မဟောသဓဇာတ်တော်ကြီး/အခန်း-၂၁

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၁။ ဝိဒေဟရာဇ်မင်းကြီး အရှေ့ယဝမဇ္ဈဂုံးရွာသို့ ထွက်တော်မူခန်း

ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကြီး အကြိမ်ကြိမ်တားမြစ်သော စကားကိုကြားလျှင် ဤသို့အကြံဖြစ်၏။

မဟောသဓသတို့သားသည် ၇-နှစ်အရွယ်ကပင်လျှင် ကောင်းကင်ကသားတစ်ကို ကျစေသည်မှတစ်ပါး ၆-ယောက်သားတို့ တရား၆-ခုကို ထောက်ရှုဆင်ခြင်လျက် လျင်စွာသောဉာဏ်ဖြင့် ဟုတ်မှန်တိုင်း ဆုံးဖြတ်ကြောင်း အမှုပေါင်း ၇-ရပ်ကို အထပ်ထပ်အသွယ်သွယ် အံ့ဖွယ်စကားကြားရစဉ်ကပင် မင်္ဂလာကြီးတစ်ခု သုခမိန်တန်ဆောင် အောင်ပွဲခံ၍ မျက်မှန်းထင်ထင် တွေ့မြင်လိုသောစေတနာအခါခါညွတ်လျက်၊ ဤအမတ်ကြီးသေနက နှောင့်ယှက်၍ ပျက်ပြန်ရသည်။

အတည်တည် လျှို့ဝှက်သည့်အနက် ခက်ခဲသောပြဿနာကို မိမိပညာသတ္တိဖြင့် မိမိအမေးကို မိမိမှပြေလည်အောင် မဖြေနိုင်ရာ။ ၁၀-ခါ ၁၀-တန် အတန်တန်မေး၍ ငယ်သွေးငယ်ကိုယ်နှင့် ထိုသုခမိန်သတို့သားသည် ဘုရား၏ဖြေခြင်းကဲ့သို့ နှစ်လိုဖွယ်ဖြေဆို၍ ရှိပါပြီကိုလျက် မနှစ်သက်သံ ဝန်တိုသံနှင့် အတန်တန်ရက်ရှည်ငင်သဖြင့် ဆံပင်မြူနုမျှ တစ်ခုခုအပြစ်ငြိလျှင် ဖိစီး၍ လွင်ဖြစ်အောင် ကြံဆောင်လိုဟန်ရှိသည်။ ဤသေနက အမတ်စကားကိုသာ နာယူနေချေလျှင် ဤတစ်သက်တွင်ပင် သုခမိန်သတို့သားကို ငါ့သားပြုရဟန် မရှိချေ။ သေနကအမတ်ဖြင့် ငါ အဘယ် အလိုပြည့်တော့အံ့နည်း။ ယခုပင် အရှေ့ယဝမဇ္ဈဂုံးရွာသို့သွား၍ သတို့သားသုခမိန်ကို ငါကိုယ်တိုင်ပင်ဆောင်ယူအံ့”ဟု ကြံပြီးသော်၊ အတွင်းသား မှူးတော် မတ်တော်အပေါင်းခြံရံလျက် မထင်ရှားလွန်းသောထွက်ခြင်းဖြင့် မြင်းစီး၍ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ဝိဒေဟရာဇ်မင်းကြီး ထွက်သွားလေ၏။

ထိုသို့ ထွက်သွားလေသောအခါ အရှေ့ယဝမဇ္ဈဂုံးရွာသို့ မရောက်မီ ခရီးအကြား၌ မင်းကြီးစီးသော မင်္ဂလာမြင်းတော်သည် မြေပပ်ကြား၌ ခြေကိုလျှိုမိသဖြင့် ခြေတစ်ဘက်ကျိုးခဲ့၏။ ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓရှိရာသို့မရောက်ဘဲ ထိုမြင်းတော် ခြေကျိုးရာအရပ်ကပင်လျှင် ပြန်လည်၍ နန်းတော်သို့ဝင်လေ၏။

ထိုနေ့ မိုးသောက်ထသောအခါ သေနကအမတ်ကြီးသည် မင်းကြီးထံ ခစားအံ့ဟု ဝင်လတ်၍ “အရှင်မင်းကြီး၊ ယမန်နေ့က အရှေ့ယဝမဇ္ဈဂုံးရွာသို့ ထွက်တော်မူချေသလော”ဟု လျှောက်မေးကြ၏။ “ဆရာသုခမိန်။ ထွက်ချေသည် ဟုတ်၏”ဟု မင်းကြီးဆိုလျှင်၊ သေနကအမတ်ကြီးသည် ဤသို့လျှောက်၏။

“အရှင်မင်းကြီး၊ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ထွက်သွားတော်မူသည်မှာ ထိုရွာသည် မင်္ဂလာကောင်းကျိုး တိုးတက်ရာဖြစ်သည်၊ မဖြစ်သည်ကို သတိတော် စွဲယူမိပါ၏လော။ အရှင်မင်းကြီးသည် အကျွန်ုပ်တို့ကို အပ်, မအပ်၊ ရာ,မရာတို့၌ ပြညွှန်ဝေဖန်စိမ့်မည်ဟူ၍ အရာအထူးဖြင့် ကျေးဇူးတော်မြတ်ကို ခံတော်မူစေသည့် သုခမိန်အမတ်ဖြစ်၍၊ ကျွန်ုပ်တို့လည်း ကျေးဇူးတော်မြတ်ရှိသည်အတိုင်း နေ့ညဉ့်မပြတ် မင်းရေးမင်းမှု အစုစုအချက်ချက် ပေါ်ထွက်မည့်အရာကို ပညာဖြင့်မြော်ချင့်၍ တော်သင့်အောင်စီမံ ဝေဖန်ခွဲခြမ်းလျက် အသက်မက ကြောင့်ကြစိုးရိမ်လေ့ရှိသည်နှင့်အညီ အရှင်မင်းကြီးအလိုတော်ရှိသော အရာများကိုလျက် အသက်ကိုစွန့်၍ ကောင်းညွန့်မင်္ဂလာ မဖြစ်ရာအမှုမှန်လျှင် “သည်းခံလင့် နေပါ”ဟု တားမြစ်လျှောက်ထားရှိပါသည်။

ဤယခု သုခမိန်သတို့သားကို ဆောင်ယူတော်မူမည် တိုင်ပင်သည်မှာလည်း ပညာကျေးဇူးထူး၍ မတင့်တယ်၊ အရွယ်လည်းငယ်သေးသဖြင့် မင်းရေးမင်းမှု ထမ်းရွက်စီရင်နိုင်သေးမည် မဟုတ်။ ထိုသတို့သား သုခမိန်ခန့်လောက်သူ စင်စစ်မှန်လျှင် အတန်တန်လျှို့ဝှက် ခဲခက်သောပြဿနာဖြင့် ပညာကျေးဇူးလည်းလွန်၍ တင့်တယ်စွာအရွယ်လည်း ရောက်စေဦးတော့ဟု နောက်ရေးကိုမြော်ထောက်၍ လျှောက်ပါသည်ကို အရှင်မင်းကြီး မနာယူဘဲ မထွက်မသွားရာသောရွာသို့ ထွက်သွားတော်မူမိချေသောကြောင့် မင်္ဂလာမြင်းတော် ခြေကျိုးခြင်းအန္တရာယ် ရောက်ချေသည်။ အလျင်တဆော ပြုရမည့်အခွင့်ကို နွှဲဖင့်ချေလျှင်လည်း အကျိုးယုတ်ရာသည်။ တိုင်ပင်ဆွေးနွေး၍ ဆေးလေးစွာပြုရမည့်ကိစ္စကို စိတ်ကအလျင်လိုတိုင်း အားကြိုးလျှင်လည်း တန်ခိုးဆုတ်ယုတ်ရာချေသည်များကို နှလုံးထားတော်မူရပါမည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ပညာထက် သဒ္ဓါလွန်သူဖြစ်၍ အကြောင်းအကျိုးကို ဆက်စပ်လျက် ပြောဆိုသောစကားကို ယုံကြည်သဖြင့် ဆိတ်ဆိတ်နေ၏။