မဟောသဓဇာတ်တော်ကြီး/အခန်း-၂၇

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၇။ မေဏ္ဍက ပဉှာခန်း

အခါတစ်ပါးသော တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် ထမင်းစားပြီးလျှင် စင်္ကြံသွားလျက် လေသာတံခါးပေါက်ဖြင့် မျက်စိရှေ့မျှော်ကြည့်လေသော် ဆိတ်နှင့်ခွေး ရန်ဖက်သတ္တဝါ ၂-ကောင်တို့ အဆွေခင်ပွန်းဖွဲ့၍ နေကြသည်ကိုမြင်တော်မူ၏။

ထို ဆိတ်,ခွေးတို့ အဆွေခင်ပွန်းဖွဲ့ကြရင်းကား ဆိတ်သည် ဆင်တင်းကုပ်သို့သွားပြီးလျှင် ဆင်၏ရှေ့၌ ဆင်စာကျွေးသောမြက်ကို ဝင်၍စား၏။ ထိုသို့စားသည်ကို ဆင်ထိန်းတို့ မြင်လေသော် ကျောက်ခဲ, နှင်တံဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ပြေးစေ၏။ ထိုသို့ ဆိတ်ကြောက်၍ပြေးစဉ် ဆင်ထိန်းတစ်ယောက်သည် လိုက်၍ တုတ်, လှံတံဖြင့် ဆိတ်၏ကျောက်ကုန်းကို ကန့်လန့်ဖြတ် နာကျင်စွာရိုက်၏။ ဤရိုက်နှက်သောဒဏ်ချက်ဖြင့် နာကျင်စွာ ကျောကိုကော့ညွတ်လျက် မြည်တမ်း၍ ဦးစွပ်ပြေးသဖြင့် မင်းကြီးနန်းတော်နံရံနား၌ ခါးရည့်သီ အိပ်နေ၏။

ထိုနေ့၌ပင်လျှင် မင်းကြီးစားတော်ကဲအိမ်၌ အမဲရိုး, အရေစသည်တို့ဖြင့်မွေး၍ကြီးသော ခွေးတစ်ကောင်သည် စားတော်ကဲစားဖိုအိမ်၌ စားတော်ချက်ပြီးလျှင် ဟင်းလျာအိုးကို ဖုံးအုပ်သိမ်းဆည်းခဲ့ပြီးမှ ကိုယ်၌ ချွေးဝင်စေခြင်းငှာ အိမ်ထဲမှ ပြင်သို့ထွက်စဉ် ငါးအမဲနံ့ကိုခံလျက် စားဖိုအိမ်သို့ဝင်ပြီးသော် ဟင်းလျာအိုးတို့၌ စလောင်းကိုဖွင့်လှစ်၍ ထိုခွေးသည် အမဲဟင်းလျာကို စား၏။ စားတော်ကဲသည် စလောင်းသံကြားသဖြင့် ဝင်၍ကြည့်လတ်သော် ခွေးစားမှန်းသိလျှင် တံခါးကိုပိတ်၍ ကျောက်ခဲလှံတံဖြင့် ပစ်ခတ်ရိုက်နှက်၏။ ထိုခွေးသည်လည်း ကြောက်လန့်တကြား စားသောအစာကိုအန်၍ စားဖိုအိမ်ထဲမှ ထွက်ပြေး၏။ စားတော်ကဲသည် ထိုခွေးကိုလိုက်၍ တုတ်လှံတံဖြင့် ကျောက်ကုန်း၌ ကန့်လန့်ဖြတ် နာကျင်စွာရိုက်၏။ ဤသို့ရိုက်နှက်လိုက်သောဒဏ်ချက်ဖြင့် နာကျင်စွာမြည်တမ်းလျက် ခါးရည့်သီ ခြေတစ်ချောင်းမြှောက်၍ နန်းတော်နံရံနား ဆိတ်အိပ်ရာအနီးသို့ပင်လျှင် ပြေးဝင်လေ၏။

ထိုခွေးလာသည်ကို ဆိတ်မြင်လျှင် “အဆွေခွေး။ ခြေတစ်ချောင်းမြှောက်လျက် ကျောက်ကုန်းညွတ်ခါ အဘယ့်ကြောင့် လာသနည်း။ သင့်အား လေနာထိုးကျင်သလော”ဟု မေး၏။ ထိုသို့ ဆိတ်ဆီး၍မေးသည်ကြားလျှင် ခွေးသည် “အဆွေဆိတ်။ ငါ့ကိုကား သင်မေး၏။ သင်တုံသည်လည်း ညှိုးငယ်သောမျက်နှာထားနှင့် ခါးညွတ်ခွေကာ အဘယ့်ကြောင့် အိပ်သနည်း။ သင့်အား လေနာ ထိုးကျင်ကိုက်ခဲလေသလော”ဟု စကားတုံ့ပြန် နှုတ်ဆက်မေးမြန်းလျှင်၊ ဆိတ်သည် ဆင်ထိန်းရိုက်နှက်ကြောင်း စကားအလုံးစုံကို ခွေးအားပြန်ကြား၏။ ခွေးသည်လည်း စားတော်ကဲရိုက်နှက်လိုက်ကြောင်း စကားအလုံးစုံကို ဆိတ်အား ပြန်ကြားလေ၏။

ထိုသို့ အညီအညွတ်ပြောဆိုကြပြီးသော် ဆိတ်သည်ခွေးကို “အဆွေခွေး။ သင်သည် စားတော်ကဲအိမ်သို့ နောက်တစ်ဖန် ချဉ်းဝံ့ပါဦးမည်လော”ဟုမေး၏။ ခွေးသည် “အဆွေဆိတ်။ စားတော်ကဲအိမ်သို့ နောက်တစ်ဖန် ငါချဉ်းပြန်လျှင် ငါ့အား အသက်ရှင်နိုင်တော့မည် မဟုတ်”ဟုဆို၏။ ခွေးသည်လည်း ဆိတ်ကို “အဆွေဆိတ်။ သင်ကား ဆင်တင်းကုပ်သို့ တစ်ဖန် ချဉ်းဝံ့ပါဦးမည်လော”ဟု မေး၏။ ဆိတ်သည် “အဆွေခွေး။ ငါလည်း ဆင်တင်းကုပ်သို့ မချဉ်းဝံ့ပြီ။ ဆင်တင်းကုပ်သို့ တစ်ဖန်သွားပြန်လျှင် ငါ့အသက် ရှင်နိုင်တော့မည် မဟုတ်” ဟုဆို၏။

“ဤသို့ မချဉ်းဝံ့သော် ငါတို့သည် အဘယ်သို့ အသက်မွေးရပါအံ့နည်း”ဟု ကြံစည်တိုင်ပင်ကြကုန်၏။ ထိုအခါ ဆိတ်သည် ခွေးကို “အဆွေခွေး။ သင်နှင့်ငါ အတူတကွနေကြရသည်ဖြစ်မူကား တစ်ခုသောအကြံကို ငါကြံမိ၏”ဟုဆိုလျှင်၊ ခွေးသည် “အဆွေဆိတ်။ သင်ကြံမိသောအကြောင်းကို ငါ့အား ပြောလော့”ဟု ဆို၏။ ဆိတ်သည် “အဆွေခွေး။ ငါကြံမိသည်ကား သင် ဤနေ့မှစ၍ နေ့တိုင်းလျှင် ဆင်တင်းကုပ်သို့ သွားလော့။ မြက်သစ်ရွက်သည် ခွေးတို့၏အစာ မဟုတ်သောကြောင့် ဆင်ထိန်းတို့သည် သင်၌ ယုံမှားသင်္ကာ ရွံရှာခြင်းကင်းလတ္တံ့။ သင်သည် ဆင်တင်းကုပ်မှမြက်ကို ဆောင်ယူခဲ့၍ ငါ့အားပေးလော့။ ငါသည်ကား စားဖိုအိမ်သို့ သွားအံ့။ ငါးအမဲတို့သည် ဆိတ်တို့၏အစာ မဟုတ်သောကြောင့် စားတော်ကဲသည် “အမဲကို ဆိတ် မစားရာ”ဟု ငါ၌ ယုံမှားသင်္ကာ ရွံရှာခြင်းကင်းလတ္တံ့။ ငါ စားဖိုအိမ်မှ ငါးအမဲကိုဆောင်ယူ၍ သင့်အား ပေးအံ့။ ဤသို့ ငါကြံသည်”ဟုဆို၏။

ဆိတ်စကားကိုကြားလျှင် ခွေးသည် “အဆွေဆိတ်။ သင်ကြံမိသည်အတိုင်း ကောင်းမြတ်လှပြီ။ ငါတို့၂-ယောက် အတူနေကြကုန်အံ့”ဟုဆို၍ အချင်းချင်း အဆွေခင်ပွန်းဖွဲ့ကြကုန်၏။ ထိုနေ့မှစ၍ ခွေးသည်လည်း ဆင်တင်းကုပ်ဝမှ မြက်ကိုကိုက်ချီခဲ့ပြီးလျှင် နန်းတော်နံရံပါး၏နောက်၌ ထား၏။ ဆိတ်သည်လည်း စားဖိုအိမ်မှ အမဲဟင်းလျာကို ခံတွင်းဖြင့် ငုံခဲ့ပြီးလျှင် ထိုနံရံနောက်၌ပင် ထား၏။ ခွေးသည် အမဲဟင်းလျာကို စားလျက်, ဆိတ်သည် မြက်ကိုစားလျက် နှစ်သက်ဝမ်းမြောက်စွာ အညီအညွတ် အဆွေခင်ပွန်းဖွဲ့၍ နေကြကုန်၏။

ထို ခွေး,ဆိတ်တို့၏ အညီအညွတ် အဆွေခင်ပွန်းဖွဲ့ကြသည်ကို မင်းကြီး စင်္ကြံသွားရင်း ပြတင်းလေသာက မျက်နှာရှေးရှုမြင်လျှင် “ငါသည် မမြင်မကြားစဖူး။ ဆိတ်နှင့်ခွေးသည် ရန်သူဖြစ်လျက် ယခု အညီအညွတ် နှစ်သက်မြတ်နိုးစွာ အဆွေခင်ပွန်းဖွဲ့ကြသည်ကို မြင်ရ၏။ ထိုအကြောင်းကို အကြံရခက်အောင် ပြဿနပြု၍ သုခမိန် ၅-ယောက်တို့အား မေးအံ့။ ငါမေးသောပြဿနာကို မဖြေနိုင်သော သုခမိန်အား ပြည်နိုင်ငံမှ နှင်ထုတ်ခြင်း မင်းဒဏ်ကိုပေးအံ့။ ဖြေနိုင်သောသုခမိန်အားလည်း များစွာသော ဆုလာဘ်ကိုပေး၍ ချီးမြှောက်အံ့။ ယနေ့ကား အချိန်မရှိပြီ။ နက်ဖြန်နံနက် သုခမိန် ၅-ယောက်တို့ ငါ့ထံခစားလာမှ ဤပြဿနာကို မေးအံ့”ဟု ကြံ၏။

ဤသို့ကြံပြီးလျှင် ထိုညဉ့် မိုးသောက်လတ်သော် သုခမိန် ၅-ယောက်တို့သည်လည်း နန်းတော်သို့ဝင်၍ မိမိတို့ထိုက်လျှောက်သော နေရာ၌နေလျက် မင်းကြီးအား ခစားကုန်၏။ ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန် ၅-ယောက်တို့အား-

“ယေသံ န ကဒါစိ ဘူတပုဗ္ဗံ၊ သချံ သတ္တပဒမ္ပိမသ္မိ လောကေ။

ဇာတာ အမိတ္တာ ဒုဝေ သဟာယာ၊ ပဋိသန္ဓာယ စရန္တိ ကိဿ ဟေတု။”

ဟူသော ဂါထာဖြင့် ပြဿနာမေးပြီးလျှင်-

“ယဒိ မေ အဇ္ဇ ပါတရာသကာလေ၊ ပဉှံ နသက္ကုဏေယျာထ ဝတ္တုမေတံ။

ရဋ္ဌာ ပဗ္ဗာဇယိဿာမိ ဝေါ သဗ္ဗေ၊ န ဟိ မတ္ထော ဒုပ္ပညဇာတိကေဟိ။”

ဟူသောဂါထာဖြင့် မင်းကြီးအာဏာထား၏။

ပဏ္ဍိတာ၊ သုခမိန် ၅-ယောက်တို့။ ဣမသ္မိံ လောကေ၊ ဤလူ့ပြည်၌။ ယေသံ သတ္တာနံ၊ အကြင်သတ္တဝါတို့အား။ ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ သတ္တပဒမ္ပိ၊ ၇-ဖဝါး လှမ်းရုံမျှလည်း။ သချံ၊ အဆွေခင်ပွန်းသည်။ န ဘူတပုဗ္ဗံ၊ ရှေး၌မဖြစ်စဖူး။ ဒုဝေ၊ ၂-ကောင်ကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ အမိတ္တာ၊ ရန်ဘက်တို့သည်။ ဇာတာ၊ ဖြစ်ကုန်လျက်။ သဟာယကာ၊ အဆွေခင်ပွန်းဖြစ်ကြကုန်၏။ ပဋိသန္ဓာယ၊ ယုံကြည်စေ့စပ်ခြင်းဖြင့်။ စရန္တိ၊ ကျင်လည်ကုန်၏။ ဟေတု၊ အကြောင်းကား။ ကိံ၊ အသို့လျှင်။ အဿ၊ ဖြစ်ရာသနည်း။ ဤကား ရှေ့ဂါထာအနက်။

မေ မမ၊ ငါ၏။ ဧတံ ပဉှံ၊ ဤပြဿနာကို။ အဇ္ဇ၊ ယနေ့။ ပါတရာသကာလေ၊ ထမင်းနံနက်စာ စားပြီးသောအခါ၌။ ဝတ္တုံ၊ ဖြေခြင်းငှာ။ တုမှေ၊ သင်တို့သည်။ ယဒိ န သက္ကုဏေယျာထ၊ အကယ်၍ မတတ်နိုင်ကုန်အံ့။ ဧဝံသန္တေသု၊ ဤသို့မဖြေနိုင်ကြကုန်သည်ရှိသော်။ သဗ္ဗေ၊ အလုံးစုံသော။ ဝေါတုမှေ၊ သင်တို့ ၅-ယောက်တို့ကို။ ရဋ္ဌာ၊ တိုင်းနိုင်ငံမှ။ ပဗ္ဗာဇယိဿာမိ၊ နှင်ထုတ်အံ့။ ဟိသစ္စံ၊ မှန်၏။ မေ၊ ငါ၏။ အတ္ထော၊ အနက်ပြဿနာကို။ ဒုပ္ပညဇာတိကေဟိ၊ အသိဉာဏ်နည်းကုန်သော သူတို့သည်။ န ဇာနေယျ၊ မသိနိုင်ကုန်ရာ။ ဤကား နောက်ဂါထာအနက်။

အဓိပ္ပာယ်ကား-

“သုခမိန် ၅-ယောက်တို့၊ သင်တို့အား ငါသည် ပြဿနာမေးအံ့။ သတိစွဲ၍ နာကြကုန်။ ဤလောက၌ အကြင်သတ္တဝါတို့သည် ၇-လှမ်းမျှ အတူသွားလာချစ်ခင်စွာ အဆွေခင်ပွန်းဖွဲ့သည်ဟူ၍ တစ်ရံတစ်ဆစ်မျှ မဖြစ်စဖူး။ တစ်ဦးကိုတစ်ဦးမြင်လျှင် တင်မိအောင်သာကြံ၍ ရန်မူကြမြဲ သဘောဖြစ်လျက် နှစ်သက်ကြည်ဖြူ အတူမကွေ မိတ်ဆွေပြုသဖြင့် ၂-ခုသောသတ္တဝါတို့ နေကြကုန်၏။ ထိုသတ္တဝါကား အဘယ်နည်း။ ဤယခု ငါမေးတော်မူသည့် ပြဿနာကို ယနေ့ ထမင်းနံနက်စာစားပြီးလျှင် ဖြေဆိုကြရမည်။ မဖြေဆိုနိုင်လျှင် သင်တို့၅-ယောက်ကို တိုင်းနိုင်ငံမှ နှင်ထုတ်မည်။ ငါ၏ပြဿနာကို လွယ်သည် မထင်ကြနှင့်။ ပညာနည်းသောသူတို့ မသိနိုင်ရာ”ဟု မိန့်ဆိုတော်မူ၏။

ဤပြဿနာကို မေးသောအခါ၌ သေနကအမတ်သည် နေရာ ၅-ရပ်တွင် အမြတ်အထူး အဦးဖြစ်သောနေရာ၌ နေ၏။ မဟောသဓသုခမိန်သည် အဆုံးဖြစ်သောနေရာငယ်၌ နေရ၏။

ထိုအခါ မဟောသဓသုခမိန်သည် မင်းကြီးမေးသောပြဿနာကို ဆင်ခြင်လတ်သော် ထိုပြဿနာ၏အနက်ကို မထင်မမြင်နိုင်သောကြောင့် ဤသို့အကြံဖြစ်၏။

“ဤမင်းသည် အလွန်နုံ့သောပညာရှိ၏။ ဤပြဿနာကို မိမိအလိုအလျောက် အကြောင်းမဲ့ဘဲ ကြံစည်ရုံးစု၍ ပြုနိုင်မည်မဟုတ်ရာ။ တစ်စုံတစ်ခုကို မမြင်ဘူးမြဲသောအရာကို မြင်၍သာ ဤပြဿနာကို မေးသည်ဖြစ်ရာ၏။ တစ်နေ့မျှ ငံ့နေပါလျှင် ဤပြဿနာကို မချွတ်လျှင် ငါဖြေနိုင်အံ့။ အဘယ်သို့သောအကြောင်းဖြင့် မင်းကြီးအား တစ်နေ့မျှ ငံ့နေတော်မူပါမည့်အကြောင်းကို ငါ လျှောက်ရအံ့နည်း”ဟုကြံ၏။

မဟောသဓသုခမိန်, သေနကသုခမိန်မှတစ်ပါး ၃-ယောက်သောသုခမိန်တို့ကား အင်္ဂါ၄-ပါးနှင့်ပြည့်စုံသော အမိုက်တိုက်သို့ ဝင်ရသကဲ့သို့ တစ်စုံတစ်ခုမျှ မထင်မမြင်နိုင်သဖြင့် မှိုင်ကာသာနေကြကုန်၏။

သေနကအမတ်သည် “မဟောသဓကား အသို့ကြံသည်မသိ”ဟု မဟောသဓ၏မျက်နှာကို ကြည့်၏။ မဟောသဓသုခမိန်သည်လည်း “တစ်နေ့မျှ ငံ့နေတော်မူပါမည့်အကြောင်းကို မင်းကြီးအား လျှောက်ထားပါ” ဆိုလိုသောမျက်နှာရိပ်ဖြင့် သေနကအမတ်ကို ကြည့်၏။

သေနကသုခမိန်သည်လည်း မဟောသဓသုခမိန်၏ မျက်နှာရိပ်ဖြင့်ပင်လျှင် “မဟောသဓသည် တစ်ပါးသောပြဿနာတို့၌ မေးတိုင်းပင် ရွှင်လန်းနှစ်လို တွန့်တိုခြင်းကင်းသောမျက်နှာ ရှိသည်။ ယခုပြဿနာ၌ကား မိမိဉာဏ်ဖြင့်ကြံ၍ မရနိုင်သောကြောင့် တွန့်တိုသောမျက်နှာ ရှိ၏။ တစ်ရက်မျှ ငံ့စေလိုဟန်ထင်သည်”ဟု တွေးယူမိသဖြင့် မဟောသဓ၏ စိတ်အလိုကို ပြည့်စေအံ့ဟု ကြံပြီးသော် သေနကအမတ်သည် ဝိဒေဟရာဇ်မင်းနှင့် အကျွမ်းဝင်သည်ဖြစ်၍ ပြင်းစွာရယ်လျက် “အရှင်မင်းကြီး။ ယခု ဤသို့သောအကြောင်းကို ပြဿနာပြု၍ အမေးတော်ရှိလျက် မဖြေနိုင်မည်မှတ်ထင်တော်မူသဖြင့် အာဏာတော်ထားတော်မူသည်မှာ အကျွန်ုပ်တို့ ဟုတ်မှန်သောအရာကို မဖြေဆိုနိုင်လျှင်သာ ပြည်မှနှင်ထုတ်တော်မူပါ။ ဟုတ်မှန်တိုင်း ဖြေဆိုလျှင်လည်း မှန်ပြီ အယူတော်ရှိပါ”ဟု လျှောက်ထားပြီးလျှင် မဟောသဓ၏မျက်နှာကိုလည်း တစ်ဘက်ကြည့်လျက်-

“မဟာဇနသမာဂမမှိ ဃောရေ၊ ဇနကောလာဟလသင်္ဂမှိ ဇာတေ။

ဝိက္ခိတ္တမနာ အနေကစိတ္တာ၊ ပဉှံ န သက္ကုဏောမ ဝတ္တုမိဒံ။

ဧကဂ္ဂစိတ္တာဝ ဧကမေကာ၊ ရဟသိ ဂတာ အတ္ထံ နိစိန္တယိတွာ။

ပဝိဝေကေ သမ္မသိတွာန ဓီရာ၊ အထ ဝက္ခန္တိ ဇနိန္ဒ ဧတမတ္ထံ။”

ဟူသော ၂-ဂါထာဖြင့် ငံ့တော်မူပါမည့်အကြောင်းကို လျှောက်ထားတောင်းပန်၏။

ဇနိန္ဒ၊ လူအပေါင်းတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး။ ဃောရေ၊ ရွံရှာဖွယ်ရှိသော။ ဇနကောလာဟလသင်္ဂမမှိ၊ လူအပေါင်းတို့၏ အုတ်အုတ်သဲသဲသည်။ ဇာတေ၊ ဖြစ်သည်ရှိသော်။ မဟာဇနသမာဂမမှိ၊ လူအပေါင်းတို့၏ အစည်းအဝေး၌။ ဝိက္ခိတ္တမနာ၊ ပျံ့လွင့်သောစိတ်ရှိကုန်သည်ဖြစ်၍။ အနေကစိတ္တာ၊ အကြံများကုန်သည်ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဣဒံ ပဉှံ၊ ဤပြဿနာကို။ ဝတ္တုံ၊ ဖြေဆိုခြင်းငှာ။ န သက္ကုဏောမ၊ မတတ်နိုင်ကုန်။

ဧကဂ္ဂစိတ္တာဝ၊ တည်ကြည်သော စိတ်ရှိကုန်သည်ဖြစ်၍သာလျှင်။ ဧကမေကာ၊ တစ်ယောက် တစ်ယောက်တည်း။ ရဟသိဂတာ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ကုန်သည်ဖြစ်၍။ အတ္ထံ၊ အနက်ကို။ နိစိန္တယိတွာ၊ ကြံဦး၍။ ပဝိဝေကေ၊ ဆိတ်ငြိမ်ရာအရပ်၌။ သမ္မသိတွာန၊ သုံးသပ်လေ့လာပြီး၍။ အထပစ္ဆာ၊ ထိုအနက်ကိုသိပြီးသည်၏နောက်မှ။ ဓီရာ၊ ပညာရှိသုခမိန်တို့သည်။ ဧတမတ္ထံ၊ ဤအနက်ကို။ ဝက္ခန္တိ၊ ဆိုကုန်လတ္တံ့။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ သိမ်မွေ့နက်နဲ ခက်ခဲသော ပြဿနာ၏အနက်ကို ကြံခြင်းဟူသည်၌ ကြောက်ရွံ့ခံ့ညားရသောသူ ရှိသောအရပ်, လူပရိသတ် ထူထပ်ရာအရပ်တို့၌ နှလုံးတုန်လှုပ်ခြင်း, ပျံ့လွင့်ခြင်း စိတ်များခြင်းရှိသဖြင့် တည်ကြည်ခြင်းကို မရနိုင်။ စိတ်၏တည်ကြည်ခြင်းကို မရနိုင်သဖြင့်လည်း အသင့်အမှန်ကျအောင် လျင်စွာ မဖြေဆိုနိုင်။ ယခု အရှင်မင်းကြီး မေးတော်မူသောပြဿနာသည်လည်း သိမ်မွေ့ခက်ခဲသောအနက် ရှိခြင်းကြောင့် အကျွန်ုပ်တို့ သုခမိန် ၅-ယောက်တို့သည် ဆိတ်ငြိမ်ရာ၌ တစ်ယောက်စီနေလျက် ငြိမ်သက်တည်ကြည်သော စိတ်ကိုဖြစ်စေသဖြင့် အနက်ကိုကြံ၍သိရပြီးမှ စကားအင်္ဂါပြည့်စုံစွာ ပြဿနာတော်၏အနက်ထွက်တိုင်း အတပ်အမှန်သိသာအောင် ဖြေလျှောက်ပါမည်။ ဖြည်းဖြည်းသာသာ တစ်နေ့မျှငံ့တော်မူပါ”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကြီး စကားကိုကြားလျှင် ဤသူတို့သည် သုခမိန်ခံကြလျက် ဤမျှကိုမှ မြန်စွာမသိနိုင်ကြကုန်”ဟု နှလုံးမသာရှိသော်လည်း မြွက်ဖော်၍မဆိုဘဲ၊ “ကောင်းပြီ။ သင်တို့ ယခု မကြံနိုင်လျှင် ဖြည်းဖြည်းသာသာ တစ်နေ့ပတ်လုံး ကြံစည်ဆင်ခြင်ကြလေဦးတော့။ သင်တို့အလိုကိုပင် လိုက်ရဦးတော့မည်။ နောက် မကြံနိုင်ကြလျှင် ပြည်မှနှင်ထုတ်မည်ကား မချွတ်”ဟု အာဏာထား၏။

သေနကအမတ်, ပက္ကုသအမတ်, ဒေဝိန္ဒအမတ်, ကာမိန္ဒအမတ် ဤသုခမိန် ၄-ယောက်တို့သည် နန်းတော်မှ ဆင်းသက်ကြလတ်သော် သေနကသုခမိန်သည် ၃-ယောက်သော သုခမိန်တို့ကို “အချင်းတို့။ ယခုမေးတော်မူသော မင်းကြီး၏ပြဿနာသည် အလွန်ခက်ခဲသိမ်မွေ့၏၊ သင်တို့ငါတို့ မဖြေနိုင်လျှင် ပြည်မှနှင်ထုတ်ခြင်းကို ခံရမည်ကား မချွတ်ရာ။ ပေါ့ပေါ့လျော့လျော့ မပြုကြနှင့်။ မအီမသာ ပူဆာမူးဝေ ငိုက်မျည်းစေတတ်သော အစားများကိုမစားမူ၍ လျောက်ပတ်သင့်တင့်သော ဘောဇဉ်တို့ကိုသာ သုံးဆောင်စားသောက်ကြပြီးလျှင် လုံ့လသတိပြုလျက် ထောက်ရှုစူးစမ်း အစွမ်းရှိတိုင်း ကြံကြလေ”ဟု ဆိုပြီးသော်၊ မိမိတို့အိမ်သို့ အသီးသီး ပြန်သွားကြလေကုန်၏။

မဟောသဓသုခမိန်သည်ကား မင်းကြီးထံမှထပြီးလျှင် အမှုကိုဆင်ခြင်လိုသောကြောင့် ဥဒုမ္ဗရဒေဝီ မိဖုရားထံသို့သွား၍ “အရှင်မိဖုရား။ ယမန်နေ့နှင့် ယနေ့၌ မင်းကြီးသည် အဘယ်အရပ်တွင် ကြာမြင့်စွာ ရပ်နေတော်မူသနည်း”ဟု မေး၏။ ဥဒုမ္ဗရဒေဝီမိဖုရားသည် “မောင်ငယ်။ ယနေ့ မင်းကြီး ကြာမြင့်စွာရပ်နေတော်မူသည်ကိုကား မမြင်။ ယမန်နေ့ကမူ စင်္ကြံရှည်၌ လေသာပြတင်းဖြင့် မျှော်ကြည့်တော်မူလျက် ကြာမြင့်စွာပင် စင်္ကြံကြွတော်မူသည်ကို မြင်၏”ဟု ပြော၏။

ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “စင်စစ်၊ စင်္ကြံဦး နန်းတော်နံပါး၌ တစ်စုံတစ်ခုကို မြင်တော်မူသည်ဖြစ်မည်”ဟု ကြံပြီးသော် ဥဒုမ္ဗရဒေဝီထံမှဆင်းသက်ခဲ့၍၊ မင်းကြီးစင်္ကြံသွားရာ လေသာပြတင်းပေါက်နှင့် ရှေ့တူရူအရပ်တို့၌ မျှော်ကြည့်ဆင်ခြင်သဖြင့် ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖွဲ့ကြသော အမူအရာကို မြင်လေ၏။ ထိုသို့မြင်သောအခါ “မင်းကြီးသည် ဤဆိတ်နှင့်ခွေးကိုပင် ပြဿနာပြု၍ ငါတို့ကို မေးတော်မူသည် စင်စစ်မှန်၏”ဟု သန္နိဋ္ဌာန်အမြဲ စိတ်ထဲ၌စွဲပိုက်လျက် မိမိအိမ်သို့ သွားလေ၏။

ပက္ကုသအမတ်, ကာမိန်းအမတ်, ဒေဝိန်းအမတ်၊ ဤ သုခမိန် ၃-ယောက်တို့သည် မိမိတို့ဉာဏ်ဖြင့်ကြံ၍ မသိနိုင်ကြလတ်သော် သိန်းအမတ်ကြီးအိမ်သို့ လာကြကုန်၏။ သိန်းအမတ်ကြီးလည်း “ပြဿနာ၏အနက်ကို သင်တို့ သိကြပြီလော”ဟု ဆီး၍မေး၏။

အမတ် ၃-ယောက်တို့သည်လည်း “ဆရာသုခမိန်။ အကျွန်ုပ်တို့ကြံ၍ မသိမမြင်နိုင်ပါ”ဟု ဆိုကြကုန်၏။ သေနကအမတ်သည် ထိုစကားကိုကြားလျှင် “သုခမိန် ၃-ယောက်တို့။ ထိုသို့ မကြံနိုင်ကြသဖြင့် မင်းကြီး ပြည်မှနှင်ထုတ်လျှင် သင်တို့ အသို့ပြုကြအံ့နည်း”ဟုဆို၏။

သုခမိန် ၃-ယောက်တို့လည်း သေနကအမတ်ကို “ဆရာသုခမိန်။ ဆရာကား ကြံနိုင်တော်မူပါ၏လော”ဟု မေး၏။ သေနကအမတ်သည် သုခမိန် ၃-ယောက်တို့ကို “သုခမိန်တို့။ ငါလည်း မကြံနိုင်”ဟုဆို၏။

ထိုစကားကိုကြားလျှင် သုခမိန် ၃-ယောက်တို့သည် “ဆရာသို့သောသုခမိန်မျှ မကြံနိုင်လျှင် အကျွန်ုပ်တို့ အသို့ကြံနိုင်အံ့နည်း”ဟု ဆိုကြလတ်သော်၊ သေနကအမတ်သည် “သုခမိန်တို့ မင်းကြီးရှေ့တော်မှာ ငါတို့သည် “ဆိတ်ငြိမ်ရာ၌ကြံ၍ အမှန်အတပ်သိသာအောင် ပြဿနာတော်၏အနက်ကို ဖြေလျှောက်ပါမည်”ဟု ခြင်္သေ့သံကဲ့သို့ ရွံ့ရှာခြင်းမရှိ။ သိယောင်နှင့်ထောင်လွှား၍ လျှောက်ထားဝန်ခံခဲ့ကြချေသည်။ ယခု မသိနိုင်ကြသော် မင်းကြီး ပြင်းစွာအမျက်ထွက်သဖြင့် အသက်ကိုပင်သော်လည်း စိုးရိမ်ရန်ရှိသည်။ အသို့ ကြံအံ့နည်း”ဟုဆို၍၊ သုခမိန်၄-ယောက်တို့သည် တောင်ကြံမြောက်ကြံ အမှန်မကျနိုင်သော်လည်း အသက်စည်းစိမ်အန္တရာယ်ကို ကြောက်လန့်စိုးရိမ်ခြင်း ပြင်းစွာရှိကြသဖြင့်-

“ဆရာသုခမိန်တို့။ အကျွန်ုပ်တို့ကြံကြသော်လည်း အမှန်ကျနိုင်တော့မည် မဟုတ်ပြီ။ မဟောသဓသုခမိန်သည်ကား အသိဉာဏ်ကျယ်သောသူ ဖြစ်သောကြောင့် အကျွန်ုပ်တို့ထက် အဆအရာ, အဆအထောင်သာ၍ ပြဿနာ၏အနက်ကို ဉာဏ်သက်ရာအစွမ်းဖြင့် အဆန်းအကြယ် အသွယ်သွယ်အနည်းနည်း ကြံလေရာ၏။ ထိုမဟောသဓသုခမိန်ထံသို့ သွားကြရသော် ကောင်းမည်မဟုတ်လော”ဟု တိုင်ပင်ပြောဆိုကြပြီးလျှင် စိတ်ညီညွတ်ကြသဖြင့် သုခမိန်၄-ယောက်တို့သည် မဟောသဓသုခမိန်အိမ်သို့ သွားကြလေ၏။

မဟောသဓသုခမိန်၏ အိမ်တံခါးဝသို့ရောက်လျှင် လာကြောင်းကို မဟောသဓသုခမိန်အား ကြားစေပြီးမှ အိမ်သို့တက်၍ လျောက်ပတ်သောနေရာ၌နေကြလျက် အချင်းချင်း နှုတ်ဆက်မေးမြန်း ပြောဆိုကြပြီးသော် သုခမိန်၄-ယောက်တို့သည် “သုခမိန်။ မင်းကြီးမေးသောပြဿနာကို ကြံနိုင်ပြီလော”ဟု မဟောသဓအား မေးကြကုန်၏။

မဟောသဓသုခမိန်လည်း “ဆရာတို့။ ဤပြဿနာကို အကျွန်ုပ်မှ မကြံနိုင်လျှင် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ အဘယ်သူ ကြံနိုင်မည်နည်း။ ပြဿနာ၏ အနက်အလုံးစုံကို အကုန်အစင် ကျွန်ုပ် သိမြင်ပြီ”ဟု ဆို၏။ ထိုစကားကို ကြားလျှင် သုခမိန်၄-ယောက်တို့သည် မဟောသဓအား “သုခမိန်။ ထိုသို့ သင် ကြံနိုင်ပါလျှင် ကျွန်ုပ်တို့အားလည်း ပြောပါလော့”ဟု ဆိုကြလတ်သော်၊ မဟောသဓသုခမိန်သည် ဤသို့ကြံ၏။

“ငါသည် ထိုသူ၄-ယောက်တို့အား အကယ်၍ မပြောဘဲ နေချေအံ့။ မင်းကြီးသည် ပြင်းစွာအမျက်ထွက်၍ ဤသူမလိမ္မာ ပညာရှိယောင်၄-ယောက်ကို ပြည်မှနှင်ထုတ်မည် မချွတ်ရာ။ ငါ့အားလည်း များစွာသော ရတနာမျိုးတို့ဖြင့် မင်းကြီး ချီးမြှောက်ပူဇော်မည် မချွတ်ရာ။ ဤသို့ မလိမ္မာ ပညာရှိယောင် ၄-ယောက်တို့သည် ယခုမျက်မှောက်တွင် မပျက်စီးထိုက်။ မင်းနှစ်ခြိုက်ရုံ အမြွက်စကားဖြင့် သင်ကြားလိုက်အံ့”ဟု ကြံပြီးလျှင်၊ “ကောင်းပြီ။ ဆရာတို့။ အကျွန်ုပ် သင်ကြားလိုက်အံ့။ တစ်ယောက်တစ်ယောက်စီ အသီးအသီး မှတ်သားနာယူ၍ မင်းကြီးအား ဖြေဆိုလျှောက်ထားကြလော့”ဟု ဆိုပြီးသော် သုခမိန်၄-ယောက်တို့ကို နိမ့်သောတပည့်တို့နေရာ၌ ပုဆစ်တုပ်လျက် လက်အုပ်ချီ၍နေစေပြီးလျှင် စကားအလုံးစုံကို မသိစေဘဲ အမြွက်မျှ ၄-ဂါထာဖွဲ့၍ တစ်ယောက်တစ်ဂါထာစီ ပါဠိဖြင့်သာလျှင် နှုတ်တိုက်ချသင်လိုက်၏။ သုခမိန်၄-ယောက်တို့သည်လည်း တစ်ဂါထာစီရလျှင် ဝမ်းမြောက်ဝမ်းသာ မိမိတို့နေအိမ်သို့ ပြန်သွားကြလေကုန်၏။

နက်ဖြန်မိုးသောက်ရောက်သောအခါ သုခမိန်၅-ယောက်တို့သည် နန်းတွင်းသို့ဝင်၍ မင်းကြီးအား ခစားကြကုန်၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကြီးအား “ငါမေးသော ပြဿနာ၏အနက်ကို သင် သိပြီလော”ဟု မေး၏။ သေနကအမတ်သည် “အရှင်မင်းကြီး အကျွန်ုပ်ကဲ့သို့သော သုခမိန်မသိလျှင် အဘယ်သူ သိအံ့နည်း”ဟု လျှောက်ဆိုလတ်သော်၊ မင်းကြီးသည် “သေနကအမတ်။ ထိုသို့တပြီးကား သင်သိတိုင်း ငါ၏ ပြဿနာကိုဖြေလော့”ဟု ဆို၏။ သေနကအမတ်ကြီးသည် မင်းကြီးစကားကိုကြားလျှင် ပြဿနာဖြေဆိုအံ့သောငှာ မဟောသဓသုခမိန် သင်လိုက်သည့်အတိုင်း-

“ဥဂ္ဂပုတ္တ ရာဇပုတ္တိယာနံ၊ ဥရဗ္ဘဿ မံသံ ပိယံ မနာပံ။

န သုနခဿ တေ အဒေန္တိ မံသံ၊ အထ မေဏ္ဍဿ သုဏေန သချမဿ။”

ဟူသောဂါထာဖြင့် လျှောက်၏။

မဟာရာဇ၊ အရှင်မင်းကြီး။ ဥဂ္ဂပုတ္တ-ဥဂ္ဂပုတ္တာနဉ္စ၊ ကျော်စောထင်ရှားကုန်သော အမတ်တို့သည်လည်းကောင်း။ ရာဇပုတ္တိယာနဉ္စ၊ မင်းသား မင်းမြေးတို့သည်လည်းကောင်း။ ဥရဗ္ဘဿမံသံ၊ ဆိတ်သားကို။ ပိယံ၊ ချစ်မြတ်နိုးအပ်၏။ မနာပံ၊ နှလုံးကို ပွားစေအပ်၏။ တေ၊ ထိုအမတ်သား, မင်းသား, မင်းမြေးတို့သည်။ သုနခဿ၊ ခွေး၏။ မံသံ၊ အသားကို။ န အဒေန္တိ၊ မစားကုန်။ အထ၊ ထိုသို့ဖြစ်လျက်။ မေဏ္ဍဿ၊ ဆိတ်၏။ သုဏေန၊ ခွေးနှင့်။ သချံ၊ အဆွေခင်ပွန်းအဖြစ်သည်။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။

(ဤဂါထာ၌ကား သချသဒ္ဒါသည် ရေတွက်ခြင်းအနက်ကိုဟောသော သင်္ချာသဒ္ဒါ မဟုတ်။ သခိနော ဘာဝေါ သချံဟု ဝိဂြိုဟ်ပြု၍ ဘာဝတဒိတ်ကြံရမည်။)

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ သတ္တဝါရန်ဖက်၂-ခု အဆွေခင်ပွန်းဖွဲ့ကြသည်ဟူသော ပြဿနာ၌ မင်းသား မင်းမြေး, မှူးသား, မတ်သားတို့သည် ဆိတ်တို့၏အသားကို လေးလေးမြတ်မြတ်ပြု၍ သုံးဆောင်စားသောက် ကြကုန်၏။ ခွေးသားကိုကား မစား မသုံးဆောင်ကြကုန်။ ထိုသို့ မတူသောအသားရှိလျက် ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖွဲ့သည် ဖြစ်ရသည်”ဟု လျှောက်ထားဖြေဆို၏။

ဤသို့ပင် မိမိဖြေဆိုသော်လည်း အဖြေဂါထာ၏သဘောလက္ခဏာကို မိမိ မသိ။ ဝိဒေဟရာဇ်မင်းကြီးမူကား ပြဿနာ၏သဘောလက္ခဏာကို မိမိသိပြီးဖြစ်သဖြင့် သေနကအမတ်စကားကိုကြားလျှင် “ငါ၏အမတ်ကြီး သိနိုင်ပေစွ”ဟု အယူရှိ၏။

ထို့နောက် မင်းကြီးသည် “သေနကသုခမိန်၏အဖြေစကားကိုကြားရပြီ။ ပက္ကုသသုခမိန်ကား ပြဿနာ၏ အနက်ကို ကြံမိပါ၏လော”ဟု မေး၏။ ပက္ကုသအမတ်သည် “အရှင်မင်းကြီး။ သေနကဆရာသာ ပညာရှိလော။ အကျွန်ုပ်လည်း ပညာရှိမဟုတ်ပါလော” ဟု အားကျမခံ စကားလျှောက်ထားပြီးလျှင် မဟောသဓသုခမိန် သင်ချလိုက်တိုင်း-

“စမ္မံ ဝိဟနန္တိ ဧဠကဿ၊ အဿပိဋ္ဌတ္ထရဿုခဿ ဟေတု။

န စ တေ သုနခဿ အတ္ထရန္တိ ၊ အထ မေဏ္ဍဿ သုဏေန သချမဿ။”

ဟူသော ဂါထာဖြင့် ဆို၏။

မဟာရာဇ၊ အရှင်မင်းကြီး။ ဧဠကဿ၊ ဆိတ်၏။ စမ္မံ၊ အရေကို။ အဿပိဋ္ဌတ္ထရဿုခဿ၊ မြင်းကုန်းနှီး၏။ ဟေတု၊ အကြောင်းကြောင့်။ ဝိဟနန္တိ၊ ကြက်ကုန်၏။ တေ၊ ထိုသူတို့သည်။ သုနခဿ၊ ခွေး၏။ စမ္မံ၊ အရေကို။ န အတ္ထရန္တိ၊ မကြက်ကုန်။ အထ၊ ထိုသို့လျက်။ မေဏ္ဍဿ၊ ဆိတ်၏။ သုဏေန၊ ခွေးနှင့်။ သချံ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဆိတ်ရေကို မြင်းကုန်းနှီးအလို့ငှာ လူတို့သည် အခင်းလုပ်ကြကုန်၏။ ခွေးရေကိုကား မြင်းနှီးအခင်း မလုပ်ကုန်။ ထိုသို့ မတူသောအရေရှိကြလျက် ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖွဲ့သည် ဖြစ်ရာ၏”ဟု ဖြေဆိုလျှောက်ကြား၏။

ထိုသို့ပင်ဖြေသော်လည်း ဂါထာ၏အဓိပ္ပာယ်ကို မိမိ မသိ။ မင်းကြီးမူကား သိဟောင်းအခံရှိနှင့်သဖြင့် အမြွက်စကားနှင့်ပင် “ပက္ကုသအမတ်လည်း သိနိုင်ပေစွ”ဟု စကားကျိုးစကားပြတ်ကို မိမိဆက်၍သာလျှင် နှစ်သက်ခြင်းဖြစ်၏။

ထို့နောက် မင်းကြီးသည် “အမတ် ၂-ယောက်တို့ အဖြေစကားကို ငါကြားရပြီ။ ကာမိန္ဒသုခမိန်ကား ပြဿနာ၏အနက်ကို မြင်နိုင်ပါ၏လော”ဟု မေး၏။ ကာမိန္ဒအမတ်သည်လည်း သူလည်း သူ့ဥစ္စာနှင့် ဂုဏ်လုပ်သော ယောက်ျားကဲ့သို့ ပလွှား၍ “အရှင်မင်းကြီး။ အကျွန်ုပ်ကား ပညာရှိ မဟုတ်ပါလော”ဟု ဆိုပြီးလျှင် မဟောသဓသုခမိန် သင်ချလိုက်တိုင်း-

“အာဝလ္လိတသိင်္ဂိကော ဟိ မေဏ္ဍော၊ န သုနခဿ ဝိသာဏကာနိ အတ္ထိ။

တိဏဘက္ခော မံသဘောဇနော စ၊ အထ မေဏ္ဍဿ သုဏေန သချမဿ။

ဟူသော ဂါထာဖြင့်ဖြေဆို၏။

မဟာရာဇ၊ အရှင်မင်းကြီး။ ဟိသစ္စံ၊ မှန်၏။ မေဏ္ဍော၊ ဆိတ်သည်။ အာဝလ္လိတသိင်္ဂိကော ဟိ၊ ကောက်သောဦးချိုရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သုနခဿ၊ ခွေးအား။ ဝိသာဏကာနိ၊ ဦးချိုတို့သည်။ န အတ္ထိ-န သန္တိ၊ မရှိကုန်။ မေဏ္ဍော၊ ဆိတ်သည်။ တိဏဘက္ခော၊ မြက်ကိုသာစား၏။ သုနခေါ၊ ခွေးသည်။ မံသဘောဇနော၊ အမဲကိုသာစား၏။ အထ၊ ထိုသို့ အသွင်အစားမတူကြလျက်။ မေဏ္ဍဿ၊ ဆိတ်၏။ သု‌ဏေန၊ ခွေးနှင့်။ သချံ၊ အဆွေခင်ပွန်း အဖြစ်သည်။ အဿ- ဘဝေယျ၊ ဖြစ်ရာ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဆိတ်သည် ကောက်သောဦးချို ရှိ၏၊ မြက်ကိုသာ စား၏။ ခွေးသည် ဦးချိုလည်း မရှိ၊ ငါးအမဲကိုသာ စား၏။ ထိုသို့ အသွင်,အစား မတူကြဘဲ ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖွဲ့သည် ဖြစ်ရာ၏”ဟု ဖြေလျှောက်၏။

ထိုသို့ပင်ဖြေသော်လည်း အဓိပ္ပာယ်ကို မိမိ မသိ။ မင်းကြီးမူကား သိဟောင်းဖြစ်၍ အမြွက်စကားနှင့်ပင် “ငါ၏အမတ် ကာမိန္ဒသုခမိန်သည်လည်း သိနိုင်ပေစွ”ဟု အယူရှိ၏။

ထို့နောက် မင်းကြီးသည် “အမတ်သုခမိန် ၃-ယောက်တို့စကားကို ကြားရပြီ။ ဒေဝိန္ဒသုခမိန်ကား ကြံမိပါ၏လော”ဟု မေး၏။ ဒေဝိန္ဒအမတ်လည်း “အရှင်မင်းကြီး။ အကျွန်ုပ်ကား ပညာရှိ မဟုတ်ပါလော။ ဖြေလျှောက်ပါမည်”ဟု ဂုဏ်ပြစကားနှင့် ကြွားဝါပြီးလျှင် မဟောသဓသုခမိန် သင်ချလိုက်သည့်အတိုင်း-

“တိဏမာသိ ပလာသမာသိ မေဏ္ဍော၊ န စ သုနခေါ တိဏမာသိ နော ပလာသံ။

ဂဏှေယျ သုဏော သသံ ဗိဠာရံ၊ အထ မေဏ္ဍဿ သုဏေန သချမဿ။”

ဟူသော ဂါထာဖြင့် ဖြေဆို၏။

မဟာရာဇ၊ အရှင်မင်းကြီး။ မေဏ္ဍော၊ ဆိတ်သည်။ တိဏံ၊ မြက်ကို။ အာသိ၊ စား၏။ ပလာသံ၊ သစ်ရွက်ကို။ အာသိ၊ စား၏။ သုနခေါ၊ ခွေးသည်။ န စ တိဏမာသိ၊ မြက်ကိုလည်း မစား။ နော ပလာသမာသိ၊ သစ်ရွက်ကိုလည်း မစား။ သုနခေါ၊ ခွေးသည်။ သသံ၊ ယုန်ကိုလည်းကောင်း။ ဗိဠာရံ၊ ကြောင်ကိုလည်းကောင်း။ ဂဏှေယျ၊ ဖမ်း၍စားတတ်၏။ အထ၊ ထိုသို့အစားအလေ့အကျက်မတူကြလျက်။ မေဏ္ဍဿ၊ ဆိတ်၏။ သုဏေန၊ ခွေးနှင့်။ သချံ၊ အဆွေခင်ပွန်းအဖြစ်သည်။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။

အဓိပ္ပာယ်ကား-

]

“အရှင်မင်းကြီး၊ ဆိတ်သည် မြက်သစ်ရွက်ကိုသာ စား၏။ သူတစ်ပါးကိုဖမ်းယူ၍ မစားတတ်။ ခွေးသည် မြက်သစ်ရွက်ကို မစား။ ယုန်, ကြောင်စသည်ကို ဖမ်း၍စားတတ်၏။ ထိုသို့ အလေ့အကျက်မတူကြဘဲ ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖွဲ့သည် ဖြစ်ရာ၏”ဟု ဖြေ၏။

ထိုသို့ပင်ဖြစ်သော်လည်း မိမိ မသိ။ မင်းကြီးသာ သိနှင့်ဟောင်းခံ၍ ရှေးနည်းအတူ အယူရှိ၏။ ထို့နောက် ဝိဒေဟရာဇ်မင်းကြီးသည် “ငါ၏ပြဿနာကို အမတ်သုခမိန် ၄-ယောက်တို့က မိမိတို့ဉာဏ်ထက်တိုင်း အသီးသီး ဖြေဆိုလျှောက်ထားကြပြီ။ ငါ့သား မဟောသဓသုခမိန်ကား ဤပြဿနာ၏အနက်ကို ကြံနိုင်ပါ၏လော”ဟု မေး၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်း မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ အောက်ဖြစ်သော အဝီစိငရဲမှ အထက်ဖြစ်သော ဗြဟ္မာဘုံ အဆုံးတိုင်အောင် ခဲခက်သော ပြဿနာ၏အရာ၌ အကျွန်ုပ်ကိုထား၍ တစ်ပါးဖြေနိုင်သူ ရှိသေး၏ ထင်တော်မူသလော။ အကျွန်ုပ်မှတစ်ပါး ဘယ်သူသိလတ္တံ့နည်း”ဟု ပညာစွမ်းကိုယုံ၍ ဂုဏ်ပြစကား လျှောက်ထား၏။

ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သားသုခမိန်။ ထိုသို့တပြီးကား ငါ၏ပြဿနာကို ဖြေလော့” ဟု ဆို၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သတိတော်စွဲ၍ ခဲခက်သောပြဿနာ၏အနက်ကို နားရွက်တော်မူပါ။ သိသာအောင် ဖြေဆိုပါမည်”ဟု လျှောက်ထားပြီးလျှင်-

“အဍ္ဎဋ္ဌပဒေါ စတုပ္ပဒဿ၊ မေဏ္ဍော အဋ္ဌနခေါ အဒိဿမာနော။

ဆာဒိယမာဟရတိ အယံ ဣမဿ၊ မံသံ အာဟရတိ အယံ အမုဿ။

ပါသာဒဝရဂတော ဝိဒေဟသေဋ္ဌော၊ ဝီတိဟာရံ အညမည ဘောဇနာနံ။

အဒက္ခိ ကိရ သက္ခိတံ ဇနိန္ဒော၊ ဗုဘုက္ကဿ ပုဏ္ဏမုခဿ စေတံ။”

ဟူသော ၂-ဂါထာဖြင့်ဖြေဆို၏။

မဟာရာဇ၊ အရှင်မင်းကြီး။ အဍ္ဎဋ္ဌပဒေါ၊ အခြေ ၈-ခုခွဲလည်း ရှိထသော။ အဋ္ဌနခေါ၊ ခွာ ၈-ခုလည်းရှိထသော။ အယံ မေဏ္ဍော၊ ဤဆိတ်သည်။ အဒိဿမာနော၊ မထင်ရှားသည်ဖြစ်၍။ စတုပ္ပဒဿ၊ အခြေ ၄-ချောင်းရှိသော။ အမုဿ၊ ဤခွေးအား။ မံသံ၊ အမဲကို။ အာဟရတိ၊ ဆောင်၏။ အယံ သုနခေါ၊ ဤခွေးသည်။ ဣမဿ၊ ဤဆိတ်အား။ ဆာဒိယံ၊ မြက်ကို။ အာဟရတိ၊ ဆောင်၏။

ဇနိန္ဒော၊ တိုင်းသားတိုင်းသူ လူအပေါင်းတို့ကို အစိုးရတော်မူထသော။ ပါသာဒဝရဂတော၊ မြတ်သောပြာသာဒ်ထက်၌ နေတော်မူထသော။ ဝိဒေဟသေဋ္ဌော၊ ဝိဒေဟရာဇ်ပြည်ကြီးသခင် အရှင်မင်းမြတ်သည်။ ဗုဘုက္ကဿ၊ ဟုတ်ဟုတ်သောအသံဖြင့် မခံသာအောင် ဟောင်တတ်သော ခွေး၏လည်းကောင်း။ ပုဏ္ဏမုခဿ စ၊ ပြည့်ဝသောမျက်နှာရှိသော ဆိတ်၏လည်းကောင်း။ အညမညဘောဇနာနံ၊ အချင်းချင်း၏ အစာတို့ကို။ ဧတံ ဝီတိဟာရံ၊ ဤသို့အထူးထူးအပြားပြား ဆောင်ယူခြင်းကို။ သက္ခိတံ၊ မျက်မှောက်။ အဒက္ခိ ကိရ၊ မြင်တော်မူသတတ်။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ၈-ချောင်းခွဲ အခြေနှင့် ခွာအရေအတွက် ၈-ခုသော အခြေ၄-ခုသတ္တဝါဆိတ်၏ အစာအလို့ငှာ ခွေးသည် မိမိကိုယ်ကို မထင်မရှား အမှတ်မဲ့သွား၍ မြက်ကိုဆောင်ယူပြီးလျှင် ဆိတ်အားပေး၏။ ဆိတ်လည်း ထိုခွေး၏အစာအလို့ငှာ မိမိကိုယ်ကို မထင်မရှား အမှတ်မဲ့သွား၍ ငါးအမဲကို ဆောင်ယူပြီးလျှင် ခွေးအားပေး၏။

“ဤသို့ “ဟုတ်ဟုတ်” ဟူသောအသံဖြင့် မခံသာအောင်ဟောင်တတ်သောခွေးနှင့် မျက်နှာပြည့်ဝစွာသောဆိတ် ရန်ဖက်သတ္တဝါ ၂-ခုတို့၏ အချင်းချင်း ပလဲ့ပတင် ချစ်ခင်မှုနှင့် တစ်ကောင်အစာကိုတစ်ကောင် ဆောင်ယူပေးကမ်း၍ ခင်ပွန်းဖွဲ့ကြသည်ကို ပြည်ကြီးသခင် နန်းရင်ပြင်က ရှုမြင်တွေ့ကြုံတော်မူသည် ဖြစ်ရာ၏။ ဤသို့ ပြဿနာတော်၏အနက် ထွက်ရှိပါသည်”ဟု လျှောက်ထားဖြေဆို၏။

(ဤဂါထာ၌ ဘုရားလောင်း မဟောသဓသုခမိန်သည် သဒ္ဒါနည်း၌ လိမ္မာတော်မူသည်နှင့်အညီ အခြေ၄-ခုရှိသော ဆိတ်ဟု တိုက်ရိုက်မဆိုဘဲ ၈-ချောင်းခွဲဟူသောစကားဖြင့် ပုဒ်ထားအနေသင့် ဆန်းနှင့်လျော်အောင် ဆိုတော်မူသတည်း။ အခြေတစ်ချောင်းတစ်ချောင်း၌ ခွာ၂-ခု အစုံရှိသည်ကို ရည်၍လည်း ခွာ၈-ခု ဆိုတော်မူ၏။)

ဤသို့ သုခမိန် ၅-ယောက်တို့၏ အဖြေစကားကိုကြားရလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအစရှိသော သုခမိန်၄-ယောက်တို့အား မဟောသဓသုခမိန် သင်ချလိုက်ကြောင်းကို မသိ။ မိမိတို့ပညာအစွမ်းဖြင့် ကြံ၍သာ ဖြေဆိုသည် ထင်မှတ်တော်မူသဖြင့် “ငါ၏ သုခမိန်၅-ယောက်တို့သည် အလွန်ခက်ခဲသောအရာကိုပင် သိနိုင်ပေစွ” ဟု နှစ်သက်ဝမ်းမြောက်ခြင်းရှိလျက်-

“လာဘာ ဝတ မေ အနပ္ပရူပါ၊ ယဿ မေဒိသာ ပဏ္ဍိတာ ကုလမှိ။

ပဉှဿ ဂမ္ဘီရဂတံ နိပုဏမတ္ထံ၊ ပဋိဝိဇ္ဈန္တိ သုဘာသိတေန ဓီရာ။”

ဟူသောဂါထာဖြင့် ချီးမွမ်းကောင်းချီးပေး၏။

ဘော၊ အို-အချင်းတို့။ ယဿ မေ၊ အကြင်ငါ၏။ ကုလမှိ၊ နန်းတော်၌။ ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ပဉှဿ၊ ပြဿနာ၏။ ဂမ္ဘီရဂတံ၊ နက်နဲသောအဖြစ်သို့ ရောက်သော။ နိပုဏံ၊ သိမ်မွေ့စွာထသော။ အတ္ထံ၊ အနက်ကို။ သုဘာသိတေန၊ ကောင်းစွာဖြေဆိုသဖြင့်။ ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်း၍ သိကြပေကုန်၏။ အနပ္ပရူပါ၊ များသောဂုဏ်တို့ဖြင့် ပြည့်စုံသော သဘောရှိကုန်သော။ ဧဒိသာ ပဏ္ဍိတာ၊ ဤပညာရှိတို့ကို။ လာဘာဝတ၊ အရတော်ကုန်စွတကား။

အဓိပ္ပာယ်ကား-

“ငါ၏ မှူးတော်မတ်တော်အပေါင်းတို့။ တိုင်းကြီးမြို့ကြီး အသီးအသီးသော မင်းနေပြည်တို့၌ တစ်ယောက်သောပညာရှိကိုမျှလည်း အလွန်ရခဲကုန်၏။ ယခု ငါ၏နန်းတော်၌ကား တန်ဆောင်ကြီး ၅-ဆူကို စိုက်ထူ၍ တစ်ပြိုင်တည်းညှိသကဲ့သို့ ဤသို့သောပညာရှိ အတိုင်းမသိသော သုခမိန်တို့သည် ပေါ်ထွန်းလာကုန်၏။ ထီးဖြူဆောင်းခြင်း မင်းတစ်ပါးတို့၌ တောင့်တ၍မျှမရနိုင်သော ဤပညာရှိသုခမိန်တို့ကို ငါသည် အရတော်စွတကား။ လှုပ်ရှား၍မရနိုင် ခိုင်ခံ့သောမြင်းမိုရ်တောင်ကဲ့သို့ ပညာရောင် တစ်ခဲနက်တောက်ထိန်သော သုခမိန် ၅-ယောက်တို့သည် ရောက်လာသောပြဿနာ အလျှို့အဝှက် ခဲခက်နက်နဲ သေးဖွဲသိမ်မွေ့စွာသော သဘောလက္ခဏာကို လက်ပေါ်မှာတင်၍ ကြည့်သကဲ့သို့ အပြည့်အစုံ အကုန်အစင် သိမြင်ထိုးထွင်းသဖြင့် အကြွင်းမဲ့ ဖြေဆိုကြပေကုန်၏”ဟု ချီးမွမ်းရွှင်လန်း ဥဒါန်းကျူးရင့်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့ချီးမွမ်းပြီးလျှင် “ငါသည်။ နှစ်သက်၍ နှုတ်ဖြင့်သာချီးမွမ်းခြင်းသည် နှစ်သက်ခြင်း မမည်ရာ။ နှစ်သက်ဖွယ်သော ဆုလာဘ်တို့ဖြင့်လည်း ပူဇော်ထိုက်လှပေသည်”ဟု ကြံ၍-

“အဿတရီရထဉ္စ ဧကမေကံ၊ ဖီတံ ဂါမဝရဉ္စ ဧကမေကံ။

သဗ္ဗေသံ ဝေါ ဒမ္မိ ပဏ္ဍိတာနံ၊ ပရမပ္ပတီတမနော သုဘာသိတေန။”

ဟူသော ဂါထာဖြင့်ဆုပေး၏။

ပဏ္ဍိတာ၊ သုခမိန်တို့။ သ ဗ္ဗေသံ၊ အလုံးစုံကုန်သော။ ပဏ္ဍိတာနံ၊ ပညာရှိကုန်သော။ ဝေါ၊ သင်သုခမိန် ၅-ယောက်တို့အား။ သုဘာသိတေန၊ ပြဿနာကို ကောင်းစွာဖြေပေသဖြင့်။ ပရံ၊ လွန်စွာ။ အပ္ပတီတမနော၊ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍။ ဧကမေကံ၊ တစ်ယောက် တစ်စီးစီ။ အဿတရီရထဉ္စ၊ အဿတိုရ်မြင်းက,သောရထားကို လည်းကောင်း။ ဧကမေကံ၊ တစ်ယောက်တစ်ရွာစီ။ ဖီတံ၊ ဝပြောစွာထသော။ ဂါမဝရဉ္စ၊ ကျေးစား ရွာစားကိုလည်းကောင်း။ ဒမ္မိ၊ ငါပေးတော်မူ၏။

အဓိပ္ပာယ်ကား-

“သုခမိန် ၅ ယောက်တို့။ သင်တို့သည် သိမ်မွေ့နက်နဲသော ငါ၏ပြဿနာကို သိသာအောင် ကောင်းစွာဖြေလျှောက်ကြပေသည်နှင့်အညီ အလွန်နှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ သင် သုခမိန်၅-ယောက်တို့အား ထိုက်လျောက်သောဆုကို ငါ ပေးတော်မူမည်။ အဿတိုရ်မြင်းကောင်းက,သော ရထားတစ်စီးစီနှင့် စည်ပင်ဝပြောသော ရွာတစ်ရွာစီ ယူကြလော့”ဟုဆို၍ အလုံးစုံကို ရွေးချယ်စီရင်ပြီးလျှင် အခွန်စားရွာ တစ်ရွာစီနှင့် မြင်းရထား တစ်စီးစီ ပညာရှိသုခမိန် ၅-ယောက်တို့အိမ်သို့ ပို့အပ်စေ၏။

(ဤသို့ဆိုခဲ့ပြီးသော ဆိတ်,ခွေးတို့ပြဿနာခန်း၌ ၁၂-ဂါထာသည် ဒွါဒသကနိပါတ်ကျမ်း၌လာ၏။ ထို၁၂-ဂါထာသည် ၄-ပါဒတို့၌ ၁၆-မတြာစီ အတူအမျှထား၍ ဖွဲ့အပ်သောကြောင့် မတ္တာသမကအမည်ရသော ဂါထာမျိုးကို ရောနှောသဖြင့် ဖွဲ့အပ်သော ပါဒါကုလကဂါထာနည်းတည်း။ ဆန်းကျမ်း သဒ္ဒါကျမ်းကို လေ့ကျွမ်းသဖြင့် စွမ်းနိုင်သူတို့ နောင်ဂါထာအရေးပျက်လျှင် မြင်လွယ်စေခြင်းငှာ မှာလိုက်သည်။)

ဤကား ဘုရားလောင်း မဟောသဓအား ၅-ကြိမ်မြောက်သော အချီးအမြှောက်ကို ခံရခြင်းတည်း။