မဟောသဓဇာတ်တော်ကြီး/အခန်း-၂၃

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၃။ ပထမ အချီးအမြှောက်ခံရခန်း

ထိုမြည်းပြဿနာကိုဖြေ၍ ဝိဒေဟရာဇ်မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာရှိသဖြင့် နံ့သာပေါင်း အမွှေးပေါင်းရည်ဖြင့်ပြည့်သော ရေကရားကိုချီလျက် “အရပ် ၄-မျက်နှာ ရွာနယ်နိမတ်ရှိတိုင်း အရှေ့ယဝမဇ္ဈဂုံးရွာကို ဥကင်ရာဇပလ္လင် ထီးဖြူသာကြွင်းစေ။ မင်းတို့အဆောင်အရွက်ဖြင့် ငါကဲ့သို့ စံစားစိုးအုပ်လေ” ဟုဆိုလျက်၊ သိရီဝဍ္ဎန သူဌေးကြီး၏လက်၌ အဘိသိက်ရေစင်သွန်း၍ ပေး၏။ သူဌေး ၁၀၀၀-တို့ကိုလည်း သူဌေးကြီး၏ အလုပ်အကျွေး အခြံအရံအလို့ငှာ ပေးအပ်လက်ဖွဲ့လိုက်၏။ ဘုရားလောင်းမယ်တော် သုမနာဒေဝီ သူဌေးမအားလည်း မိဖုရား၏အဆောင်အရွက် အဝတ်တန်ဆာများစွာတို့ကို ပို့စေ၏။

ဤသို့ မဟောသဓ၏မိဘတို့အား ချီးမြောက်ပေးအပ်ပြီးလျှင် “သူဌေးကြီး။ သင်၏သား မဟောသဓကို ငါ့သား ပြုပါရစေ။ ငါ့အား သင်ပေးလော့”ဟု တောင်း၏။ သိရီဝဍ္ဎနသူဌေးကြီးသည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အကျွန်ုပ်သား မဟောသဓသည် ယခု ခံတွင်း၌ အမိနို့ရည်မျှ မစင်ပါသေး။ နောက်အရွယ်ရောက်မှ အရှင်မင်းကြီးထံတော်၌ မြဲစွဲထမ်းရွက်ပါစိမ့်မည်။ ယခု မွေးကျွေးပြုစုပါရစေဦး”ဟု လျှောက်လျှင်၊ ဝိဒေဟရာဇ်မင်းကြီးသည် “သူဌေးကြီး၊ ဤမဟောသဓအား ယနေ့မှစ၍ မည်သည့်အမှုကိုမျှ သင် စိုးရိမ်ကြောင့်ကြခြင်း မရှိနှင့်။ သင်၏အိမ်၌ ကျွေးမွေးပြုစုသည်ထက် သာ၍ ငါသည် မဟောသဓကို ရင်သွေးရင်သားပြုလျက် ကောင်းစွာမွေးကျွေးပြုစုအံ့။ ဤမဟောသဓကို ငါသည် ကိုယ်မွေးသောသားနှင့်အတူတူ ချစ်ခင်မြတ်နိုးတော်မူ၏။ ထိုသို့ သားရင်းတမျှ ချစ်ခင်မြတ်နိုးသောငါသည် ပြည်ကြီးသေဌ်နင်း မင်းဖြစ်လျက် အဘယ့်ကြောင့် သင့်ထက်သာ၍ မမွေးမကျွေး မပြုစုနိုင် ရှိအံ့နည်း။ မစိုးရိမ်လင့်။ အိမ်သို့သွား၍ ငါကဲ့သို့စိုးစံလျက် ချမ်းသာစွာ သင် နေလော့”ဟု ဆို၏။

ထိုသိရီဝဍ္ဎနသူဌေးကြီးသည် မင်းကြီးအားရှိခိုးပြီးလျှင် မဟောသဓသုခမိန်ကို မိမိရင်ခွင်ပေါ်၌ထားလျက် နဖူးဦးခေါင်းတို့ကို ပိုက်နမ်း၍ “ချစ်သား၊ မင်းဟူသည်ကား မျက်နှာအစိမ်းအကျက် မရွေး။ မင်းခွင့်မကုန်လျှင် အလျင်တဆော အမျက်ထွက်တတ်၏။ အချစ် မယုံအပ်။ မမေ့မလျော့ လုံ့လပြု”ဟု အဆုံးအမပေး၏။

မဟောသဓသုခမိန်လည်း ခမည်းတော်အား ရိုသေစွာရှိခိုးလျက် “ခမည်းတော် အကျွန်ုပ်ကို စိုးရိမ်ကြောင့်ကြတော် မမူလင့်”ဟု နှစ်သိမ့်စေ၏။ သိရီဝဍ္ဎနသူဌေးကြီးသည် ဤသို့ သားအားမှာထားပြီးလျှင် သူဌေး ၁၀၀၀-ခြံရံလျက် ပါစိနယဝ မဇ္ဈဂုံးရွာသို့ပြန်ပြီးလျှင် မင်းပေးသောစည်းစိမ်၌ “ရွာမင်း”အဖြစ်ဖြင့် နေလေ၏။

သိရီဝဍ္ဎနသူဌေးကြီး သွားပြီးသည်နောက် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်ကိုခေါ်ပြီးလျှင် “ချစ်သား သုခမိန်။ သင်သည် နန်းတွင်း၌နေ၍ ခစားမည်လော။ ယင်းသို့မဟုတ် ပြင်ကနေ၍ ခစားမည်လော”ဟု မေး၏။ ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ဤသို့ကြံ၏။

“ယခု ငါ့အား အမြဲလျှင် အထိန်းအကြပ် အလုပ်အကျွေးတို့နှင့် ရွေဖော်ဖွားဖက် ၁၀၀၀-တို့ဖြင့် များစွာသောအခြံအရံ ရှိ၏။ ထိုအခြံအရံများစွာနှင့် နန်းတွင်း၌နေ၍ ခစားခြင်းငှာ မလျောက်ပတ်။ နန်းပြင်ကသာနေ၍ ခစားရသော် ကောင်း၏”ဟုကြံပြီးလျှင် “အရှင်မင်းကြီး၊ ပြင်ကသာ နေ၍ ခစားလိုပါသည်”ဟု လျှောက်၏။

မဟောသဓစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ကောင်းပြီ။ ခစားတော့”ဟုဆို၍ အမတ်တို့အား မဟောသဓနေအိမ်ကို တော်သင့်လျောက်ပတ်စွာ ရွေးချယ်စေပြီးသော် မင်းသား၏အချီးအမြှောက်ဖြင့် အိမ်ကို ကောင်းမွန်စွာဆောက်လုပ်ပြီးလျှင် မဟောသဓသတို့သားအား အကြီးအကြပ် အချီအထိန်း အလုပ်အကျွေးနှင့်တကွ ဖွားဖက်ရွေဖော် ၁၀၀၀-ခြံရံလျက် နေစေ၏။ ဖွားဖက်၁၀၀၀ အစရှိသော အခြံအရံနှင့်တကွ မျိုးရိက္ခာလုံလောက်အောင်လည်း မပြတ်ပေးစေ၏။

မဟောသဓသုခမိန်သည်လည်း ထိုနေ့မှစ၍ နေ့တိုင်းမပြတ် မင်းကြီးအား ခစား၏။ ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၌ သုခမိန် ၅-ယောက် ဖြစ်သတည်း။

ဤတွင်ရွေ့ကား မဟောသဓသုခမိန် မင်းကြီးထံသို့ရောက်စ ပထမအချီးအမြှောက် ခံရသည်ကို ဆိုသောစကားတည်း။