မဟောသဓဇာတ်တော်ကြီး/အခန်း-၀၆

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၆။ လည်ရွဲတရား စီရင်ခန်း

လည်ရွဲတရားဟူသည်ကား သူဆင်းရဲမတစ်ယောက်သည် ကြွယ်ဝသောမိန်းမများကဲ့သို့ ရွှေငွေကျောက်မျက် ခြယ်လှယ်အပ်သော လည်ရွဲဘယက်တို့ကို မဆင်ရသဖြင့် အနီ, အဝါ, အပြာ, အစိမ်း စသောချည်မျိုးတို့ဖြင့် ထိုးချုပ်စီရင်အပ်သော ချည်လည်ရွဲကိုသာ ဆင်ရ၏။ ထိုမိန်းမသည် ထိုချည်လည်ရွဲကို လည်မှချွတ်၍ အပေါ်ရုံအင်္ကျီတဘက်ပေါ်၌ ထားပြီးလျှင် ဘုရားလောင်းစီရင်အပ်သော ရေကန်သို့ ရေချိုးအံ့သောငှာ ဆင်းသက်လတ်သော် မိန်းမငယ်တစ်ယောက်သည် ထိုလည်ရွဲကိုမြင်၍ လိုချင်သောစိတ်ဖြင့် ထိုလည်ရွဲကို အင်္ကျီတဘက်ပေါ်မှ ကောက်ယူပြီးလျှင် “အမယ်။ ဤလည်ရွဲသည် အလွန် တင့်တယ်လျောက်ပတ်၏။ အဘယ်မျှ ချည်ကုန်သနည်း။ ဤလည်ရွဲကဲ့သို့ ကျွန်ုပ်လည်း ထိုးချုပ်ချင်ပါသည်”ဟုဆိုလျက် လည်၌စွပ်ပြီးသော် “ခဏမျှ အတုယူပါရစေ”ဟု ဆို၏။ လည်ရွဲရှင်မိန်းမလည်း သဘောဖြောင့်ဖြောင့်ဆိုသည်ထင်၍ “ကောင်းပြီ၊ ကြည့်ပါလော့” ဟုဆိုလတ်လျှင် ထိုမိန်းမငယ်သည် လည်ရွဲကိုဆင်၍ လျင်စွာပြေးလေ၏။

ထိုလည်ရွဲရှင်မိန်းမသည် ထိုမိန်းမငယ် ခိုးယူသွားသည်ကို မြင်လျှင် လျင်စွာ ကန်မှတက်လျက် အဝတ်အင်္ကျီ ထမီတဘက်ဝတ်ပြီးသော် လျင်စွာလိုက်၍ “အဘယ့်ကြောင့် ငါ့လည်ရွဲကို ယူ၍ပြေးဘိသနည်း”ဟု မိန်းမငယ်၏တဘက်ကို ဆွဲကိုင်၏။ မိန်းမငယ်လည်း “ငါ့လည်ရွဲကို ငါဆင်၍ ခရီးသွားရာ အဘယ့်ကြောင့် ရှင်မ လည်ရွဲခိုးဟုယိုးစွပ်၍ ဆွဲငင်အံ့သနည်း”ဟုဆို၏။

ထိုသို့ အချင်းချင်း ငြင်းခုံကြ၍ ကြည့်ရှုနားထောင်အံ့ဟု လာကုန်သော ရွာသူရွာသားအပေါင်းတို့ ဝန်းရံလျက် ဘုရားလောင်းကစားရာ ဇရပ်တံခါးဝ လမ်းမခရီးအနီးသို့ လာလတ်ကုန်၏။

ဘုရားလောင်းသည် ထိုငြင်းခုံကြသောအသံကို ကြားလတ်သော် “အဘယ်အသံနည်း”ဟုမေးလျှင် ထိုသူ ၂-ယောက်တို့ကို ခေါ်စေ၍၊ ရောက်သောအခါ ထိုသူ ၂-ယောက်တို့၏ အမူအရာလက္ခဏာကိုမြင်လျှင် “ဤသူကား ခိုးသူမ၊ ဤသူကား ဥစ္စာရှင်”ဟု အတပ်သိပြီးလျှင်၊ သူခပ်သိမ်းလည်း သိစေခြင်းငှာ “သင်တို့ အဘယ့်ကြောင့် ငြင်းခုံကြသနည်း”ဟု မေးလျှင်၊ ၂-ဦးစလုံးကပင် အသီးအသီး မိမိတို့ဥစ္စာဖြစ်ကြောင်းကို ပြောဆိုကြလတ်သော်၊ ဘုရားလောင်းသည် “သင်တို့စကား၂-ရပ်ကို ကြားသိရပြီ။ ငါဆုံးဖြတ်သည့်အတိုင်း သင်တို့ ပြီးကြမည်လော”ဟု မေး၏။ “အရှင့်သား။ ပြီးပါမည်”ဟု ဝန်ခံကြလျှင်၊ ဘုရားလောင်းသည် “သင်တို့သည် ဟုတ်မှန်တိုင်း ပြောလော့”ဟုဆို၍၊ ခိုးသူမကို ရှေးဦးစွာ “သင်၏လည်ရွဲကို အဘယ်နံ့သာရည်ဖြင့် မပြတ် လိမ်းသုတ်သနည်း”ဟုမေး၏။

ခိုးသူမလည်း “အရှင့်သား။ အလုံးစုံသော အမွှေးမျိုးတို့ဖြင့် ပေါင်းနှော၍လုပ်အပ်သောကြောင့် သဗ္ဗသံဟာရကအမည်ရှိသော နံ့သာပေါင်းဖြင့် နေ့တိုင်းအမြဲ လိမ်းသုတ်ပါသည်”ဟု ဆို၏။ ထို့နောက် လည်ရွဲရှင် မိန်းမကြီးကို မေးပြန်သော် “အရှင့်သား။ ဆင်းရဲသောအကျွန်ုပ်အား သဗ္ဗသံဟာရကနံ့သာ အဘယ်မှာရပါအံ့နည်း။ အကျွန်ုပ်သည် ဤလည်ရွဲကို သျှိသျှားပွင့်ဖြင့်သာလျှင် နေ့တိုင်းမပြတ် လိမ်းသုတ်ရ၏”ဟုဆို၏။

ဘုရားလောင်းသည် ထိုသူ၂-ယောက်တို့စကားကို ပရိသတ်တို့အား မှတ်သားစေပြီးလျှင် တစ်ခုသောရေခွက်ကို ဆောင်ယူစေ၍ ထိုရေခွက်၌ လည်ရွဲကိုနှစ်ပြီးသော် ဂန္ဓာရုံ ၌ကျွမ်းကျင်သော လူတစ်ယောက်ကိုခေါ်၍ မည်သည့်အနံ့ နံသည်ဟုသိရအောင် နမ်းစေ၏။

ထိုသူသည် လည်ရွဲကို နမ်းလတ်သော် သျှိသျှားပွင့်နံ့သာ ရှိသည်အဖြစ်ကိုသိပြီး၍-

“သဗ္ဗသံဟာရကော နတ္ထိ၊ သုဒ္ဓံ ကင်္ဂု ပဝါယတိ။

အလီကံ ဘာသတိယံ ဓုတ္တိ၊ သစ္စမာဟု မဟလ္လိကာ။”

ဟု ဧကနိပါတ်ကျမ်း၌လာသော ဂါထာဖြင့်ဆို၏။

အနက်ကား။ ပဏ္ဍိတ၊ သုခမိန်။ သဗ္ဗသံဟာရကော၊ သဗ္ဗသာဟံရက နံ့သာနံ့သည်။ နတ္ထိ၊ မရှိ။ သုဒ္ဓံ ကင်္ဂု၊ သျှိသျှားပွင့်နံ့ သက်သက်သာ။ ပဝါယတိ၊ လှိုင်၏။ အယံ ဓုတ္တီ၊ ဤမိန်းမငယ်သည်။ အလီကံ၊ မမှန်သောစကားကို။ ဘာသတိ၊ ဆို၏။ မဟလ္လိကာ၊ မိန်းမကြီးသည်။ သစ္စံ၊ မှန်သောစကားကို။ အာဟု၊ ဆို၏။

အဓိပ္ပာယ်ကား-

“အရှင့်သား။ ဤလည်ရွဲ၌ သဗ္ဗသံဟာရက နံ့သာမရှိ။ သျှိသျှားပွင့်နံ့သာ သက်သက်လှိုင်၏။ မိန်းမငယ် စကားမမှန်။ မိန်းမကြီးစကားသာလျှင် ဆိုတိုင်းမှန်ပေသည်ဟု လည်ရွဲကို နမ်းသောသူသည် ဘုရားလောင်းအား ပြန်ကြား၏။

ဘုရားလောင်းသည် “သင်တို့ကြည့်ရှုကြကုန်လော့”ဟု ပရိသတ်အပေါင်းတို့အား သိစေပြီးလျှင် ခိုးသူမကို “သင့်ဥစ္စာဟု သင်ဆိုသည်။ လည်ရွဲက သင့်ကို ခိုးသူမဟု ပြ၍ရှိချေပြီ။ သင် အသို့နည်း။ လည်ရွဲခိုး မဟုတ်လော”ဟု မေး၏။ ခိုးသူမလည်း လွှဲ၍ပြောခွင့်မရသောကြောင့် “အရှင့်သား၊ အကျွန်ုပ်ခိုးယူမိသည် မှန်ပေ၏”ဟု ဝန်ခံ၏။ ထိုအခါ ဘုရားလောင်းသည် ရှေးနည်းဖြင့် “နောင် ဤကဲ့သို့ မကျင့်လေနှင့်”ဟု အဆုံးအမပေး၏။

ဖွားဖက်သူငယ် ၁၀၀၀-တို့သည်လည်း ရှေးနည်းဖြင့် ထောင်းထုခြင်းဒဏ် နာကျင်စွာပေးကြကုန်၍ လွှတ်လိုက်၏။

ထိုအကြောင်းကို အမတ်သိလျှင် အလုံးစုံကိုလျှောက်စာတင်၍ မင်းကြီးကို ကြားလျှောက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုစကားကိုကြားလျှင် သေနကအမတ်ကြီးကိုခေါ်၍ စကားအလုံးစုံကို ပြန်ကြားပြီးသော် “မဟောသဓသုခမိန်ကို ဆောင်ချိန် မသင့်သေးသလော”ဟု မေးမြန်းတိုင်ပင်တော်မူပြန်၏။

သေနကအမတ်ကြီးလည်း “အရှင်မင်းကြီး။ ဤမျှသောအရာနှင့် သုခမိန် မခန့်လောက်သေး။ ငံ့တော်မူဦးလော့” ဟုလျှောက်၏။ မင်းကြီးသည် သေနကအမတ်ကြီး စကားကိုကြားလျှင် စိတ်လျစ်လျူဖြစ်ပြန် တစ်ဖန် အမတ်ထံ “စုံစမ်းလေဦး”ဟု စေလိုက်ပြန်၏။

ဤလည်း ဘုရားလောင်း၏ ကောင်းသောကျေးဇူးဂုဏ်သတင်း ကျော်စောခြင်း တစ်ကြိမ် ဖြစ်ခြင်းတည်း။