မဟောသဓဇာတ်တော်ကြီး/အခန်း-၂၂

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၂။ မြည်းပြဿနာ ဖြေခန်း

မြည်းပြဿနာ ဟူသည်ကား ထိုနေ့မှ တစ်ရက်မြောက် မိုးသောက်သောနေ့၌ သေနကအမတ်ကြီးကိုခေါ်၍ “ဆရာအမတ်ကြီး။ မဟောသဓသုခမိန်ကို ယခုဆောင်ယူရသော် ကောင်းမည်မဟုတ်လော”ဟု တိုင်ပင်ပြန်၏။ သေနကအမတ်ကြီးလည်း “အရှင်မင်းကြီးစိတ်တော်က ဆောင်ယူတော်မူလိုသော အာသာရှိတော်မူလျှင် ဆောင်ယူတော်မူပါတော့။ ထိုသို့ ဆောင်ယူခြင်း၌မူကား ယမန်နေ့၌ကဲ့သို့ ကိုယ်တော်တိုင်ထွက်၍ ဆောင်ယူခြင်းငှာ မထိုက်။ မင်း၏ဣန္ဒြေကို ဖြစ်စေရမည်လည်းတစ်ကြောင်း၊ သူတော်ကောင်းစင်စစ် ထိုသူဖြစ်၍ ချစ်မြတ်နိုးသော အရှင့်ကျေးဇူးတော်ကို သိပါလျှင် သင့်တော်၏။ အရှင့်ကျေးဇူးတော်ကို မသိဘဲ စဉ်းလဲစဉ်းစား သစ္စာမစောင့် မဖြောင့်နှလုံး သုံးသူဖြစ်ချေက အချစ်ယုံကြူး၍ ၂-ဦးလုံး နောင်အကျိုးမဲ့ ရှိတတ်သည်တစ်ကြောင်း၊ ညွတ်ညွတ်ပျောင်းပျောင်း ကောင်းသောသဒ္ဓါ, မေတ္တာ, ပညာကျေးဇူး လူထူးလူမြတ်မှန်လျှင် ဆင်ကောင်း,မြင်းကောင်း အစရှိသော တစ်ပါးသော မင်းထိုက်ဘဏ္ဍာများကို ဆောင်ယူသိမ်းပိုက်သကဲ့သို့ တိုက်ရိုက်သိမ်းယူ၍ ထိုသူ၏ဂုဏ်ကျေးဇူး ထူး,မထူးကို မသိမသာဖြစ်မည်တစ်ကြောင်း၊ ဤသို့သော အလားအလာ နောင်လာအခွင့်ကို မြော်ချင့်တော်မူသဖြင့် လျှို့ဝှက်သောအနက် ခဲခက်သောပြဿနာနှင့် လိမ္မာသောတမန်ကိုစေ၍ ခေါ်တော်မူလျှင် သင့်မည်ထင်ပါသည်။ စင်စစ် မဟောသဓသည် ပညာရှိမှန်အံ့။ ထိုပြဿနာကိုသိသဖြင့် အရှင်မင်းကြီး အထံတော်သို့ လာရောက်ပါလိမ့်မည်”ဟု လျှောက်ထား၏။

ဝိဒေဟရာဇ်မင်းကြီးလည်း သေနကအမတ်ကြီးစကားကို နှစ်သက်၍ “ဆရာအမတ်ကြီး။ လျှို့ဝှက်သောပြဿနာ အဘယ်သို့ စီရင်အံ့နည်း”ဟု မေး၏။

သေနက အမတ်ကြီးလည်း “အရှင်မင်းကြီး။ ဤသို့ စေတော်မူပါလော့။ “အရှေ့ယဝ မဇ္ဈဂုံးရွာနေ မဟောသဓပညာရှိ သင်၏ ပညာရှိကြောင်းကျေးဇူးသတင်းကို ငါ ကြားသိတော်မူရသဖြင့် သင့်ကိုရှုကြည့်လို၍ ယမန်နေ့က အရှေ့ယဝမဇ္ဈဂုံးရွာသို့ ထွက်တော်မူစဉ် ခရီးအကြား၌ ငါ၏မင်္ဂလာမြင်းတော် ခြေကျိုးရသည်ဖြစ်သောကြောင့် အရှေ့ယဝမဇ္ဈဂုံးရွာသားတို့က မြင်းကောင်းတစ်စီးနှင့် သူဌေးကောင်းတစ်ယောက်ကို ငါ့ထံ ပို့ဆက်စေရမည်”ဟု စေတော်မူပါလော့။ စင်စစ် မဟောသဓသည် ပညာရှိမှန်လျှင် “မြင်းကောင်းတစ်စီးဆိုသည်ကား ငါ့ကိုယ်ကိုရည်၍ ဆိုသည်။ သူဌေးကောင်းဆိုသည်ကား ငါ့အဖသူဌေးကြီးကို ရည်၍ ဆိုသည်”ဟု သိလတ္တံ့”ဟူ၍ လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးလည်း “ကောင်းပြီ” ဟု ဝန်ခံ၍၊ သေနကအမတ်ကြီးစီရင်တိုင်း အမိန့်တော်အမှာဖြင့် လိမ္မာသောအမတ်တစ်ယောက်ကို အရှေ့ယဝမဇ္ဈဂုံးရွာသို့ စေလွှတ်လိုက်၏။

မဟောသဓသုခမိန်သည် အမတ်စကားကိုကြားလျှင် “မင်းကြီးသည် ငါ့ကိုလည်းကောင်း၊ ခမည်းတော်ကိုလည်းကောင်း မြင်တော်မူလိုချေသည်”ဟုသိသဖြင့်၊ ခမည်းတော်သူဌေးကြီးထံ သွားပြီးလျှင် ရိုသေစွာရှိခိုးလျက် “ခမည်းတော် အရှင်မင်းကြီးသည် ခမည်းတော်ကိုလည်းကောင်း၊ အကျွန်ုပ်ကိုလည်းကောင်း မြင်တော်မူလိုသံနှင့် တမန်စေလွှတ်လိုက်သည်ဖြစ်သောကြောင့် ခမည်းတော်သည် အကျွန်ုပ်တို့မသွားမီအလျင် ၁၀၀-သောသူဌေးအခြံအရံနှင့် အရှင်မင်းကြီးထံ သွားတော်မူစေချင်ပါသည်။ ထိုသို့သွားသောအခါ လက်ချည်းသက်သက်မသွားမူ၍ ထောပတ်သစ်ဖြင့်ပြည့်သော စန္ဒကူးကြုတ်ကိုဆောင်ယူ၍ သွားတော်မူနှင့်ပါ။

“မင်းကြီးထံရောက်လျှင် မင်းကြီးသည် ခမည်းတော်အား ပဋိသန္ဓာရစကား ဟောပြောလျက် လျောက်ပတ်သောနေရာ၌ ချပေးတော်မူလတ္တံ့။ ထိုမင်းချပေးသောနေရာ၌ ခမည်းတော် နေတော်မူနှင့်ပါ၊ အကျွန်ုပ်လာသောအခါ မင်းကြီးသည် ပဋိသန္ဓာရပြုပြီးလျှင် “သုခမိန် သင်နှင့်ထိုက်သောနေရာကို ကြည့်၍နေလော့”ဟု ဆိုလတ္တံ့။ ထိုသို့ မင်းကြီးဆိုသောအခါ ခမည်းတော်မျက်နှာကို အကျွန်ုပ် ကြည့်ပါမည်။ သည်းခံတော်မူပါ။ ခမည်းတော်မျက်နှာကို အကျွန်ုပ်ကြည့်လျှင် ခမည်းတော်သည် နေရာမှထပြီးသော် “ချစ်သား။ ဤခမည်းတော်နေရာမှာ နေလှည့်”ဟုဆို၍ ခမည်းတော်နေရာ လွှဲပေးတော်မူပါ။ ဤသို့ပြုပါလျှင် တစ်ခုသောပြဿနာသည် အပြီးသို့ ရောက်ပါလတ္တံ့”ဟု ဆို၏။

သိရီဝဍ္ဎနသူဌေးကြီးသည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ မဟောသဓသုခမိန် စီရင်တိုင်းပင်လျှင် သူဌေး၁၀၀၀-ခြံရံလျက် ဝိဒေဟရာဇ်မင်းကြီးထံသွား၍ နန်းတော်ရှေ့တံခါးဝ၌ ရပ်နေပြီးသော် အရှေ့ယဝမဇ္ဈဂုံးရွာက သူဌေးကြီးလာကြောင်းကို မင်းကြီးအား လျှောက်ထားစေပြီးလျှင်၊ “ဝင်စေ” အမိန့်တော်ပြန်မှ နန်းတော်သို့ဝင်သဖြင့် ရှေ့နောက်မတည့် မဝေးမနီး လေညာအောက် ၆-ပါးသော အပြစ်ကင်းသည်ဖြစ်၍ တင့်အပ်သောနေရာ၌ ရှိခိုးလျက်နေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း သူဌေးကြီးအား ပဋိသန္ဓာရစကား ပြောဟောပြီးသော် “သူဌေးကြီး။ သင်၏သား မဟောသဓသုခမိန် မပါလော”ဟုမေး၏။ သိရီဝဍ္ဎနသူဌေးလည်း “အရှင်မင်းကြီး။ နောက်မှ ခြေတော်ရင်းသို့ ရောက်ပါလိမ့်မည်”ဟု လျှောက်လျှင်၊ ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက်သည်ဖြစ်၍ “သူဌေးကြီး။ တင့်တယ်လျောက်ပတ်သောနေရာကို သိသဖြင့် နေလော့”ဟု နေရာချပေး၏။ သူဌေးကြီးလည်း အပြစ်၆-ပါး ကင်းသော မင်းပေးနေရာ၌ နေ၍ခစား၏။

မဟောသဓသုခမိန်သည်လည်း ဘယက်တန်ဆာစသည်တို့ဖြင့် တန်ဆာဆင်ပြီးသော် ဖွားဖက်ရွေဖော် ၁၀၀၀-ခြံရံလျက် တန်ဆာဆင်အပ်သော မြင်းရထားစီး၍ အရှေ့ယဝ မဇ္ဈဂုံးရွာမှ နန်းတော်သို့ဝင်အံ့ဟု လာလတ်သော်၊ ကျုံးရိုးပေါ်၌သွားသော မြည်းတစ်ကောင်ကိုမြင်လတ်လျှင် သန်သန်မြန်မြန် အားအင်စွမ်းပကားရှိသော လုလင်ပျိုတို့ကို “အချင်းတို့ ။ ထိုကျုံးရိုး၌သွားသော မြည်းကို လိုက်၍ မိအောင်ဖမ်းပြီးမှ မမြည်မဟစ်နိုင်အောင် ဇက်ခွံ့ပြီးလျှင် ဖျာဖြင့်လိပ်၍ ပိုက်ချီယူဆောင်ခဲ့ကြ”ဟု စေလိုက်၏။

ထိုအခါ လုလင်ပျိုတို့လည်း မဟောသဓသုခမိန်ဆိုတိုင်း မြည်းကိုဖမ်း၍ ယူဆောင်ခဲ့ပြီး၊ မဟောသဓသုခမိန်သည် ၁၀၀၀-သောသူငယ်ဖော် ခြံရံလျက် မြို့တွင်းသို့ဝင်လေ၏။ ခရီးမင်းလမ်းမ အိမ်စဉ် ၂-ဘက်နေ မိန်းမ, ယောက်ျား, အရွယ်ရောက်သူ အရွယ်မရောက်သူ အရွယ်လွန်သူ လူအပေါင်းတို့သည်-“ဤ သူငယ်ရွေဖော်အလယ် ရထားထက်၌ နှစ်သက်ကြည်ညိုဖွယ်သောသတို့သားသည် အရှေ့ယဝမဇ္ဈဂုံးရွာ သိရီဝဍ္ဎနသူဌေးသား ထင်ရှားသောသုခမိန်ဟူသည် ဤသတို့သားပင်တည်း။ ဤသတို့သားသည် ဖွားစကပင်လျှင် ဆေးတုံးကိုင်လျက်ဖွား၍ စကားအမိနှင့်ပြောသည်ဟု ကျော်စောခြင်း ရှေးဦးကတစ်လီ၊ ပန်းချီ, ပန်းပု, ဗိသုကာဆရာတို့ မတတ်နိုင်သော ဇရပ်ထူးဇရပ်ကောင်းကိုဆောက်၍ အကောက်၁၀၀၀ ရေဆိပ်ရှိသော ရေကန်ကိုစီရင်သည် တစ်တန်၊ ပန်းမန်အသီးအပွင့်မျိုးတို့နှင့်ယှဉ်သော ဥယျာဉ်ကို စိုက်ပျိုးသဖြင့် တန်ခိုးသတင်း ကျော်စောခြင်းဖြစ်သည် တစ်ချက်၊ စွန်လက်မှ သားတစ်ကိုဟစ်၍ ကျစေသော အစီအမံနှင့် ၆-တန်သောတရားကို ၂-ဦးသားကြည်ညိုအောင် မည်သူ့အလိုသို့မလိုက် ထိုက်ရာဆုံးဖြတ်သည် တစ်သီး၊ မင်းကြီးဖြေခက်အောင် ၁၀-ချက်သော အမေးပြဿနာတို့ကိုလည်း ပညာတုံ့ပြန်၍ အတန်တန်စီရင်သည် တစ်ခြား၊ အပျော်အပါး အကစားအငို စိတ်လိုတိုင်းအစာတောင်း အကြောင်းသည်မျှသာ ရှိချိန်အရွယ် ငယ်နိုင်မျှသေးက ဘေးဘိုးဆင်းသက်၍ ဘယ်လက်ထက်တွင်မျှ မကြားရစဖူး၊ ကျေးဇူးအသီးသီးနှင့် ရှင်မင်းကြီးဘုန်းတော်ကြောင့် ပေါ်ထွန်းလာသော ဤသုခမိန်ကို အကြိမ်ကြိမ်ယခု ရှုကြည့်၍လည်း ငါတို့ အားမရနိုင်”ဟု အချင်းချင်း မေးကြပြောကြ ရှုမောကြလျက် နန်းတော်အရှေ့ တံခါးဝတိုင်အောင် လိုက်၍ကြည့်ကြကုန်၏။

မဟောသဓသုခမိန်သည် နန်းတော်အရှေ့တံခါးဝသို့ရောက်လျှင် ရောက်ကြောင်းကို မင်းကြီးအား လျှောက်ထားစေ၍၊ ဝိဒေဟရာဇ်မင်းကြီးလည်း နှစ်သက်ရွှင်လန်းစွာ မဟောသဓသုခမိန်ကို “ယခုပင်ဝင်စေ”ဟု မင်းမိန့်ပြန်မှ သူငယ်ဖွားဖက်ရွေဖော် ၁၀၀၀-ခြံရံလျက်ဝင်၍ နန်းတော်သို့တက်ပြီးသော် မင်းကြီးအားရှိခိုးလျက် တင့်အပ်သောနေရာ၌ ရပ်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း မဟောသဓသုခမိန်ကိုမြင်လျှင် နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် ပဋိသန္ဓာရစကား မေးမြန်းပြောဆိုပြီးသော် “ချစ်သားသုခမိန်။ သင့်အား လျောက်ပတ်သော နေရာကိုသိသဖြင့် ကြည့်၍နေလော့”ဟု ဆို၏။ ထိုအခါ မဟောသဓသုခမိန်သည် ခမည်းတော်သူဌေးကြီး၏ မျက်နှာကိုကြည့်၏။ သူဌေးကြီးသည်လည်း အထက်မှာထား ရှိသည့်အတိုင်း မိမိနေရာမှထပြီးလျှင် “ချစ်သား။ ဤနေရာ၌ နေလှည့်လော့”ဟုဆို၏။ မဟောသဓသုခမိန်သည်လည်း ခမည်းတော်သူဌေးကြီး၏နေရာ၌ နေလေ၏။

ထိုသို့ အဖနေရာ၌ နေသည်ကိုမြင်လျှင် သေနကအမတ်, ပက္ကုသအမတ်, ကာမိန္ဒအမတ်, ဒေဝိန္ဒအမတ်, ဤ၄-ယောက်သော အမတ်သုခမိန်တို့သည် ကိုယ်ဣန္ဒြေကိုဖျက်၍ လက်ခုပ်တီးကာ ပြင်းစွာရယ်ကြလျက် “အန္ဓဗာလကို ပဏ္ဍိတ်ထင်၍ အရှင်မင်းကြီး ခေါ်တော်မူမှားချေပြီ”ဟု ဆိုကြကုန်၏။

အမတ်ကြီး ၄-ယောက်တို့လည်း ကျီစယ်ရယ်ဟန် ဂုဏ်ညံ့အောင်ကြံ၍ ဝန်တိုသံပြက်ရယ်ပြုသည်ကို အတုလိုက်၍ အထိုက်အလိုက်ကိုမသိကုန်သော နန်းတွင်းသားမှူးမတ်အပေါင်းတို့သည်လည်း ပြစ်တင်ကဲ့ရဲ့ အကျိုးမဲ့နှိပ်နယ် ပြက်ရယ်ပြုကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း တိမ်မြူစင်သော လပြည့်ဝန်းကဲ့သို့ ရွှန်းရွှန်းရွှင်ရွှင် ကြည်လင်သော မျက်နှာရှိတုန်းပါကို ရာဟုဖမ်းသောလကဲ့သို့ ခဏချင်းညှိုးသမ်း၍ စိတ်ဝမ်းမရွှင်မပြီး နှလုံးတော်မသာ ဖြစ်လေ၏။

မဟောသဓသုခမိန်သည် မင်းကြီးမျက်နှာ မသာသည်ကိုမြင်လျှင် “အရှင်မင်းကြီး။ မျက်နှာတော် မသာဟန်တကား။ အဘယ့်ကြောင့်နည်း”ဟုမေး၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း “သုခမိန်။ ငါ နှလုံးမသာရှိသည် မှန်၏။ အဘယ့်ကြောင့်နည်းဟူမူ သင်သည် ဖွားစကပင်လျှင် ဂုဏ်အင်အထူးနှင့် ၇-ဦးသောတရား, ၁၀-ပါးသော ပြဿနာတို့ကို ဖြေဆိုစီရင်နိုင်သည်ဟု ကြားသိရခြင်းသည် ကောင်းခြင်းမင်္ဂလာ ငါ၌ နှစ်လိုဖွယ်ဖြစ်၏။ ယခု သင့်ကိုမြင်ရခြင်းမူကား အကြားနှင့်မညီမလျော် အကျော်အစောနှင့်မလိုက်ဖက် နှစ်သက်ဖွယ်မရှိ”ဟု ဆို၏။

မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ အဘယ့်ကြောင့် နှစ်လိုတော်မမူသနည်း”ဟု မေး၏။

ဝိဒေဟရာဇ်မင်းကြီးလည်း “သုခမိန်။ အထူး ငါပြောဖွယ် မရှိပြီ။ အမျိုးမြတ်သူ မင်း, ပုဏ္ဏား, သူဌေးသူကြွယ်တို့ဓလေ့ မိဘကိုထား၍ သားချင်းဆွေမျိုးတွင် အသက်အရွယ်ကြီးသောသူကိုမျှ နေရာမှထစေခြင်းငှာ မထိုက်။ သင်မူကား ယခု ဆပ်၍မပြေနိုင်သော ကျေးဇူးရှင် အဖသူဌေးကိုလျက် နေရာမှထစေသဖြင့် အဖနေရာမှာ သင်နေသည့်အခွင့် သင့်တင့်လျော်ပါ၏လော”ဟု မေး၏။

မဟောသဓသုခမိန်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အရာတိုင်းမှာပင် သားထက် အဖမြတ်သည် ထင်မှတ်တော်မူသလော”ဟု မေး၏။ မင်းကြီးလည်း “သုခမိန်၊ အရာတိုင်းမှာပင် သားထက် အဖမြတ်သည်”ဟု ဆိုလတ်သော်၊ မဟောသဓသုခမိန့်သည် “အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို မြင်းကောင်းတစ်စီးနှင့် သူဌေးကောင်းတစ်ယောက် ပို့ဆက်ရမည် စေတော်မူသည် မဟုတ်လော”ဟု ဆိုပြီးလျှင်၊ နေရာမှထ၍ မြည်းကိုဆောင်ခဲ့ကုန်သော လုလင်ပျိုတို့ကိုကြည့်လျက် “အချင်းတို့။ ဤသို့ မြည်းကိုသွင်းယူခဲ့”ဟုဆို၍ မြည်းကိုသွင်းစေသဖြင့် မင်းကြီးခြေရင်း၌ အိပ်စေလျက်ထားပြီးမှ “အရှင်မင်းကြီး၊ ဤမြည်းသည် အဖိုးမည်မျှ ထိုက်သနည်း”ဟု မေး၏။ ဝိဒေဟရာဇ်မင်းကြီးသည် “သုခမိန်။ မြည်းကောင်းဖြစ်လျှင် အလွန်အားဖြင့် ၈-ကျပ် အဖိုးထိုက်၏”ဟုဆို၏။

မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ဤ၈-ကျပ်တန် မြည်းထီးနှင့်ဆက်ဆံ၍ အာဇာနည် မြင်းမဝမ်း၌ဖြစ်သော အဿတိုရ်မြင်းကောင်းသည်ကား အဘယ်မျှ အဖိုးထိုက်မည်နည်းဟု မေး၏။

“သုခမိန်သတို့သား။ အဿတိုရ်မြင်းကောင်းတို့၏အဖိုးကား အပိုင်းအခြားမရှိ များစွာထိုက်၏”ဟု မင်းကြီးဆိုလျှင်၊ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ အဘယ့်ကြောင့် ဤသို့ အမိန့်ရှိသနည်း။ ယခုတွင်ပင်လျှင် “အရာတိုင်း၌ သားထက် အဖမြတ်၏”ဟု အမိန့်ရှိတော်မူသည် မဟုတ်လော။ အရှင်မင်းကြီး အမိန့်ရှိတိုင်း အရာတိုင်းမှာ သားထက် အဖမြတ်သည်မှန်လျှင် သားဖြစ်သော အဿတိုရ်မြင်းကောင်းထက်လည်း အဖဖြစ်သောမြည်းထီး မြတ်သင့်ကောင်းပါသည်။ အရှင်မင်းကြီး။ ဤသို့ အရာသို့လိုက်၍ ထိုက်ရာသာ အမြတ်,အယုတ်ကို ယူရပါမည်စင်စစ်မှန်လျက် အရှင့်သုခမိန်ကျော် အမတ်ကြီး၄-ယောက်တို့သည် ဤမျှလောက်ကိုမျှ မသိနိုင်ကြဘဲလျက် လက်ခုပ်တီး၍ရယ်ကြသည်မှာ ထိုပညာရှိ ၄-ယောက်တို့၏ အမြော်အမြင်ပညာသည် အံ့သြစရာများပေတောင်း။ ဤသူကောင်း ၄-ယောက်တို့ကို အဘယ်မှာ အရှင်မင်းကြီး ရပါချေသနည်း”ဟု ပြက်ရယ်ပြု၏။

“ဟသိ တုဝံ ဧဝမညာသိ သေယျော၊ ပုတ္တေဟိ ပိတာတိ ရာဇသေဋ္ဌ။

ဟန္ဒဿတရဿ တေ အယံ၊ အဿတရဿ ဟိ ဂဒြဘော ပိတာ။”

ဟု ဧကနိပါတ်ကျမ်း၌ လာသောဂါထာဖြင့် ဆို၏။

ရာဇသေဋ္ဌ၊ မင်းမြတ်။ ပုတ္တေဟိ၊ သားတို့ထက်။ ပိတာ၊ အဖသည်။ သေယျော၊ မြတ်၏။ ဧဝံ၊ ဤသို့ ။ မညာသိ-မညန္တော၊ အောက်မေ့တော်မူသည်ဖြစ်၍။ တုဝံ၊ အရှင်မင်းကြီးသည်။ ဟသိ၊ ပြက်ရယ်ပြုတော်မူ၏။ ဟန္ဒ ဒါနိ၊ ယခု။ တေ၊ အရှင်မင်းကြီး၏။ အဿတရဿ၊ အဿတိုရ်မြင်းကောင်းထက်။ အယံ၊ ဤမြည်းသည်။ သေယျာ၊ မြတ်သည်။ ဟောတု၊ ဖြစ်တော်မူစေလော့။ ဟိ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဂဒြဘော၊ မြည်းသည်။ အဿတရဿ၊ အဿတိုရ်မြင်းကောင်း၏။ ပိတာ၊ အဖဖြစ်သောကြောင့်တည်း။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ သားထက် အရာတိုင်းမှာပင် အဖမြတ်၏ အယူတော်ရှိ၍ အကျွန်ုပ်ကို ပြက်ရယ်ပြုသည်မှာ အရှင်မင်းကြီး အမိန့်တော်အတိုင်း အရာတိုင်း၌ သားထက် အဖမြတ်သည်မှန်လျှင် ဤမြည်းသည်လည်း အဿတိုရ်မြင်းကောင်း၏ အဖပင်ဖြစ်သောကြောင့် အဿတိုရ်မြင်းကောင်းထက် ဤမြည်း မြတ်ရာသည် မဟုတ်ပါလော”ဟု ဆို၏။

ဤသို့ ဂါထာဖြင့်လျှောက်ဆိုပြီးလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ထိုသို့မြည်းကိုပုံပြု၍ အကျွန်ုပ်သိသာတော်မူအောင် လျှောက်သော်လည်း စိတ်ရောက်တော်မမူလျှင် ယခု အကျွန်ုပ်တို့သားအဖ ၂-ယောက်ကို မြတ်ရာရွေး၍ အဖသည် အကျွန်ုပ်ထက်မြတ်လျှင်လည်း အကျွန်ုပ်နှင့် အရှင်မင်းကြီးမှာ အကျိုးမရှိ။ အဖကိုပင် ကောက်ယူတော်မူပါ။ ယင်းသို့မဟုတ်၊ အဖထက် အကျွန်ုပ်မြတ်လျှင်လည်း အကျွန်ုပ်ကိုပင် ကောက်ယူတော်မူပါလော့” ဟု လျှောက်၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် နှစ်လိုသောနှလုံးဖြင့် ရွှင်ပြုံးသောမျက်နှာရှိခြင်းသို့ ရောက်လေ၏။ ခပ်သိမ်းကုန်သော မင်းပရိသတ် မှူးမတ်အပေါင်းတို့သည်လည်း “ခက်ခဲသောပြဿနာကို ကောင်းစွာဖြေပေသည်”ဟု ပဲ့တင်ထပ်မျှ ချီးမွမ်းကောင်းချီးသံပေးလျက် အင်္ကျီအပေါ်လွှမ်း, ဦးရစ်ပေါင်းပစ်လွှားခြင်း, လက်ပမ်းပေါက်ခတ်ခြင်း, လက်ဖျစ်ခတ်တီးခြင်းတို့ဖြင့် ရွှင်မြူးကြကုန်၏။

သေနကအစရှိသော အမတ်ကြီး ၄-ယောက်တို့သည်ကား အောက်သို့မျက်နှာချလျက် လက်ဖြင့်ဆုပ်နယ်အပ်သော ကြာညိုပန်းကဲ့သို့ ညှိုးသမ်းသဖြင့် ပင့်သက်လှိုင်လှိုင် မှိုင်၍နေကြကုန်၏။

(ဤအရာ၌ ဘုရားလောင်းအား သူတစ်ပါးပြစ်တင်ရန် စကားကို စောဒနာပရိဟာရထိုက်၍ ဆိုအံ့။ ဘုရားလောင်း မဟောသဓသုခမိန်သည် သံသရာအဆက်ဆက်က ဖြည့်ဆည်းပူးအပ်သော ပါရမီသမ္ဘာရ, အတုမရှိသော ပညာ၊ ဤသို့သော ဂုဏ်ရှင်ဖြစ်၍ အမိအဖတို့ကျေးဇူးကို သိတတ်ခြင်း၌ မဟောသဓထက်သာ၍ သိသောသူ မည်သည်မရှိ။ ထိုသို့ မိဘကျေးဇူးကို သိတတ်သူဖြစ်လျက်မိမိပညာဂုဏ်ကို မင်းကြီးအားသိစေလိုလျှင် တစ်ပါးသော အကြောင်းဖြင့်သာ ပြုရာ၏။ ကျေးဇူးရှင်ဖြစ်သောအဘကို နေရာမှ ထစေထိုက်သည်မဟုတ်။ ထိုသို့ မထိုက်ဘဲကို နေရာမှထစေသည်ကိုထောက်လျှင် မဟောသဓသုခမိန်သည် မိဘကျေးဇူးကို သိတတ်၏ဟူသောစကားနှင့် မဆန့်ကျင်ပြီလောဟု စောဒနာ။

အဖြေကား။ မဟောသဓသုခမိန်သည် အဘကို နေရာမှထစေသည် မှန်၏။ ထိုသို့ထစေသော်လည်း အဖကို မထေမဲ့မြင်ပြုလို၍ ထစေသည်မဟုတ်။ ဤသို့အဖကို နေရာမှမထစေဘဲ တပါးသောအရာဖြင့်သာ ပညာဂုဏ်ကိုပြချေက အထက် မင်းကြီးတမန်စေ၍ အဿတိုရ်မြင်းကောင်းတစ်စီးနှင့် သူဌေးကောင်းတစ်ယောက် ဆက်ပို့ရမည်ဟူသော ပြဿနာသည် တိမ်မြုပ်ပျောက်ပျက်၍ မထင်မရှားဖြစ်ရာဘိသော်- ထိုမင်းကြီးစေအပ်သော မြည်းပြဿနာကို ထင်ရှားစေခြင်းငှာလည်းကောင်း, မြည်းပြဿနာကိုမှီ၍ မိမိပညာကျေးဇူး အထူးရှိသည်ကိုပင် ပရိသတ်၌ ထင်ရှားစေခြင်းငှာလည်းကောင်း, ထိုသို့ မြည်းပြဿနာကိုမှီ၍ ပညာဂုဏ်ပေါ်ထွန်းသဖြင့် သေနကအစရှိသော အမတ်၄-ယောက်တို့ စကားဆိုရာမရှိသည်ကို ပြုခြင်းငှာလည်းကောင်း, ဤသို့သော အကြောင်းကိုမြော်၍ နန်းတော်ကို မသွားမီအိမ်ကပင်လျှင် မိမိအဖကို ခယတောင်းပန် သည်းခံစေသဖြင့် နေရာမှ အဖကို ထစေသတည်း၊ ကျေးဇူးကိုမသိ မိမိဂုဏ်ကိုသာလို၍ ထစေသည် မဟုတ်၊ ထိုသို့ ဖြစ်သောကြောင့် မိဘကျေးဇူးကို သိတတ်ခြင်း၌ အတုမရှိဟူသောစကားနှင့် မဆန့်ကျင်ဟု ဖြေ)

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။