မဟောသဓဇာတ်တော်ကြီး/အခန်း-၁၈

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၈။ သဲလွန်ပြဿနာ ဖြေခန်း

သဲလွန်ပြဿနာ ဟူသည်ကား ထို့နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် “ပါစီနယဝမဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော်မူသည်နှင့်အညီ ငါ ယခု ပုခက်ယာဉ်ညင်စီး၍ ကစားတော်မူလိုသည်။ ပုခက်ယာဉ်ညင် ဆွဲမြဲဖြစ်သော သဲလွန်ကြိုးဟောင်း ပြတ်သည်ဖြစ်သောကြောင့် ယခု ပုခက်ယာဉ်ညင်ဆွဲရန် သဲလွန်ကြိုးသစ်ကျစ်၍ ဆက်ပို့ကြရမည်။ သဲလွန်ကြိုးသစ်ကျစ်၍ မဆက်မပို့နိုင်လျှင် ရာဇဒဏ် ၁၀၀၀ သင့်စေမည်”ဟု စေလိုက်၏။

ရွာသားအပေါင်းတို့သည် မကြံနိုင်ကြကုန်သဖြင့် မဟောသဓသုခမိန်ကို မေးကြကုန်၏။

မဟောသဓသုခမိန်သည် ထိုစကားကိုကြားလျှင် “ဤအရာကား ပဉှာတုံ့မေး၍ ဖြေခွင့်ဖြစ်သည်”ဟု သိပြီးသော် “သင်တို့ မစိုးရိမ်ကြလင့်။ စကားအရာ၌ လိမ္မာကျစ်လစ် ပြေပြစ်ကျွမ်းကျင်စွာ အရှင်မင်းကြီးအား လျှောက်ထားဝံ့သောသူ ၂-ယောက်ကိုသာ ရစေလော့”ဟု ဆို၍၊ စကားအရာ၌ လိမ္မာသောသူ ၂-ယောက်ကိုရှာ၍ ရသဖြင့်၊ ထိုသူ ၂-ယောက်တို့အား မဟောသဓသုခမိန်သည် ဤသို့သောအကြောင်းကို မှာကြားလျှောက်ထားစေ၏။

“အချင်းတို့။ သင်တို့သည် ငါမှာတိုင်းမှတ်သား၍ မင်းကြီးအား လျှောက်ထားချေ။ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော အရှင်မင်းကြီး။ အရှေ့ယဝမဇ္ဈဂုံးရွာသားတို့ကို သဲလွန်ဟောင်းပြတ်၍ သဲလွန်သစ်ကျစ်ရမည် အမိန့်တော်ရောက်သည်မှာ သဲလွန်အကြီးအငယ်ပမာဏ, ကျစ်ရမည့်သဏ္ဌာန် အလုံးအကွာကို မသိရ ဖြစ်ပါသည်။ သဲလွန်ဟောင်းပြတ်စ ၁-ထွာ လက် ၄-သစ်မျှခန့် ပုံတော်ရပါမှ အတုပုံယူ၍ တူအောင်ကျစ်နိုင်ပါမည် ဖြစ်သောကြောင့် သဲလွန်ဟောင်းစတစ်ခုကို သနားတော်မူပါ” ဤသို့လျှောက်ချေ။ မင်းကြီးသည် သင်တို့စကားကိုကြားလျှင် “အချင်းတို့။ ငါ၏နန်းတော်၌ သဲလွန်စ ဘယ်မှာ ရမည်နည်း။ မအပ်မရာသောစကားကို အဘယ့်ကြောင့် သင်တို့ လျှောက်ထားကြသနည်း”ဟု အမိန့်တော်ရှိလျှင် “အရှင်မင်းကြီး၏ အလိုတော်ရှိတိုင်းပြီးစေနိုင်လျက် ဘုန်းတော်ကြီးလှသောအရှင်မှ သဲလွန်ကို ကျစ်၍မဖြစ်နိုင်ခဲ့သော် ဘုန်းညံ့သော အရှေ့ယဝမဇ္ဈဂုံးရွာသား ကျွန်တော်မျိုးတို့မှာ အဘယ်သို့ သဲလွန် ကျစ်ရပါမည်နည်း” ဤသို့လျှောက်ချေလော့” ဟု စေလိုက်၏။

ထိုယောက်ျား ၂-ယောက်တို့သည် မဟောသဓသုခမိန်မှာတိုင်း အလုံးစုံကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည် “ဤပြဿနာကို အဘယ်သူ စီရင်ပါသနည်း”ဟုမေး၍၊ “မဟောသဓ ဖြေစီရင်ပါသည်”ဟု လျှောက်လျှင် အလွန်နှစ်သက်ခြင်းဖြစ်သဖြင့် ရှေးနည်းအတူ သေနကအမတ်ကြီးကိုခေါ်၍ တိုင်ပင်ပြန်၏။ အမတ်ကြီးလည်း “အရှင်မင်းကြီး သည်းခံတော်မူဦးလော့။ အထူးစုံစမ်းရန် ပြဿနာရှိပါသေးသည်”ဟုလျှောက်၍ ပြဿနာတစ်နည်း စီရင်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။