မဟောသဓဇာတ်တော်ကြီး/အခန်း-၃၁

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၁။ ဘူရိပဉှာခန်း

မဟောသဓသုခမိန်သည် ဒက္ခိဏယဝ မဇ္ဈဂုံးရွာ၌ နေရသောအခါ ဝိဒေဟရာဇ်မင်းကြီး၏နန်းတော် ရာဇပလ္လင် ဥကင်ကနက် ထီးချက်၌စောင့်သောနတ်သမီးသည် မဟောသဓသုခမိန် ထွက်ပြေးသည်မှစ၍ နန်းတော်၌ ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားနှင့်စပ်လျဉ်းသော တရားစကားကို ပြညွှန်ဟောကြားမည့်သူမရှိသဖြင့် ဆိတ်ခြင်းသို့ရောက်၍ မဟောသဓသုခမိန်၏တရားစကားကို မကြားနာရသောကြောင့်၊ အခါခပ်သိမ်းကား ဤနန်းတော်၌ မဟောသဓသုခမိန်သည် နေ့တိုင်းမပြတ် ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားနှင့်စပ်သော တရားစကားညွှန်ပြဟောကြား၏။ ယခုမူကား မဟောသဓသုခမိန်၏ တရားစကားကို မကြားမနာရ။ “မဟောသဓသုခမိန်သည် အသို့ရှိသနည်း”ဟု ဆင်ခြင်လေသော်၊ မင်းမျက်သင့်၍ တစ်ယောက်တည်း ထွက်ပြေးရကြောင်းကို သိမြင်လေလျှင် “ဤမင်းကြီးအားသက်သက်သာ “မဟောသဓသုခမိန်ကို ခေါ်ပါ” ဟု ငါဆိုချေက ငါ့စကားကို မနာမယူရာ။ ထိုသို့ဖြစ်၍ မဟောသဓသုခမိန်ကို ခေါ်စေကြောင်း ကောင်းမြတ်သောအနက်နှင့် လျှို့ဝှက်သောပြဿနာပြု၍ ငါမေးအံ့”ဟု ကြံပြီးသော် ညဉ့်အခါ၌ ထီးချက်ကိုဖွင့်လှစ်ပြီးလျှင် စတုက္ကနိပါတ်ကျမ်း၌ လာသောဂါထာဖြင့် ပြဿနာ ၄-ပါး ကို မင်းကြီးအား ဤသို့မေး၏။

“ဟန္တိ ဟတ္ထေဟိ ပါဒေဟိ၊ မုခဉ္စ ပရိသုမ္ဘတိ။

သ ဝေ ရာဇ ပိယော ဟောတိ၊ ကံ တေန တွာဘိပဿသိ။”

“အက္ကောသတိ ယထာကာမံ၊ အာဂမဉ္စဿ ဣစ္ဆတိ။

သ ဝေ ရာဇ ပိယော ဟောတိ၊ ကံ တေန တွာဘိပဿသိ။”

“အဗ္ဘက္ခာတိ အဘူတေန၊ အလိကေနာဘိသာရယေ။

သ ဝေ ရာဇ ပိယော ဟောတိ၊ ကံ တေန တွာဘိပဿသိ။”

“ဟရံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။

အညဒတ္ထု ဟရာယန္တိ ၊ သ ဝေ ရာဇ ပိယော ဟောတိ။

ကံ တေန တွာဘိပဿသိ။”

ရာဇ၊ မင်းကြီး။ ဟတ္ထေဟိ စ၊ လက်တို့ဖြင့်လည်းကောင်း။ ပါဒေဟိ စ၊ ခြေတို့ဖြင့်လည်းကောင်း။ ဟန္တိ၊ ပုတ်ခတ်၏။ မုခဉ္စ၊ မျက်နှာကိုလည်း။ ပရိသုမ္ဘတိ၊ ပုတ်ခတ်၏။ သော၊ ထိုသူကို။ ဝေ ဧကန္တေန၊ စင်စစ်သဖြင့်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ချစ်ခင်အပ်သောကြောင့်။ ကံ၊ အဘယ်မည်သော ပုဂ္ဂိုလ်ဟူ၍။ တွံ၊ သင်မင်းကြီးသည်။ အဘိပဿသိ၊ မြင်မည်နည်း။

ရာဇ၊ မင်းကြီး။ ယထာကာမံ၊ အလိုရှိတိုင်း။ အက္ကောသတိ၊ ဆဲရေးတတ်၏။ အဿ၊ ထိုသူ၏။ အာဂမဉ္စ၊ လာခြင်းကိုလည်း။ ဣစ္ဆတိ၊ အလိုရှိ၏၊ သ-သော၊ ထိုသူကို။ ဝေ ဧကန္တေန၊ မလွဲသဖြင့်။ ပိယော၊ ချစ်အပ်သော။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ချစ်အပ်သောကြောင့်။ ကံ၊ အဘယ်မည်သောပုဂ္ဂိုလ်ဟူ၍။ တွံ၊ သင်မင်းကြီးသည်။ အဘိပဿတိ၊ မြင်မည်နည်း။

ရာဇ၊ မင်းကြီး။ အဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ အဗ္ဘက္ခာတိ၊ စွပ်စွဲ၏။ အလီကေန၊ မမှန်သောစကားဖြင့်။ အဘိသာရယေ၊ အောက်မေ့စေ၏။ သ-သော၊ ထိုသူကို။ ဝေ ဧကန္တေန၊ မလွဲသဖြင့်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ချစ်ခင်အပ်သောကြောင့်။ ကံ၊ အဘယ်မည်သောပုဂ္ဂိုလ်ဟူ၍။ တွံ၊ သင်မင်းကြီးသည်။ အဘိပဿသိ၊ မြင်မည်နည်း။

ရာဇ၊ မင်းကြီး။ အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။ ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း။ ဝတ္ထသေနာသနာနိစ၊ အဝတ် အိပ်ရာ နေရာတို့ကိုလည်းကောင်း။ ဟရံ ဟရန္တော၊ ဆောင်လေလျှင်။ အညဒတ္ထု၊ အကယ်မလွဲသဖြင့်။ ဟရာယန္တိ၊ ဆောင်စေကုန်၏။ သ-သော၊ ထိုသူကို။ ဝေ ဧကန္တေန၊ စင်စစ်သဖြင့်။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ချစ်အပ်သောကြောင့်။ ကံ၊ အဘယ်မည်သော ပုဂ္ဂိုလ်ဟူ၍။ တွံ၊ သင်မင်းကြီးသည်။ အဘိပဿသိ၊ မြင်မည်နည်း။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကြင်သူသည် အကြင်သူကို လက်ဖြင့်လည်းကောင်း ခြေဖြင့်လည်းကောင်း ရင်,မျက်နှာစသည်တို့၌ ပုတ်ခတ်အပ်၏။ ထိုသို့ပုတ်ခတ်လျက်လျှင် ပုတ်ခတ်သောသူကို ခံရသောသူသည် အလွန်မြတ်လေးခြင်းဖြစ်၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်ဖြစ်မည်ဟု သင်မင်းကြီး ထင်ဘိသနည်း။”

“အရှင်မင်းကြီး။ အကြင်သူကို အကြင်သူသည် အလိုရှိတိုင်း ဆိုမြည်ဆဲရေး၏။ ထိုသို့ဆဲရေးလျက် ထိုသူ၏လာခြင်းကိုကား အလိုရှိ၏။ ထိုသို့ဆဲရေးလျက်လည်း ထိုသူ၏လာခြင်းကို အလိုရှိသည်ဖြစ်၍ ထိုသူကို စင်စစ်သဖြင့် အလွန် ချစ်မြတ်လေးခြင်းဖြစ်၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်ဖြစ်မည်ဟု သင်မင်းကြီး ထင်ဘိသနည်း။”

“အရှင်မင်းကြီး။ အကြင်သူကို အကြင်သူသည် မဟုတ်မမှန်သောစကားဖြင့် ယိုးစွပ်၏။ ပျက်မှုစကား နားမကြည်ဖြူ ထိုသူမနှစ်မြို့ မနာလိုအောင် ဆို၏။ ထိုအစွပ်အစွဲကို ခံရသူကလည်း ယိုးစွပ်သူကို တစ်ဖန်ပြန်လှန်၍ မဟုတ်မမှန်သောစကားဖြင့်ပင်လျှင် ယိုးစွပ်ပြန်၏။ ထိုအချင်းချင်း ပျက်မှုစကားနှင့် နားမခံသာအောင် တစ်ယောက်ကိုတစ်ယောက် ယိုးစွပ်ဆိုမြည်လျက်လျှင် စင်စစ်သဖြင့် အလွန်ချစ်မြတ်လေးခြင်း ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်ဖြစ်မည်ဟု သင်မင်းကြီး ထင်ဘိသနည်း။”

“အရှင်မင်းကြီး။ အကြင်သူသည် အကြင်သူ၏ ထမင်း, အဖျော်, အဝတ်ပုဆိုး, အိပ်ရာ, နေရာတို့ကို လိုရာဆောင်ယူ၍ သုံးဆောင်၏။ ထိုသို့ မိမိဥစ္စာကိုယူ၍ သုံးဆောင်သူဖြစ်လျက်လည်း ဥစွာရှင်သည် ထိုသူယူ၍ သုံးဆောင်တိုင်းပင်လျှင် အလွန် ချစ်မြတ်လေးခြင်း ဖြစ်၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်ဖြစ်မည်ဟု သင်မင်းကြီး ထင်ဘိသနည်း။ ဤသို့သော ပြဿနာ၄-ပါးကို မင်းကြီးဖြေဆိုလော့” ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း “အဘယ်နတ်သမီး။ ဤပြဿနာကို နံနက်မိုးသောက်သောအခါမှ ပညာရှိသုခမိန်တို့ကိုမေး၍ ဖြေအံ့။ သင်နတ်သမီး ငံ့ဦးလော့”ဟု ဆို၏။ နတ်သမီးလည်း “ကောင်းပါပြီ။ မင်းကြီး။ ပညာရှိသုခမိန်တို့ကို မေးဦးလော့”ဟု ဆိုသတည်း။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း “ထိုညဉ့်မိုးသောက် ရောက်လတ်သော် ထိုပြဿနာ၄-ပါးကို ဖြေစိမ့်သောငှာ သုခမိန်အမတ် ၄-ယောက်တို့ကို ခေါ်ချေ”ဟု မင်းချင်းတို့ကို စေလွှတ်၍ခေါ်စေ၏။ သုခမိန်၄-ယောက်တို့လည်း ခေါ်လာသောမင်းချင်းတို့တွင် “အရှင်မင်းကြီး။ အကျွန်ုပ်တို့မှာ ဦးဆံမရှိ ခေါင်းပြည်းရှိခြင်းကြောင့် ခရီးဈေးလမ်းတွင် သူတစ်ပါးမြင်မည်ကို ရှက်လှပါသည်ဖြစ်၍ မရောက်မလာဝံ့ပါ”ဟု လျှောက်ထားလိုက်ကြ၏။

ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန်၄-ယောက်တို့ လျှောက်သည့်စကားကိုကြားသော် “ငါ၏သုခမိန်၄-ယောက်တို့ ခေါင်းပြည်းရှိခြင်းကြောင့် သူတစ်ပါးမြင်မည်ကို ရှက်၍မလာဝံ့လျှင် ဤပေါင်းထုပ်ကို ဖုံးအုံးလျက်လာစေ”ဟု ပေါင်းထုပ်၄-လုံးလုပ်စေ၍ တစ်ယောက်တစ်လုံးစီ ပို့စေ၏။

(တဒါ ကိရ တေနာလိပတ္တာ ဥပ္ပန္နာဟု ဆိုသောကြောင့် အမရာဒေဝီသည် အမတ်၄-ယောက်တို့ကို ဦးခေါင်းပြည်းစေရာတွင်မှ အရှက်ကိုလည်းရ မလှသောဦးခေါင်းကို ဖုံးလွှမ်းခြင်း, မင်းခစားယောက်ျားတို့၌ သိုက်မြိုက်ဖွယ်ရာ ရှိစေခြင်းငှာ ဝိဒေဟရာဇ်မင်းကြီးစီရင်၍ ပေါင်းထုပ်အစ ဖြစ်သတည်း။ ဤစကား၌ နာလိပတ္တသဒ္ဒါသည် ခွက်ဖလားနှင့်တူသော ဦးခေါင်းလွှမ်းကို သဒ္ဒတ္ထဟောသည်။ ခွက်ဖလားနှင့်တူသော ဦးခေါင်းလွှမ်းကား ဦးထုပ်, ဒေါက်ခြာ, ပေါင်းထုပ်ဟူ၍ ပုဂ္ဂိုလ်နှင့်လျော်စွာ ၃-ဖြာ ၃-မျိုးရှိသည်တွင် မင်းမှူးမင်းမတ်ဖြစ်သောကြောင့် ဝိဒေဟရာဇ်မင်းကြီးပေးအပ်သော ဦးခေါင်းလွှမ်း ၄-ခုကို ပေါင်းထုပ်ဟု အဓိပ္ပာယ်ဆိုလိုက်ပေသည်။ နိဿယဆရာမူကား ဒေါက်ခြာဟု အနက်ပေး၏။ သင့်ရာကို ယူကြပါ။)

ထိုသို့ပေါင်းထုပ်တစ်လုံးစီ ပို့ရောက်လာသောအခါမှ အမတ်သုခမိန် ၄-ယောက်တို့သည် ထိုပေါင်းလုပ်ကို ဦးခေါင်း၌အုပ်ဆင်၍ နန်းတော်သို့ဝင်ကြပြီးသော် ခင်းအပ်သောမိမိတို့နေရာ၌ နေလျက် မင်းကြီးအား ခစားကြကုန်၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် သေနကသုခမိန်အမတ်ကြီးကို “ဆရာသုခမိန်။ ယနေ့ညဉ့်အဖို့တွင် ရာဇပလ္လင် ဥကင်ကနက် ထီးချက်စောင့်သောနတ်သမီးသည် ပြဿနာ ၄-ပါးကို ၄-ဂါထာဖြင့် ငါ့အားမေး၏။ ငါသည် ထိုပြဿနာကို မသိနိုင်သောကြောင့် “တစ်နေ့မျှငံ့ပါဦး။ သုခမိန် ၄-ယောက်တို့ကိုမေး၍ ဖြေပါမည်”ဟု ဝန်ခံသဖြင့် ယခုမိုးသောက်လျှင် ထိုပြဿနာ၄-ပါးကို မေးလိုသောကြောင့် သင်တို့ကို ငါခေါ်တော်မူသည်။ သင်တို့ သုခမိန်၄-ယောက်သာ ထောက်ရှုဆင်ခြင်၍ ဖြေကြကုန်လော့”ဟု ဆိုပြီးလျှင် နတ်သမီးမေးသည့်အတိုင်း ပြဿနာ၄-ပါးကို ၄-ဂါထာဖြင့် သုခမိန်တို့အား ပြန်ကြား၏။

ထိုသို့ ဝိဒေဟရာဇ်မင်းကြီးသည် “အကြင်သူကို ခြေဖြင့် လက်ဖြင့်ပုတ်ခတ်၏”စသည်ဖြင့် နတ်သမီးပြဿနာ ၄-ဂါထာကို ပြန်ကြားသည်ရှိသော် သေနကအမတ်သည် တောင်ကြံမြောက်ကြံ အမှန်မရှိ မသိနိုင်သည်ဖြစ်၍ “အဘယ်သူကို အဘယ်သူက ခြေလက်ဖြင့် ပုတ်ခတ်ပါလိမ့်နည်း။ ပုတ်ခတ်သူဆိုသည်ကား အဘယ်သူ ဖြစ်ပါလိမ့်နည်း ”ဟူ၍သာလျှင် အဆုံးမရ အစမမြင် တပင်ပန်းပန်း မြည်တမ်းလျက်သာ နေလေ၏။

ပက္ကုသသုခမိန်, ကာမိန္ဒသုခမိန်, ဒေဝိန္ဒသုခမိန် ၃-ယောက်တို့ကား သေနကအမတ်ကဲ့သို့မျှ မသိငြား၍ တရားလစ်သဖြင့် သတိထားသော်လည်း စကားဖြစ်ရုံမျှမဆိုနိုင် မှိုင်ကာသာနေကြကုန်၏။

ဝိဒေဟရာမင်းကြီးသည်လည်း ထိုအမတ်သုခမိန် ၄-ယောက်တို့ မဖြေနိုင်သောအဖြစ်ကိုသိလျှင် ပြင်းစွာနှလုံးမသာခြင်းနှင့် ထိုနေ့ကုန်ပြန်၍၊ တစ်ဖန်ညဉ့်အဖို့ ရောက်လေသော် ထီးချက်စောင့်နတ်သမီးသည် “မင်းကြီး။ သင်တောင်းပန်တိုင်း ငါ တစ်ရက်မျှ ငံ့နေပြီ။ ယခု ငါ၏ ပြဿနာအနက်ကို သင်သိပြီလော”ဟု မေး၏။ နတ်သမီး စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “အဘယ်နတ်သမီး။ ငါသည် သင်၏ပြဿနာကို မသိနိုင်သောကြောင့် သုခမိန် ၄-ယောက်တို့အား မေးပါသော် သုခမိန် ၄-ယောက်တို့လည်း သင်၏ပြဿနာအနက်ကို မသိနိုင်ကြဖြစ်ခဲ့၏”ဟုဆို၏။ မင်းကြီးစကားကိုကြားလျှင် နတ်သမီးသည် “မင်းကြီး။ ငါ၏ပြဿနာ၄-ပါးကို အမတ်၄-ယောက်တို့သည် အဘယ်သို့ သိနိုင်အံ့နည်း။ ဤလူ့ပြည်၌ မဟောသဓသုခမိန်ကိုထား၍ တစ်ပါးသောသူတို့သည် ငါ၏ပြဿနာအနက်ကို မသိနိုင်ရာ”ဟုဆို၍ အလျှံပြောင်ပြောင်တောက်သော သံလှင်တံကို မင်းကြီးဦးခေါင်းပေါ်၌မိုးလျက် ပဉ္စကနိပါတ်ကျမ်း၌လာသော ခဇ္ဇောပနကပဉှာ ၅-ဂါထာဖြင့် ဤသို့ရွတ်ဆို၍ ခြိမ်းခြောက်၏။

“ကောနု သန္တမှိ ပဇ္ဇောတေ၊ အဂ္ဂိပရိယေသနံ စရံ။

အဒ္ဒက္ခိ ရတ္တိံ ခဇ္ဇောတံ၊ ဇာတဝေဒံ အမညတ္ထ။”

သွဿ ဂေါမယစုဏ္ဏာနိ၊ အဘိဓမံ တိဏာနိ စ။

ဝိပရိတာယ သညာယ၊ နာသက္ခိ ပစ္စလေတဝေ။”

ဧဝမ္ပိ အနုပါယေန၊ အတ္ထံ နလဘတေ မိဂေါ။

ဝိသာဏတော ဂဝံ ဒုဟံ၊ ယတ္ထ ခီရံ န ဝိန္ဒတိ။”

ဝိဝိဓေဟိ ဥပါယေဟိ၊ အတ္ထံ ပပ္ပေါန္တိ မာဏဝါ။

နိဂ္ဂဟေန အမိတ္တာနံ၊ မိတ္တာနံ ပဂ္ဂဟေန စ။”

သေနာမောက္ခံ ပလောဘေန၊ ဝလ္လဘာနံ နယေန စ။

ဇဂတိံ ဇဂတိပါလာ၊ အာဝသန္တိ ဝသုန္ဓရံ။”

မဟာရာဇ၊ မင်းကြီး။ အဂ္ဂိပရိယေသနံ၊ မီးကို ရှာအံ့သောငှာ။ စရံ စရန္တော၊ သွားသောသူသည်။ ပဇ္ဇောတေ၊ မီးသည်။ သန္တမှိ၊ ထင်ရှားလျက်။ ရတ္တိံ၊ ညဉ့်၌။ ခဇ္ဇောတံ၊ ပိုးစုန်းကြူးကို။ အဒက္ခိ၊ မြင်လေ၏။ ဇာတဝေဒံ၊ မီးဟူ၍။ ကော၊ အဘယ်သူသည်။ အမညိတ္ထ နု၊ မှတ်ဘူးသနည်း။

မဟာရာဇ၊ မင်းကြီး။ သော၊ ထိုမီးကိုရှာသောသူသည်။ အဿ ခဇ္ဇောတဿ၊ ထိုပိုးစုန်းကြူး၏။ ဥပရိ၊ အထက်၌။ ဂေါမယစုဏ္ဏာနိ စ၊ နွားချေးမှုန့်တို့ကိုလည်းကောင်း။ တိဏာနိ စ၊ မြက်မှုန်တို့ကိုလည်းကောင်း။ အာကိရန္တော၊ ထည့်လျက်။ ဝိပရီတာယ၊ ဖောက်ပြန်သော။ သညာယ၊ အမှတ်ဖြင့်။ အဘိဓမံ-အဘိဓမန္တော၊ မှုတ်လျက်။ ပဇ္ဇလေတဝေ၊ တောက်စိမ့်သောငှာ။ နာသက္ခိ ယထာ၊ မတတ်နိုင်သကဲ့သို့။

ဧဝံ တထာ၊ ဤအတူ။ မိဂေါ၊ တောသမင်နှင့်တူသော သူမိုက်သည်။ အနုပါယေန၊ အကြောင်းမဟုတ်သဖြင့်။ ပရိယေသန္တောပိ၊ ရှာသော်လည်း။ အတ္ထံ၊ အကျိုးကို။ န လဘတေ၊ မရရာ။ ဝိသာဏတော၊ ဦးချိုမှ။ ဂဝံ၊ နွားကို။ ခီရံ၊ နို့ရည်ကို။ ဒုဟံ-ဒုဟန္တော၊ ညှစ်သောသူမိုက်သည်။ ယတ္ထ၊ အကြင်ဦးချို၌။ ခီရံ၊ နို့ရည်ကို။ န ဝိန္ဒတိ၊ မရ။

မဟာရာဇ၊ မင်းကြီး။ အမိတ္တာနံ၊ ရန်သူတို့ကို။ နိဂ္ဂဟေန စ၊ နှိပ်သဖြင့်လည်းကောင်း။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့ကို။ ပဂ္ဂဟေန စ၊ ချီးမြှောက်သဖြင့်လည်းကောင်း။ ဝိဝိဓေဟိ၊ အထူးထူးကုန်သော။ ဥပါယေဟိ၊ အကြောင်းတို့ဖြင့်။ မာဏဝါ၊ သတ္တဝါတို့သည်။ အတ္ထံ၊ အကျိုးစီးပွားသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။

မဟာရာဇ၊ မင်းကြီး။ သေနာမောက္ခံ၊ စစ်သူကြီးဖြစ်သောအမတ်ကို။ ပလောဘေန စ၊ ဖြားယောင်းသဖြင့်လည်းကောင်း။ ဝလ္လဘာနံ၊ အကျွမ်းဝင်ကုန်သော အမတ်တို့ကို။ နယေန စ၊ ဆောင်ချေသဖြင့်လည်းကောင်း။ ဝသုန္ဓရံ၊ ဝသုမည်သော ရတနာတို့ကို ဆောင်တတ်သည်ဖြစ်၍ ဝသုန္ဓရီဟု ခေါ်ဆိုအပ်သော။ ဇဂတိံ၊ မြေ၌။ ဇဂတိပါလာ၊ မြေကြီးသေဌ်နင်းမင်းတို့သည်။ အာဝသန္တိ၊ နေကုန်၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ အကြင်သူမိုက်တစ်ယောက်သည် ညဉ့်အခါ မီးကိုလို၍ ရှာသည်ရှိသော် မိမိအနီးအပါး၌ ထင်ရှားစွာမီးရှိလျက် ထိုမီးကို မယူမူ၍၊ ချင်ရွေးခန့်ပမာဏရှိသော ပိုးစုန်းကြူးကိုမြင်လျှင် မီးဟူသောအမှတ်ဖြင့် ထိုပိုးစုန်းကြူးအပေါ်၌ နွားချေးခြောက်, ကောက်ရိုး, သက်ငယ်, မြက်တို့ကို လက်ဖြင့်ပွတ်နယ်လျက် လောင်စာပြု၍ စုရုံးဖို့မံပြီးသော် ယခုပင် မီးတောက်စေအံ့ဟု မြေ၌ပုဆစ်တုပ်သဖြင့် မှုတ်ခြင်းကိုပြုပါသော်လည်း ထိုပိုးစုန်းကြူးကိုလည်း မီးထွက်စေခြင်းငှာ မတတ်နိုင်သကဲ့သို့လည်းကောင်း၊ အကြင်သူမိုက်သည် နွားနို့ကိုအလိုရှိ၍ နွားမ၌ညှစ်သည်ရှိသော် နို့ရည်၏စီးယိုရာ နို့တိုင်ထင်ရှားလျက် ထိုနို့တိုင်၌ မညှစ်မူ၍ နွားမဦးချို၌ ယခုပင် နို့ရည်ထွက်စေအံ့ဟု ပြင်းစွာအားထုတ်၍ ညှစ်ပါတုံသော်လည်း ဦးချိုမှ နို့ရည်ထွက်စေခြင်းငှာ မတတ်နိုင်သကဲ့သို့လည်းကောင်း၊ ချိန်ခွင်ထင်ရှားစွာရှိလျက် လက်ဖြင့် ရမ်းဆဘိသကဲ့သို့လည်းကောင်း လုံ့လကြီးစွာ အားထုတ်ပါသော်လည်း အကြောင်းမဟုတ်လျှင် အကျိုးမပြည့်စုံရာ။

ပ်သိမ်းကုန်သော လူအပေါင်းတို့၌ ဤသူကား အဆွေခင်ပွန်းစစ်, ဤသူကား အဆွေခင်ပွန်းတု, ဤသူကား ရန်သူဟု အမှုနှင့်လျော်စွာပြုပြီးလျှင် ခင်ပွန်းစစ်မဟုတ်သောသူကို အယုံမသွင်း အတွင်းမထားခြင်း စသည်တို့ဖြင့်နှိပ်၍ ခင်ပွန်းစစ်ဖြစ်သောသူကို ကိုယ်တူပြုလျက် နှစ်သက်မြတ်နိုးကြောင်း ကောင်းမြတ်စွာ ချီးမြှောက်၍လည်းကောင်း၊ ဤသို့ အထူးထူးအပြားပြား ကောင်းမြတ်သောအကြောင်းကို ပြုသောသူသည် ထိုအကြောင်းနှင့်လျော်သော ကောင်းကျိုးကို ရရာ၏။ မြေကြီးသေဌ်နင်း မင်းတို့သည်လည်း စစ်မြေအရပ်၌ ရဲရင့်ကုန်သော သူရဲကောင်းစစ်သူကြီး အမတ်တို့အား အဝတ်တန်ဆာ, မြို့ရွာအဆောင်အရွက်ပေး၍ ဖြားယောင်းခြင်းဖြင့်လည်းကောင်း၊ မိတ်ကျွမ်းတဝင် ခင်ပွန်းစစ်ဖြစ်ကုန်သောအမတ်တို့ကို နေ့ညဉ့်မပြတ် တိုင်ပင်ခြင်းဖြင့်လည်းကောင်း ဤသို့အထူးထူးအပြားပြား ကောင်းမြတ်သော အကြောင်းကိုသာပြုလျက် ရတနာ၇-ပါးတို့ တည်ရာဖြစ်သော မြေအပြင်၌ လူအပေါင်းတို့ကို ကောင်းစွာအစိုးရကုန်၏။

“သို့ပါလျက် မင်းကြီးမူကား ပိုးစုန်းကြူးကို မီးမှုတ်သော ယောက်ျား, နွားဦးချိုကို နို့ညှစ်သောယောက်ျား, အမှန်သိလိုလျက် စဉ်းချိန်ခွင်အနီးတွင်ထား၍ လက်ဖြင့်ရမ်းဆသော ယောက်ျားနှင့်တူစွာ ပြဿနာတို့၏ အနက်ကိုသိလိုသဖြင့် ထိုပြဿနာကိုဖြေနိုင်သော မဟောသဓသုခမိန်သည် ထင်ရှားရှိလျက် မဟောသဓသုခမိန်ကို မမေးမူ၍ ပိုးစုန်းကြူး၊ နွားဦးချိုနှင့်တူစွာ ပညာမရှိသော အမတ်၄-ယောက်တို့ကို မေးဘိ၏။ ထိုအမတ်၄-ယောက်တို့သည် အဘယ်သို့ သိနိုင်အံ့နည်း။ ပိုးစုန်းကြူး၊ နွားဦးချိုတို့နှင့်သာ တူကုန်၏။

မဟောသဓသုခမိန်မူကား မီးပုံကြီး, နို့တိုင်, စည်းချိန်ခွင်နှင့်သာ တူ၏။ မင်းကြီးသည် ပြဿနာအနက်ကို အကယ်၍ သိလိုအံ့။ တန်ဆောင်မီးကဲ့သို့ ညီးညီးပြောင်ပြောင် ထွန်းတောက်ပသော ပညာရှင် မဟောသဓကိုသာလျှင် မေးလော့။ စင်စစ် ငါမေးသော ပြဿနာကို မင်းကြီး မဖြေနိုင်အံ့။ ဤအလျှံပြောင်ပြောင်တောက်သော သံလှင်တံဖြင့် မင်းကြီးဦးခေါင်းကို ၈-စိတ်ကွဲအောင် ရိုက်အံ့”ဟု ဝိဒေဟရာဇ်မင်းကြီးအား ခြိမ်းခြောက်၍ ထီးချက်စောင့်နတ်သမီး ကွယ်လေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် သေအံ့သောဘေးမှ ကြောက်လန့်သည်ဖြစ်၍ ထိုညဉ့်မိုးသောက် ရောက်လတ်သော် အမတ်၄-ယောက်တို့ကိုခေါ်ပြီးလျှင် “အချင်းတို့။ အဝတ်ပုဆိုးအစုံနှင့် အသပြာ၁၀၀၀ ရထား ၄-ဆူ၌တင်၍ သင်တို့၄-ယောက် မြို့တံခါး၄-မျက်နှာဖြင့် အသီးအသီး ရထားတစ်စီးစီနှင့် ထွက်သွားကြပြီးသော် ငါ့သား မဟောသဓကို ရှာချေ။ ငါ့သား မဟောသဓကိုတွေ့လျှင် တွေ့ရာအရပ်မှ ဤဝတ်စုံတစ်စုံနှင့် အသပြာ၁၀၀၀-ကိုပေး၍ အလျင်တဆော ရထားပေါ်၌ တင်ဆောင်ခဲ့လေ”ဟု စေလိုက်၏။

အမတ်၄-ယောက်တို့လည်း မင်းကြီးဆိုတိုင်း အသီးအသီးသွားကြလေသော် အရှေ့,အနောက်,မြောက် တံခါး၃-မျက်နှာတို့၌သွားသော အမတ်၃-ယောက်တို့ကား မဟောသဓသုခမိန်ကို မတွေ့ကုန်။ တောင်တံခါးဖြင့် ထွက်သွားသော အမတ်သည် ဒက္ခိဏယဝ မဇ္ဈဂုံးရွာသို့ ရောက်လေ၏။ ထိုအခါ မဟောသဓသုခမိန်သည် ရွံ့အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် အိုးထိန်းသည်ဆရာ၏ အိုးထိန်းစက်ကိုလှည့်လျက် ကောက်ရိုးအခင်းပေါ်၌ထိုင်၍ အဆုပ်ဆုပ်လုပ်အပ်သော မုယောထမင်းကိုစားလျက် နေ၏။

(ဤစကား၌ ထိုသို့သောပညာရှင်ဖြစ်လျက် ဤသို့ရုန့်ကြမ်းလှစွာသော အိုးထိန်းအမှုကို အဘယ့်ကြောင့် ပြုဘိသနည်း ဟူမူကား ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့သော ဆင်းရဲစွာသောအမှုကို မဟောသဓ ပြု၍နေသည်ဟု ကြားတော်မူသောအခါ၌ “မဟောသဓာကား ကြံဆောင်ထောင်ထားနိုင်သော ပညာရှိလျက် ရုန့်ကြမ်းလှစွာသော ဆင်းရဲသားအမှုကိုပြု၍ အသက်မွေး၏။ ငါ၏ရန်သူ မဟုတ်ပေ”ဟု မဟောသဓသုခမိန်အား ရွံ့ရှာခြင်းကင်းစေလို၍ ဤသို့သော အိုးထိန်းအမှုကို လုပ်ဆောင်၍နေတော်မူသတည်း။)

မဟောသဓသုခမိန်သည် ကောက်ရိုးအခင်းပေါ်၌ အိုးထိန်းစက်ကိုလှည့်လျက် မုယောထမင်းဆုပ်ကို စား၍နေစဉ် မိမိသို့ရှေးရှု ရထားနှင့် အမတ်လာသည်ကို မြင်သော် “ယနေ့မူကား ငါ၏စည်းစိမ် ပြကတေ့ဖြစ်မည် မချွတ်ပြီ”ဟု ကြံ၍၊ “ငါသည် အမရာဒေဝီ စီရင်အပ်သော မြိန်ယှက်စွာသောဘောဇဉ်ကောင်းကို စားရတော့မည်တကား”ဟု လက်၌ရှိသော မုယောထမင်းဆုပ်ကို ပစ်စွန့်လိုက်ပြီးသော် နေရာမှထ၍ လုတ်ဆေးသဖြင့်နေ၏။

ထိုအခါ ရထားနှင့်ဆိုက်ရောက်သော အမတ်သည်ကား သေနကသုခမိန်အမတ်၏ သင်းပင်းအဝင်အပါတည်း။ ထိုအမတ်သည်လည်း မဟောသဓရှိရာသို့ ကပ်ပြီးသော် မဟောသဓသုခမိန်ကို ချုပ်ချယ်စောင်းမြောင်းလို၍ ဤသို့ဆို၏။ “မဟောသဓသုခမိန်။ အထက်က သေနကသုခမိန်နှင့် မင်းကြီးရှေ့တော်တွင် ပညာရှင်ထက် ဥစ္စာရှင်မြတ်ကြောင်းကို သိန်းဆရာ လျှောက်ဆိုသောစကားသည် မဖောက်မပြန် မှန်လှပေ၏တကား။ သင်သုခမိန်သည် အလွန်ပညာရှင်ဖြစ်လျက် စည်းစိမ်ရှင်ကို မလွန်နိုင်ချေသောကြောင့် ယခု ရွှံ့အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် ငြိုငြင်ဆင်းရဲစွာ သူ့ရွာသူ့ထံ အစေခံကျွန်ကဲ့သို့ ဖြစ်ရချေသည်”ဟုဆိုပြီးလျှင် ဒသကနိပါတ်ကျမ်း၌လာသော ဘူရိပဉှာခန်းတွင် အစဖြစ်သော “သစ္စံ ကိရ တွံ အသိ ဘူရိပည” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

မြေကြီးအထုကဲ့သို့ ကြီးကျယ်ထူထပ်စွာသော ပညာရှင်သုခမိန်။ အထက်မင်းကြီး ရှေ့တော်တွင် ဆိုကြသောအခါ သေနကဆရာကြီးသည် စည်းစိမ်ရှင်သာ မြတ်ကြောင်းကို ဆို၏။ ထိုသို့ဆိုသော သေနကဆရာစကားသည် အလွန် ဟုတ်မှန်လှပေ၏။ စည်းစိမ်ရှင်က သင်သုခမိန်ကို အမျက်မာန်နှင့် စည်းစိမ်သံပေးလျှင် မြေကြီးအထုနှင့်တူသော သင်၏ပညာသည် သင့်အား ကိုးကွယ်ရာမပြု။ ယခု မကာဆီးနိုင်ခြင်းကြောင့် ဥစ္စာစည်းစိမ် အိမ်ထောင်နှင့် မေတ္တာနှောင်စဖြစ်သော အမရာဒေဝီကို ချစ်၍မခွာပစ်နိုင်ဘဲလျက် ဖောက်လဲဖောက်ပြန် သူ့ထံသူ့ရွာ နေရာအဝတ်နွမ်းနှင့် ရုန့်ကြမ်းသော မုယောထမင်းကို ဟင်းအမဲမျှမပါ စားကာသာ ယခုနေခဲ့ရ၏တကား”ဟု ဆို၏။

အမတ်စကားကိုကြားလျှင် မဟောသဓသုခမိန်သည် ထိုအမတ်ကို “လူငယ်မလိမ္မာ လမ်းညွှန်တိုင်းလိုက်ရသော သူကန်းအလား စီးပွားချမ်းသာ ၂-ဖြာသောလမ်းကြောင်းကို ကောင်းစွာမသိတတ်သော အမတ်မိုက်။ ငါ၏စည်းစိမ်ပြကတေ့အတိုင်း ရှိလွယ်စေခြင်းအကျိုးငှာ ငါ၏ပညာစွမ်းဖြင့် နွမ်းနွမ်းနယ်နယ် ကိုယ်ကိုပြုလျက် ယခု ငါနေသည်ကို သင် အဘယ်သို့ သိသနည်း”ဟု ဆိုပြီးလျှင် “သုခံဒုက္ခေန ပရိပါစယန္တော” အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ပညာအဆင်အခြင်နည်းသော အမတ်။ မြေကြီးအထုကဲ့သို့သော ပညာရှိသော ငါသည် ဤအခါကား မိမိကိုယ်ကို လျှို့ဝှက်ဖုံးလွှမ်း၍ မထင်မရှား ပြုအပ်သောအခါ၊ ဤအခါကား မိမိကိုယ်ကို ထင်ထင်ရှားရှား သူတစ်ပါးခံ့ညားလောက်အောင် ပြုရသောအခါဖြစ်သည်ဟု ဆင်ခြင်စဉ်းစားမိသည်နှင့်အညီ ယခု ငါ့ကို မင်းကြီး အမျက်တော်ရှိဆဲဖြစ်၍ အမျက်တော်ပြေငြိမ်းသဖြင့် ငါ၏စည်းစိမ် ပြကတေ့ရှိစေခြင်းငှာ ဤအခါကား မထင်မရှားစေအပ်သောအခါ ဖြစ်သည်ဟု ငါ၏ကိုယ်ကို ဆင်းရဲခံလျက် အစေခံကျွန်ကဲ့သို့ ရွံ့ညွန်အလိမ်းလိမ်းနှင့် အိုးထိန်းအမှုကို လည်းကောင်း၊ ဤကောက်ရိုးခင်းနှီး မုယောထမင်းဆုပ်ကိုလည်းကောင်း ငါ နှစ်သက်သတည်း။ ဤသို့ ငါအား အခါကိုသိတတ်သော ပညာပြရာသောအခွင့်တို့၌ မမေ့မလျော့ နှလုံးထားခြင်း၊ သတိအစွမ်းရှိသမျှ နေ့ညအားထုတ်ခြင်း လုံ့လနှင့်ပြည့်စုံသည်ဖြစ်၍ ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ ထင်စွာနေသော ကေသရာဇာခြင်္သေ့မင်းကဲ့သို့ အခွင့်အရာ အခါကိုသိတတ်သော ငါ၏ပညာအစွမ်းဖြင့် ကြီးစွာသောမင်းသားစည်းစိမ်၌ ချမ်းငြိမ်းစံပယ် တင့်တယ်စွာ ယခု နေရပြန်အံ့သည်ဖြစ်သော ငါ့ကို မကြာမြင့်မီပင် မြင်ရလတ္တံ့”ဟု ဆို၏။

ဤသို့ ဘုရားလောင်း မဟောသဓသုခမိန်သည် ထိုအမတ်ဆိုသော စကားကို ပယ်လှန်ပြောဆိုပြီးသောအခါ ထိုအမတ်သည် မဟောသဓသုခမိန်အား ဤသို့ဆို၏။ “သုခမိန်။ ယခု မင်းကြီး၏နန်းတော်ဥကင် ရာဇပလ္လင်ကနက် ထီးချက်စောင့်သော နတ်သမီးသည် မင်းကြီးအား ၄-ပါးသောပြဿနာကို ၄-ဂါထာဖြင့် မေး၏။ ထိုအမေးပြဿနာကို ပညာရှိသုခမိန်အမတ် ၄-ယောက်တို့အား မင်းကြီးမေးမြန်းလျှင် တစ်ယောက်သောသုခမိန်မျှ မဖြေဆိုနိုင်ကြ ဖြစ်သောကြောင့် မင်းကြီးသည် သင်သုခမိန်ကို ရှာဆောင်ခေါ်ချေ စေတော်မူ၍ ဤရထားနှင့် ယခုသုခမိန်ထံ အကျွန်ုပ်ရောက်ပါသည်”ဟုဆို၏။

ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် အမတ်ကို “အချင်းအမတ်။ သင်၏ဆရာ သေနကအမတ်က ပညာရှင်သည် စည်းစိမ်ရှင်ကို မလွန်နိုင်ရာဟု ဆိုသောစကားကို သင် ချီးမွမ်းပြောဆို၏။ ထိုစည်းစိမ်ရှင်သည် ဤသို့ လျှို့ဝှက်ခဲခက်သောပြဿနာ ပြုရာဆောင်ရာသော အခွင့်အရေးနှင့် ကြုံသောအခါ ပညာရှိကို မမှီမကိုးကွယ်ဘဲ အဘယ်သို့ စွမ်းနိုင်လိမ့်နည်း။ စည်းစိမ်ရှင်ထက် ပညာရှင်သာလျှင် လွန်မြတ်ကြောင်းကို ဤယခုပြဿနာပွဲ၌ မျက်မှောက်ထင်ထင် သင်မြင်ရလတ္တံ့”ဟု ပညာဂုဏ်ကို ချီးမွမ်းပြောဆိုတော်မူ၏။

အမတ်သည်လည်း “သုခမိန်၊ သင့်ကို မည်သည့်မှာမဆို တွေ့လျှင် တွေ့ရာအရပ်က အလျင်တဆောခေါ်ခဲ့ဟု အမိန့်တော်နှင့် ဖြစ်ချေသည်။ ယခုပင် ရေချိုး၍ ဤပုဆိုးအစုံကိုလည်း ဝတ်လဲတော်မူပြီးလျှင် အသပြာ ၁၀၀၀-ထုပ်ကိုလည်း ယူတော်မူလော့”ဟုဆို၍ ပုဆိုးအစုံနှင့် အသပြာ ၁၀၀၀-ထုပ်ကို မဟောသဓသုခမိန်အား ပေး၏။

ဘုရားလောင်း မဟောသဓသုခမိန် မှီခို၍နေသော အိုးထိန်းသည်လည်း အမတ်ရထားနှင့် ခေါ်လာသောအခါမှ မဟောသဓမှန်းသိ၍ “ငါသည် နတ်နှင့်တကွသောလူ၌အတုမရှိ ထင်ရှားကျော်စောစွာသော မင်းကြီး၏သားတော် မဟောသဓသုခမိန်ကို အစေအပါးကျွန်ကဲ့သို့ ပြုမိခဲ့ပြီတကား”ဟု ပြင်းစွာ ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်လေ၏။

မဟောသဓသုခမိန်သည်လည်း အိုးထိန်းသည်၏ ကြောက်လန့်သောအမူအရာကိုမြင်လျှင် “ဆရာ။ မကြောက်နှင့်။ ဆရာသည် အကျွန်ုပ်အား ကျေးဇူးကြီးလှပေ၏။ ဤအသပြာ ၁၀၀၀-ထုပ်ကိုလည်း အနည်းငယ်မျှသာမှတ်၍ ယူရစ်ပါတော့”ဟု နှစ်သိမ့်စေပြီးသော်၊ အိုးထိန်းသည်အား အသပြာ ၁၀၀၀-ထုပ်ကို အပ်ပေးပြီးမှ ရွှံ့အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် ရထားထက်၌စီး၍ မြို့တွင်းသို့ဝင်လေ၏။

ထိုအမတ်သည်လည်း နန်းတော်တံခါးပြင်၌ မဟောသဓသုခမိန်ကိုထားခဲ့ပြီးလျှင်၊ မဟောသဓသုခမိန်ကိုတွေ့သဖြင့် ဆောင်ယူခဲ့၍ နန်းတော်တံခါးဝသို့ ရောက်ကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် အမတ်စကားကိုကြားလတ်သော် “သင် ဘယ်အရပ်၌ မဟောသဓကို တွေ့သနည်း”ဟု မေး၏။ အမတ်သည်လည်း “အရှင်မင်းကြီး။ မဟောသဓသုခမိန်သည် တောင်ယဝမဇ္ဈဂုံးရွာ၌ အိုးထိန်းအမှုကို ပြုလျက် မုယောထမင်းဆုပ်ကို စား၍နေစဉ် အကျွန်ုပ်တွေ့သောကြောင့် အမိန့်တော်နှင့်အညီခေါ်လျှင် ထိုအိုးထိန်းအမှုလုပ်ရာ ရွှံ့ထဲမှထ၍ ရေမျှမချိုးဘဲ ဤအလိမ်းလိမ်းကပ်သော ကိုယ်ဖြင့်ပင်လျှင် ယခုလိုက်လာပါသည်”ဟု လျှောက်၏ ။

အမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့ကြံ၏။ “မဟောသဓကား ငါ၏ရန်သူပြုလိုသည် စင်စစ်မှန်လျှင် မင်းဆောင်စိုးသုံး ဘုန်းလက်ရုံး မြင်းဆင်စီရင်ခင်းကျင်း၍ နေရာ၏။ ထိုသို့မနေဘဲ ဆင်းရဲသားတို့၏အမှုနှင့် ယခု အသက်မွေး၍နေသည် ဖြစ်သောကြောင့် ငါ၏ရန်သူ မဟုတ်ပေ”ဟု ကြံပြီးသော် “ငါ့သား မဟောသဓသုခမိန်ကို ယခုပင်မိမိအိမ်သို့ သွားစေပြီးလျှင် ရေချိုးခြင်း, နံ့သာအထုံအမှုန့်လိမ်းသပ်ခြင်း မြတ်သော ဘောဇဉ်ခဲဖွယ်တို့ကိုစားခြင်း ကိစ္စတို့ကိုပြုစေပြီးမှ ငါပေးတော်မူအပ်သော အဝတ်တန်ဆာ အဆောင်အရွက်နှင့် ငါ့ထံသို့ဝင်စေ”ဟု အမိန့်တော်ပြန်စေ၏။

မဟောသဓသုခမိန်လည်း မင်းကြီးစကားကိုကြားလျှင် မိမိအိမ်သို့သွား၍ မင်းကြီးမိန့်တော်မူတိုင်း အလုံးစုံကို ပြုပြီးမှ များစွာသောအခြံအရံ အဆောင်အရွက်နှင့် နန်းတော်သို့သွားပြီးသော် တံခါးဝ၌ရပ်နေလျက် မဟောသဓလာကြောင်းကို မင်းကြီးအား လျှောက်ကြားစေ၏။ “မင်းကြီးလည်း ယခုပင် ငါ့သားတော်ကို ဝင်စေ”ဟု အမိန့်တော်ပြန်လျှင် မဟောသဓသုခမိန်သည် နန်းတော်သို့ဝင်၍ မိမိနေရာ၌နေလျက် မင်းကြီးအား ခစား၏။ ဝိဒေဟရာဇ် မင်းကြီးလည်း နှုတ်ဆက်မေးမြန်းပြီးလျှင် မဟောသဓသုခမိန်ကို စုံစမ်းလိုသည်ဖြစ်၍ “သုခီပိ ဟေကေ န ကရောန္တိ ပါပံ” အစရှိသောဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ငါ့သား မဟောသဓ။ ဤလောက၌ ငါတို့ကဲ့သို့ အချို့သောစည်းစိမ်ရှင်တို့သည် မိမိရအပ်သော စည်းစိမ်ထက် လွန်စွာသောစည်းစိမ်ကို အလိုရှိ၍ တစ်ပြည်တစ်နိုင်ငံတို့ကို တိုက်ဖျက် သိမ်းယူချင်သော်လည်း ပညာအကြံအစည် မပြန့်ပြူးချေသောကြောင့် သူကပြန်လှန်သဖြင့် မိမိအကျော်အစောမဲ့ ဖြစ်မည်ကိုစိုး၍ စစ်ထိုးခြင်းစသော မကောင်းမှုကိုမပြု။ အချို့သောသူသည် မိမိစွမ်းနိုင်အံ့ထင်၍ သူတစ်ပါးကို သိမ်းအုပ်ချင်သော်လည်း မိမိ စိတ်တူသဘောမျှဖြစ်သော တိုင်ပင်ကြံဆောင်ဖော်ကို မရခြင်းကြောင့် သူတစ်ပါးတို့အား နှိပ်စက်ခြင်းအစရှိသော မကောင်းမှုကို မပြု။ အချို့သောသူသည် ပြန့်ပြူးသော ပညာအကြံအစည် ဘုန်းလက်ရုံးနှင့်ပြည့်စုံလျက် ကျေးဇူးရှင်ကို ငါ ပြစ်မှားချေလျှင် ငါကြံတိုင်းပင်မြောက်သော်လည်း နောက်နောင် သူတော်ကောင်းတို့ ကဲ့ရဲ့ပြစ်တင်ပြုသဖြင့် ငါ့အား အကျော်အစောမဲ့ဖြစ်ရာ၏ဟု ဆင်ခြင်အောက်မေ့၍ မိမိကျေးဇူးရှင်ဖြစ်သောသူတို့အား ပြစ်မှားခြင်းကို မပြု။

ငါ့သားသည်လည်း အထူးထူးအပြားပြား များမြတ်သော အကြံအစည် ပညာနှင့်ပြည့်စုံသည်ဖြစ်၍ ခပ်သိမ်းသောလူအပေါင်းတို့ကို မိမိအလိုသို့လိုက်ပါစေသဖြင့် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထီးဖြူဆောင်းချင်း မင်းအပေါင်းတို့ကိုသိမ်းယူ၍ ဧကရာဇ်မင်းစည်းစိမ်ကိုသော်လည်း ဖြစ်စေခြင်းကိုငှာ စွမ်းနိုင်သောပညာရှင်ဖြစ်လျက် ပညာအကြံအစည် မပြန့်ပြူးသောငါတို့အား ထီးနန်းစည်းစိမ်မှ ယုတ်စေခြင်း စသောဆင်းရဲကို အဘယ့်ကြောင့် သင် မပြုသနည်း”ဟု ဆို၏။

မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းသုခမိန်သည် ပညာရှိ သူတော်ကောင်းတို့ကျင့်ထုံးကို ပြလို၍ “န ပဏ္ဍိတော အတ္တသုခဿ ဟေတု” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဤလောက၌ ပညာရှိစင်စစ် မှန်ကန်သောသူတို့သည် မိမိချမ်းသာခြင်းကိုသာ ရှေးရှု၍ သူတစ်ပါးတို့ဆင်းရဲကြောင်း မကောင်းမှုဒုစရိုက်တို့ကို မပြုမကျင့်ကုန်။ ၈-ပါးသောလောကဓံနှင့် ဆက်ဆံ၍ ဖောက်ပြန်ခြင်းသဘောကို မလွန်နိုင်ခြင်းကြောင့် ချမ်းသာရိပ်ငြိမ် စည်းစိမ်ကြီးရှင်ခံပြီး၍ တစ်ဖန် စည်းစိမ်ဖျက်သိမ်းဖောက်လှဲ၍ ဆင်းရဲခြင်းသို့ရောက်သော်လည်း ထိုပညာရှိစစ်စစ် မှန်ကန်သောသူတို့သည် မိမိအလိုနှင့်လျော်စွာ မလားအပ်သည်ကို လားခြင်းဟုဆိုအပ်သော ဆန္ဒာဂတိ, ဒေါသမျက်မာန် ရန်ငြိုး၉-ပါးတို့ကြောင့် မလားအပ်သည်ကိုလားခြင်းဟုဆိုအပ်သော ဒေါသာဂတိ, ဤဂတိ၂-ပါးသို့လိုက်၍ မိမိ၌ကျင့်မြဲဖြစ်သော သူတော်ကောင်းတရားကို မစွန့်ကုန်။ ဤသို့ကျင့်ခြင်းသည်ကား ပညာရှိစစ်စစ် မှန်ကန်သော သူတော်ကောင်းတို့၏ ထုံးတမ်းကျင့်စဉ် ဖြစ်ပါတော့သည်”ဟု လျှောက်ဆို၏။

ဝိဒေဟရာဇ်မင်းကြီးသည် တစ်ဖန် ရာဇမာယာဖြင့် မဟောသဓသုခမိန်စိတ်ကို စမ်းလိုပြန်သောကြောင့် “ယေန ကေနစိ ဝဏ္ဏေန” အစရှိသော ဂါထာဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ငါ့သား သုခမိန်။ ပညာရှိစစ်စစ် မှန်ကန်သောသူတို့၌ သင်ဆိုတိုင်း ကျင့်ရိုးအစဉ် ရှိသည်ပင်ဖြစ်စေ၊ မိမိ၌ တစ်စုံတစ်ခု အမှုခက်ခဲစွာ ပေါ်ရောက်လျှင် မိမိတို့ကျင့်စဉ်ဖြစ်သော သူတော်ကောင်းတရားကိုပင်သော်လည်း ထိုအခိုက်အတန့်မျှ စွန့်ပစ်၍ မနှစ်သက်အပ်သော အကုသိုလ်တရားကိုပြုသဖြင့် ထိုအမှုအခက်အခဲမှ ထွတ်မြောက်လွတ်ငြိမ်းပြီးလျှင် မိမိကျင့်စဉ်ဖြစ်သော သူတော်ကောင်းတရားကိုပင် ကျင့်ကောင်းပါသည် မဟုတ်လော”ဟုဆို၏။

(ဤစကား၌ မင်းကြီးသည် “သင်စွမ်းနိုင်သောသူ ဖြစ်သည်နှင့်အညီ ငါ့ကို ထီးနန်းစည်းစိမ်မှ ရှုတ်ချပြီး၍ သင်ထီးနန်းကိုရသောအခါ ကျင့်ရိုးအစဉ်ရှိသည့်အတိုင်း သူတော်ကောင်းတရားကိုပင် ကျင့်ကောင်းပါမည် မဟုတ်ပါလော”ဟု ဆိုလိုရင်းပင် ဖြစ်သည်ကို တိုက်ရိုက်မဆိုလိုသောကြောင့် အများနှင့်ဆက်ဆံသောစကားကို ဆိုသတည်း။)

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ခင်ပွန်း ၁၀-ပါးတို့အား မပြစ်မှားအပ်သည်ကို သစ်ပင်ဥပမာဖြင့် ထင်စွာပြလို၍ “ယဿ ရုက္ခဿ ဆာယာယ” အစရှိသောဂါထာဖြင့် လျှောက်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ အသက်ရှိသော ခင်ပွန်း၁၀-ပါးတို့ကို ထင်ရှားသိသာလောက်ပြီဖြစ်၍ မလျှောက်မဆိုပါပြီ။ အသက်မရှိ ဥတုဇရုပ်မျှသာဖြစ်သော သစ်ပင်ကိုသော်လည်း အကြင်သူသည် အကြင်သစ်ပင်၏အရိပ်၌ အိပ်ဖူး, နေဖူး နားဝင်ခိုလှုံဖူးသည်ဖြစ်အံ့။ ထိုသူသည် ထိုသစ်ပင်ကို မဖျက်ဆီးရာ။ အကယ်၍ ထိုသူ ဖျက်စီးငြားအံ့။ ခင်ပွန်းကိုပြစ်မှားသော သူယုတ်မာဟု ထိုသူကို မှတ်အပ်၏။ အရှင်မင်းကြီးသည်လည်း အကျွန်ုပ်ကို သားအရာ၌ထား၍ သူကောင်းပြုတော်မူ၏။ ကျွန်ုပ်၏မိဘကိုလည်း ကျေးစားရွာစား အဆောင်အရွက်ပေးသဖြင့် သူဌေးမျိုးမှ အမတ်မျိုးဖြစ်အောင် မြှောက်စားချီးမြှင့်တော်မူ၏။ ထိုသို့သော ကျေးဇူးရှင်ကိုစင်လျက် အကျွန်ုပ်ပြစ်မှားချေသော် ခင်ပွန်းပြစ်မှားခြင်းသို့ရောက်၍ ဆိုးညစ်ယုတ်မာသောသူတို့အောက် အထူးသဖြင့် ယုတ်လှစွာသော သူယုတ်မာ မဖြစ်လေပြီလော”ဟု

လျှောက်ဆိုပြီးလျှင် ဘုရားလောင်းသုခမိန်သည် မင်းကြီး၏စိတ်ကို မဖိတ်မစောင်း ကောင်းသောတရား၌တည်စေခြင်းငှာ အဆုံးအမပေးလို၍ ၃-ဂါထာဖြင့် ဤသို့ ညွှန်ပြဟောကြားတော်မူ၏။

“ယဿ ဟိ ဓမ္မံ မနုဇော ဝိဇညာ၊ ယေ စဿ ကင်္ခံ ဝိနယန္တိ သန္တော။

တဉှိဿ ဒီပဉ္စ ပရာယနဉ္စ၊ န တေန မိတ္တံ ပဇဟေယျ ပညော။”

”အလသော ဂိဟီ ကာမဘောဂီ န သာဓု၊

အသညတော ပဗ္ဗဇိတော န သာဓု၊

ရာဇာ န သာဓု အနိသမ္မကာရီ၊

ယောပဏ္ဍိတော ကောဓနော တံ န သာဓု။”

နိသမ္မ ခတ္တိယော ကယိရာ၊ နာနိသမ္မ ဒိသမ္ပတိ။

နိသမ္မကာရိနော ရညော၊ ယသော ကိတ္တိ စ ဝဍ္ဎတိ။”

မဟာရာဇ၊ အရှင်မင်းကြီး။ မနုဇော၊ လူဖြစ်သောသူသည်။ ယဿ၊ အကြင်ဆရာ၏။ သန္တိကာ၊ အထံမှ။ ဓမ္မံ၊ ကျင့်ရာဆောင်ရာဖြစ်သော တရားကို။ ဝိဇညာ၊ သိရာ၏။ သန္တော၊ သူတော်ကောင်းဖြစ်ကုန်သော။ ယေ စ၊ အကြင်သူတို့သည်လည်း။ အဿ၊ ထိုသူ၏။ ကင်္ခံ၊ ယုံမှားခြင်းကို။ ဝိနယန္တိ၊ ဖျောက်ပယ်ကုန်၏။ ဟိ၊ ထိုစကားသင့်စွ။ တံ၊ ထိုတရားပြညွှန်ခြင်း, ယုံမှားကိုဖျောက်ခြင်းသည်။ အဿ၊ ထိုသူ၏။ ဒီပဉ္စ၊ ကိုးကွယ်ရာ ကျွန်းကြီးသဖွယ်လည်း ဖြစ်ပေ၏။ ပရာယနဉ္စ၊ လဲလျောင်းရာလည်း ဖြစ်ပေ၏။ တေန၊ ထိုဆရာနှင့်။ သဒ္ဓိံ၊ တကွ။ မိတ္တံ၊ အဆွေခင်ပွန်းအဖြစ်ကို။ ပညော၊ ပညာရှိသောသူသည်။ န ပဇဟေယျ၊ မစွန့်ရာ။

မဟာရာဇ၊ အရှင်မင်းကြီး။ ကာမဘောဂီ၊ အိမ်ရာထောင်သော။ ဂိဟီ၊ လူသည်။ အလသော၊ ပျင်းရိမူကား။ န သာဓု၊ မကောင်း။ ပဗ္ဗဇိတော၊ ရသေ့ရဟန်းဖြစ်သောသူသည်။ အသညတော၊ ကိုယ်နှုတ်နှလုံး မစောင့်မူကား။ န သာဓု၊ မကောင်း။ ရာဇာ၊ ရေမြေသခင်မင်းသည်။ အနိသမ္မကာရီ၊ အမှုကိုစူးစမ်းဆင်ခြင်၍ ပြုလေ့မရှိမူကား။ န သာဓု၊ မကောင်း။ ယော၊ အကြင်သူသည်။ ပဏ္ဍိတော၊ ပညာရှိလျက်။ ကောဓနော၊ အမျက်ထွက်တတ်၏။ တံ၊ ထိုအမျက်ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။

မဟာရာဇ၊ အရှင်မင်းကြီး။ ခတ္တိယော၊ မြေကြီးသေဌ်နင်းမင်းသည်။ နိသမ္မ၊ စူးစမ်းဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့၏ အကြီးဖြစ်သောမင်းသည်။ အနိသမ္မ၊ မစူးစမ်းမူ၍။ န ကယိရာ၊ မပြုရာ။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ပြုလေ့ရှိသော။ ရညော၊ မင်းအား။ ယသော စ၊ အခြံအရံသည်လည်းကောင်း။ ကိတ္တိ စ၊ ကျေးဇူးသတင်း ကျော်စောခြင်းသည်လည်းကောင်း။ ဝဍ္ဎတိ၊ နေ့ညဉ့်မပြတ် ပွားရာ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ အကြင်သူသည် အကြင်သူ၏ထံမှ သိအပ်မှတ်အပ် ကျင့်ဆောင်အပ်သော တရားစကားကို အနည်းငယ်မျှပင်လည်း ရသည်ဖြစ်စေ၊ မိမိ၌ ယုံမှားရှိသောအခါ ဤယုံမှားကို ပယ်ဖျက်ပေးသည်လည်းဖြစ်စေ။ ဤသို့ နည်းဥပဒေသ ပေးပေသောသူ၊ ယုံမှားခြင်းကို ဖျောက်ပေသောသူတို့သည် မိမိ၏မှီခိုရာ ကျွန်းကြီးသဖွယ်လည်း ဖြစ်၏။ ကိုးကွယ်လဲလျောင်းရာ လိုဏ်နန်းသဖွယ်လည်း ဖြစ်၏။ ထိုနည်းဥပဒေသ ပေးပေသောသူ၊ ယုံမှားခြင်းကို ဖျောက်ပေသောသူတို့နှင့် အခါမပြတ်လျှင် အဆွေခင်ပွန်းဖွဲ့ခြင်းကို ပြုအပ်၏။ ပြစ်မှားသောအားဖြင့် မစွန့်အပ်။”

“အရှင်မင်းကြီး။ အိမ်ရာထောင်သောသူဖြစ်လျက် ပျင်းရိသောသူသည် စီးပွားချမ်းသာ ယုတ်လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် မကောင်း။ ရသေ့ရဟန်းဖြစ်လျက် သီလမရှိမူကား ပစ္စုပ္ပန်သံသရာ ပျက်စီးရာသော အကြောင်းဖြစ်သောကြောင့် မကောင်း။ အစိုးရသောမင်းဖြစ်လျက် ရောက်လာသောအမှုကို မိမိနား,မျက်စိဖြင့် မျက်မှောက်ထင်ထင် ကြားမြင်အောင်ပြုသဖြင့် ထောက်ရှုဆင်ခြင်စုံစမ်း၍ ပြုလေ့မရှိမူကား မိမိအခြံအရံ ကျေးဇူးသတင်း ပျက်စီးခြင်း၏အကြောင်းဖြစ်သောကြောင့် မကောင်း။ အကြင်သူသည် ပညာရှိဖြစ်လျက် မြဲမြံစွာ သတိကိုမဖြစ်စေဘဲ အမျက်ထွက်လွယ်ခြင်းသည် သူတော်ကောင်းတို့ ကဲ့ရဲခြင်း၏အကြောင်းဖြစ်သောကြောင့် မကောင်း။”

“အရှင်မင်းကြီး။ အရပ်မျက်နှာတို့၏ အကြီးဖြစ်သော ရေမြေသေဌ်နင်း မင်းတို့သည် ခပ်သိမ်းသောအရာတို့၌ စူးစမ်းဆင်ခြင်၍သာ ပြုအပ်၏။ မစူးမစမ်းမူ၍ မပြုအပ်။ စူးစမ်းဆင်ခြင်လေ့ရှိသော မင်းတို့အား အခြံအရံ ပွားများခြင်း, ကျေးဇူးသတင်း ကျော်စောခြင်းတို့သည် တိုးတက်ပြန့်ပွားသည် ဖြစ်ရာ၏” ဟုဆို၏။