မဟောသဓဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၅။ နွားတရား စီရင်ခန်း

နွားတရားဟူသည်ကား ပါစီနယဝ မဇ္ဈဂုံးရွာသားတစ်ယောက်သည် မိုးကျလျှင် လယ်လုပ်အံ့ဟု ရွာတစ်ပါးမှ နွားတစ်ရှဉ်းကိုဝယ်၍ မိမိအိမ်သို့ ဆောင်ယူခဲ့၏။ မိုးသောက်သောနေ့၌ ထိုနွားတစ်ရှဉ်းကို မြက်ကောင်းရာအရပ်သို့သွား၍ နွားကျောက်ကုန်းပေါ်၌စီးလျက် ကျောင်းပြီးလျှင် ညောင်းညာငိုက်မျဉ်းသည်ဖြစ်၍ နွားပေါ်မှဆင်းပြီးသော် အရိပ်ကောင်းသောသစ်ပင်အောက်၌ အိပ်၏။ ထိုနွားရှင် အိပ်ပျော်စဉ် သူခိုးတစ်ယောက်သည်လာလတ်၍ ထိုနွားတစ်ရှဉ်းကို ခိုးဆောင်ပြေးလေ၏။ နွားရှင်နိုး၍ နွားကိုကြည့်လျှင် မမြင်သဖြင့် ထိုမှဤမှ မျှော်ကြည့်လတ်သော် သူခိုးဆောင်ယူပြေးသွားသည်ကိုမြင်၍ လျင်စွာလိုက်လျက် မီလတ်သော် “သင် အဘယ့်ကြောင့် ငါ့နွားတစ်ရှဉ်းကို ခိုးယူသနည်း”ဟုဆို၏။

ထိုစကားကိုကြားလျှင် နွားခိုးသည် “ဟယ်-ယောက်ျား။ နင် ဘယ်က လူနည်း။ နှုတ်ရိုင်းစော်ကား မပြောငြားနှင့်။ ငါ့နွားကို ငါလိုရာဆောင်သွားမည်။ ငါ့အား အဘယ့်ကြောင့် သူခိုးဟု ယိုးစွပ်ဘိသနည်း”ဟု ဆို၏။ ဤသို့ နွားရှင်,နွားခိုးတို့သည် ငြင်းခုံကြလျက် ပါစီနယဝ မဇ္ဈဂုံးရွာသို့ ရောက်လာကုန်သဖြင့် လူအပေါင်းတို့သည် ထိုသူ၂-ယောက်တို့ ခိုက်ရန်စကားကို နားထောင်ကြည့်ရှုအံ့သောငှာ လာကြကုန်၍ အုတ်အုတ်ကျက်ကျက်ဖြစ်၏။

ထိုအသံကို မဟောသဓသုခမိန် ကြားလေသော် “ငါ၏ဇရပ်တံခါးဝ လမ်းမခရီး၌ အဘယ့်ကြောင့် ဤသူ၂-ယောက်တို့ အငြင်းအခုံ ဖြစ်ကြသနည်း။ ထိုသူ၂-ယောက်တို့ကို ခေါ်စေ”၍ နွားရှင်နှင့် နွားခိုးတို့ရောက်လျှင် ထိုသူ၂-ယောက်တို့၏ အမူအရာလက္ခဏာကို ဆင်ခြင်ထောက်ရှု၍ “ဤသူကား နွားရှင်၊ ဤသူကား နွားခိုးတည်း”ဟု အတပ်အမှန် သိငြားသော်လည်း၊ “သူတစ်ပါးလည်း ထင်ရှားစွာသိမှ အဂတိသို့ မငြိမစောင်း ကောင်းစွာအစီအရင် ထင်ရှားသည်ဖြစ်၍ အပြစ်တင်လွတ်ရာချေသည်”ဟုကြံလျက် “သင်တို့၂-ယောက် အဘယ့်ကြောင့် အငြင်းအခုံ ဖြစ်ကြသနည်း”ဟုမေး၏။

နွားရှင်က ရှေးဦးစွာ “အရှင့်သား။ ဤမည်သာရွာနေ ဤမည်သောသူ၏လက်မှ ဤနွားတစ်ရှဉ်းကို ဤမျှအဖိုးနှင့်ဝယ်ခဲ့၍ အိမ်၌ တစ်ညဉ့်မျှသာ ရှိပါသေးသည်။ ထိုဝယ်သည့်နောက် ယခုနေ့ မိုးသောက်ထ နံနက်ကပင် မည်သည့်အရပ် မြက်ကောင်းရာ၌ နွားတစ်ရှဉ်းကိုလွှတ်ကျောင်း၍ အရိပ်ကောင်းရာ အကျွန်ုပ်အိပ်ပျော်ငိုက်မျဉ်းစဉ် ဤသူသည် ကျွန်ုပ်နွားတစ်ရှဉ်းကို ခိုးယူဆောင်သွားသည့်နောက် အိပ်ရာမှနိုး၍ ကျွန်ုပ်ကြည့်မျှော်လျှင် ဤမသူတော် ခိုးသူယူသွားသည်ကိုမြင်သဖြင့် လျင်စွာ ကျွန်ုပ်လိုက်နိုင်သောကြောင့်သာ ဤနွားခိုးကို ဘဏ္ဍာနွားတစ်ရှဉ်းနှင့် လက်ပူးလက်ကြပ်မိပါသည်။ အကျွန်ုပ်စကားကို အရှင့်သား ယုံတော်မမူပါလျှင် ဤနွားတစ်ရှဉ်းကိုဝယ်ရာ ရွာသား မည်သူ မည်သူတို့ အသိအရှိ အမြင်အကြားဖြစ်ပါသည်။ ထို သိ,ကြားသူတို့ခေါ်၍ စစ်မေးတော်မူလျှင် စီရင်သာအောင် သိရပါလိမ့်မည်”ဟု ဆို၏။

မဟောသဓသုခမိန်သည် ထိုစကားကိုကြားလျှင် နွားခိုးကို “အချင်းယောက်ျား။ တစ်ဦးက စကားကုန်ခန်းအောင် သက်သေနှင့်တကွဆိုပြီး သင်က ဟုတ်မှန်တိုင်းကို ဆိုလော့”ဟုဆို၏။

နွားခိုးသည် “အရှင့်သား။ အကျွန်ုပ်ခြံပေါက် ဤနွားတစ်ရှဉ်းကို ကျွန်ုပ်လိုရာအရပ်သို့ ဆောင်သွားပါစဉ် ဤသူသည် အနိုင်အထက် မင်းမျက်မင်းဒဏ်သင့်အောင် အခွင့်မဟုတ်ဘဲ ကျွန်ုပ်ကို နွားခိုးဟုယိုးစွပ်၍ မအပ်မရာ ပြုကျင့်သည့်အမှုသာ ဖြစ်ပါသည်။ ထိုသူ့နွား မဟုတ်”ဟု ဆို၏။

ဤသို့ အမှုသည်၂-ဦး၏ စကားကိုကြားလျှင် ဘုရားလောင်းသည် ထိုသူတို့အမှုတရား မပွားများရအောင် ဟုတ်မှန်တိုင်းစီရင်လို၍ “သင်တို့၂-ယောက် ငါကောက်ယူဆုံးဖြတ်ချက်ကို နှစ်သက်စွာပြီးကြမည်လော”ဟု မေး၏။ “အရှင့်သား။ ပြီးပါမည်”ဟု အမှုသည်၂-ဦးဆိုလျှင် ဇရပ်တွင်ရှိသမျှပရိသတ်တို့အား ထင်ရှားစွာဖြစ်စေခြင်းငှာ ဤသို့ဆို၏။

“သင်တို့စကား၂-ရပ်ပင် လက်သပ်မကွာ မွေးကျွေး၍ထားသောနွားဖြစ်ဟန် အမှန်အတပ်ဆိုကြပေသည်တွင် တရားသူကြီးတို့ ဆင်ခြင်ရန် စကားမကုန်သေးသည်ဖြစ်၍ မဆုံးမဖြတ်သာသေး။ စစ်မေးရဦးမည်။ သင်တို့ ဟုတ်မှန်တိုင်း ပြောလော့”ဟု ဆိုပြီးလျှင်၊ ခိုးသူကို ရှေးဦးစွာ “အချင်းယောက်ျား။ ဤနွားတစ်ရှဉ်းကို သင့်ခြံပေါက်ဖြစ်သည်ဟု ဆိုပြီ။ အဘယ်အစာကို အသင် ကျွေးမွေးသနည်း”ဟု မေး၏။

နွားခိုးသည် “အရှင့်သား။ နှမ်းဖတ်နှင့် ပဲမှော်ကိုသာ စားစေလျက် ရက်မန်းရည် ယာဂုကိုသာ သောက်စေ၏”ဟု ဆို၏။

ထို့နောက် နွားရှင်ကို မေးပြန်လျှင် “အရှင့်သား။ အကျွန်ုပ်ကား လယ်လုပ်သားဖြစ်၍ အလွန်ဆင်းရဲ၏။ အဘယ်မှာ ယာဂု ရနိုင်ပါမည်နည်း။ မြက်ကိုသာ ကျွေးရ၏”ဟု ဆို၏။

ထိုသူ ၂-ယောက်တို့စကားကို အလုံးစုံသောပရိသတ်အပေါင်းတို့အား မှတ်သားစေပြီးသော် ဘုရားလောင်းသည် သျှိသျှားရွက်ကို ဆောင်ယူစေပြီးလျှင် ညက်စွာထောင်းပြီးမှ ရေနှင့်ဖျော်၍ နွားတစ်ရှဉ်းကို တိုက်စေ၏။ ထိုအခါ နွားတို့သည် ဝမ်းသက်ကုန်လတ်သော် မြက်ဖတ်သာလျှင် ပါကုန်၏။

ဘုရားလောင်းသည် လူအပေါင်းတို့အား “သင်တို့ ဤနွားချေးကို ရှုကြကုန်လော့”ဟု ပြပြီးလျှင်၊ သူခိုးကို “အချင်းယောက်ျား။ “သင့်နှုတ်ကကား နွားခိုး မဟုတ်။ သင့်နွားကကား နွားခိုးဖြစ်သည်”ဟု ယခုပရိသတ်အလယ်၌ အထင်အရှားပြ၍ ရှိချေပြီ။ သင် နွားခိုးဟုတ်၏လော, မဟုတ်၏လော”ဟုမေး၏။

ခိုးသူလည်း လွှဲဖယ်၍ မပြောသာရကား “အရှင့်သား။ ခိုးမိချေ၏”ဟု ဝန်ခံ၏။

ထိုအခါ ဘုရားလောင်းသည် “အချင်းယောက်ျား။ အရှေ့မဇ္ဈဂုံးရွာ၌ သူဌေးကြီးသား မဟောသဓသည် သူတစ်ပါးတို့ လျှို့ဝှက်သောအမှုကို တစ်ခုမကျန် ဉာဏ်အစွမ်းဖြင့် သိမြင်တတ်သည်ဟူ၍ သင် မကြားဘူးသလော၊ မုသာဝါဒကို အဘယ့်ကြောင့် သင်ပြောဆိုသနည်း။ ယနေ့မှစ၍ အသက်ရှည်သောကာလပတ်လုံး ဤကဲ့သို့အမှုကို ပြုကျင့်မည် မကြံလေနှင့်”ဟုဆုံးမ၏။

ဘုရားလောင်း ဖွားဖက်ရွေဖော် ၁၀၀၀-တို့သည် ထိုနွားခိုးသောယောက်ျားကို ခြေဖြင့် ယမ်းခတ်ခြင်း, လက်ဖြင့် ထောင်းထုခြင်းဖြင့် တစ်သက်လုံးအရှက်ရအောင် နာကျင်စွာ ဒဏ်ပေးကြကုန်၏။ ဘုရားလောင်းသည် သူငယ်ဖော်တို့ ထောင်းခတ်၍ မှတ်လောက်အောင် ထိုသူနာကျင်ပြီးသော် သူငယ်ရွေဖော်များကိုတားမြစ်၍ ထိုနွားခိုးအား “အချင်းယောက်ျား။ သင်သည် သူ့ဥစ္စာကို ခိုးယူခြင်းအပြစ်ကြောင့် မသေမီကပင် နာကျင်ပြင်းပြစွာသော ဆင်းရဲကိုခံရပြီး သေလွန်သည်ရှိသော်ကား ယခုခံရသော ဆင်းရဲထက် အဆ အထောင်အသောင်းမက ပြင်းပြပူပန်စွာ ၄-ဖြာသောအပါယ်၌ ကိုးကွယ်ရာမရ ဒုက္ခမလွဲ ဆင်းရဲကို ခံရလတ္တံ့။ အပါယ်ဆင်းရဲကို သင် ဆင်ခြင်ကြောက်လန့်လျက် အသက်ထက်ဆုံး ဤကဲ့သို့သောအမှုကို ယခုငါ့ထံကစွန့်ပစ်၍ အသစ်တရား ၅-ပါးသောသီလ၌ နေ့ညတည်စေလော့”ဟု ပဉ္စင်္ဂသီလဖြင့် အဆုံးအမ ပေးလိုက်၏။

ထိုအခါ ဘုရားလောင်းကို စုံစမ်းလျက်နေသောအမတ်သည် ထိုအကြောင်းကိုသိလျှင် ရှေးနည်းဖြင့် အလုံးစုံကိုစာတင်၍ ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ကြားစေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုစကားကိုကြားသော် သေနကအမတ်ကြီးကိုခေါ်၍ အလုံးစုံကိုပြန်ကြားပြီးလျှင် “ဆရာအမတ်ကြီး မဟောသဓသုခမိန်ကို - ဆောင်ယူချိန် အခွင့်သင့်ပြီမဟုတ်လော”ဟု မေးမြန်းတိုင်ပင်၏။

သေနကအမတ် သုခမိန်သည် “အရှင်မင်းကြီး။ တရားစီရင်ရာ လွှတ်သဘင်၌ အမတ်တရားသူကြီးတို့သည် မပြတ်လျှင် ခိုးမှုယိုးမှု အစုစုပေါ်ပေါက်လာသည့် တရားကိုပင် ဆင်ခြင်မျှော်ရှုလျက် အမှုသည်တို့ လျှို့ဝှက်ကုန်ငြားသော်လည်း သိသာအောင် စစ်ဆေးမေးမြန်း၍ တရားလမ်းရိုးရှိတိုင်း စီရင်နိုင်ကြသည်ချည်းပင် ဖြစ်ပါသည်။ ထိုနွားတရားကို စီရင်နိုင်ကာမျှနှင့် သုခမိန်မခေါ်လောက်သေးဖြစ်၍ ငံ့လင့်နေတော်မူဦးလော့”ဟု လျှောက်၏။

သေနကအမတ်ကြီးစကားကိုကြားလျှင် မင်းကြီးသည် လျစ်လျူဖြစ်ပြန်၍၊ တစ်ဖန် အမတ်ထံသို့ “စုံစမ်းလေဦး” ဟု စေလိုက်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းသောမင်္ဂလာ တစ်ကြိမ်ဖြစ်ခြင်းတည်း။