မဟောသဓဇာတ်တော်ကြီး/အခန်း-၁၉

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၉။ ရေကန်ပြဿနာ ဖြေခန်း

ရေကန်ပြဿနာဟူသည်ကား ထိုသဲလွန်ပြဿနာဖြင့် စုံစမ်းပြီးသည်၏နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် “အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော်မူရသည်နှင့်အညီ ယခုရေကစားတော်မူလိုသောကြောင့် ကြာမျိုး၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်တစ်ခုကို ယခု ပို့ဆက်ကြရမည်။ မပို့ဆက်နိုင်လျှင် ဒဏ် ၁၀၀၀ သင့်စေ”ဟု စေလိုက်၏။ ရွာသားအပေါင်းတို့လည်း မကြံနိုင်ကြသဖြင့် မဟောသဓကိုသာ မေးကြကုန်၏။

မဟောသဓ သုခမိန်သည် ထိုစကားကိုကြားလျှင် “ဤအရာလည်း ပြဿနာတုံ့ပြန်ခြင်းငှာ ထိုက်၏”ဟု သိပြီးသော် “အချင်းတို့။ မစိုးရိမ်ကြလင့်။ စကားအရာ လိမ္မာရဲရင့်သော လူ၂-ယောက် ၃-ယောက်ကို ခေါ်ချေ”ဟုစေ၍ ခေါ်ပြီးလျှင် “သင်တို့ ငါမှာအံ့သောစကားကို နားရွက်ကြကုန်။ သင်တို့သည် မျက်စိများနီအောင် ရေကစားပြီးလျှင် ဆံပင်,အဝတ် စွတ်စွတ်စိုစို ကိုယ်၌အလိမ်းလိမ်းလူးကပ်သော ရွှံ့ညွန်, လွန်ကြိုး, လှံတံ, တုတ်, အုတ်, ကျောက်ခဲ စွဲကိုင်ကုန်လျက် နန်းတော်အရှေ့မျက်နှာ တံခါးဝသို့ ရှေးရှုသွားပြီးသော် တံခါးဝ၌ရပ်နေ၍ အတွင်းတော်မြဲမင်းများကို အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့က အသနားတော်ခံ နန်းတော်တံခါးဝသို့ ရောက်ကြောင်းနှင့် မင်းကြီးအားလျှောက်ထားစေပြီးမှ မင်းကြီးကဝင်စေ အမိန့်တော်ပြန်လျှင် အလျင်လိုဟန်နှင့်ဝင်၍ အရှင်မင်းကြီးအား ဤသို့လျှောက်ထားကြလေ။ “ဘုန်းတော်ကြီးလှသောအရှင်မင်းကြီး၊ အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့ကို ရေကန်ပို့ဆက်ရမည် အမိန့်တော်မြတ်ရောက်၍ အရှင်မင်းကြီးနှင့်ထိုက်တန်သော ရေကန်တစ်ခုကို တောအရပ်၌ ရှာဖွေလိုက်လံဖမ်းဆီးလျက် မထွက်မပြေးသာအောင် ခိုင်ခံ့စွာသောကြိုးလွန်တို့ဖြင့် စည်းနှောင်ချည်တုပ်ပြီးလျှင် ဆွဲငင်ယူဆောင်၍ မြို့တော်သို့အပို့အဆက် အကျွန်ုပ်တို့တစ်စု လာပါသည်တွင်-

“ထိုရေကန်သည် လူသံမကြား တောသားအရိုင်းဖြစ်သည်နှင့် အရှင့်မြို့တော်, ကျုံးတော်, ပြအိုး, တန်ဆောင်း, သူရဲခို, မုခ်တံခါး, သွားလာမြူးရွှင်ကြသော လူသံ, ဆင်သံ, မြင်းသံ အတန်တန်အတည်တည် စည်ပင်လှသော မြို့အင်္ဂါကို တစ်ရံတစ်ခါ ဤနေ့မှ တွေ့ကြုံရသည်ဖြစ်၍ ဆွေ့ဆွေ့ခုန်ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် ငြင်းဆန်ဖယ်ရုန်း၍ ကြိုးလွန်အားလုံးကို ဖြုန်းဖြုန်းဖြတ်လျက် အလွတ်ထွက်ပြေးသဖြင့် အကျွန်ုပ်တို့ ဤတုတ်, အုတ်, လှံတံ, ကျောက်ခဲဖြင့် ရိုက်ပုတ်ပစ်ခတ်၍ ကြပ်တည်းစွာ ချည်နှောင်ဆောင်ယူပါသော်လည်း အရိုင်းတောသားကို မတားမြစ်နိုင်ရှိပါသည်။ အကျွန်ုပ်တို့အား သနားတော်မူသဖြင့် လိမ္မာယဉ်ကျေးသော အရှင်မင်းကြီးရေကန်တော်ဟောင်းနှင့်တွဲယှဉ်၍ ဆောင်ယူပါမှ မြို့တော်သို့ ထိုရေကန် ရောက်နိုင်ပါမည်။ ရေကန်ဟောင်း သနားတော်မူပါ”ဟု မင်းကြီးအား လျှောက်ထားကြလေ။

“သင်တို့စကားကို မင်းကြီးကြားလျှင် “အချင်းတို့။ ငါသည် ထီးနန်းစိုးစံတော်မူသည်လည်း ကြာလေပြီ။ တောအရပ်မှ ရေကန်ကို ဆောင်ယူရသည်ဟူ၍လည်း မကြားစဖူး။ ရေကန်ရိုင်းကို ရေကန်ယဉ်နှင့် တွဲယှဉ်ဆောင်ယူရသည် ဟူ၍လည်း မရှိစဖူး။ သင်တို့ အဘယ့်ကြောင့် ဤစကားကို လျှောက်ထားကြသနည်း”ဟု မေးလတ္တံ့။

“ထိုအခါ သင်တို့သည် “အရှင်မင်းကြီး၊ အလိုတော်ရှိလျှင် ပြီးစေနိုင်လျက် ဘုန်းတော်ကြီးလှသောအရှင်မှ တော၌ ရေကန်ရိုင်းကို မဆောင်ယူနိုင်ခဲ့သော် ဘုန်းနည်းသော အရှေ့ယဝမဇ္ဈဂုံးရွာသား ကျွန်တော်မျိုးတို့သည် အဘယ်သို့ ရေကန်ကို ဆောင်ယူနိုင်ပါအံ့နည်း”ဟု မင်းကြီးအား သင်တို့ လျှောက်ထားလေ”ဟု ဆို၏။

ထိုသူတို့လည်း မဟောသဓသုခမိန် စီရင်တိုင်း အလုံးစုံကိုပြု၍ မင်းကြီးအား လျှောက်ထားကြလေ၏။ ဝိဒေဟရာဇ်မင်းကြီးလည်း ထိုစကားကိုကြားလျှင် “ဤပြဿနာကို အဘယ်သူဖြေစီရင်သနည်း”ဟု မေး၏။ “မဟောသဓသုခမိန် စီရင်ပါသည်” ဟု ကြားလတ်သော် ရှေးထက်အလွန် နှစ်သက်ခြင်းဖြစ်သဖြင့် သေနကသုခမိန်ကိုခေါ်၍ ရှေးနည်းအတူ တိုင်ပင်ပြန်၏။

သေနကအမတ်ကြီးလည်း “အရှင်မင်းကြီး၊ ငံ့တော်မူပါဦး။ အထူးအခြား တစ်ပါးသောပြဿနာ ရှိပါသေးသည်”ဟု လျှောက်၍ ပြဿနာတစ်နည်းကို စီရင်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။