဖြင့် ထိုဥယျာဉ်ထဲ၌ ပြည့်တန်ဆာမကို လုပ်ကြံဖျောက်ဖျက်ပြီးလျှင် ဆင်သောတန်ဆာအလုံးစုံကို ချွတ်ယူ၍ ပြည့်တန်ဆာမ၏တဘက်ဖြင့်လျှင် ထုပ်စည်းလျက် အိမ်သို့ဆောင်ခဲ့ပြီးသော် ဤမည်သောအဆောင်, ဤမည်သောတိုက်ထဲတွင် ဆင်စွယ်ကောက်၌ ထိုဘဏ္ဍာထုပ်ကို ဆွဲ၍ထား၏။ ထိုသို့ပြုသောအကြောင်းကို ငါနှင့်ချစ်ကျွမ်းဝင်သူ အဆွေခင်ပွန်းတစ်ယောက်သာ သိ၏။ ထိုအဆွေခင်ပွန်းမှတစ်ပါး ငါ၏ သား,မယားမှစ၍ အလုံးစုံသောသူတို့ မသိကြကုန်။ မင်းကြီးသည်လည်း ထိုအကြောင်းကို သိတော်မမူ။ ငါသည်လည်း ထိုဘဏ္ဍာထုပ်ကို ဖွင့်ယူ၍ ယခုတိုင်အောင် မသုံးဆောင်ဝံ့သေး။ ထိုငါ၏အဆွေခင်ပွန်းသည် နှုတ်စောင့်ပေသောကြောင့် စကားမပြန့်ပွားသဖြင့် နှစ်လအရှည် မင်းကြီးနား မကြားရပေ။ ထိုကြောင့် “လျှို့ဝှက်အပ်သောစကားကို အဆွေခင်ပွန်းအား ပြောအပ်၏”ဟု မင်းကြီးအား ငါလျှောက်ထားပေသည်”ဟု ဆို၏။

ဤသို့ သေနက ပြောသောစကားကို မဟောသဓသုခမိန်သည် ထမင်းပွဲခုံအောက်က နားထောင်၍နေသဖြင့် ကြားလျှင် စကားအလုံးစုံကို အက္ခရာစာတင်လျက် မှတ်သား၍ထား၏။

သေနကအမတ်ပြောဆိုပြီးသော် ပက္ကုသအမတ်သည် မိမိလျှို့ဝှက်အပ်သောအမှုကို ဤသို့ပြောဆို၏။

“ဆရာအမတ်ကြီးတို့။ ကျွန်ုပ်တွင် လျှို့ဝှက်အပ်သောအမှုသည်ကား အခြားမဟုတ်။ ကျွန်ုပ်ပေါင်တွင်း၌ ကုဋ္ဌနာသည်ရှိ၏။ ထိုကုဋ္ဌာနာကို အကျွန်ုပ်ညီသည် နံနက်စောစောကပင်ထ၍ သူတစ်ပါးမသိစေရဘဲ ဖန်ရည်ဆေးပြီးမှ ဆေးလိမ်းပြီးလျှင် ထိုအနာဝကိုဖုံးမိအောင် ပုဆိုးကြမ်းဖြင့်ရစ်ဖုံး၍ နေ့တိုင်းမပြတ် သုတ်သင်ပြုစု၏။ ထိုသို့ ပြုစုပြီးမှ နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားသောအခါ မင်းကြီးသည် အလိုတော်ရှိခိုက်များဖြစ်လျှင် ကျွန်ုပ်ကိုခေါ်တော်မူ၍ များသောအားဖြင့် ကျွန်ုပ်ပေါင်ပေါ်၌သာ ဦးခေါင်းတင်၍ စက်တော်မူ၏။ အကယ်၍ ကျွန်ုပ်ပေါင်ပေါ်၌ ကုဋ္ဌနာရှိသည်ကို မင်းကြီးသိတော်မူအံ့။ ကျွန်ုပ်အသက်ရှင်နိုင်တော့မည် မဟုတ်။ ထိုကုဋ္ဌနာရှိသည်ကို ညီမှတစ်ပါး အခြားသူတို့ မသိ။ ကျွန်ုပ်ညီသည်ကား ကောင်းစွာလျှို့ဝှတ်ပေ၏။ ထို့ကြောင့် “လျှို့ဝှက်အပ်သောစကားကို ညီအားသာလျှင် ပြောအပ်၏”ဟု မင်းကြီးအား ကျွန်ုပ်လျှောက်ထားပေသည်” ဆို၏။ ထိုပက္ကုသအမတ်စကားကိုလည်း ရှေးနည်းအတူ မဟောသဓသုခမိန်သည် မှတ်သား၍ထား၏။

ပက္ကုသအမတ် ပြောဆိုပြီးသော် ကာမိန္ဒအမတ်သည် မိမိလျှို့ဝှက်အပ်သောအမှုကို ဤသို့ပြောဆို၏။

“ဆရာသုခမိန်တို့။ လကွယ်ပက္ခ ဥပုသ်နေ့တိုင်း တစ်လလျှင်တစ်ကြိမ် နရဒေဝအမည်ရှိသောဘီလူးသည် ကျွန်ုပ်ကို ဖမ်း၏။ ထိုဘီလူးဖမ်းသောအခါ ကျွန်ုပ်သည် တစ်နေရာတည်း၌မနေချင်။ ခွေးရူးကဲ့သို့ တောင်မြောက်လှည့်ပတ်၍ မြည်ခြင်း,တွန်ခြင်း ရှိ၏။ ထိုအကြောင်းကို ကျွန်ုပ်သည် သားအားပြောသဖြင့် သားလည်း လကွယ်ပက္ခ ဥပုသ်နေ့တိုင်း အနာပေါ်ချိန်ရောက်လျှင် ကျွန်ုပ်ကို အိမ်တိုက်ခန်းတွင်းသို့သွင်းပြီးသော် တံခါးကို ပိတ်၍ထား၏။ တံခါးပြင်၌လည်း ကျွန်ုပ်မြည်သံတွန်သံကို သူတစ်ပါး မကြားစေခြင်းငှာ အတီးအမှုတ် ပွဲသဘင်ခံခြင်းကို ပြု၏။ ထိုသို့ပြုသဖြင့် ကျွန်ုပ်၌ ဘီလူးဖမ်းသော အနာရောဂါရှိမှန်းကို သားမှတစ်ပါး အခြားသူ မသိ။ ထို့ကြောင့် “လျှို့ဝှက်အပ်သောစကားကို သားအားသာလျှင် ပြောအပ်၏”ဟု မင်းကြီးအား လျှောက်ထားပေသည်”ဟူ၍ဆို၏။ ထို ကာမိန္ဒအမတ်စကားကိုလည်း မဟောသဓသုခမိန်သည် ရှေးနည်းအတူ မှတ်သား၍ ထား၏။

ကာမိန္ဒအမတ်ပြောပြီးလျှင် ဒေဝိန္ဒအမတ်သည် မိမိလျှို့ဝှက်အပ်သောအမှုကို ဤသို့ပြော၏။

“ဆရာသုခမိန်တို့။ ရှေးအထက်က ကုသမင်းကြီးအား သိကြားမင်းပေးအပ်သောပတ္တမြားသည် ဘုန်းကျက်သရေ စည်းစိမ်ချမ်းသာကို ဝင်စေတတ်သဖြင့် မင်္ဂလာရှိသောပတ္တမြားဖြစ်၍ ကျွန်ုပ်သည် မင်းကြီး၏စိတ်ကို ရွှင်ပျော် နှစ်သက်အောင်ပြုလျက် ထိုပတ္တမြားကို မင်းကြီးမသိစေရဘဲ ခိုးယူပြီးလျှင် အမိအားအပ်၍ထား၏။ အကျွန်ုပ်အမိ သည်လည်း တစ်ယောက်သောသူကိုမျှ မသိစေရအောင် လျှို့ဝှက်သိမ်းထား၍ ကျွန်ုပ် နန်းတော်သို့ဝင်သောအခါ ထိုပတ္တမြားကို ကျွန်ုပ်အားပေး၏။ ကျွန်ုပ်လည်း ထိုပတ္တမြားကိုဆောင်၍ မင်းကြီးအားခစား၏။ မင်းကြီးလည်း ဆရာတို့ကို မခေါ်မမေးမီ ကျွန်ုပ်ကိုသာ ပတ္တမြား၏အာနုဘော်ကြောင့် ရှေးဦးစွာခေါ်၍ မေးမြန်းတော်မူ၏။ ခစားတိုင်း တစ်နေ့မပြတ် မင်းကြီးသည် ၈-သပြာဖြစ်စေ, ၁၆-သပြာဖြစ်စေ, ၃၂-သပြာဖြစ်စေ, ၆၄-သပြာဖြစ်စေ ကျွန်ုပ်အား အထူးသဖြင့် မျိုးရိက္ခာအလို့ငှာ ပေးတော်မူ၏။ ထိုပတ္တမြား၏ အာနုဘော်ကြောင့် ဖြစ်ကြောင်းကို မင်းကြီး သိတော်မူလျှင် ကျွန်ုပ်အသက်ရှင်နိုင်တော့မည်မဟုတ်။ ကျွန်ုပ်အမိသည် ကောင်းစွာလျှို့ဝှက်ပေသောကြောင့် ယခုတိုင် တစ်စုံတစ်ယောက်မျှ မသိကြသည်သာဖြစ်၏။ ထို့ကြောင့် “လျှို့ဝှက်အပ်သောစကားကို အမိအားသာလျှင် ပြောအပ်၏”ဟု မင်းကြီးအား လျှောက်ထားပေသည်” ဟူ၍ ဆို၏။ ဒေဝိန္ဒအမတ်စကားကိုလည်း မဟောသဓ သုခမိန်သည် ရှေးနည်းအတူ မှတ်သားထား၏။

ဤသို့ အမတ်၄-ယောက်တို့သည် မိမိပင်လျှင် မိမိရင်ကို ခွဲသကဲ့သို့ သူတစ်ပါး မကြားစေအပ်သောအမှုကို ပြောမှားကြသဖြင့် မဟောသဓသုခမိန်သည် ထမင်းပွဲခုံအောက်၌နေလျက် ၄-ယောက်သောအမတ်တို့၏စကားကို အကြွင်းမရှိ ကြားသိလေ၏။ သုခမိန် ၄-ယောက်တို့သည် ထိုသို့ မိမိတို့အပြစ်ကို မိမိတို့ပင် ဖော်ပြပြောဆိုကြပြီးသော် “ဆရာတို့။ နက်ဖြန်နံနက်စောစောထ၍ နန်းတော်တံခါးဝသို့ အရောက်လာတော်မူကြ။ သူကြွယ်သားကို လုပ်ကြံရမည့်အမှု ရှိသေးသည်။ မမေ့မလျော့ကြစေနှင့်”ဟု အချင်းချင်း တိုင်ပင်နှိုးဆော်ပြောဆိုလျက် ထမင်းပွဲခုံမှထ၍ မိမိတို့အိမ်သို့ သွားကြလေ၏။

အမတ်၄-ယောက်တို့ သွားပြီးသောအခါ မဟောသဓသုခမိန်၏ အခြွေအရံတို့သည် လာကြလတ်၍ ထမင်းပွဲခုံကို မြှောက်ချီပြီးလျှင် ဘုရားလောင်းသုခမိန်ကို ထွက်စေပြီးသော် ထမင်းပွဲခုံကို နေရာကျအောင်ထားစေပြီးမှ ဘုရားလောင်း မဟောသဓသုခမိန်ကို ခြံရံလျက် သွားကြလေကုန်၏။

မဟောသဓသုခမိန်လည်း အိမ်သို့ရောက်လျှင် ရေချိုးခြင်း, အဝတ်တန်ဆာဆင်ခြင်း, ကောင်းမြတ်သော ဘောဇဉ်ခဲဖွယ်စားခြင်း ကိစ္စပြီးပြီးသော် မြတ်သောနေရာ၌ထိုင်လျက် ဤသို့ကြံ၏။ “ယနေ့ အမတ်၄-ယောက်တို့သည် ငါ့ကိုပျက်စီးစေကြောင်း မကောင်းသောအကြံဖြင့် မင်းကြီးထံ ကုန်းတိုက်စကား လျှောက်ထားကြချေပြီ။ မင်းကြီး၏စိတ်တော် မည်သို့ရှိသည်ကို ငါ၏နှမ ဥဒုမ္ဗရဒေဝီမိဖုရား သိရာလတ္တံ့။ သိလျှင်လည်း ငါ့ထံသို့ မချွတ်လျှင် စကားရောက်လတ္တံ့”ဟု ကြံပြီးလျှင်၊ ယုံမှတ်အပ်သော မင်းချင်းတစ်ယောက်ကိုခေါ်၍ “သင်သည် နန်းတော်တံခါးဝ၌ ယနေ့ည၌ စောင့်နေချေ။ နန်းတော်မှ ထွက်လာသောသူကိုမြင်လျှင် ငါ့ထံသို့ခေါ်သဖြင့် အလျင်တဆောလာခဲ့”ဟု နန်းတော်တံခါးဝ၌ အစောင့်အနေ စေလွှတ်လိုက်ပြီးမှ မြတ်သောအိပ်ရာ၌ နေလေ၏။

ဝိဒေဟုရာဇ်မင်းကြီးသည်လည်း အိပ်ရာတိုက်ခန်းသို့ဝင်၍ မြတ်သောအိပ်ရာအပြင်၌နေလျက် ဘုရားလောင်းမဟောသဓ၏ ကျေးဇူးကိုအောက်မေ့သဖြင့် အကြံတော်ဖြစ်သည်မှာ “မဟောသဓသုခမိန်သည် ၇-နှစ်အရွယ်ကစ၍ ငါ့အားခစားလျက် ယခု ကြီးပြင်းသောအရွယ်သို့ ရောက်ပြီး မည်သည့်ကာလတွင်မျှ ငါ၏အကျိုးစီးပွားမဲ့ကို မပြုစဖူး။ အထူးထူးအပြားပြား များစွာသောအကြောင်းအားဖြင့် ငါ၏အကျိုးစီးပွားကိုသာ ရွက်ဆောင်ပေသည်။ ထီးချက်စောင့်နတ်သမီး ပြဿနာ၌လည်း မဟောသဓမရှိလျှင် ငါ၏အသက် သေရမည်မချွတ်ရာ။ မဟောသဓသုခမိန်ကြောင့်သာလျှင် ငါ၏အသက် ရှင်ပေ၏။ ထိုသို့ ကျေးဇူးရှိပေသောသူကိုလျက် မလို၍သာလျှောက်ထားသောသူတို့၏ စကားကို နာယူသဖြင့် မဟောသဓကို လုပ်ကြံစိမ့်သောငှာ သန်လျက်ပေးအပ်လိုက်မိသည်ကား မသင့်။ မဟောသဓကို နေ့တိုင်းမြင်ရလျက် နက်ဖြန်မိုးသောက်အခါ၌ မဟောသဓကို မမြင်ရသည် ဖြစ်လတ္တံ့တကား”ဟု နောင်တတစ်ဖန် ကြံအောက်မေ့မိသဖြင့် ပြင်းစွာစိုးရိမ်ခြင်းဖြစ်၍ ကိုယ်အလုံးမှ ချွေးတို့သည် ယိုစီးထွက်ကုန်၏။ ဤသို့ ကိုယ်,စိတ်၏ပင်ပန်းခြင်း ပြင်းစွာနှိပ်စက်သည်ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီးသည် စက်မွေ့ရာအပြင်၌ နေ့တိုင်းကဲ့သို့ မအိပ်မစက်နိုင်။ တွေမှိုင်မိန်းမောကာသာ နေ၏။

ဥဒုမ္ဗရဒေဝီမိဖုရားသည်လည်း မင်းကြီးနှင့်အတူ စက်မွေ့ရာအပေါ်၌နေသဖြင့် မင်းကြီး၏အမူအကို မြင်လတ်သော် “ယခု မင်းကြီးသည် နှလုံးတော် မသာမယာရှိဟန် ထင်၏။ ငါ၌ အပြစ်ရှိ၍တည်း နှလုံးမသာတော်မူလေသလော။ မင်းကြီး၌ တစ်စုံတစ်ရာ စိုးရိမ်ကြောင့်ကြဖွယ် အမှုရှိ၍တည်း နှလုံးမသာ ရှိတော်မူလေသလော။ ထိုအကြောင်းကို သိရအောင် ငါမေးအံ့”ဟုကြံပြီးလျှင် “ကိံ တွံဝိမနောသိ ရာဇသေဋ္ဌ” အစရှိသောဂါထာဖြင့် မေးလျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု ကိုယ်တော် နှလုံးမသာ ရှိတော်မူဟန် အကျွန်ုပ်ထင်၏။ အဘယ့်ကြောင့် နှလုံးမသာ ရှိတော်မူသနည်း။ လူအပေါင်းတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး။ အကျွန်ုပ်သည် အရှင်မင်းကြီးအား ပြစ်မှားမိသောအပြစ်တည်းရှိ၍ နှလုံးမသာ ရှိတော်မူသလော။ အကျွန်ုပ်သည် အရှင်မင်းကြီးအား ကျင့်ရာဆောင်ရာသောဝတ် မကုန်ချွတ်ယွင်း လစ်ဟင်းသည့်အရာကိုလည်း မမြင်။ အရှင်မင်းကြီးသည် အကျွန်ုပ်အားလည်းကောင်း၊ မောင်းမကိုယ်လုပ်စသော နန်းတွင်းသူ နန်းတွင်းသား, မှူးတော်, မတ်တော်, ပြည်သူပြည်သားတို့အားလည်းကောင်း ပြုရာဆောင်ရာသော မင်းတို့ကျင့်ဝတ် ချွတ်ယွင်းသည့်အရာကိုလည်း အကျွန်ုပ် မထင်ပါ။ ထိုသို့ဖြစ်လျက် အဘယ်အကြောင်းကြောင့် စိုးရိမ်ပင်ပန်းတော်မူသနည်း။ ထိုအကြောင်းကို အမိန့်ရှိတော်မူပါမှ အကျွန်ုပ် စိတ်ချမ်းသာရာ ရပါမည်”ဟု လျှောက်မေး၏။

ဥဒုမ္ဗရဒေဝီမိဖုရား စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မိမိစိုးရိမ်သော အကြောင်းကိုပြောလို၍ “ပဏှော ဝဇ္ဈော မဟောသဓ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မိဖုရားမြတ်။ ငါ့အား ကျင့်ရာဆောင်ရာသော သင်၏ဝတ် မကုန်သောကြောင့် နှလုံးမသာ ရှိသည်လည်းမဟုတ်။ တစ်ပါးသောအကြောင်းတို့ကြောင့်လည်း နှလုံးမသာ ရှိသည်လည်း မဟုတ်။ ငါ့အား ယနေ့ညဉ့်ဦးက အမတ် ၄-ယောက်တို့ မဟောသဓကို ပျက်စီးလိုသဖြင့် လျှောက်ထားကြသည့်စကားကို ငါ မဆင်ခြင်မိခြင်းကြောင့် အလျင်တဆော အမျက်ထွက်၍ နာယူမှားသဖြင့် မြေကြီးအထုနှင့်တူစွာ ပညာရှိသော ငါ့သားမဟောသဓကို လုပ်ကြံစိမ့်သောငှာ သေနကအမတ်အား လက်စွဲတော်သန်လျက်ကို အပ်လိုက်မိ၏။ ထိုသို့ အပ်လိုက်မိသောငါ့အား ယခုမှတစ်ဖန် ပြန်၍အောက်မေ့မိသဖြင့် ပြင်းစွာ နှလုံးမသာခြင်း ရှိ၏”ဟု မိန့်ဆို၏။

မင်းကြီးစကားကိုကြားလျှင် ဥဒုမ္ဗရဒေဝီသည် “ငါ့မောင်သုခမိန်၏ စည်းစိမ်အသက် ပျက်စီးရာရောက်ခဲ့ပြီတကား”ဟု ပြင်းစွာစိုးရိမ်ခြင်းဖြစ်လျက် “မင်းကြီးအား ငါသည် ဥပါယ်တံမျဉ်ဖြင့် နှစ်သိမ့်စေပြီးလျှင် မင်းကြီးစက်တော်ခေါ်၍ ပျော်သောအခါမှ ထိုမင်းကြီး သန်လျက်အပ်လိုက်သောအကြောင်းကို သိစေခြင်းငှာ ငါ့မောင်ထံသို့ စေလွှတ်လိုက်အံ့” ဟုကြံပြီးသော် မင်းကြီးအား ဤသို့လျှောက်၏။

“အရှင်မင်းကြီး။ အဘယ့်ကြောင့် စိုးရိမ်တော်မူသနည်း။ အရှင်မင်းကြီးသည် သူကြွယ်သားကို များစွာသော စည်းစိမ်ချမ်းသာကိုပေး၍ သေနာပတိအရာ မြင့်မြတ်စွာသော အချီးအမြှောက်ဖြင့်ချီးမြှောက်လျက် သူကောင်းပြုတော်မူသည့် ကျေးဇူးရှင်ဖြစ်လျက် ကျေးဇူးတော်ကိုမသိ ဆိုးသွမ်းရိုင်းပျသူဖြစ်၍ မိမိအပြစ်နှင့်လျော်စွာ စီရင်လုပ်ကြံတော်မူရသည်ကို အဘယ်အပြစ် ရှိအံ့နည်း။ စိုးရိမ်တော် မမူသင့်။ စိတ်ချ၍သာ စက်မြဲ စက်တော်မူပါ”ဟု နှစ်သိမ့်စေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း မိဖုရားစကားဖြင့် အတန်ငယ်ပူပန်ခြင်း ငြိမ်းသည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ဥဒုမ္ဗရဒေဝီမိဖုရားသည် မင်းကြီး အိပ်ပျော်သည့်အခါ နန်းတော်တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် မဟောသဓထံသို့ စေလွှတ်အံ့သောငှာ ဤသို့ စာစီကုံး၏။

“မဟောသဓသုခမိန်။ ယနေ့ညဉ့်ဦး အမတ် ၄-ယောက်တို့သည် သင့်ကိုပျက်စီးစေမှုနှင့် မင်းကြီးအား ချောစားလျှောက်ထားကြသောကြောင့် မင်းကြီးသည် အမတ်တို့စကားကိုနားဝင်၍ သင့်အား ပြင်းစွာအမျက်တော်ရှိသဖြင့် “နက်ဖြန်နံနက် မဟောသဓနန်းတော်သို့အဝင်ကို တံခါးတိုင်ကြားကစောင့်နေ၍ လုပ်ကြံကွပ်မျက် ဖျောက်ဖျက်လေ”ဟု လက်စွဲတော်သန်လျက်ကို အမတ် ၄-ယောက်တို့အား အပ်လိုက်ချေသည်။ နက်ဖြန်ခါ သင် နန်းတော်သို့ မဝင်လာနှင့်။ ဝင်လိုလျှင်လည်း မြို့ကို လက်နက်ပြုနိုင်မှ ဝင်ခဲ့”ဟု

စာစီကုံးပြီးသော် ထိုစာကို ကတွတ်မုန့်ထဲ၌သွင်း၍ ချည်မျှင်ဖြင့်ရစ်လျက် အိုးသစ်၌ထည့်ပြီးလျှင် အဖုံးလုံစွာဖုံးအုပ်ပြီးမှ ထိုအိုးကို ကောင်းစွာဖုံးလွှမ်း၍ တံဆိပ်ခတ်ပြီးသော် ယုံမှတ်အပ်သော မိမိအခြွေအရံ ကျွန်မတစ်ယောက်ကို “သင်သည် ယခုပင် ငါ့မောင်ထံသို့သွား၍ ဤကတွတ်မုန့်ကို ပို့ချေ”ဟု စေလွှတ်လိုက်၏။ တိုကျွန်မသည်လည်း ဥဒုမ္ဗရဒေဝီ မိဖုရားမိန့်မှာသည့်အတိုင်း ထို ကတွတ်မုန့်အိုးကိုရွက်၍ ထွက်လာရာ နန်းတော်တွင် အစောင့်ထားသောသူနှင့်တွေ့သဖြင့် မဟောသဓထံသို့ပို့လေ၏။

(ဤအရာ၌ ညဉ့်အချိန်အခါဖြစ်လျက် နန်းတွင်းမှပြင်သို့ အဘယ့်ကြောင့် ထွက်ရလေအံ့နည်းဟု ကြံဖွယ်မရှိ။ အထက်ကပင် ဥဒုမ္ဗရဒေဝီမိဖုရားက မဟောသဓသုခမိန်ထံသို့ စေလွှတ်လျှင် မည်သည့်အချိန်မဆို ထွက်ဝင်စေဟု တံခါးကို မင်းကြီး ခွင့်ပေးလေပြီးဖြစ်သတည်း။)

ဘုရားလောင်းမဟောသဓသုခမိန်သည်လည်း ထိုအိုးကိုဖွင့်၍ ကတွတ်မုန့်၌ပါသော မှာစာကိုဖတ်လျှင် စကားအလုံးစုံကို သိနှင့်ဟောင်းတွင် ထပ်လောင်း၍ တစ်ဖန်သိရပြန်သဖြင့် “ဥဒုမ္ဗရဒေဝီ မိဖုရားအား အရှင်မိဖုရား၏ ကျေးဇူးတော်ကိုမှီ၍ သိရပါပေပြီ”ဟု မှာကြားလျှောက်ထားလိုက်ပြီးလျှင် ချမ်းသာစွာအိပ်နေလေ၏။

အမတ် ၄-ယောက်တို့သည်လည်း ထိုညဉ့်မိုးသောက်ရောက်လတ်သော် နံနက်စောစောကပင်လျှင် နန်းတော်တံခါးဝသို့သွားကြ၍ တံခါးတိုင်ကြား၌ ဘုရားလောင်းကို လုပ်ကြံအံ့သောငှာ သန်လျက်ကိုလက်စွဲလျက် စောင့်နေကြကုန်သော်လည်း ဘုရားလောင်းမလာသဖြင့် မျှော်ကြည့်လျက် နှလုံးမသာ ပြင်းစွာစိုးရိမ်ခြင်းဖြင့် နန်းတော်သို့ဝင်ကြကုန်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း အမတ်တို့ကိုမြင်လျှင် “အမတ်ကြီးတို့။ မဟောသဓကို လုပ်ကြံပြီးပြီလော”ဟု မေး၏။ အမတ်၄-ယောက်တို့လည်း “အရှင်မင်းကြီး။ အကျွန်ုပ်တို့ နံနက်စောစောကပင် စောင့်နေကြပါလျက် သူကြွယ်သားသည် ယခုအချိန်တိုင်အောင်မှ မလာသောကြောင့် မလုပ်ကြံရပါ”ဟု လျှောက်ထားကုန်၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် နေ့တိုင်းကဲ့သို့ အမှတ်တမဲ့မသွားမူ၍ နေအရုဏ်တက်သောအခါမှ များစွာသောအခြံအရံနှင့် ရထားစီးသဖြင့် နန်းတော်သို့သွားပြီးလျှင် နန်းတော်တံခါးဝသို့ ရောက်သောအခါ ရထားမှဆင်းသက်ပြီးသော် နန်းတော်ကိုရှိခိုးလျက် ရပ်နေ၏။ ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည်လည်း လေသာပြတင်းကိုဖွင့်လှစ်၍ အရှေ့တံခါးဝသို့မျှော်လျက် ရပ်နေခိုက်ကြိမ်သဖြင့် မဟောသဓသုခမိန်ကို မြင်တော်မူသော် ဤသို့ အကြံဖြစ်၏။ “မဟောသဓသည် စင်စစ်ရန်သူပြုလိုသူမှန်လျှင် ငါ့ကို ရှိမခိုးရာ။ ယခုမူကား ငါ့ကို ရှိခိုးလျက်နေ၏။ ထို့ကြောင့် မဟောသဓသည် ငါ၏ရန်သူ မဟုတ်”ဟုကြံပြီးသော် “ငါ၏သားတော်ကို ဝင်စေ”ဟု အမိန့်တော် ပြန်လိုက်သဖြင့် ဘုရားလောင်းသုခမိန်လည်း နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားလျက် မင်းပေးနေရာ၌နေ၏။ အမတ် ၄-ယောက်တို့လည်း မိမိတို့နေရာ၌နေ၍ မင်းကြီးအား ခစားလျက်ရှိနှင့်သတည်း။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် မိမိ မသိယောင်ကဲ့သို့ဆောင်လျက် ဘုရားလောင်းအားမေးလို၍ “အဘိဒေါသဂတော ဒါနိ ဧဟိသိ” အစရှိသောဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“ချစ်သားသုခမိန်။ ယမန်ညဉ့်ဦးယံက သူခပ်သိမ်းတို့ကျင့်ရာဆောင်ရာသော တရားစကားကို ပြောဆိုလျှောက်ထားပြီး၍ သင် အိမ်သို့ပြန်သွားလေသည်နှင့် နေ့တိုင်းကဲ့သို့ နံနက်စောစော ငါ့ထံသို့ဝင်မြဲဖြစ်လျက် မဝင်ဘဲနေသဖြင့် အဘယ့်ကြောင့် ယနေ့ နေမြင့်မှ ဝင်လာသနည်း။ သင်သည် ငါ့အား တစ်စုံတစ်ခုတွေးဆ၍ ယုံမှားသင်္ကာ ရွံရှာခြင်း ရှိလေသလော။ ယင်းသို့မဟုတ် တစ်စုံတစ်ယောက်သောသူသည် သင့်အား ငါ၏စိတ် အထူးအခြားရှိလေယောင် ပြောဆို၍တည်း ငါ့အား ရွံ့ရှာကြောက်လန့်သဖြင့် နေမြင့်ခံ၍ နေလေသလော။ အဘယ့်ကြောင့် သင်သည် နေ့တိုင်းကဲ့သို့ နန်းတော်သို့မဝင်ဘဲ တံခါးဝ၌ရပ်နေလျက် ငါခေါ်တော်မူမှ ဝင်လာသနည်း။ ထိုအကြောင်းကို ငါ့အား သိသာအောင် လျှောက်ထားလော့”ဟုမေး၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် အကြောင်းမျိုးစုံကိုလျှောက်ထားလို၍ “ပဏှော ဝဇ္ဈော မဟောသဓ” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်သည် အခါတစ်ပါးကဲ့သို့ မဝင်ဘဲ ယနေ့ ခေါ်တော်မူမှ ဝင်ရသည်မှာ အမေးတော်ရှိလျှင် လျှောက်တင်ရပါမည်။ ယမန်နေ့ညဉ့်ဦးယံက လျှို့ဝှက်အပ်သောစကားကို ပြဿနာပြု၍ အမေးတော်ရှိသဖြင့် အသီးသီး လျှောက်ထားပြောဆိုကြသည့် စကား ၆-ရပ်တွင် အရှင်မင်းကြီးက “မယားကောင်းအား လျှို့ဝှက်အပ်သောစကားကို ပြောဆိုအပ်၏”ဟု အမိန့်တော်ရှိသည်နှင့် အကျွန်ုပ်လည်း အချိန်သို့ရောက်သဖြင့် နန်းတော်မှထွက်ခဲ့၍ အိမ်သို့ရောက်လျှင် အိပ်ရာ၌ အိပ်မည်ပြုစဉ် အရှင်မင်းကြီးသည် “မဟောသဓာကို လုပ်ကြံလေ”ဟု အမတ် ၄-ယောက်တို့အား လက်စွဲတော်သန်လျက်ကို ပေးအပ်၍ အမိန့်တော်ရှိလိုက်ကြောင်းကို လျှို့ဝှက်အပ်သော စကားဖြစ်လျက် အရှင်မင်းကြီးသည် ဆိတ်ကွယ်ရာအရပ်၌ မိဖုရားအား ပြောဆိုတော်မူသည်ဖြစ်၍ ကိုယ်တော်၏အကြံ စီရင်ဟန်အလုံးစုံကို အကုန်အစင် ထင်ထင်ရှားရှား အကျွန်ုပ် ကြားသိရပါသောကြောင့် နေ့တိုင်းကဲ့သို့ အမှတ်တမဲ့ မဝင်ဝံ့၍ နေမြင့်အောင်ငံ့လျက် ခေါ်တော်မူမှ ယခုအထံတော်သို့ ဝင်ဝံ့ပါသည်”ဟု လျှောက်၏။

ထိုအခါ ဥဒုမ္ဗရဒေဝီသည်လည်း မင်းကြီး၏အနီး၌ ရှိ၏။ ဝိဒေဟရာဇ်မင်းကြီးလည်း မဟောသဓသုခမိန် စကားကိုကြားလျှင် “ဤစကားကို ဥဒုမ္ဗရဒေဝီမှတစ်ပါး မသိ။ ဥဒုမ္ဗရဒေဝီသာလျှင် ငါအိပ်ပျော်စဉ် မဟောသဓသုခမိန်ထံသို့ စေလွှတ်လိုက်သောကြောင့် ဤစကားကို မဟောသဓ သိသည်ဖြစ်မည်” ဟု ဥဒုမ္ဗရဒေဝီအား အမျက်ထွက်သောအားဖြင့် ကြည့်တော်မူ၏။ မဟောသဓသုခမိန်သည် ဥဒုမ္ဗရဒေဝီမိဖုရားအား မင်းကြီး အမျက်ထွက်သည်ကိုသိ၍ “အရှင်မင်းကြီး၏ မိဖုရားအား အမျက်တော် မရှိသင့်။ လျှို့ဝှက်အပ်သော အရှင်မင်းကြီး၏စကားကို အရှင်မိဖုရား မပြောသော်လည်း အကျွန်ုပ်သည် လွန်လေပြီးသောအမှုမှ ဖြစ်ဆဲအမှု ဖြစ်လတ္တံ့သောအမှု အစုစုအသွယ်သွယ် ပြုဖွယ်အတန်တန်ကိစ္စတို့ကိုပင် ဆင်ခြင်မြော်ချင့်၍ သိတတ်၏။ စင်စစ် လျှို့ဝှက်အပ်သော အရှင်မင်းကြီး၏စကားကို မိဖုရားပြောသည် မှန်ပါစေ။ သေနကဆရာ, ပက္ကုသဆရာ, ကာမိန္ဒဆရာ, ဒေဝိန္ဒဆရာအမတ်တို့ လျှို့ဝှက်အပ်သော စကား ၄-ရပ်ကို အဘယ်သူလာ၍ အကျွန်ုပ်အား ပြောပါအံ့နည်း၊ ထိုသို့ ပြောလာသူမရှိဘဲပင် အကျွန်ုပ်ပညာအစွမ်းဖြင့် ထိုဆရာအမတ် ၄-ယောက်တို့၏ လျှို့ဝှက်အပ်သောစကား ၄-ရပ်ကို အတပ်အမှန် မကြွင်းမကျန်ရအောင် အကျွန်ုပ် သိပါ၏။ အကျွန်ုပ်သို့သောပညာရှိအား တစ်ပါးမျက်ကွယ် လျှို့ဝှက်၍ ပျက်မှုနှင့်ကြံသော်လည်း ဆိတ်ကွယ်ရာ မရှိနိုင်ပါ”ဟု လျှောက်ဆိုပြီးလျှင်၊ ရှေးဦးစွာသော သေနကအမတ်၏ လျှို့ဝှက်အပ်သောစကားကို မင်းကြီးအား ကြားလို၍ “ယံ သာလဝနသ္မိံ သေနကော” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ သေနကအမတ်သည် မင်းမှူးမင်းမတ် ပညာရှိသုခမိန် ခံသူဖြစ်လျက် မင်းမှူးမင်းမတ်တို့အကျင့်ကို မကျင့်၊ အရှင့်ကျေးဇူးတော်ကို မသိ၊ ပညာရှိအလေ့သဘော မဟုတ်၊ သူယုတ်မာတို့၏အမှုကိုသာ ပြုကျင့်လေ့ရှိသူ ဖြစ်ပါသည်။ ဤမြို့တော်၌ ဤမည်သောပြည့်တန်ဆာမကို ဤမည်သော အင်ကြင်းဥယျာဉ်သို့ခေါ်ပြီးလျှင် မုဒိမ်းအမှုကို ပြုကျင့်၍ ထိုပြည့်တန်ဆာမကို လုပ်ကြံဖျောက်ဖျက်ပြီးမှ အဝတ်တန်ဆာကို ချွတ်ယူခဲ့သဖြင့် မိမိအိမ်၌ မိမိသားမယားကို မသိစေရဘဲ အဆွေခင်ပွန်းတစ်ယောက်ကိုသာ ဆိတ်ကွယ်ရာ၌ပြော၍ ထိုအမှုကို လျှို့ဝှက်လျက်နေ၏။ ထိုသို့လျှို့ဝှက်ငြားသော်လည်း အကျွန်ုပ်၏ပညာအစွမ်းဖြင့် ထိုသူအမှုကို တစ်ခုမကျန် ဟုတ်မှန်တိုင်း အကျွန်ုပ် ကြားသိရ၏။ ဤအမှုကို မိမိအဆွေခင်ပွန်း တစ်ယောက်သာ သိသည်ထင်၍ အရှင်မင်းကြီးပြဿနာတော်၌ သေနကအမတ်သည် ထိုအမှုကိုအစွဲပြုသဖြင့် လျှို့ဝှက်အပ်သောစကားကို အဆွေခင်ပွန်းအား ပြောအပ်၏”ဟု လျှောက်ထားပြောဆိုခြင်း ဖြစ်ပါသည်။ ဤသေနကအမတ်သာ အရှင့်ရာဇဝတ်တော်ကို မခန့်မလေး ကျေးဇူးတော်ကိုမမျှော်မှန်း ဆိုးသွမ်းရိုင်းပျစွာကျင့်၍ အရှင့်ရန်သူ ပြု၏။ အကျွန်ုပ်ကား အရှင့်ရန်သူ မဟုတ်ပါ။ ယခုပင် သေနကအမတ်ကို ကြပ်ကြပ်တည်းတည်း စစ်မေး၍ အရှင့်ရန်သူ လူဆိုးလူသွမ်းတို့အား ရာဇဝတ်ဒဏ်-ပေးမြဲထုံးစံရှိသည့်အတိုင်း ရာဇဝတ်ဒဏ် ပေးတော်မူမှ သင့်ပါမည်”ဟု လျှောက်ထား၏။

ဝိဒေဟရာဇ်မင်းကြီးသည် မဟာသဓစကားကိုကြားလျှင် သေနကအမတ်ကိုကြည့်လျက် “သေနကအမတ်။ ယခု မဟောသဓသုခမိန် လျှောက်ချက်အတိုင်း သင့်တွင် အမှုရှိသည် မှန်၏လော”ဟု မေး၏။ သေနကအမတ်လည်း အမှုကို မထိမ်ဝှက်ဝံ့သောကြောင့် “အရှင်မင်းကြီး။ မဟောသဓလျှောက်ချက်အတိုင်း အကျွန်ုပ်ပြုကျင့်မိသည် မှန်ပေ၏”ဟု လျှောက်ထားလျှင်၊ ဝိဒေဟရာဇ်မင်းကြီးသည် “ယခုပင် သေနကအမတ်ကို နန်းတော်မှဆွဲချ၍ နှောင်အိမ် သွင်းလေ”ဟု မင်းအာဏာထားသဖြင့် မင်းချင်းတို့သည် သေနကအမတ်ကို နန်းတော်တွင်းမှ ဆွဲငင်ဖမ်းယူ၍ နှောင်အိမ်သို့ သွင်းလေကုန်၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် သေနကအမတ်၏ လျှို့ဝှက်အပ်သောအမှုကို လျှောက်ထားပြီးလျှင်၊ ပက္ကုသအမတ်၏ လျှို့ဝှက်အပ်သောအမှုကို ထင်မြင်စွာပြလို၍ “ပက္ကုသ ပုရိသဿ တေ ဇနိန္ဒ”အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ ဤပက္ကုသအမတ်သည်လည်း နန်းတော်သို့ မဝင်ထိုက်သူဖြစ်ပါသည်။ ပက္ကုသအမတ်၏ပေါင်တွင်း၌ စက်ဆုပ်ရွံရှာဖွယ်သော ကုဋ္ဌနာရှိလျက် ထိုကုဋ္ဌနာကို သူတစ်ပါးမသိအောင် လျှို့ဝှက်၍ နံနက်တိုင်း မိမိညီကို ဆိတ်ကွယ်ရာခေါ်ပြီးလျှင် ဖန်ရည်ဆေးပြီးသော် နံ့သာအမွှေးအထုံ လိမ်းသုတ်လျက် ကုဋ္ဌနာပေါ်၌ နူးညံ့စေခြင်းငှာ ပုဆိုးကြမ်းတို့ဖြင့် ရစ်စည်းပြီးမှ နန်းတော်သို့ဝင်၍ အရှင်မင်းကြီးအားခစားလျှင် မင်းကြီးသည်လည်း လူစင်လူသန့်မှတ်တော်မူသဖြင့် ပက္ကုသအမတ်၏ပေါင်ပေါ်၌ မပြတ်ပင်ဦးခေါင်းအုံး၍ စက်တော်မူချေသည်။ ဤသို့ မိမိ၌လျှို့ဝှက်အပ်သောအမှုကို ညီတစ်ယောက်သာ သိသည်ထင်၍ ထိုအမှုကို အစွဲပြုသဖြင့် “ဤ လျှို့ဝှက်အပ်သောစကားကို ညီအားသာ ပြောအပ်၏”ဟု လျှောက်ထားခြင်း ဖြစ်ပါသည်။ မိမိလျှို့ဝှက်အပ်သောအမှုကိုကား အကျွန်ုပ်သည် ပညာစွမ်းဖြင့် အကုန်အစင် သိသည်ဖြစ်၍ အရှင်မင်းကြီးနှင့် မထိုက်တန်သူ လူယုတ်မာ ဖြစ်ကြောင်းကို လျှောက်ပါသည်။ ယခုပင် ပက္ကုသအမတ်ကို နန်းတော်မှ ဆွဲငင်ဖမ်းယူ၍ ရာဇဝတ်ဒဏ်ပေးတော်မူမှ သင့်ပါမည်” ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ဘုရားလောင်းစကားကိုကြားလျှင် ရှေးနည်းအတူ ပက္ကုသအမတ်ကိုစစ်မေး၍၊ ဝန်ခံသဖြင့် နှောင်အိမ်သို့သွင်းစေ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ပက္ကုသအမတ်၏ လျှို့ဝှက်အပ်သောအမှုကို လျှောက်ထားပြီးလျှင် ကာမိန္ဒအမတ်၏ လျှို့ဝှက်အပ်သောအမှုကို ထင်စွာလျှောက်ထားလို၍ “အာဗာဓောယံ အသဗ္ဘိရူပေါ” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ကာမိန္ဒအမတ်သည်လည်း သူတော်ကောင်း မဟုတ်။ နရဒေဝနတ်ဖမ်း၍ ရူးသောသူဖြစ်ပါသည်။ မိမိ နတ်ရူးနာ ပေါ်သောအခါ၌ ခွေးရူးကဲ့သို့ မရပ်မနေလှည့်လည်လျက် ဆိုချွတ်မြည်ချွတ် ရေရွတ်မြည်တွန်ခြင်းကို ပြု၏။ ထိုနတ်ရူးနာရှိကြောင်းကို သူတစ်ပါး မသိ။ မိမိသားတစ်ယောက်သာ သိသဖြင့် သားသည် နတ်ရူးနာပေါ်တိုင်း အိမ်တိုက်ခန်းတွင်းသို့သွင်းပြီးလျှင် မြည်တမ်းသောအသံကို သူတစ်ပါး မကြားစေခြင်းငှာ တံခါးဝ၌ တီးမှုတ်ခြင်း ပွဲသဘင် ခံ၏။ ထိုသို့ မိမိ၌ နတ်ရူးနာရှိကြောင်းကို မိမိသားတစ်ယောက်သာ သိသည်ထင်၍ ထိုအမှုကိုစွဲသဖြင့် “လျှို့ဝှက်အပ်သောစကားကို သားအား ပြောအပ်၏”ဟု လျှောက်ထားခြင်းဖြစ်ပါသည်။ မိမိ လျှို့ဝှက်အပ်သောအမှုကိုကား အကျွန်ုပ်သည် ပညာအစွမ်းဖြင့် အကုန်အစင် ကြားသိသည်ဖြစ်၍ မှူးမတ်အရာနှင့် မတန်၊ နန်းတော်သို့ဝင်ခြင်းငှာ မထိုက်၊ သူရူးဖြစ်ပါသောကြောင့် အရှင်မင်းကြီးအား လျှောက်ထားပါသည်။ ယခုပင် ကာမိန္ဒအမတ်ကို နန်းတော်မှဖမ်းယူဆွဲချ၍ ရာဇဝတ်ဒဏ်ပေးတော်မူမှ သင့်ပါမည်”ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဘုရားလောင်းစကားကိုကြားလျှင် ရှေးနည်းအတူ ကာမိန္ဒအမတ်ကိုစစ်မေး၍ ဝန်ခံသဖြင့် နှောင်အိမ်သို့သွင်းစေ၏။ မဟောသဓသုခမိန်သည် ကာမိန္ဒအမတ်၏လျှို့ဝှက်အပ်သောအမှုကို လျှောက်ပြီးလျှင် ဒေဝိန္ဒအမတ်၏ လျှို့ဝှက်အပ်သောအမှုကို ထင်စွာလျှောက်ကြားလို၍ “အဋ္ဌဝင်္ကံ မဏိရတနံ ဥဠာရံ” အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဒေဝိန္ဒအမတ်သည်လည်း သူတော်ကောင်း မဟုတ်။ လက်မရွံ့သူယုတ်မာ ဖြစ်ပါသည်။ အရှင့်ဘိုးတော် ကုသမင်းကြီးအား သိကြားမင်းသည် ပေးအပ်သော အကောက် ၈-တန် အလျှံအရောင်တို့ဖြင့် တင့်တယ်စွာ ရတနာပတ္တမြားမျက်မြတ်ကို နန်းတော်မှခိုးယူ၍ မိမိအမိအား ပေးအပ်ထားသဖြင့် မိမိနန်းတော်သို့ဝင်တိုင်း ထိုပတ္တမြားကို ဆောင်လျက်ဝင်၏။ ထိုအကြောင်းကို သူတစ်ပါး မသိစေရ။ အမိတစ်ယောက်ကိုသာသိစေသဖြင့် လျှို့ဝှက်၏။ ဤသို့ အမိတစ်ယောက်သာ သိသည်ဟုမိမိထင်၍ ထိုအမှုကိုအစွဲပြုလျက် “လျှို့ဝှက်အပ်သောစကားကို အမိအား ပြောအပ်၏”ဟု လျှောက်ထားခြင်းဖြစ်ပါသည်။ မိမိ လျှို့ဝှက်သောအမှုကိုကား အကျွန်ုပ်၏ပညာအစွမ်းဖြင့် အကုန်အစင် ကြားသိသည်ဖြစ်၍ အရှင်မင်းကြီးနှင့် မထိုက်တန်၊ လက်မရွံ့သူယုတ်မာ ဖြစ်သောကြောင့် လျှောက်ပါသည်။ ယခုပင် ဒေဝိန္ဒအမတ်ကို နန်းတော်မှ ဖမ်းယူဆွဲငင်၍ ရာဇဝတ်ဒဏ်ပေးတော်မူမှ သင့်ပါမည်”ဟု လျှောက်ထား၏။

]

ဝိဒေဟရာဇ်မင်းကြီးသည် ဘုရားလောင်းစကားကိုကြားလျှင် ရှေးနည်းအတူ ဒေဝိန္ဒအမတ်ကို စစ်မေး၍ ဝန်ခံသဖြင့် နှောင်အိမ်သွင်းစေ၏။

ဤသို့ အမတ်၄-ယောက်တို့သည် အကောက်ကြံ၍ ဘုရားလောင်းကို စည်းစိမ်အသက် ပျက်စီးစေခြင်းငှာ လုံ့လပြုပါသော်လည်း မိမိတို့တွင် လျှို့ဝှက်အပ်သောအမှုရှိလျက် မိမိတို့ကြမ္မာဆော်သဖြင့် နှုတ်မစောင့်ခြင်းကြောင့် ကိုယ်သို့တစ်ဖန် အမှုပြန်၍ ရာဇဒဏ်ကြီးစွာနှင့် နှောင်အိမ်မှာ နေကြရကုန်၏။

ထိုအမတ် ၄-ယောက်တို့အား မင်းဒဏ်ပေးစေပြီးသောအခါ ဘုရားလောင်း မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ဤသို့သောအကြောင်းများကိုမြင်၍ အကျွန်ုပ်သည် “လျှို့ဝှက်အပ်သောစကားကို သူတစ်ပါးအား မပြောအပ်”ဟု လျှောက်ထားပါသည်။ “အဆွေခင်ပွန်း စသည်တို့အား ပြောအပ်၏”ဟု ဆိုကုန်သောသူတို့သည် ယခု ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ကုန်သည်ကို နှလုံးထားတော်မူပါ”ဟု လျှောက်ပြီးလျှင်၊ ထိုထက်လွန်စွာ မင်းကြီးအား တရားကျင့်စဉ်ရှိတိုင်း ညွှန်ပြလို၍ “ဂုယှဿ ဟိ ဂုယှမေဝ သာဓု အစရှိသောဂါထာ”, “န ဂုယှမတ္ထံ ဝိဝရေယျ အစရှိသောဂါထာ”, “ထိယာ ဂုယှံ န သံသေယျ အစရှိသောဂါထာ”, “ဂုယှမတ္ထမသမ္ဗုဒ္ဓံ အစရှိသောဂါထာ”, “ယာဝန္တော ပုရိသဿတ္ထံ အစရှိသောဂါထာ”, “ဝိဝိစ္စ ဘာသေယျ ဒိဝါ ရဟဿံ အစရှိသောဂါထာ”တို့ဖြင့် လျှောက်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ လျှို့ဝှက်အပ်သောအမှုကို လျှို့ဝှက်မှသာလျှင် ကောင်း၏။ လျှို့ဝှက်အပ်သောအမှုကို မိမိမှတစ်ပါး ထင်စွာမပြကောင်း။ ဤလောက၌ ပညာရှိကုန်သောသူတို့သည် မိမိ၌ လျှို့ဝှက်အပ်သောအမှုကို အလိုမပြည့်သမျှကာလပတ်လုံး သူတစ်ပါး မသိစေရာ။ မိမိ အလိုရှိအပ်သော အကျိုးပြည့်စုံသော်ကား ထိုအမှုကို သူတစ်ပါးအား ပြောလိုမူ ပြောရာ၏။”

“အရှင်မင်းကြီး။ ရွှေအိုးကို သူတစ်ပါး မခိုးယူစိမ့်သောငှာ လုံခြုံစွာစောင့်ရှောက်သကဲ့သို့ မိမိ၌ လျှို့ဝှက်အပ်သောအမှုကို လိုရာကိစ္စ မပြီးသေးသမျှကာလပတ်လုံး သူတစ်ပါးတို့အား မသိစေအပ်။ လျှို့ဝှက်အပ်သောအမှုကို မိမိမှ တစ်ပါးသူသိလေက ထိုသိသောသူက မိမိကို မကောင်းသဖြင့် ပြုတတ်၏။”

“အရှင်မင်းကြီး။ လျှို့ဝှက်အပ်သောအမှုကို ပြောမှားချေက လျင်စွာ အပြစ်ကို ပေးတတ်သောသူကား မိန်းမလည်း တစ်ယောက်, မချစ်မနှစ်သက်လိုသော ရန်သူလည်း တစ်ယောက်, ဥစ္စာစည်းစိမ် အဝတ်တန်ဆာ တစ်စုံတစ်ခုဖြင့် ပေးကမ်းဖြားယောင်း၍ အဆွေခင်ပွန်းဖွဲ့တတ်သောသူလည်း တစ်ယောက်, စိတ်ထဲမဖြောင့်မမှန် အကောက်ကြံလျက် နှုတ်ဖြင့်သာ အကျိုးလိုယောင်ပြု၍ သူ့အပြစ်ကိုရှာလိုသဖြင့် ချိုသာနာဖွယ်စကားနှင့် ချောစားတတ်သောသူလည်း တစ်ယောက်။ ဤသူ ၄-ယောက်တို့အား လျှို့ဝှက်အပ်သောစကားကို ပြောမှားချေက လျင်စွာ အမှုရောက်တတ်၏။”

“အရှင်မင်းကြီး။ လျှို့ဝှက်အပ်သောအမှုကို အကြင်သူသည် အကယ်၍ ကြားငြားအံ့။ ထိုကြားသိသောသူအား ထိုအမှုကို မဖော်ပြစေခြင်းငှာ မိမိကိုယ်ကို ကျွန်ကဲ့သို့ပြု၍ ထိုသူဆဲဆိုသော်လည်း သည်းခံသဖြင့်သာ နေရရာ၏။”

“အရှင်မင်းကြီး။ အကြင်သူသည် မိမိလျှို့ဝှက်အပ်သောအမှုကို သူတစ်ပါး သိလေသည်ရှိသော် ထိုသူသိလေသည်မှစ၍ မိမိအား ပြင်းစွာထိတ်လန့်ခြင်းသည် ဖြစ်ရာ၏။ ထိုသို့ တစိုးရိမ်ရိမ် ရှိရာသောကြောင့် လျှို့ဝှက်အပ်သောစကားကို သူတစ်ပါးအား မပြောအပ်။”

“အရှင်မင်းကြီး။ တိုင်ပင်အပ်သောအမှုကို ယုံမှတ်သောသူတို့နှင့် တိုင်ပင်လိုသော်လည်း နေ့အခါဖြစ်မူ ဆိတ်ကွယ်ရာအရပ်၌သာ တိုင်ပင်ရာ၏။ ညဉ့်အခါဖြစ်မူကား ထိုသူကြားလောက်ရုံ အနီး၌နေ၍သာ အသံကို ပြင်မထွက်စေရဘဲ အရှည်အလံမဆို လိုရာစကားတွင်၍သာ တိုးတိုးသက်သက် တိုင်ပင်ရာ၏။ အဘယ့်ကြောင့်နည်းဟူမူကား တိုက်နံရံတွင်းကနေ၍လည်းကောင်း၊ အိပ်ပျော်၍လည်းကောင်း၊ သူတစ်ပါးအကြံအစည်ကို ခိုးတတ်သောသူသည် ချောင်းမြောင်းလျက် နားထောင်တတ်၏။ ထိုသို့ချောင်းမြောင်း၍ နားထောင်တတ်သောသူ ကြားသဖြင့် မိမိအကြံအစည် အတိုင်အပင်ပျက်ခြင်းသို့ ရောက်တတ်၏။ ထို့ကြောင့် လျှို့ဝှက်အပ်သောစကား ဟူသည်ကို သူတစ်ပါးမသိစေရအောင် လုံ့လသတိ ရှိစေရာသည်”ဟု ပညာရှိတို့ ကျင့်ထုံးကျင့်စဉ်ကို ပြညွှန်ဟောကြား၏။

ဘုရားလောင်းမဟောသဓသုခမိန်၏စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အမတ် ၄-ယောက်တို့အား “ဤသူတို့သည်သာ ငါ၏ရာဇဝတ် မလွတ်သောအမှုကို ပြုကျင့်သူဖြစ်လျက်၊ အပြစ်မရှိသော ငါ့သားသုခမိန်ကို ငါ၏ရန်သူဖြစ်ကြောင်းနှင့် ငါသို့သောမင်းကိုစင်လျက် ပျက်မှုစကား လျှောက်ထားကြသည်ဟု ပြင်းစွာအမျက်ထွက်၍၊ “ယခုပင်လျှင် ငါ၏ရန်သူအမတ် ၄-ယောက်တို့ကို မြို့မှထုတ်ပြီးလျှင် တံကျင်လျှိုလျက် လည်ပင်းကိုလည်း သန်လျက်ဖြင့် ကွပ်မျက်၍ ထင်ရှားအောင်စီရင်”ဟု လက်မရွံ့ထောင်မှူးတို့သို့ စေလိုက်၏။ လက်မရွံ့ ထောင်မှူးတို့လည်း မင်းမိန့်ရှိတိုင်း အမတ် ၄-ယောက်တို့ကို ကြိုးလက်ပြန်ချည်နှောင်ပြီးသော် ကြိမ်လုံးဖြင့် ရာဇဒဏ်အချက် ၁၀၀၀-စီ ရိုက်ပြီးလျှင် မြို့ပြင်ကွပ်မျက်ရာသို့ ထုတ်ဆောင်ကြလေကုန်၏။

မဟောသဓသုခမိန်သည် ထိုအမတ်၄-ယောက်တို့ကို ထုတ်လေသောအခါ “ထိုသူတို့အား ငါမှတစ်ပါး ကိုးကွယ်ရာ မရှိပြီ”ဟုကြံ၍၊ မင်းကြီးအား ဤသို့လျှောက်တင်၏။

“အရှင်မင်းကြီး။ ထိုသူ၄-ယောက်တို့ အရှင့် ရန်သူစင်စစ်မှန်၏။ ထိုသို့မှန်သော်လည်း အရှင့်အမှုတော်ကို အစဉ်မပြတ်ထမ်းရွက်၍နေသော အမတ်ဟောင်း ဖြစ်ပါသောကြောင့် အသက်ဆုံးရှုံးအောင် မစီရင်ထိုက်ပါ။ ထိုသူတို့၌လည်း နောင်မပြုဝံ့အောင် ယခု ကြီးစွာသောရာဇဒဏ် ခံရလျက်ရှိပါပြီ။ မလိမ္မာသောအလျောက် ထိုသူတို့ ပြုကျင့်မိသည့်အပြစ်ကို သည်းခံတော်မူပါ”ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဘုရားလောင်း မဟောသဓစကားကို ကြားလျှင် “ငါ့သားသုခမိန်က ထိုသူတို့အသက်ကို လွှတ်စေလိုလျှင် အသက်ကိုကား ငါ ချမ်းသာပေးတော်မူ၏။ မှူးမတ်စည်းစိမ်၌ကား မတည်စေနှင့်။ ငါ့သားသုခမိန်မှာ ထိုသူ၄-ယောက်တို့ကို အစေအပါးကျွန် ပြုလေတော့”ဟုဆို၍ အမတ်၄-ယောက်တို့ကို ခေါ်စေပြီးလျှင်၊ မဟောသဓ သုခမိန်အား ပေး၏။

မဟောသဓသုခမိန်သည် မင်းရင်ပြင်၌ပင်လျှင် ထိုအမတ် ၄-ယောက်တို့ကို “သင်တို့သည် ငါ၏ကျွန်အဖြစ်မှ လွှတ်စေတော့”ဟုဆို၍ တော်လှန်စေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန် စကားကိုကြားလျှင် “ဤသူ၄-ယောက်တို့ကို ငါ့သားသုခမိန် ကျွန်မပြုလိုလျှင် ထိုသူ၄-ယောက်တို့သည် ငါ့နိုင်ငံတော်နှင့် မတန်။ နိုင်ငံတော်မှ ထိုသူတို့ကို နှင်ထုတ်လေ”ဟု စေခန့်ပြန်လေ၏။

မဟောသဓသုခမိန်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ ထိုသူ၄-ယောက်တို့သည် အရှင်မင်းကြီးမှတစ်ပါး ကိုးကွယ်ရာ မရှိပါ။ မလိမ္မာသောအလျောက် အမှားကိုအမှန်ထင်၍ ပြုကျင့်မိသော ထိုသူတို့အပြစ်ကို သည်းခံတော်မူလျက် အထက်ချီးမြှောက်တော်မူမြဲ မှူးမတ်စည်းစိမ်ကိုပေး၍ သူကောင်းပြုတော်မူပါ”ဟု တောင်းပန်လျှောက်ထားသဖြင့် အမတ်၄-ယောက်တို့ကို ပြကတေ့အတိုင်း မှူးမတ်စည်းစိမ်၌တည်စေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် “ငါ့သားသုခမိန်ကား မိမိစည်းစိမ်အသက် ပျက်စီးကြောင်း မကောင်းသဖြင့်ကြံ၍ ရန်သူပြုသော အမတ်၄-ယောက်တို့ကိုလျက်လည်း အမျက်ရန်ငြိုးမသို မေတ္တာစိတ်ကိုသာ ရှေးရှုပြုတုံသေး၏။ မိမိအား ကြီးစွာသော အချီးအမြှောက်ဖြင့် သူကောင်းပြုသောငါ့ကိုကား ဆိုဖွယ်ရာမရှိ။ ငါ့သား ငါ့ကို လွန်စွာချစ်မြတ်နိုးခြင်းဖြင့် ငါ၏အကျိုးစီးပွားကိုသာ ဆောင်ရွက်အံ့သည် မချွတ်ရာ” ဟုကြံ၍၊ ရှေးထက်လွန်စွာ ယုံကြည်မြတ်နိုးခြင်းဖြစ်သဖြင့် ဘုရားလောင်းမဟောသဓသုခမိန်အား စစ်ဘုရင်သေနာပတိအရာကို ထပ်၍ပေးပြန်လေ၏။ အမတ်၄-ယောက်တို့သည်လည်း ထိုရာဇဒဏ်ခံရသောနေ့မှစ၍ အစွယ်ကျိုးသောမြွေကဲ့သို့ ဘုရားလောင်း မဟောသဓသုခမိန်နှင့် တုပြိုင်၍ တစ်ခွန်းသောစကားကိုမျှ မဆိုဝံ့သဖြင့် အဆိပ်အတောက်မရှိသည်သာ ဖြစ်ကုန်၏။

ဤကား ဘုရားလောင်းမဟောသဓအား ၉-ကြိမ်မြောက်သော မင်း၏အချီးအမြှောက်ကို ခံရခြင်းတည်း။

ဤတွင်ရွေ့ကား အမတ်၄-ယောက်တို့သည် ဘုရားလောင်းအား အကော်ကြံ၍ အတန်တန်ဖျက်ဆီးကြသည့်စကားကို ဆိုသောအခန်း ပြီး၏။