မဟောသဓဇာတ်တော်ကြီး/အခန်း-၂၅

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၅။ ကကဏ္ဋက ပဉှာခန်း

ထို့နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် များစွာသော မှူးမတ်အခြွေအရံနှင့်တကွ မဟောသဓသုခမိန်ကိုခေါ်၍ ဥယျာဉ်သို့ထွက်သွားလေသော် ပုတ်သင်တစ်ကောင်သည် ဥယျာဉ်တံခါးရွက် အထက်ဖျား၌နေ၏။ ထိုပုတ်သင်သည် မင်းကြီးလာသည်ကိုမြင်လျှင် တံခါးရွက်အဖျားမှဆင်းသက်၍ မြေ၌ဝပ်လျက် မင်းကြီးသို့ရှေးရှုလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် တံခါးရွက်မှဆင်းသက်၍ မိမိသို့ ရှေးရှုဝပ်လျက်နေသော ပုတ်သင်ကိုမြင်လျှင် မဟောသဓသုခမိန်ကိုခေါ်၍ “ချစ်သားသုခမိန်။ ဤပုတ်သင်သည် အသို့ပြုသနည်း”ဟုမေး၏။ မဟာသဓသုခမိန်သည်လည်း “အရှင်မင်းကြီး။ ဤပုတ်သင်သည် အရှင်မင်းကြီးကိုမြင်လျှင် ဘုန်းတော်ကြောင့် မနေဝံ့၍ အရှင်ဟူသောအမှတ်ဖြင့် ရိုသေစွာ အရှင်မင်းကြီးအား ခစားပါသည်”ဟုဆို၏။

ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန်စကားကိုကြားလျှင် “ဤပုတ်သင်သည် အကယ်၍ ငါ့အား ခစားသည်မှန်မူ ခစားခြင်းအကျိုးမဲ့ မဖြစ်စေလင့်။ ထိုပုတ်သင်အား ထိုက်လျောက်ရာ စည်းစိမ်ဥစ္စာကို ပေးလော့”ဟုဆို၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ဤပုတ်သင်အား တစ်ပါးသော စည်းစိမ်ဥစ္စာကိုပေးသော်လည်း အကျိုးရှိမည် မဟုတ်။ ခဲဖွယ်စားဖွယ်သည်သာလျှင် မိမိတို့၏စည်းစိမ်ဖြစ်ပါသည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ထိုသို့တပြီးကား “ပုတ်သင်ဟူသည် အဘယ်အစာကို စားသနည်း”ဟု မေး၏။ မဟောသဓသုခမိန်သည်“ အရှင်မင်းကြီး။ အမဲကို ပုတ်သင်တို့ စားကုန်သည်”ဟု လျှောက်၏။

“ထိုသို့ အမဲကိုစားသော် အဘယ်မျှလောက် အမဲကိုပေးလျှင် တစ်နပ်စာ လောက်မည်နည်း”ဟု မင်းကြီးမေး၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး တစ်ချင်ရွေးဖိုးမျှသော အမဲသော်လည်း တစ်နပ်စာ လောက်ကောင်းပါ၏”ဟု လျှောက်လျှင် ဝိဒေဟရာဇ်မင်းကြီးလည်း မင်းခယောက်ျားတစ်ယောက်ကိုခေါ်၍ “မင်းတို့အချီးအမြှောက် ဆုလာဘ်မည်သည် တစ်ချင်ရွေးခန့်မျှနှင့် မလျောက်ပတ်။ မစားနိုင်၍ကျန်သော်လည်း ကျန်စေ။ တစ်နေ့လျှင် ၄-ရွေးဖိုးအမဲဝယ်၍ ဤပုတ်သင်အား သင် မပြတ်ကျွေးမွေး”ဟု ဆိုပြီးလျှင် ဥယျာဉ်၌ မွေ့လျော်သမျှကစား၍ နန်းတော်သို့ ဝင်လေ၏။

ထိုမင်းချင်းသည် မင်းကြီးဆိုတိုင်း ထိုနေ့မှစ၍ မပြတ်လျှင် ၄-ရွေးဖိုး အမဲဝယ်၍ ဤပုတ်သင်အား အစာကျွေး၏။

တစ်နေ့သ၌ ဥပုသ်နေ့ကြိမ်သဖြင့် မုဆိုး,တံငါတို့ သား,ငါးမလုပ်၍ ဈေး၌ အမဲမပေါ် မရောင်းခြင်းကြောင့် အမဲမရသဖြင့် ၄-ရွေးခန့်သော အသပြာကိုဖောက်၍ ကြိုးသီပြီးလျှင် ပုတ်သင်လည်၌ ဆွဲ၏။ ထိုအခါ ပုတ်သင်ငယ်သည် အသပြာကိုရသဖြင့် ထို၄-ရွေးမျှလောက်သော အသပြာကိုမှီ၍ “ငါ ဥစ္စာစည်းစိမ်ရှင်တကား”ဟု မာန်ထောင်လွှားခြင်း ဖြစ်၏။

ထိုနေ့ပင်လျှင် ဝိဒေဟရာဇ်မင်းကြီးသည် များစွာသော မှူးမတ်အခြံအရံနှင့်တကွ မဟောသဓကိုခေါ်၍ ဥယျာဉ်သို့ထွက်၏။ ထိုပုတ်သင်သည် မင်းကြီးလာသည်ကိုမြင်လျှင် ဥစ္စာကိုမှီ၍ ဖြစ်နေသောမာန်ဖြင့် “ငါနှင့် ဝိဒေဟရာဇ်မင်းကြီးသည် အဘယ်သူ ဥစ္စာသာ၍များသနည်း။ ငါလည်း ဥစ္စာရှင်၊ မင်းကြီးလည်း ဥစ္စာရှင်၊ မင်းကြီးအားခစား၍ အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု မိမိလည်၌ ပဲဝက်မျှလောက်သောဥစ္စာနှင့် အချင့်အတွက်မရှိ များစွာသော ဝိဒေဟရာဇ်မင်းကြီးဥစ္စာကို ထပ်တူပြုလျက် တံခါးရွက်မှမဆင်းသက်ဘဲ တံခါးရွက်အဖျား၌ ဦးခေါင်းကိုညိတ်ကာ မင်းကြီးသို့ ရှေးရှုနေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုပုတ်သင်၏အမူအရာကို ရပ်တန့်ရှုကြည့်လျက်-

“နာယံ ပုရေဩရမတိ၊ တောရဏဂ္ဂေ ကကဏ္ဋကော။

မဟောသဓ ဝိဇာနာဟိ၊ ကေန ထဒ္ဓေါ ကကဏ္ဍကော။”

ဟူသော ဂါထာဖြင့် မဟောသဓသုခမိန်အား မေး၏။

မဟောသဓ၊ မဟောသဓ။ တောရဏဂ္ဂေ၊ တံခါးရွက်ဖျား၌။ အယံ ကကဏ္ဋကော၊ ဤပုတ်သင်ငယ်သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ န ဩရမတိ၊ မသက်။ တွံ၊ သင် မဟောသဓသုခမိန်သည်။ ဝိဇာနာဟိ၊ ဆင်ခြင်ပါလော့။ ကေန၊ အဘယ့်ကြောင့်။ ကကဏ္ဋကော၊ ပုတ်သင်ငယ်သည်။ ထဒ္ဓေါ၊ မာန်ခက်ထန်သနည်း။

အဓိပ္ပာယ်ကား-

“မဟောသဓသုခမိန်။ ဤပုတ်သင်ငယ်သည် ရှေး၌ ငါထွက်တော်မူလျှင် တံခါးရွက်မှဆင်းသက်၍ မြေ၌ဝပ်နေသည်။ ယခုမူကား ရှေးနှင့်မတူ ငါလာတော်မူသည်ကို မြင်လျက် တံခါးရွက်ဖျားမှ မသက်မဆင်း ဦးညိတ်လည်ညိတ် စိတ်မာန်ထောင်လွှားဟန်နှင့်နေသည်မှာ အဘယ်အကြောင်းကြောင့် နေသည်ဖြစ်မည် သင်ဆင်ခြင်၍ သိသာအောင်လျှောက်လော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ရှုကြည့်ဆင်ခြင်လတ်သော် “ဤနေ့သည် ဥပုသ်နေ့ဖြစ်၍ ငါးအမဲ ဈေးမှာမပေါ်ရသဖြင့် ပုတ်သင်စာကျွေးသော မင်းချင်းသည် ပုတ်သင်လည်၌ အသပြာပဲဝက်ကို ဖောက်ဆွဲသည်ဖြစ်မည်။ ထိုအသပြာကိုမှီ၍ ဤပုတ်သင် မာန်ရှိသည်ဖြစ်ရာ၏”ဟု သိပြီးလျှင်-

“အလဒ္ဓပုဗ္ဗံ လဒ္ဓါန၊ အဍ္ဎမာသံ ကကဏ္ဋကော။

အတိမညတိ ရာဇာနံ၊ ဝေဒေဟံ မိထိလဂ္ဂဟံ။”

ဟူသော ဂါထာပါဌ်ဖြင့် လျှောက်၏။

မဟာရာဇ၊ အရှင်မင်းကြီး။ ကကဏ္ဋကော၊ ပုတ်သင်ငယ်သည်။ အလဒ္ဓပုဗ္ဗံ၊ ရှေး၌မရဘူးသော။ အဍ္ဎမာသံ၊ ပဲဝက်မျှသောအသပြာကို။ လဒ္ဓါန၊ ရသောကြောင့်။ မိထိလဂ္ဂဟံ၊ မိထိလာပြည်ကို အစိုးရတော်မူသော။ ဝေဒေဟံ ရာဇာနံ၊ ဝိဒေဟရာဇ်တိုင်းလုံးသခင် အရှင်မင်းကြီးကို။ အတိမညတိ၊ ငါလည်း စည်းစိမ်ရှင်ဟု မထီမဲ့မြင်ပြုဘိ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ ဤပုတ်သင်ငယ်သည် ရှေး၌ မရစဘူးသော ပဲဝက်မျှသော ဥစ္စာကိုရသောကြောင့် ထိုဥစ္စာဖြင့် အတင်းခံ၍ နိုင်ငံကြီးသခင် အရှင်မင်းကြီးကို မထီမလေး မေးတညိတ်ညိတ် ပြုဘိ၏”ဟု လျှောက်၏။

မဟောသဓသုခမိန်စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ပုတ်သင်စာကျွေးသော မင်းချင်းကိုခေါ်စေ၍ ထိုအကြောင်းကို မေး၏။ ထိုမင်းချင်းလည်း ဟုတ်မှန်တိုင်း ထိုအကြောင်းကို မင်းကြီးအား လျှောက်၏။ ပုတ်သင်စာကျွေးသော မင်းချင်းစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ မဟောသဓသုခမိန်အား “ဤမဟောသဓသည် သဗ္ဗညုတဉာဏ်ကို ရသည်နှင့်အတူ ထိုပုတ်သင်သည် မိမိအား ပြော၍ပြသကဲ့သို့ တစ်စုံတစ်ခုသောအခြင်းအရာကိုမျှ မမြင်မကြားရဘဲ မိမိပညာအစွမ်းဖြင့် ဟုတ်တိုင်းမှန်တိုင်း သိသာအောင် ဖြေလျှောက်ပေ၏။ ထိုသို့သော ပညာရှိသုခမိန်အား မြို့တံခါး ၄-မျက်နှာတို့၌ဖြစ်သော အခွန်အတုတ်ကို ငါ ဆုပေးတော်မူ၏။ ဤသို့သော တိရစ္ဆာန်မိုက်အား အစာမပေးနှင့်”ဟုဆို၏။

မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ဥစ္စာစည်းစိမ်ဟူသည်ကား နည်းသည်, များသည် မရှိ။ ဤသို့သော တိရစ္ဆာန်များကိုထား၍ ပညာရှိသောလူတို့သော်လည်း ဥစ္စာကိုမှီ၍ မာန်ထောင်ထား ပလွှားတတ်ကုန်၏။ ထိုသို့သောအရာကို နှလုံးတော်မြတ် မကပ်မူ၍ အထက်က ခစားဖူးသည်ကိုသာ အောက်မေ့တော်မူသဖြင့် ပေးမြဲသောဝတ်ကို ဖြတ်တော်မမူပါလင့်”ဟု လျှောက်၍၊ ပေးမြဲတိုင်းပေးစေ၏။

(ဤတိရစ္ဆာန်ကို မြန်မာဘာသာ၌ “ပုတ်သင်”ခေါ်သည်ကား ပုနပ္ပုနံ သီသံ စာလေတီတိ ပုတ်သင်ဟု ဝိဂြိုလ်ပြုသဖြင့်၊ “အဖန်တလဲလဲ ဦးခေါင်းကိုညိတ်တတ်သောကြောင့် ပုတ်သင်”မည်၏။ မာဂဓဘာသာ၌ ကကဏ္ဋကဟု ခေါ်ဝေါ်ကုန်၏။ ကကဏ္ဋကကို ဝိဂြိုဟ်ပြုသော်ကား “ကံ သီသံ ကဋတိ စာလေတီတိ ကကဏ္ဍကော ဟူ၍လည်းကောင်း၊ ကေ သီသေ ကဏ္ဋကော ယဿာတိ ကကဏ္ဍကော ဟူ၍လည်းကောင်း ဝိဂြိုဟ်ပြုအပ်သည်။

ယော သတ္တော၊ အကြင်သတ္တဝါသည်။ ကံ သီသံ၊ ဦးခေါင်းကို။ ကဋတိ စာပေတိ၊ တညိတ်ညိတ် လှုပ်တတ်၏။ ဣတိတသ္မာ၊ ထိုသို့ ဦးခေါင်းတညိတ်ညိတ် လှုပ်တတ်သောသတ္တိကြောင့်။ သော သတ္တော၊ ထိုသတ္တဝါသည်။ ကကဏ္ဍကော၊ ကကဏ္ဍကမည်၏။ ယဿ၊ အကြင်သတ္တဝါ၏။ ကေ သီသေ၊ ဦးခေါင်း၌။ ကဏ္ဍကော၊ ဆူးသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထိုသို့ ဦးခေါင်း၌ ဆူးရှိသောသတ္တိကြောင့်။ သော သတ္တော၊ ထိုသတ္တဝါသည်။ ကကဏ္ဍကော၊ ကကဏ္ဍမည်၏။

ဤသို့ ဝိဂြိုဟ် ၂-နည်းပင် ပြုသင့်၏။ ကကဏ္ဋကကို ဝိဂြိုဟ်ဆိုလိုက်သည်ကား သဒ္ဒါကစ္စည်းကျမ်း၌ လေ့ကျွမ်းကုန်သောသူတို့၏ ဉာဏ်လက်ကတုံးဖြစ်စေခြင်းငှာ အလျဉ်းသင့်၍ စကားချပ်လိုက်သည်။)

ဤသို့ ကကဏ္ဋကပြဿနာကို ဖြေခြင်း၌လည်း ဘုရားလောင်းအား ၃-ကြိမ်မြောက်သော အချီးအမြှောက်ဖြစ်၏။