မဟောသဓဇာတ်တော်ကြီး/အခန်း-၂၆

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၆။ သိရီကာလကဏ္ဏီ ပြဿနာခန်း

ထိုသို့ မံသ, ဂေါဏအစရှိသော ၁၉-ပါးသောပဉှာ, ဤကကဏ္ဍကပဉှာတို့ဖြင့် ကျော်စောထင်ရှားစွာ မဟောသဓသုခမိန်ပေါ်ထွန်းစဉ် ထိုမိထိလာပြည်၌နေသော ပိင်္ဂုတ္တရအမည်ရသော လုလင်ပျိုသည် တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာ့ထံ၌ အတတ်ပညာသင်ကြားသဖြင့် များမကြာမီပင် တတ်မြောက်ခြင်းသို့ ရောက်လေ၏။ ထို ဒိသာပါမောက္ခဆရာတို့၏ အမျိုးအလေ့ကား အရွယ်သို့ရောက်သောသမီးရှိလျှင် တပည့်ကြီးအား ထိမ်းမြားမြဲ အလေ့တည်း။

ထိုအခါ ဒိသာပါမောက္ခ ဆရာ၌လည်း အရွယ်ရောက်သော သမီးတစ်ယောက်သည် ရှိ၏။ ထိုသတို့သမီးသည် နတ်သမီးတမျှ လှပသောအရည်အဆင်း လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည်စုံ၏။ ကောင်းမြတ်သော စိတ်နှလုံး အလေ့အကျင့်လည်း ရှိ၏။

ပိင်္ဂုတ္တရလုလင်သည် အတတ်ပညာတတ်မြောက်ပြီးသော် ဆရာအား ထိုက်လျော်ရာပဏ္ဏာ ဆရာဆုဖြင့်ပူဇော်၍ “အကျွန်ုပ်သည် မိဘနေရပ်သို့ ပြန်ပါတော့မည်”ဟု ပန်ကြား၏။ ဒိသာပါမောက္ခဆရာသည် ထိုပိင်္ဂုတ္တရလုလင် ခွင့်တောင်းသည်ကိုကြားလျှင် “ကောင်းပြီ။ လုလင် သွားလေတော့။ ထိုသို့တစ်မူကား သင့်အား ငါ မြတ်နိုးသည်နှင့်အညီ ငါ့အမျိုးအလေ့အကျင့်လည်း မပျက်စေရသဖြင့် ငါ့သမီးကို သင့်အား ထိမ်းမြားပေးစားလိုက်အံ့။ သင် ချစ်ခင်ကြင်နာစွာ ငါ့သမီးကို ဆောင်ယူမည်လော”ဟု ဆို၏။

ထိုပိင်္ဂုတ္တရလုလင်သည်ကား ဘုန်းမရှိသော သူယုတ်မာတည်း။ ဒိသာပါမောက္ခဆရာ၏သမီးသည်ကား ဘုန်းရှိသော မိန်းမတည်း။

ပိင်္ဂုတ္တရလုလင်သည် ဆရာ့စကားကိုကြားလျှင် ထိုသတို့သမီးကိုမြင်လျှင်လည်း တပ်ငြိခြင်းမရှိသဖြင့် စိတ်၏နှစ်သက်ခြင်းသည် တစ်ရံတစ်ဆစ်မျှ မဖြစ်။ ထိုသို့ ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ဆရာ့စကားကို မပယ်မဖျက်ပံ့၍ “ကောင်းပါပြီ”ဟု ဝန်ခံ၏။

ဒိသာပါမောက္ခဆရာလည်း အမျိုးတို့ဖြင့် ဆောင်ရွက်ရိုးရှိသည်အတိုင်း သမီးကို ပိင်္ဂုတ္တရလုလင်အား ထိမ်းမြားခြင်းလက်ထပ်မင်္ဂလာ ပြုပေ၏။ ပိင်္ဂုတ္တရလုလင်လည်း ထိုပြည်၌ ရက်လည်အောင် နေပြန်ရ၏။

ထိုနေရသောအခါ ညဉ့်အချိန်ရောက်၍ ပိင်္ဂုတ္တရလုလင်သည် ကျက်သရေရှိသောအိပ်ရာ၌နေလျှင် ထိုသတို့သမီးသည် “ငါ့အား မိဘပေးထိမ်းမြားသော ငယ်လင်ဖြစ်သည်”ဟု လင်ဟူသောအမှတ်ဖြင့် မိန်းမတို့ဝတ်ကို မလွတ်စေခြင်းငှာ ပိင်္ဂုတ္တရလုလင်အနီး အိပ်ရာတိုက်သို့ ဝင်လေ၏။ ပိင်္ဂုတ္တရလုလင်သည် ထိုသတို့သမီး အိပ်ရာနားသို့ ရောက်ခါမျှလျှင် ဘုန်းမတန်သဖြင့် ရွံရှာစက်ဆုပ်ခြင်းဖြစ်၍ နှင်တံဖြင့်လှန့်လိုက်သော ကြက်ကဲ့သို့ တုန်လှုပ်လျက် အိပ်ရာမှဆင်းသက်ပြီးသော် မြေ၌အိပ်လေ၏။ သတို့သမီးလည်း လုလင်သွားရာ မြေသို့လိုက်၍ အနီး၌ အိပ်နေမည်ပြု၏။

ပိင်္ဂုတ္တရလုလင်သည် သတို့သမီးအနီးသို့ရောက်လျှင်ပင် လျင်စွာထ၍ အိမ်ထက်သို့ တက်ပြန်လေ၏။ သတို့သမီးလည်း တစ်ဖန် အိမ်ထက်သို့ လိုက်ပြန်၏။ ပိင်္ဂုတ္တရလုလင်သည် သတို့သမီး မိမိအနီးသို့ရောက်ပြန်လျှင် အိပ်ရာမှထလျက် မြေသို့ဆင်း၍ အိပ်ပြန်လေ၏။ သတို့သမီးသည် လုလင်နောက်သို့ မလိုက်နိုင်သဖြင့် ကျက်သရေရှိသောအိပ်ရာ၌ပင်လျှင် အိပ်လေ၏။

ဤသို့ဘုန်းမရှိသော သူယုတ်မာသည် ဘုန်းရှိသောသူနှင့် ထပ်တူမဖြစ်ရချေသောကြောင့် ဤသို့သောနည်းဖြင့် ၇-ရက်ပတ်လုံး ပိင်္ဂုတ္တရလုလင်သည် မြေ၌သာ အိပ်လှည့်သင့်၏။ သတို့သမီးမူကား ကျက်သရေရှိသောအိပ်ရာ၌သာ အိပ်ရလေ၏။

ပိင်္ဂုတ္တရလုလင်သည် ၇-ရက်မြောက်ပြီးသော် မချစ်မကြင်သော်လည်း ဆရာ့စကားကို မပယ်ဝံ့သောကြောင့် ဆရာကိုရှိခိုးပြီးလျှင် သတို့သမီးကိုခေါ်၍ မိထိလာပြည်သို့ ပြန်သွားလေ၏။ ခရီးအကြား၌ကား ထိုသူ ၂-ယောက်တို့သည် အချင်းချင်း ချစ်စကားကိုထား၍ တစ်ပါးသောစကားကိုပင်သော်လည်း တစ်ခွန်းမျှ မပြောမဆို။ မိမိထမင်းကို မိမိချက်၍ ကိုယ်စီသာလျှင် စားကြ, အိပ်ကြကုန်လျက် လာလတ်သဖြင့် မိထိလာပြည်နားသို့ ရောက်ကြလေ၏။ ထိုအခါ ပိင်္ဂုတ္တရလုလင်သည် ခရီးမနီးမဝေး၌ ရေသဖန်းပင်ကိုမြင်လျှင် ထမင်းမွတ်သိပ်သဖြင့် ရေသဖန်းပင်ပေါ်သို့တက်၍ ရေသဖန်းသီးကို စား၏။ သတို့သမီးသည်လည်း ရေသဖန်းပင်အောက်၌နေလျက် “အရှင့်သား။ အကျွန်ုပ်ဖို့လည်း ရေသဖန်သီးကို ချလိုက်ပါလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ပိင်္ဂုတ္တလုလင်သည် “အဘယ့်ကြောင့် ငါ ချရမည်နည်း။ လက်,ခြေ မရှိသလော။ တက်၍စားလော့”ဟု ဆို၏။ သတို့သမီးသည်လည်း သဖန်းသီးကို စားချင်သောအာသာရှိသဖြင့် သဖန်းပင်သို့တက်၍ သဖန်သီးကိုစား၏။ ပိင်္ဂုတ္တရလုလင်သည် ထိုသတို့သမီးတက်မိလျှင် ရေသဖန်းပင်မှ လျင်စွာဆင်းပြီးသော် ရေသဖန်းပင်ရင်း ထက်ဝန်းကျင်၌ ဆူးရံ၍၊ “သူယုတ်လက်မှ ယခု လွတ်မြောက်တော့သည်”ဟုဆိုလျက် မြို့နား မိမိနေရပ်သို့ ပြေးလေ၏။ သတို့သမီးသည် မဆင်းမသက်နိုင်သည်ဖြစ်၍ ရေသဖန်းပင်ပေါ်၌ပင်လျှင် နေလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုနေ့နံနက်ကပင် ဥယျာဉ်သို့ ဆင်စီးလျက်ထွက်၍ ဥယျာဉ်ကစားပြီးလျှင် ညချမ်းသောအခါ ဆင်စီးလျက် မြို့သို့အဝင် ထိုသဖန်းပင်ပေါ်၌ သတို့သမီးကိုမြင်လေသော် အရွယ်အဆင်း ကောင်းခြင်း ၅-တန် ကြန့လက္ခဏာကောင်းတွင် ဘဝဟောင်းက ပေါင်းဖူးသောကံ နီးစပ်ကြသဖြင့် ငြိတွယ်သောစိတ် ရှိသည်ဖြစ်၍ အမတ်တစ်ယောက်ကိုခေါ်ပြီးလျှင် “ထိုသတို့သမီး၌ လင်ရှိသည်, မရှိသည်ကို စုံစမ်းမေးမြန်းချေ”ဟု စေလိုက်၏။ ထိုအမတ်လည်း ရေသဖန်းပင်သို့သွား၍ သတို့သမီးအား အကြောင်းကိုမေး၏။

သတို့သမီးသည် “အရှင်။ အကျွန်ုပ်ကား တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာ၏ သမီးတည်း။ အကျွန်ုပ်အား အဖသည် မိထိလာပြည်သားလုလင်နှင့် ထိမ်းမြားလိုက်၏။ ထိုအဖ ထိမ်းမြားသောလုလင်သည် အကျွန်ုပ်ကို ရေသဖန်းပင်ပေါ်၌ပစ်ခဲ့၍ ယခု စွန့်သွားလေပြီ”ဟုဆို၏။

အမတ်သည် ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထား၏။ ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ထိုသို့တပြီးကား အရှင်မရှိသောဥစ္စာမည်သည်ကား မင်းဘဏ္ဍာထိုက်၏”ဟုဆို၍ ရေသဖန်းပင်ရင်းသို့ ဆင်နှင့်ချဉ်းကပ်ပြီးသော် ထိုသတို့သမီးကို ရေသဖန်းပင်မှချပြီးလျှင် ဆင်ပေါ်၌တင်၍ နန်းတော်သို့ဝင်လေ၏။

နန်းတော်သို့ရောက်သောအခါ များစွာသော မင်းမိဖုရားကြီးတို့၏ အဆောင်အရွက်တို့ဖြင့် ခင်းကျင်းစီရင်၍ ထိုသတို့သမီးကို ရေသဖန်းပင်၌ရသောကြောင့် “ဥဒုမ္ဗရဒေဝီ” ဟူသောအမည်ဖြင့် အဘိသေက မင်္ဂလာကြီးကိုဆောင်လျက် တောင်ညာနန်းမ မိဖုရားကြီးအရာ၌ ထား၏။ ထိုဥဒုမ္ဗရဒေဝီမိဖုရားအား ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက် ချစ်ခင်ကြင်နာခြင်းဖြစ်၏။ ဤသို့ မြတ်သောသူသည် မြတ်သောသူနှင့်သာ တူမျှသောသဘော ရှိသည်ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီးနှင့် တွေ့ကြိမ်သဖြင့် ဒိသာပါမောက္ခဆရာ၏သမီးသည် ဥဒုမ္ဗရဒေဝီဟူသောအမည်ဖြင့် ထင်ရှားစွာ မိဖုရားကြီးအဖြစ်ကို ရလေ၏။

ထိုအခါ တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် များစွာသောအခြံအရံနှင့်တကွ ဥယျာဉ်သို့ထွက်လိုသောကြောင့် ဥယျာဉ်သို့သွားရာ မြို့တံခါးဝအပြင်၌နေကုန်သော အရပ်သားတို့ကို ခရီးလမ်းသုတ်သင် ပြင်ဆင်စေ၏။ ပိင်္ဂုတ္တလုလင်သည်လည်း ထိုအရပ်သားဖြစ်သောကြောင့် ပုဆိုးနံငယ်ကို ခါးတောင်းကျိုက်လျက် ပေါက်တူးနှင့် မြေကိုပေါက်၍ ခရီးလမ်း ပြင်ဆင်သုတ်သင်ရ၏။ ထိုသူတို့ လမ်းပြင်၍ မပြီးမီကပင် ဝိဒေဟရာဇ်မင်းကြီးသည် များစွာသော မှူးမတ်ပရိသတ်အပေါင်းခြံရံလျက် ဥဒုမ္ဗရဒေဝီမိဖုရားနှင့် ရထားစီး၍ ထွက်လာလတ်၏။

ထိုအခါ ခရီး၌ တူးဖောက်သုတ်သင်၍နေသော ပိင်္ဂုတ္တလုလင့် သူယုတ်မာကို ဥဒုမ္ဗရဒေဝီမိဖုရားကြီး မြင်လေသော် အလုံးစုံသော အဖြစ်အစစ်ကို အောက်မေ့မိသဖြင့် ဘုန်းကျက်သရေနှင့်ပြည့်စုံသော မိဖုရားကြီး၏ ဣန္ဒြေကိုလျက်လည်း မချုပ်နိုင်၍ ရယ်မိ၏။ ဝိဒေဟရာဇ်မင်းကြီးသည် ဥဒုမ္ဗရဒေဝီမိဖုရားရယ်သည်ကိုမြင်လျှင် အမျက်ထွက်သောမျက်နှာဖြင့် “သင် အဘယ့်ကြောင့် ရယ်သနည်း”ဟုမေး၏။

ဥဒုမ္ဗရဒေဝီလည်း “အရှင်မင်းကြီး။ ပုဆိုးနံငယ်ကို တင်သီနား ခါးတိုင်အောင်ပင်လိပ်လျက် ခါးတောင်းကျိုက်၍ ပေါက်တူးနှင့် လမ်းကိုသုတ်သင်တူးပေါက်သော ဤယောက်ျားသည် အကျွန်ုပ်ကို မိဘထံမှဆောင်ယူခဲ့သော ခင်ပွန်းဟောင်းတည်း။ ဘုန်းမရှိသော ထိုသူယုတ်မာသည် မိမိနှင့်မထိုက်မတန်ခြင်းကြောင့် အကျွန်ုပ်သို့သော ဘုန်းကျက်သရေရှိသော မိန်းမကိုရလျက် ရေသဖန်းပင်ပေါ်တင်၍ ဆူးခက်ဝန်းရံလျက် စွန့်ပစ်ပြေးသွားလေ၏။ အကျွန်ုပ်သည် ဤသူယုတ်မာ၏မျက်နှာကို တူရူအခန့်တော်သဖြင့် မျှော်ကြည့်မိရာတွင် “တိုင်းကြီးပြည်ကြီးသခင် အရှင်တို့၏ မိဖုရားကြီးဖြစ်လတ္တံ့သော ငါ၏ဘုန်းကျက်သရေကို ဤသူမဆောင်ဝံ့လေ။ မြေမှုန့်အလိမ်းလိမ်းကပ်လျက် ပေါက်တူးနှင့်သာတန်သော သူယုတ်မာတကား”ဟု အောက်မေ့မိသဖြင့် အကျွန်ုပ်ရယ်မိပါသည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် “သင် အဘယ့်ကြောင့် မဟုတ်မမှန် ပျက်ရယ်သောစကားကို ပြောဆိုသနည်း။ တစ်စုံတစ်ခု တစ်ပါးသောအကြောင်း ရှိသောကြောင့်သာ ရယ်သည်တကား”ဟု ငေါက်ငန်းခြိမ်းခြောက်၍ ဥဒုမ္ဗရဒေဝီကိုသတ်အံ့သောငှာ သန်လျက်အိမ်မှ လက်စွဲသန်လျက်ကို နုတ်၏။ ဥဒုမ္ဗရဒေဝီသည်လည်း အလွန်ကြောက်လန့်ခြင်း ပြင်းစွာရှိသည်ဖြစ်လျက် “အရှင်မင်းကြီး။ အကျွန်ုပ်လည်း သေထိုက်မှ သေပါရစေ။ အရှင်မင်းကြီးလည်း နောင်တတစ်ဖန် မဖြစ်ပါစေလင့်။ အကျွန်ုပ်အား ကွပ်မျက်တော်မူထိုက်သည်, မထိုက်သည်ကို ပညာရှိတို့အား မေးတော်မူဦးလော့”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဟုတ်မှန်တိုင်းစီရင်ပိုင်အောင် သေနကသုခမိန်အမတ်ကြီးကိုခေါ်၍ “ဆရာအမတ်ကြီး။ ဤဥဒုမ္ဗရဒေဝီသည် မိမိအလိုအလျောက် ရယ်သောကြောင့် ငါစစ်မေးတော်မူလျှင် “အကျွန်ုပ်ကို ရေသဖန်းပင်၌တင်၍ စွန့်ပစ်ပြေးသွားလေသော ယောက်ျားကိုမြင်သောကြောင့် ရယ်မိပါသည်”ဟု ငါ့အား လျှောက်ထားသည်။ ထိုသို့ ဥဒုမ္ဗရဒေဝီ လျှောက်ထားသောစကားကို သင် ယုံ၏လော”ဟု မေးတော်မူ၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်ကြီးသည် “အရှင်မင်းကြီး။ ဤသို့သော အင်္ဂါလက္ခဏာ အရွယ်အဆင်းနှင့်ပြည့်စုံသော မိန်းမကိုစင်လျက် အဘယ်ယောက်ျား စွန့်ပစ်၍ သွားပေအံ့နည်း။ ဤသို့သော မိန်းမမည်သည်ကို အဘယ်ယောက်ျားမျှ မစွန့်ပစ်ရာ။ ထိုယောက်ျား စွန့်ပစ်၍သွားသည် ဆိုသောစကားကို အကျွန်ုပ် မယုံကြည်နိုင်ပါ”ဟု လျှောက်၏။

ဥဒုမ္ဗရဒေဝီသည် သေနကအမတ်ကြီးလျှောက်သော စကားကိုကြားရပြန်လျှင် ပူပန်ကြောက်လန့်ခြင်း ပြင်းစွာဖြစ်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း မိဖုရားအား အမျက်ပင်ထွက်သော်လည်း ချစ်လက်စွဲ မကွာဖြစ်သည်နှင့် “သေနကအမတ်သည် သူခပ်သိမ်းပင်လျှင် ထင်မြင်နိုင်သောအရာကိုသာ ပြောတတ်၏။ ပညာရှိလက္ခဏာနှင့် အရာအခွင့်ကို ထောက်ချင့်မြော်တွေး၍ မဆိုမသိတတ်။ အမတ်သေနကစကားနှင့် မိဖုရား မဆုံးသင့်လေသေး။ မေးမြန်းတိုင်ပင်ရာသော မဟောသဓလည်း ရှိပေသေးသည်”ဟု အသင့်ယူမိ၍၊ မဟောသဓကို ခေါ်ပြီးလျှင် အကြောင်းမရှိဘဲ မေးသကဲ့သို့ ပြဿနာလုပ်တော်မူလျက်-

“ဣတ္ထီ သိယာ ရူပဝတီ၊ သာ စ သီလဝတီ သိယာ။

ပုရိသော တံ န ဣစ္ဆေယျ၊ သဒ္ဒဟသိ မဟောသဓ။”

ဟူသော ဂါထာဖြင့် မေး၏။

မဟောသဓ၊ မဟောသဓသုခမိန်။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ ရူပဝတီ စ၊ အဆင်းလှသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ သီလဝတီ စ၊ လင်ကို မြတ်နိုးခြင်းစသော မိန်းမကောင်းတို့၏အကျင့် ပြည့်စုံသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တံ ဣတ္ထိံ၊ ထိုမိန်းမကို။ ပုရိသော၊ ယောက်ျားသည်။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ ဧတံ၊ ဤသို့သော အကြောင်းသည်။ လောကေ၊ လူ၌။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုမိန်းမကောင်းကို အလိုမရှိသော ယောက်ျားသည် လောက၌ရှိ၏ဟူသောစကားကို။ တွံ၊ သင်သည်။ သဒ္ဒဟသိ၊ ယုံကြည်အံ့လော။

အဓိပ္ပာယ်ကား-

“မဟောသဓ၊ အကြင်မိန်းမသည် ရှုချင်ဖွယ်တင့်တယ်သော အရွယ်အဆင်းနှင့်လည်း ပြည့်စုံ၏။ လင်ကို ချစ်ခင်မြတ်နိုးခြင်းစသော မိန်းမကောင်းတို့၏ အကျင့်နှင့်လည်းပြည့်စုံ၏။ ထိုသို့ အရွယ်အဆင်း သီတင်းအကျင့်နှင့် ပြည့်စုံသော မိန်းမကောင်းကို အလိုမရှိသောယောက်ျားသည်လည်း ရှိ၏ဟုဆိုသောစကားကို သင်ယုံကြည်၏လော”ဟုမေး၏။

မင်းကြီးစကားကို ကြားလျှင် မဟောသဓသုခမိန်သည်-

“သဒ္ဒဟာမိ မဟာရာဇ၊ ပုရိသော ဒုဗ္ဘဂေါ သိယာ။

သိရီ စ ကာလကတ္တီ စ၊ န သမေန္တီ ကုဒါစနံ။”

ဟူသော ဂါထာဖြင့် ဖြေလျှောက်၏။

မဟာရာဇ၊ အရှင်မင်းကြီး။ တံ ဝစနံ၊ ထိုမိန်းမကောင်းကို ယောက်ျားစွန့်ပစ်၍ သွား၏ဟုဆိုသော စကားကို။ အဟံ၊ အကျွန်ုပ်သည်။ သဒ္ဒဟာမိ၊ ယုံကြည်ပေ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ပုရိသော၊ မိန်းမကောင်း, လင်ယောက်ျားသည်။ ဒုဗ္ဘဂေါ၊ ဘုန်းမရှိသည်။ သိယာ၊ ဖြစ်ရာ၏။ သိရီ စ၊ ဘုန်းကျက်သရေရှိသော သူသည်လည်းကောင်း။ ကာလကဏ္ဏီ စ၊ သူယုတ်မာသည်လည်းကောင်း။ ဧတေ၊ ထိုသူ၂-ယောက်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န သမေန္တိ၊ မတူကြကုန်။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ “မိန်းမကောင်းကို ယောက်ျားစွန့်ပစ်၍သွား၏”ဟူသောစကားကို ယုံကြည်၏လောဟု အမေးတော်ရှိသည်မှာ ယုံကြည်လောက်ပေသော စကားဖြစ်၍ အကျွန်ုပ် ယုံကြည်ပေ၏။ အဘယ့်ကြောင့်နည်းဟူမူကား “ဘုန်းကံနည်းသောသူတို့မှာ မိမိတို့နှင့် မထိုက်မတန်သည်ဖြစ်၍ ဣဋ္ဌာရုံကိုပင် အနိဋ္ဌာရုံထင်တတ်ပါသည်။ ထိုမိန်းမကောင်းကိုစွန့်ပစ်သော ယောက်ျားသည်လည်း ဘုန်းကံနည်းသောသူ ဖြစ်ရာ၏။ ဘုန်းကျက်သရေရှိသောသူနှင့် ဘုန်းမရှိသော သူယုတ်မာသည် ထပ်တူမရှိရာ။ ဥပမာကား- မဟာသမုဒ္ဒရာ၌ ထိုမှာဘက်ကမ်းနှင့် ဤမှာဘက်ကမ်း ကွာလှမ်းသကဲ့သို့လည်းကောင်း၊ အထက်ကောင်းကင်နှင့်မြေကြီး ကွာလှမ်းသကဲ့သို့လည်းကောင်း၊ သူမြတ်နှင့်သူယုတ်သည် ထို့ထက်ပင်လည်း ကွာလှမ်းကြ၏။ တူမျှသည် မဖြစ်ရာ။ ထို့ကြောင့် အကျွန်ုပ် ယုံကြည်ပေသည်”ဟု လျှောက်၏။

ဤသို့ မဟောသဓသုခမိန် လျှောက်သောစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ဥဒုမ္ဗရဒေဝီ၌ အမျက်ပြေငြိမ်းခြင်းသို့ ရောက်လေ၏။ မဟောသဓသုခမိန်အားလည်း ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက်မြတ်နိုးခြင်းရှိသဖြင့် “ငါသည် အကယ်၍ မဟောသဓသုခမိန် မရှိသည်ဖြစ်အံ့။ သေနက အမတ်မိုက်စကားကိုယုံမှား၍ မိဖုရားရတနာမှ ဆုံးရှုံးခြင်းသို့ ရောက်ရာ၏။ မဟောသဓသုခမိန်ကို မှီ၍သာလျှင် ဤမိဖုရား၏အသက်ကို ငါ ရအပ်ပေသည်”ဟု အသပြာ၁-သိန်းဖြင့် ပူဇော်၏။

ဥဒုမ္ဗရဒေဝီသည်လည်း မင်းကြီးကိုရှိခိုးလျက် “အရှင်မင်းကြီး။ မဟောသဓသုခမိန်ကိုမှီ၍ အကျွန်ုပ်အသက်ကို ရပေ၏။ ဤမဟောသဓသုခမိန်ကို အကျွန်ုပ်သည် မောင်ငယ်အရာ၌ ထားပါရစေ”ဟု အခွင့်တောင်း၏။ မင်းကြီးသည်လည်း “မိဖုရားမြတ်။ ကောင်းပြီ။ မောင်ငယ်အရာ၌ ထားလော့”ဟု မိဖုရားအားလည်း ဆုပေး၏။ ဥဒုမ္ဗရဒေဝီသည် “အရှင်မင်းကြီး အကျွန်ုပ်၌ ကောင်းမြတ်သော ခဲဖွယ်ဘောဇဉ်ရသည်ရှိသော် အကျွန်ုပ်ချည်း မသုံးဆောင်လိုပါ။ ဤမဟောသဓအားလည်း ပေးလိုပါ၏။ ထိုသို့ ကောင်းမြတ်သောခဲဖွယ်စားဖွယ်ကို မည်သည့်အချိန်မဆို ပို့ရပါစေခြင်းငှာ တံခါးကိုလည်း သနားတော်မူပါလော့”ဟု ဆုတောင်း၏။

ဝိဒေဟရာဇ်မင်းကြီးသည် “အဘယ်။ ကောင်းပြီ။ မည်သည့်အချိန်အခါမဆို ခဲဖွယ်စားဖွယ်ပို့ခြင်းငှာ တံခါးကို အလိုရှိတိုင်း ထွက်စေ,ဝင်စေတော့”ဟု ဆုပေး၏။ တံခါးမှူးတို့အားလည်း “မဟောသဓထံသို့ ဥဒုမ္ဗရဒေဝီမိဖုရားက ခဲဖွယ်စားဖွယ် ပို့စေသူတို့ကို မည်သည့်အချိန်မဆို ထွက်ဝင်စေ။ မဆီးမတားနှင့်”ဟု မိန့်တော်မူ၏။

ထိုနေ့မှစ၍ ဥဒုမ္ဗရဒေဝီမိဖုရားနှင့် မဟောသဓသုခမိန်တို့သည် အစ်မကြီးအဖြစ် မောင်ငယ်အဖြစ်ဖြင့် ယုံကြည်မြတ်နိုးခြင်း ဖြစ်ကြသတည်း။

ဤကား ဘုရားလောင်းအား ၄-ကြိမ်မြောက်သော မင်း၏အချီးအမြှောက်ကို ခံရခြင်းတည်း။