မဟောသဓဇာတ်တော်ကြီး/အခန်း-၂၄

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၄။ ထန်းပင်ပေါ် ကျီးသိုက်မှပတ္တမြား ယူစေခန်း

မဟောသဓသုခမိန်၏ပညာကို ဝိဒေဟရာဇ်မင်းကြီးသည် မျက်ကွယ်သာကြားရ၍ မျက်မှောက်ထင်ထင် မမြင်ရသေးသဖြင့် “အဘယ်အကြောင်းဖြင့် သတို့သားပညာကို သိမြင်ရပါအံ့နည်း”ဟု တောင့်တလျက်ရှိ၏။

ထိုအခါ မြို့၏တောင်တံခါးဝနှင့် မနီးမဝေးသောအရပ်၌ ရေကန်သည်ရှိ၏။ ထိုရေကန်နား၌လည်း ထန်းတစ်ပင် ရှိ၏။ ထိုထန်းပင်၌ ကျီးတို့သည် အသိုက်ဖွဲ့၍နေကုန်၏။ ထိုသိုက်၌ အလျှံပြောင်ပြောင်တောက်သော ပတ္တမြားတစ်လုံးသည်လည်း ရှိ၏။ ထိုပတ္တမြား၏အရောင်သည် ကန်အတွင်းရေထဲ၌ ထင်၏။ ထိုသို့ထင်သောအခါ ရေကန်သို့ ရောက်ကြကုန်သောသူတို့သည် “ဤရေကန်ထဲ၌ ပတ္တမြားကျောက်ကောင်းရှိ၏။ ဤပတ္တမြားသည် မင်းကြီးအား ထိုက်၏”ဟု ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုစကားကိုကြားလျှင် သေနကအမတ်ကြီးကိုခေါ်၍ “ဆရာအမတ်ကြီး။ မြို့တော်တံခါးဝမနီးမဝေး ရေကန်တွင်း၌ ပတ္တမြားမျက်ကောင်းတစ်လုံး ရှိသည်ဟု လျှောက်ထားကြကုန်သည်။ ထိုပတ္တမြားမျက်ကောင်းကို အဘယ်သို့ ယူရအံ့နည်း”ဟု မေး၏။

သေနကအမတ်သည်လည်း “အရှင်မင်းကြီး၊ ရေကန်မှရေကို အကုန်အစင်ထုတ်၍ ယူရသော် သင့်ပါ၏” ဟုလျှောက်လေသော်၊ ဝိဒေဟရာဇ်မင်းကြီးသည် “ဆရာအမတ်ကြီး။ ကောင်းပြီ။ ဆရာအမတ်ကြီးပင် ကြပ်မတ်၍ ပတ္တမြားကို ရအောင်ပြုလော့”ဟု သေနကအမတ်ကြီးအား ပတ္တမြားကို ထုတ်ယူစေခြင်းငှာ ခန့်ထားလိုက်၏။

သေနကအမတ်ကြီးသည်လည်း မြို့သူမြို့သားအပေါင်းတို့ကို စည်းဝေးစေပြီးသော် ရေကန်၌ ရေကိုထုတ်စေပြီးမှ ရွှံ့ညွန်တို့ကိုလည်း ထုတ်ပစ်စေသဖြင့် ပတ္တမြားကိုမရလျှင် မြေကိုတူးပေါက်၍ ရှာစေ၏။ ထိုသို့ မြေကိုတူးပေါက်သော်လည်း ပတ္တမြား၏နေရာ မဟုတ်သောကြောင့် မရနိုင် ဖြစ်၍နေပြန်၏။ ထိုရေကန်သည် တစ်ဖန်မိုးရွာ၍ ရေပြည့်ပြန်လတ်သော် ပတ္တမြားရောင် ထင်မြဲထင်ပြန်၏။

သေနကအမတ်ကြီးသည်လည်း ရှေးနည်းအတူလျှင် မြို့သူမြို့သားတို့ကိုစည်းဝေး၍ ရေ, ညွန်, မြေတို့ကို ထုတ်ယူတူးပေါက်လျက် ရှာပြန်စေသော်လည်း မရနိုင်ဖြစ်၍ နေပြန်၏။ ဤသို့ သေနကအမတ်ကြီးသည် ၃-ကြိမ်တိုင်အောင် မြို့အားနှင့် လုံ့လပြုပါသော်လည်း အရာမကျ၍ မရနိုင်ရှိလတ်သော် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်ကို ခေါ်တော်မူ၍ “ချစ်သား၊ မြို့တောင် ရေကန်တစ်ခု၌ ပတ္တမြားတစ်လုံးမြင်ကြောင်းကို ငါ့ထံ လျှောက်လာသောကြောင့် သေနကအမတ်ကြီးကိုခန့်ထား၍ မြို့အားနှင့် ၂-ကြိမ် ၃-ကြိမ်တိုင်အောင် ရေကန်၌ ရေ,ညွန်,မြေတို့ကို အကုန်အစင်ထုတ်ပစ်၍လည်း မတွေ့၊ မရသဖြင့် မြေကိုတူးပေါက်၍ ရှာပါသော်လည်း ပတ္တမြားကို မရ။ စိတ်ချ၍နေရမည်လည်း ရေကန်၌ တစ်ဖန်ရေပြည့်ပြန်လျှင် ပတ္တမြားကို ရေထဲ၌ ထင်ပြန်ခဲ့သောကြောင့် စိတ်လည်းမလျှော့သာ။ ချစ်သားသည် ထိုပတ္တမြားကို ထုတ်ယူနိုင်ပါမည်လော”ဟု မေးတော်မူ၏။

မဟောသဓသုခမိန်လည်း ထိုစကားကိုကြားလျှင် “အရှင်မင်းကြီး။ ပညာနည်းသောသူတို့မှာ ဖြစ်လျှင်လည်း ဤပတ္တမြားကို ထုတ်ယူခြင်းငှာ အလွန်ခဲ၏။ ပညာရှိသောသူတို့မှာမူကား ထိုပတ္တမြားကို ထုတ်ယူခြင်း၌ မခဲ။ အကျွန်ုပ်သည် မပင်မပန်းရစေသဖြင့် ထိုပတ္တမြားကို ရေကန်မှထုတ်ယူ၍ ဆက်ပါအံ့”ဟု လျှောက်၏။

မဟောသဓစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက်ဝမ်းမြောက်စွာ “ယခု မဟောသဓသုခမိန်၏ ပညာအစွမ်းကို မျက်မှောက်ထင်ထင် မြင်ရအံ့”ဟု မှူးမတ်သင်းပင်း ဝင်း,ကိုယ်ရံ,ရွှေလှံ,ရွှေဓားစသော အဆောင်အရွက်များ ခင်းကျင်း၍ သုခမိန် ၅-ယောက်နှင့်တကွ မြို့တောင်ရေကန်သို့ ထွက်သွားလေ၏။

ရေကန်သို့ရောက်လျှင် မဟောသဓသုခမိန်သည် ကန်ရိုးပေါ်၌ရပ်လျက် ပတ္တမြားကိုရှုလတ်သော် ပတ္တမြားရောင်ကို မြင်သဖြင့် “ဤပတ္တမြားသည် ရေကန်ထဲ၌ရှိသည်မဟုတ်။ ထန်းပင်ပေါ်ကျီးသိုက်ထဲ၌ ရှိရာ၏။ ထိုထန်းပင်ထက်က ပတ္တမြားအရောင်သာ ဤရေကန်ထဲ၌ ထွန်းသည်ဖြစ်မည်”ဟု အတပ်သိပြီး၍ “အရှင်မင်းကြီး။ ဤပတ္တမြားသည် ရေကန်ထဲ၌ မရှိ”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သား။ ပတ္တမြားသည် ရေကန်ထဲ၌ တပြောင်ပြောင် တလက်လက် ထွန်းပလျက်ပင် မမြင်ပါလော”ဟု ဆိုလတ်သော်၊ မဟောသဓသုခမိန်သည် တစ်ခုသောရေခွက်ကို ဆောင်ယူစေပြီးလျှင် “အရှင်မင်းကြီး။ ရေကန်၌ ပတ္တမြားကိုသာ မြင်တော်မူ၏။ ဤရေခွက်၌ ပတ္တမြားကိုလည်း ရှုကြည့်တော်မူဦး”ဟု ပတ္တမြားရောင်ခတ်မိရာ၌ ရေခွက်ကိုထား၍ မင်းကြီးအား ပြ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့သော အခြင်းအရာကိုမြင်လျှင် “ချစ်သား။ ထိုသို့ ရေရှိတိုင်းမှာပင် ပတ္တမြားထင်ခဲ့သော် ထိုပတ္တမြားသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး၊ ရေကန်၌လည်းကောင်း, ရေခွက်၌လည်းကောင်း, ဤပတ္တမြား ရှိသည်မဟုတ်။ ရေကန်,ရေခွက်၌ထင်သည်ကား ပတ္တမြား၏အရောင်အရိပ်မျှသာ ဖြစ်ပါသည်။ ပတ္တမြားမူကား ဤထန်းပင်ထက် ကျီးသိုက်ထဲမှာ ရှိပါသည်”ဟု လျှောက်၍၊ မင်းချင်းတစ်ယောက်ကို ခေါ်ပြီးလျှင် “ဤထန်းပင်ထက်သို့ သင်တက်၍ ကျီးသိုက်ထဲမှ ပတ္တမြားကို ဆောင်ယူချေ”ဟု မင်းချင်းတစ်ယောက်ကို တက်စေ၏။

မင်းချင်းတစ်ယောက်လည်း မဟောသဓသုခမိန်ဆိုတိုင်း ထန်းပင်သို့တက်ပြီးလျှင် ကိုးသိုက်ထဲမှပတ္တမြားကို ချယူဆင်းသက်ခဲ့၍ မဟောသဓအား ပေး၏။

မဟောသဓသုခမိန်သည်လည်း ထိုပတ္တမြားကိုယူ၍ ဝိဒေဟရာဇ်မင်းကြီးအား ဆက်၏။ ဤသို့သောအခြင်းအရာကို မှူးမတ်ပရိသတ် ပြည်သားပြည်သူ လူအပေါင်းတို့မြင်ကြလတ်သော် ဘုရားလောင်း မဟောသဓသုခမိန်အား ချီးမွမ်းကောင်းချီး အသီးသီးပေးကြကုန်လျက် သေနကအမတ်ကို ဤသို့ ပြစ်တင်ကဲ့ရဲ့ ဆဲရေးကြကုန်၏။

“အမတ်ကြီးသေနကသုခမိန်သည် အလွန်ပညာရှိသည်ဖြစ်၍ ထန်းပင်ထက်၌ ပတ္တမြားရှိသည်ကိုပင် ရေကန်၌ ရေ,ညွန်တို့ကိုထုတ်စေ၍ မြို့သူမြို့သားအပေါင်းတို့ အငြိမ်မနေရအောင်ရှာစေ၍ မြို့သူမြို့သားအပေါင်းတို့ ကြွက်ကြွက်ဆူပူသည်ကိုမျှ အားမရသေးသဖြင့် မြေကို တူးပေါက်ဖြိုဖျက်၍ ကြာမျိုး၅-ပါးဖြင့် တင့်တယ်သော ရေကန်ကိုလည်း ပျက်စေ၏။ ထိုသို့သူခပ်သိမ်းတို့ကို အကျိုးမဲ့ကြောင်း မကောင်းသောဆင်းရဲခြင်းကိုသာ ရှာကြံ၍စီရင်တတ်ပေသော သေနကအမတ်သုခမိန်သည် အလွန်ပညာရှိပေစွ။ အရှင်မင်းကြီးသည် ဤသေနကကို ပညာရှိထင်၍ အစီအရင်ခန့်ထားတော်မူချေလျှင် ပြည်သူပြည်သားအများ စီးပွားမထင် ပူပင်ဆင်းရဲမည်ဖြစ်ချေ၏။ မိမိပညာစွမ်းသည် အကျိုးစီးပွားတော်ဖြစ်သော ပတ္တမြားကိုကား ရအောင်မယူတတ်။ အရှင်မင်းကြီး၏ စီးပွားတော်ဖြစ်သော မြို့သားမြို့သူ လူအပေါင်းကိုလည်း ဆင်းရဲပင်ပန်းစေတတ်၏။ မြို့၏တန်ဆာဖြစ်သော ရေကန်ကိုလည်း ပျက်စေ၏။ မဟောသဓသုခမိန်မူကား မင်းကြီး၏စီးပွားတော်ဖြစ်သော ပတ္တမြားရတနာကိုလည်း မိမိပညာအားဖြင့် အလွယ်တကူယူဆောင်၍ ပြည်သားပြည်သူတို့အားလည်း ချမ်းသာကို ဆောင်စေတတ်၏။ အရှင်မင်းကြီး၏ ဘုန်းကျက်သရေကိုလည်း တိုးတက်ပြန့်ပွားများစေတတ်၏။ ဤမဟောသဓနှင့်တူသော ပညာရှိသုခမိန်သည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ တစ်ယောက်မျှ မရှိ”ဟု သေနကအမတ်ကိုဆဲရေး၍၊ ဘုရားလောင်းအားသာလျှင် ချီးမွမ်းကောင်းချီး ပေးကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးလည်း အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ မိမိလည်၌ဆင်သော ပုလဲသွယ်လည်စွဲကို ချွတ်ပြီးလျှင် မဟောသဓသုခမိန်အားပေးအပ်ပြီးမှ ဖွားဖက်ရွေဖော် ၁၀၀၀-တို့အားလည်း ပုလဲလက်ကောက်တစ်ရံစီပေး၍ “ဤ ငါဆုချပေးအပ်သော လည်ရွဲလက်ကောက်တန်ဆာကိုဆင်လျက် ဤသူငယ်ဖော် ၁၀၀၀-အခြံအရံနှင့်တကွ နေ့တိုင်း ငါ့ထံ၌ ကောင်းစွာခစားလော့”ဟုဆို၍၊ “မည်သည့် အစောင့်အရှောက် အဆီးအတားမျှ မရှိစေနှင့်။ ငါ့သားတော် မဟောသဓကို စိတ်ရှိတိုင်း ငါ့ထံသို့ ဝင်ထွက်ခစားစေ”ဟု ခွင့်ပေးပြီးလျှင် မြို့တွင်းသို့ ဝင်လေ၏။

ဤကား ဘုရားလောင်းအား ၂-ကြိမ်မြောက်သော မင်း၏အချီးအမြှောက်ကို ခံရခြင်းတည်း။

ဤသို့ဆိုအပ်ပြီးသော သတ္တဒါရကပဉှာ ၇-ပါး, ပြဿနာ ၁၂-ပါးအားဖြင့် ၁၉-ပါးသော ပညာစမ်းပြဿနာသည် ဤတွင် အဆုံးသတ်သတည်း၊ ဤတွင် ဧကူနဝီသတိ ပဉှာခန်း ပြီး၏။