မဟောသဓဇာတ်တော်ကြီး/အခန်း-၃၂

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၂။ ဒေဝဓီတာ ပုစ္ဆိတ ပဉှာခန်း

ဤသို့ ဘုရားလောင်း မဟောသဓသုခမိန် တရားစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ဘုရားလောင်း မဟောသဓသုခမိန်ကို ဆောင်းအပ်သောထီးဖြူရှိသော ရာဇပလ္လင်ပေါ်၌ နေစေပြီးသော် ထီးချက်စောင့်နတ်သမီး မေးအပ်သောပြဿနာကို ဤသို့ ပြန်ကြားမေးမြန်း၏။

“ငါ၏သားတော် သုခမိန်။ ထီးချက်စောင့်နတ်သမီးသည် ညဉ့်အဖို့၌ ၄-ပါးသောပြဿနာကို ၄-ဂါထာဖြင့် ငါ့အားမေး၏။ ငါသည် ထိုပြဿနာ၏အနက်ကို မသိမထင်နိုင်သောကြောင့် သုခမိန် အမတ်၄-ယောက်တို့အား မေးမြန်းပါသော်လည်း ထိုသုခမိန် ၄-ယောက်တို့တွင် တစ်ယောက်သောသုခမိန်မျှ ဤပြဿနာအနက်ကို မသိမထင်ကြဖြစ်၍ ငါ့သားသုခမိန်အား ယခု ငါ မေးပါအံ့။ ဖြေစွမ်းရှိလျှင် ဖြေပါလော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ထီးချက်စောင့်နတ်သမီးကိုထား၍ ထိုနတ်သမီးထက် ပညာရှိသော စာတုမဟာရာဇ်နတ်မင်း, တာဝတိံသာစသော, နတ်, သိကြား, ဗြဟ္မာတို့ပင်လည်း လျှို့ဝှက်သောအနက် ခဲခက်သောပြဿနာကို ဂါထာများစွာနှင့် မေးငြားသော်လည်း အကျွန်ုပ် ဖြေစွမ်းနိုင်ပါ၏။ ဤလောက၌ မည်သည့်သူမဆို ထီးချက်စောင့် နတ်သမီးပင်ဖြစ်စေ၊ အရှင်မင်းကြီးအား မေးလာသော ပြဿနာရှိလျှင် ကြားတော်မူလော့၊ အကျွန်ုပ် ဖြေပါအံ့”ဟု ဆို၏။ ထိုစကားကို ဝိဒေဟရာဇ်မင်းကြီးကြားလျှင် ထီးချက်စောင့်နတ်သမီးမေးသော ၄-ဂါထာကို ဆိုခဲ့ပြီးသောနည်းဖြင့် ပြန်ကြားလေ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ပြဿနာဂါထာ ၄-ခုကိုကြားလျှင် ဤဂါထာကား ဤအနက်ဟု လက်ဝါးပြင်၌ တင်ပြသကဲ့သို့ ထွက်သမျှအဓိပ္ပာယ်ကို အလွယ်တကူ နှလုံးမူကာနှင့် သိမြင်ပြီးသော် ဤသို့ဖြေပေ၏။

“အရှင်မင်းကြီး။ နတ်သမီးအမေးတွင် ရှေးဦးစွာဂါထာ၌ “အကြင်သူက ခြေ,လက်တို့ဖြင့် ပုတ်ခတ်ခြင်းကိုပြု၏။ ထိုသို့ပြုလျက် ထိုပုတ်ခတ်သောသူကိုပင် ခံရသောသူသည် အလွန်ချစ်ခင် လေးမြတ်ခြင်းဖြစ်၏”ဟူရာ၌ ဂါထာအထွက် အနက်အဓိပ္ပာယ်ကား အခြားသူ မဟုတ်ပါ။ ဖွား၍ ၂-လ, ၃-လရှိပြီးသော သားငယ်နှင့် မိခင်, ဖခင်တို့ကို ဆိုပါသည်။ ထိုသားငယ်ကို အမိရင်ခွင်၌ထား၍ နို့တိုက်သောအခါ သားငယ်သည် ရွှင်သောအားဖြင့် မိမိခြေလက်ဖြင့် အမိရင်ကိုလည်းကောင်း, မျက်နှာကိုလည်းကောင်း ကျောက်ကန်ပုတ်ခတ်ခြင်းကို ပြု၏။ မိမိလက်ဖြင့် အမိ၏ဆံပင်ကိုမူလည်း ဆွဲငင်၏။ ထိုသို့ သားငယ် ကျောက်ကန်ပုတ်ခတ် ဆွဲငင်သောအခါ မိခင်သည် “သူယုတ်သား, ခိုးသူသား, မည်သူမည်ဝါသား”ဟု နှုတ်ဖြင့်ဆိုယောင်ကာသာ၊ ကြင်နာခြင်းစိတ်ကား ယိုဖိတ်မတတ်ဖြစ်သဖြင့် ထိုသားငယ်ကို မိမိသားမြတ်ကြား၌ အိပ်စေခြင်း၊ အသာအယာပိုက်ဖက်၍ မျက်နှာ, နဖူး, ဒူး, ခြေ, လက်ရုံး စသည်တို့ကို နမ်းရှုပ်ခြင်းကိုပြုလျက် လွန်စွာချစ်ခင်ကြင်နာခြင်း ဖြစ်၏။ အဖသည်လည်း သားငယ်ကိုချီသောအခါ အမိနှင့်အတူပင်လျှင် သားငယ်အား ချစ်ကြင်နာခြင်း ဖြစ်၏။ ဤစကားကိုရည်၍သာလျှင် ရှေးဦးစွာ ဂါထာဖြင့် နတ်သမီးမေးသည်”ဟု ဖြေဆိုတော်မူ၏။

ဤသို့ ဘုရားလောင်းဖြေဆိုသောစကားကို နတ်သမီကြားလေသော် ထီးချက်ကိုဖွင့်လှစ်ပြီးလျှင် ထက်ဝက်သောကိုယ်ကိုပြလျက် “မဟောသဓသုခမိန်သည် ခဲခက်သောပြဿနာကို ကောင်းစွာဖြေဆိုပေစွ”ဟု ကောင်းချီးပေး၍ ပန်းကလပ်ဖြင့် ပြည့်စေအပ်သော အထူးထူးအပြားပြား များစွာသောနတ်ပန်းတို့ဖြင့် ဘုရားလောင်းအား ပူဇော်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း အထူးထူးသောပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြု၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ဒုတိယအမေးကို ဆိုတော်မူလော့”ဟု ဆို၏။ မင်းကြီးသည်လည်း နတ်သမီးမေးသည့်အတိုင်း ဒုတိယဂါထာဖြင့် မေးပြန်၏။ ဘုရားလောင်းမဟောသဓသုခမိန်သည် ထိုဂါထာ၏ အနက်ကိုလည်း ကောင်းကင်ပြင်၌ လစက်ဝန်းကဲ့သို့ ငြိစွန်းမထင် သိမြင်ပြီးဖြစ်၍ “နာတော်မူဦးလော့”ဟုဆိုပြီးလျှင် ဤသို့ဖြေတော်မူပြန်၏။

“အရှင်မင်းကြီး။ ဒုတိယပြဿနာဂါထာ၏အထွက် အနက်အဓိပ္ပာယ်ကား အခြားသူ မဟုတ်ပါ။ အမိအဖတို့အား အစေအပါးရလောက်ပြီးသော ၇-နှစ်, ၈-နှစ်အရွယ် သားငယ်နှင့် မိဘတို့ကို ဆိုလိုပါသည်။ အမိသည် ၇-နှစ်, ၈-နှစ် ရှိပြီးသော သားငယ်ကို “ချစ်သား။ ဤမည်သောအရပ်သို့ သွားပါချေဟု လယ်တောသို့လည်းကောင်း, ကုန်ရောင်းဝယ်ရာသို့လည်းကောင်း၊ သူတစ်ပါးအိမ်သို့လည်းကောင်း၊ မိမိအလိုရှိရာသို့ သွားပါချေ”ဟု မိခင်စေခိုင်းလျှင်၊ ထိုသားငယ်သည် “ငါ့အား မိခင်။ အဘယ်စားဖွယ်, ခဲဖွယ်ကိုပေးမည်နည်း။ ဤမည်သော ခဲဖွယ်စားဖွယ်ကိုပေးလျှင် သွားအံ့”ဟုဆိုသည်ကို မိခင်သည် သားဆိုတိုင်းပင်လျှင် လိုရာခဲဖွယ်စားဖွယ်ကို ပေး၍၊ ရလျှင် အမိစေခိုင်းရာသို့မသွားဘဲ သူငယ်ဖော် ကစားဖက်တွေ့လျှင် ထိုတွေ့ရာ၌သာ ကစား၍နေလေပြီးမှ အိမ်သို့ပြန်သဖြင့်၊ အမိက “ချစ်သား။ မိခင်စေခိုင်းရာ ရောက်ခဲ့ပါ၏လော”ဟု မေးလျှင် ထိုသူငယ်သည် အမိထံသို့မချဉ်းကပ်ဘဲ အိမ်ရိပ်ကသာနေလျက် မာနပြုသောအားဖြင့် “အမိစေရာ ငါမသွား” ဟု လက်ခြေကို ခါတွက်ခုန်ပေါက်၍ ဆောင့်အောင့်မြည်တမ်းခြင်းကို ပြု၏။ အမိသည် သားငယ်ကို “လာခဲ့”ဟုခေါ်သော်လည်း သားငယ် မလာလိုလတ်သော် ဝါးခြမ်းစိတ် စသည်ကိုကိုင်လျက် ရိုက်အံ့ဟုလိုက်လျှင် သူငယ်သည်လည်း ဆဲရေးလျက် လွတ်ရာပြေးလေသဖြင့် အမိသည် သားကို မမီနိုင်ခြင်းကြောင့် အမျက်ထွက်၍ “ဟယ်၊ အယုတ်သား။ ဆင်တိုး၍ သေပါလေစေ၊ ကျွဲရိုင်းခတ်၍ သေပါလေစေ” စသည်ဖြင့် ကျိန်ဆဲလိုက်၏။

“ထိုသူငယ်သည်လည်း ညဉ့်တိုင်သောအခါ အိမ်သို့ မချဉ်းဝံ့သဖြင့် မိကြီး, မိထွေး, ဘထွေး, ဘကြီးစသော ဆွေမျိုးတို့အိမ်သို့ သွား၍နေလေ၏။ မိခင်သည် သားအချိန်တန်၍ မလာလတ်သော် “ငါ့သားသည် ငါဆဲရေး ခြိမ်းခြောက်လိုက်သဖြင့် အိမ်သို့မချဉ်းဝံ့သောကြောင့် ထွက်ပြေးလေသည်။ ယခုအချိန်တန်၍မှ မပေါ်ရောက်လာ။ အဘယ်မှာ ရှိလိမ့်အံ့နည်း”ဟု ပြင်းစွာနှလုံးပင်ပန်းလျက် လမ်းခရီး၌ လှည့်လည်ရှာဖွေခေါ်သဖြင့် ဆွေမျိုးအိမ်တွင် သားငယ်ကို တွေ့မြင်သောအခါ ယိုစီးသောမျက်ရည်ဖြင့် သားငယ်ကိုဆွဲလျက် နဖူးစသည်တို့ကိုနမ်းရှုပ်၍ “ချစ်သား။ မိခင်ဆဲရေးသည်ကို စိတ်ထားသလော”ဟု ဆိုပြောချောမော့ကာသာလျှင် အိမ်သို့ခေါ်ဆောင်ခဲ့၏။ ဤသို့ အမိသည် သားငယ်ကို အလွန်အမျက်ထွက်၍ ဆဲဆိုသော်လည်း နှလုံးတွင်း၌ အလွန်သိမ်မွေ့သဖြင့် ချစ်မြတ်နိုးခြင်း ဖြစ်၏။ ဤ ၇-နှစ် ၈-နှစ်အရွယ်ရှိသောသားနှင့် မိဘတို့ကိုရည်၍ ဤဂါထာဖြင့် နတ်သမီး မေးပါသည်”ဟု ဖြေဆို၏။

ဤဒုတိယဂါထာကို ဖြေသောအခါ၌လည်း နတ်သမီးသည် ရှေးနည်းအတူ ကောင်းချီပေး၍ နတ်ပန်းဖြင့် ပူဇော်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ရှေးနည်းအတူ ပန်းဖြင့် ပူဇော်ခြင်းကိုပြု၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ တတိယအမေးကို ဆိုတော်မူဦးလော့”ဟုဆို၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း နတ်သမီးမေးသောနည်းဖြင့် တတိယဂါထာဖြင့် မေးပြန်၏။ ဘုရားလောင်း မဟောသဓသုခမိန်သည် ထိုဂါထာကိုကြားလျှင် ကောင်းကင်ပြင်၌ လစက်ဝန်းကဲ့သို့ ငြိစွန်းမထင် သိမြင်သည်ဖြစ်၍ “အရှင်မင်းကြီး၊ နာတော်မူဦးလော့”ဟုဆိုလျက် ဤသို့ဖြေပြန်၏။

“အရှင်မင်းကြီး။ ဤတတိယဂါထာ၏အထွက် အနက်အဓိပ္ပာယ်မှာ အခြားသူမဟုတ်။ အရွယ်ရှိကြသေးသော လင်နှင့်မယားကို ရည်၍ဆိုပါသည်။ အကြင် လင်မယား၂-ယောက်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ၂-ယောက်တည်းချင်း လူမှု၌ပျော်ရွှင်ကြသောအခါ လင်သည် မယားကို မနာလိုမနှစ်သက်အောင် “သင့်ကို ကြိုက်ချစ်သော ယောက်ျားမည်သူကား ပညာစည်းစိမ် ငါ့ထက်သာပေသဖြင့် ချစ်လောက်ပေ၏”ဟု မဟုတ်မမှန်သော စကားဖြင့်မူလည်း စွပ်စွဲ၏။ “သင့်ကိုမြင်လျှင် အော့ချင်အန်ချင် နှလုံးဆို့မြို့ ရှိ၏။ သင် ငါ့ကိုကွာပါလေသော် တခြားမှာရှိသည့်မယားနှင့် နေရလေ၏” စသည်ဖြင့် မုန်းဟန်စကားကို ဆို၏။ မယားသည်လည်း လင်ကို ထို့အတူပင်လျှင် လောကီပျော်ရွှင်မှုနှင့် စွပ်စွဲဆိုမြည်လျက် မုန်းဟန်အယောင်ဆောင် ပြု၏။ ထိုသို့ဖြစ်ကြသော်လည်း ထိုလင်မယား ၂-ယောက်တို့သည် ထိုအခိုက်၌သာလျှင် လွန်စွာလျှင် ကြင်နာချစ်ခင်ခြင်း ဖြစ်ကြကုန်၏။ ဤသို့ လင်မယား ၂-ယောက်ကိုရည်၍သာ ဤတတိယဂါထာကို နတ်သမီး မေးလေသည်”ဟု ဆို၏။

ထိုတတိယဂါထာကို ဖြေသောအခါ၌လည်း ရှေးနည်းအတူပင် နတ်သမီး ပူဇော်ပြန်၏။ ဝိဒေဟရာဇ်မင်းကြီးလည်း ရှေးနည်းအတူပင် ပူဇော်ပြန်၏။

ဘုရားလောင်းသုခမိန်သည် “အရှင်မင်းကြီး။ စတုတ္ထဂါထာကို ဆိုတော်မူဦးလော့”ဟု ဆို၏။ မင်းကြီးသည်လည်း နတ်သမီးမေးတိုင်း စတုတ္ထဂါထာကို ပြန်ကြား၏။ ဘုရားလောင်း မဟောသဓသုခမိန်သည် ထိုပြဿနာ၏အနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည်ဖြစ်၍ “အရှင်မင်းကြီး။ နာတော်မူဦးလော့”ဟု ဆို၍ ဤသို့ဖြေပြန်၏။

“အရှင်မင်းကြီး။ ဤပြဿနာ ဂါထာအထွက် အနက်အဓိပ္ပာယ်မှာ အခြားသူမဟုတ်။ တရားစောင့်သော ရဟန်း, ပုဏ္ဏားတို့ကိုရည်၍ နတ်သမီး ဆိုပါသည်။ ထိုတရားစောင့်သော ရဟန်း, ပုဏ္ဏားတို့သည် ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သောကြောင့် ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ ပစ္စုပ္ပန်လောက, တမလွန်လောကကိုလည်းကောင်း ယုံကြည်ခြင်းသဒ္ဓါတရားနှင့် ပြည့်စုံကုန်သောသူတို့သည် ထိုရဟန်း, ပုဏ္ဏားတို့ တောင်းသည်မူလည်း ဖြစ်စေ၊ မတောင်းသည်လည်း ဖြစ်စေ မိမိတို့၌ အားနှင့်ထိုက်လျော်သော လှူဖွယ်ဝတ္ထုတို့ကို ထိုရဟန်းပုဏ္ဏားတို့အား ပေးလှူ၏။ ပေးလှူသော မိမိပစ္စည်းဥစ္စာတို့ကို ထိုရဟန်းပုဏ္ဏားတို့ သုံးဆောင်တိုင်းပင်လျှင် အလွန်နှစ်သက်မြတ်နိုးခြင်း ဖြစ်၏။ အရှင်မင်းကြီး။ အကျွန်ုပ်ဖြေဆိုသောစကားသည် စင်စစ်လျှင် မှန်၏။ ခပ်သိမ်းကုန်သောသူတို့သည် မိမိဥစ္စာကို အခါခါ တောင်းတတ်သောသူကိုလည်း မုန်းတတ်၏။ အကျွမ်းတဝင်ယူ၍ ကြိမ်ဖန်များစွာသုံးတတ်သောသူကိုလည်း မုန်းတတ်၏။ ထိုသို့လျက် သဒ္ဓါတရားနှင့်ပြည့်စုံသောသူတို့သည် တရားစောင့်ကုန်သော ရဟန်း,ပုဏ္ဏားတို့အား မိမိတို့ပစ္စည်းကို သုံးဆောင်တိုင်းပင် သာ၍ မြတ်နိုးကြည်ဖြူခြင်းသာလျှင် ဖြစ်ကုန်၏။ ဤသဒ္ဓါတရားရှိသောသူနှင့် ရဟန်းပုဏ္ဏားတို့ကိုရည်၍ ဤပြဿနာကို နတ်သမီး မေးပါသည်”ဟု ဆို၏။

ထိုပြဿနာကို ဖြေသောအခါ၌လည်း ထီးချက်စောင့်နတ်သမီးသည် အလွန်နှစ်သက်ခြင်း ရှိသည်ဖြစ်၍ ရှေးနည်းအတူ ကောင်းချီးပေးပြီးလျှင် “ရတနာ ၇-ပါးဖြင့်ပြီးသော ပန်းကလပ်ကို သုခမိန်အား ပူဇော်ပါ၏။ “ယူလော့”ဟုဆိုပြီးလျှင် ဘုရားလောင်းအနီးသို့ ချလိုက်၏။ မင်းကြီးသည်လည်း ဤသို့သောပြဿနာ ၄-ဂါထာ၏အနက်ကို ဖြေဆိုပြီးသော် အလွန်နှစ်သက် မြတ်နိုးခြင်း ရှိသည်ဖြစ်၍ “ငါ့သားတော်သုခမိန်သည် မင်းသားငယ်တို့၏အရာနှင့် မတန်။ သေနာပတိဟုဆိုအပ်သော စစ်ဘုရင်၏ အရာထူးအရာမြတ်နှင့်သာ ထိုက်တန်၏”ဟု အိမ်ရှေ့မင်း၏အရာ အဆောင်အရွက်ကိုသာချန်ထား၍ အတုမရှိသော အချီးအမြှောက်ဖြင့် ဘုရားလောင်းအား စစ်ဘုရင် သေနာပတိအရာကို ပေးလေ၏။

ဤကား ဘုရားလောင်းအား ၈-ကြိမ်မြောက်သော မင်း၏အချီးအမြှောက်ကို ခံရခြင်းတည်း။