မဟောသဓဇာတ်တော်ကြီး/အခန်း-၃၄

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၄။ မဟောသဓသုခမိန် နိုင်ငံတော်ကို ပြုပြင်ခန်း

ဘုရားလောင်း မဟောသဓသုခမိန်သည် အမတ် ၄-ယောက်တို့၏ မာန်စွယ်ကို နုတ်ပယ်ချိုးဖြတ်လျက် မြင့်မြတ်သော သေနာပတိအရာကို ရသည်မှစ၍ ဝိဒေဟရာဇ်မင်းကြီးအား အကျိုးအကြောင်းနှင့်စပ်ယှဉ်သဖြင့် မင်းတို့ကျင့်ရာ ဆောင်ရာသည့် တရားလမ်းကြောင်း ထုံးဟောင်းဥပဒေတို့ကို ညွှန်ပြဆုံးမလျက် “မင်းကြီးမှာ ထီးနန်းစည်းစိမ်၌သာ ကြောင့်ကြမဲ့ စိတ်နှလုံးချမ်းငြိမ်းစွာ စိုးစံတော်မူ၍ နေတော်မူစေ။ ပြည်ထဲရေးဆိုရာမှာ ငါ၏တာဝန်ဖြစ်တော့သည်။ မမေ့မလျော့ လုံ့လပြုအပ်၏”ဟု ကြံပြီးလျှင်၊ မြို့ကို အသစ်စီရင်အံ့သောငှာ ပြည်သူပြည်သားတို့ကို ဆိုင်ရာခန့်ထား၍ စည်းဝေးစေပြီးသော် ရှေးမြို့ဟောင်းကိုချဲ့ထွင်သဖြင့် မြို့ကြီးတည်ပြန်၏။

မြို့ကြီးပြင်၌ ရန်သူတို့သည် ခုံတမင် မချဉ်းမကပ်ဝံ့အောင် ရှုကြည့်၍လည်း တင့်တယ်ကြောင်း မထောင့်မယွန်းစီရင်၍၊ မြို့ကြီးအောက် စဉ်းငယ်နိမ့်သော မြို့ငယ်တစ်ထပ်ကိုလည်း တည်ပြန်လေ၏။ ထိုမြို့တံတိုင်း၂-ထပ်တို့၌လည်း တံခါး, ပစ္စင်, ပြ, တန်ဆောင်း, သူရဲပြေး, သူရဲခို, ရင်လျှောက် အလုံးစုံသော မြို့အဆောက်အဦတို့ကို ပြီးစေသဖြင့် မြို့ပြင်၌လည်း ခလုတ်ဆူးငြောင့်တို့ဖြင့် ရန်သူတို့ကိုဟန့်ဆီးစေခြင်းငှာ ခြောက်သွေ့သောကျုံး တစ်ထပ်တူးစေ၍၊ ထိုကျုံး ၆-ပြင်၌ ရွှံ့ညွန်တို့ဖြင့်ပြည့်သော ညွန်ကျုံးတစ်ထပ် ရံ၏။ ထိုညွန်ကျုံးပြင်၌ ငါး, လိပ်, မကန်း, မိကျောင်း, လင်းပိုင်တို့ဖြင့်ပြွမ်းသော ရေကျုံးတစ်ထိပ် ရံ၏။ ထိုသို့မြို့ပြင်၌ ကျုံးခြောက်, ညွန်ကျုံး, ရေကျုံးအားဖြင့် ကျုံး ၃-ထပ် ရံစေ၏။ မြို့တို့၌လည်း အိမ်ဆိုးအိမ်ဟောင်းတို့ကို မရှိစေရဘဲ အိမ်သစ်အိမ်ခိုင်တို့ကိုသာ ဆောက်လုပ်၍နေစေ၏။ ၄-ထောင့်ကန်ကြီးတို့ကိုလည်း အသီးအသီး မြို့တွင်း၌ များစွာတူးစေ၏။ ထိုကန်တို့၌ ရေမပြတ်နေစိမ့်သောငှာ ကောင်းစွာစီရင်လျက်၊ မပြိုမပျက်စေခြင်းငှာ ရေလွှတ်ရာ ပြွန်ပေါက်တို့ကို အသီးအသီး ထားစေ၏။ ဈာန်သမာပတ်နှင့် ပြည့်စုံကုန်သော ဆရာရှင်ရသေ့တို့ကိုလည်း “ဟိမဝန္တာမှ ကုမုဒြာရာကြာစေ့တို့ကို ဆောင်ယူတော်မူခဲ့ပါ”ဟုလျှောက်၍၊ ရှင်ရသေ့တို့ဆောင်ယူခဲ့သဖြင့် ကုမုဒြာကြာစေ့တို့ကို ထိုရေကန်၌ ပြင်ဆင်စိုက်ပျိုးစေ၏။ မြို့ပြင်၌ ဇရပ်ဟောင်း ဇရပ်ဆိုးတို့ကိုလည်း အသစ်ဆောက်လုပ်ပြင်ဆင်စေ၏။ ထိုအလုံးစုံကို ပြင်ဆင်ခြင်းသည်ကား ဘုရားလောင်းသည် မြို့၏အတင့်အတယ် ဂုဏ်ကျက်သရေကိုလို၍ စီရင်သည်မဟုတ်။ ပြည်သူပြည်သားတို့အား တစ်ပါးရန်သူ မပြုမမှောင့် မနှောင့်မယှက်နိုင်စေသောငှာ စီရင်သတည်း။

ထိုအခါ တစ်ပြည်တစ်နိုင်ငံမှ လှေ,သင်္ဘောကုန်သည်၊ လှည်း,ခြေကျင်,ဝန်တင်ကုန်သည် အပေါင်းတို့လည်း ရောင်းဝယ်ခြင်းငှာ မိထိလာပြည်သို့ များစွာဆူလှယ် အသွယ်သွယ်အထပ်ထပ် မပြတ်လျှင် ရောက်ပေါက်ကြကုန်၏။ မဟောသဓသုခမိန်သည် ထိုသို့ရောက်လာကုန်သော ကုန်သည်တို့ကိုခေါ်စေ၍ “သင်တို့။ အဘယ်ပြည်ကပေနည်း”ဟု မေးလျှင်၊ “အကျွန်ုပ်တို့ကား ဤမည်သော ပြည်ကတည်း”ဟု ကုန်သည်တို့ လျှောက်ကြားလျှင် မဟောသဓသုခမိန်သည် “သင်တို့။ ပြည်ထဲရှင်မင်းကြီးကား အဘယ်မည်သောဥစ္စာကို မြတ်နိုးနှစ်သက်တော်မူသနည်း”ဟုမေး၏။ ကုန်သည်တို့လည်း “အရှင်။ အကျွန်ုပ်တို့အရှင်မင်းကြီးကား ဤမည်သောဥစ္စာကို မြတ်နိုးနှစ်သက်တော်မူပါ၏”ဟု လျှောက်ကြားလတ်သော်၊ မဟောသဓသုခမိန်သည် ထိုကုန်သည်တို့အား ကောင်းမွန်စွာကျွေးမွေးပြုစု၍ ပေးကမ်းချီးမြှောက်၏။

ဤသို့ကုန်သည်တို့ကိုမေး၍ ၁၀၀-သောမင်းတို့၏ နှစ်သက်ရာကိုသိပြီးသော် မဟောသဓသုခမိန်သည် ဖွားဖက်၁၀၀၀-တို့တွင် ဥပါယ်တံမျဉ်၌ လိမ္မာရဲရင့်စွာ အရှင့်အမှုကို ယုံမှတ်တိုင်း အခွင့်ကုန်အောင် ဆောင်စွမ်းရှိသူ ဖွားဖက်အရေအတွက် ၁၀၀-ရွေးကောက်ပြီးလျှင် “အချင်းတို့။ သင်တို့သည် ဤမည်သောလက်ဆောင်နှင့် ၁၀၀-သော ထီးဆောင်းမင်းတို့သို့ အသီးအသီး တစ်ယောက်စီသွား၍ခစားလျက် အခိုက်အတန့်မျှ နေကြရမည်။ သင်တို့ သား, မယားဆိုသည်မှာ ငါ၏တာဝန် ဖြစ်စေ။ ငါ ကောင်းစွာကြည့်ရှု မွေးကျွေးအံ့။ သားမယားကြောင့် စိုးရိမ်ခြင်းမည်သည် မရှိကြနှင့်။ သင်တို့သည် အသီးအသီး တစ်နိုင်ငံမင်းထံတို့၌ ဤလက်ဆောင်တို့ကိုဆက်၍ ထိုမင်းတို့မြတ်နိုးကြောင်း ကောင်းစွာလုံ့လသတိရှိသဖြင့် သင်တို့နေသည့်အရပ်ကိုလည်း မသိစေရဘဲ အတွင်းသားဖြစ်အောင် ခစားလျက် ထိုမင်းတို့၏ အမူအရာအကြံအစည်ကို မပြတ်ကြည့်ရှုနားထောင်၍ အကြောင်းရှိလျှင် စကားအလုံးစုံကို သင်တို့ကြားသိတိုင်း ငါ့ထံသို့ စေလွှတ်လိုက်”ဟု မှာထားပြောဆိုပြီးသော်၊ ထိုတစ်နိုင်ငံမင်းတို့နှစ်သက်ရာ အချို့သောမင်းတို့အား ပတ္တမြားနားတောင်း၊ အချို့သောမင်းတို့အား ရွှေခြေနင်း၊ အချို့သောမင်းတို့အား သန်လျက်, အချို့သောမင်းတို့အား သင်းကျစ်, အချို့သောမင်းတို့အား ရွှေစင်၊ ဤသို့သောလက်ဆောင်တို့ကို အသီးအသီး ကမ္ပည်းလိပ်ထိုးပြီးလျှင် “အကြင်အခါ ငါ၏ အကယ်၍ ပြုဖွယ်ကိစ္စရှိအံ့။ ထိုအမှုရှိသောအခါ ငါ၏ပဏ္ဏာလက်ဆောင်သည် ထင်ရှားစေသတည်း”ဟု ဓိဋ္ဌာန်ပြီးမှ၊ ထိုအလုံးစုံသော လက်ဆောင်တို့ကို ဖွားဖက်သူရဲကောင်း ၁၀၀-တို့အား အသီးအသီးပေးအပ်၍ ထိုထိုသော တစ်ပြည်တစ်နိုင်ငံတို့သို့ အသီးအသီး စေလွှတ်လိုက်၏။

၁၀၀-သော သူရဲကောင်းတို့သည်လည်း မဟောသဓသုခမိန် စေလွှတ်တိုင်း တစ်နိုင်ငံမင်းတို့သို့ အသီးအသီးသွား၍ မိမိတို့၌ပါသော လက်ဆောင်တို့ကို မင်းအား ဆက်၏။ ထိုမင်းတို့လည်း “အဘယ်အကြောင်းကြောင့် ဤ ငါ၏ပြည်သို့ လာသနည်း”ဟုမေးလျှင်“အရှင်မင်းကြီး။ ကိုယ်တော်၏ခြေရင်း၌ ခစားလျက် ကျွန်တော်မျိုးခံလိုသောကြောင့် ရောက်ပါသည်”ဟု လျှောက်ဆိုကြကုန်၏။

ထိုတစ်နိုင်ငံမင်းတို့လည်း “ငါ့ထံသို့ ခစားအံ့သောငှာ ရောက်၏ဟူသော် အဘယ်ပြည်ကနည်း”ဟု မေးကြကုန်၏။ သူရဲတို့လည်း မိမိနေရပ်ကို မသိစေဘဲ “အရှင်မင်းကြီး။ အကျွန်ုပ်ကား ဤမည်သော ပြည်ကပေတည်း”ဟု တစ်ပါးသောပြည်ကို လွှဲဖယ်၍လျှောက်ကြကုန်၏။ ထိုတစ်နိုင်ငံမင်းတို့သည်လည်း မိမိတို့နှစ်သက်အပ်သော ပဏ္ဏာလက်ဆောင်ကိုရသဖြင့် ဝမ်းမြောက်ဝမ်းသာရှိ၍ ထိုသူရဲကောင်း ၁၀၀-တို့ကို အသီးအသီးသူကောင်းပြုပြီးလျှင် အတွင်း၌ ခစားစေကုန်၏။ သူရဲကောင်း ၁၀၀-တို့သည်လည်း တစ်နေ့မပြတ်လျှင် အမှုအခွင့်ကို ကြည့်ရှုနားထောင်လျက် ထိုထိုသောမင်းတို့အား အသီးအသီးခစား၍နေကြကုန်၏။