မဟောသဓဇာတ်တော်ကြီး/အခန်း-၀၄

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄။ အမဲသားတစ်ကို ချစေခန်း

ဤ၁၉-ပါးသော ဥဒါန်းအစဉ်တို့တွင် “အမဲဟင်းမျိုးကို ဆောင်ယူခြင်းဟူသည် အဘယ်နည်း”ဟူမူကား-

တစ်နေ့သ၌ မဟောသဓသတို့သားသည် ဖွားဖက်ရွေဖော် ၁၀၀၀-ခြံရံလျက် ကစားရာဇရပ်အတွင်း မြေတလင်းသို့ သွားလေသည်ရှိသော် စွန်ရဲတစ်ကောင်သည် ဈေးမှ အမဲသားတစ်တစ်ခုကိုချီလျက် ပျံလာသည်ကိုမြင်ကြလေလျှင် ဖွားဖက်ရွေဖော် ၁၀၀၀-တို့သည် ထိုသားတစ်ကို ချစိမ့်သောငှာ လိုက်ကြကုန်၏။ စွန်သည်လည်း အောက်က သူငယ်များ ဟစ်ကြွေးသောအသံဖြင့် ရွံ့ကြောက်၍ တောင်မြောက်လူးလာ ဘယ်ညာယှက်တင် ကောင်းကင်သို့ ပျံ၍ပြေး၏။ သူငယ်တို့သည်လည်း စွန်ကိုမျှော်ကြည့်လျက် လိုက်ခြင်းကြောင့် တွင်း, ချောက်, ခလုတ်စသည်တို့၌ ချော်၍လဲသဖြင့် ပင်ပန်းကြကုန်၏။

ထိုအခါ မဟောသဓသုခမိန်သည် “အချင်းတို့။ ထိုစွန်ချီသောသားတစ်ကို ယခုပင် ချစေအံ့။ သင်တို့ မြင်လိုကြသလော”ဟု ဆို၏။ ဖွားဖက်ရွေဖော်အပေါင်းတို့လည်း “အရှင့်သား။ မြင်လိုပါသည်”ဟု ဆိုကြလတ်သော် “ထိုသို့ တပြီးကား သင်တို့ ရှကြကုန်လော့”ဟုဆို၍ ဘုရားလောင်းသည် ကောင်းကင်သို့ မကြည့်ဘဲ လေ၏လျင်ခြင်းဖြင့် လျင်စွာပြေးလတ်ပြီးလျှင် စွန်၏အရိပ်ကိုနင်းလျက် လက်ခုပ်တီး၍ ပြင်းစွာသောအသံဖြင့် ဟစ်၏။ ထိုဟစ်သောအသံသည် ဘုရားလောင်း၏အာနုဘော်ကြောင့် စွန်၏ရင်တွင်း၌နေ၍ ဟစ်သကဲ့သို့ တစ်တစ်ချင်ချင် ကောင်းကင်သို့ ဝှန်တက်လျက် စွန်ငှက်၏ နားပွင့်အံ့သကဲ့သို့ဖြစ်၏ စွန်သည် ဘုရားလောင်း၏အသံဖြင့် ရွံ့ကြောက်ခြင်းဖြစ်၍ သားတစ်ကိုလွှတ်၏။ ဘုရားလောင်းသည် ကောင်းကင်သို့ မမျှော်မကြည့်ဘဲသာလျှင် သားတစ်ကျလာသော အဖြစ်ကိုသိ၍ မြေသို့မကျစေရ၊ လက်ဖြင့် သားတစ်ကို ခံလင့်၏။ ထိုသို့သောအခြင်းအရာကို များစွာကုန်သော လူပရိသတ်အပေါင်းတို့သည် မြင်ကြလတ်သော ရင်သပ်ရှုမော သောသောအုတ်အုတ် ရုတ်ရုတ်သဲသဲ အံ့အဲချီးမွမ်း လက်ပန်းပေါက်ခတ်လျက် လက်ဖျစ်ရိုက်တီး ငြီးငြီးသံလေး ဟစ်ကြွေးကျူးကျော်ကြကုန်၏။

ဤသည်ကား ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ ရှေးဦးစွာဖြစ်ခြင်းတည်း။

ဤသို့သောအခြင်းအရာကို ရှုမျှော်စောင့်နေရသော အမတ်သည် အတပ်သိလေသော်၊ အလုံးစုံသောအခြင်းအရာကို လျှောက်စာတင်၍ လုလင်မင်းချင်းတစ်ယောက်ကို အလျှောက်အထား မင်းကြီးထံသို့ စေလိုက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုစကားကိုကြားလျှင် သေနကအမတ်ကြီးကိုခေါ်၍ “ဆရာအမတ်ကြီး။ မဟောသဓ သုခမိန်ကို သိမ်းဆောင်ချိန် အခွင့်တော်သင့်ပြီမဟုတ်လော”ဟု မေးတော်မူ၏။ ဝိဒေဟရာဇ်မင်းကြီး တိုင်ပင်သောစကားကို သေနကအမတ်ကြီးကြားလျှင် ဤသို့ အကြံဖြစ်၏။ “မဟောသဓသတို့သားသည် ဤနန်းတော်သို့ ရောက်သည်ရှိသော် ထိုသူရောက်သောအခါမှစ၍ ငါတို့ ပညာ ကျေးဇူးဂုဏ်သည် တစ်စုံတစ်ခုသောအခွင့်တွင်မျှ မပွင့်မလန်း ညှိုးနွမ်းယုတ်လျော့စွာ အရာမဝင်သည် ဖြစ်လတ္တံ့။ မင်းကြီးသည်လည်း ထိုမဟောသဓ ရောက်သည်ရှိသော် ငါတို့ရှိမှန်းကိုမျှ မသိလတ္တံ့။ ထို့ကြောင့် မဟောသဓကို မသိမ်းမဆောင်စေခြင်းငှာ မင်းအား လျှောက်ကြားအံ့”ဟု လာဘ်ပူဇော်သက္ကာ ဂုဏ်ပညာတို့၌ ဝန်တိုခြင်းဖြင့် “အရှင်မင်းကြီး။ ဤစွန်ချီသောသားတစ်ကို ချစေနိုင်ခြင်းသည် အနည်းငယ်မျှသာတည်း။ ဤမျှလောက်သောအခြင်းအရာဖြင့် ပညာရှိသုခမိန် မခန့်လောက်သေး။ ဆင်ခြင်တော်မူဦးလော့”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကြီးစကားကိုကြားလျှင် စိတ်လျစ်လျူဖြစ်ပြန်၍ တစ်ဖန် အမတ်ထံသို့ “မဟောသဓ သတို့သားကို စုံစမ်းလေဦး”ဟု စေလိုက်ပြန်၏။